အခန်း ၂၀၇၂
Vol. 143 Ch. 2072
အပိုင်း ( 2072 ) ဧကရာဇ်တစ်ပိုင်း ချင်ယွဲ့။
အဆုံးမဲ့ ယွမ်ချီစွမ်းအင်များမှာ ချင်ယွဲ့ထံသို့ စုစည်းလာကြသည်။ သူမ၏ အရှိန်အဝါမှာလည်း ပိုမို အားကောင်းလာ၏။
အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ်၊ အန္တိမသူတော်စင်နယ်ပယ် ပြည့်စုံခြင်းအဆင့်...
တိုတောင်းသော အချိန်အတွင်းမှာပင် ချင်ယွဲ့၏ အရှိန်အဝါမှာ အရှိန်အဟုန်ဖြင့် မြင့်တက်သွားခဲ့သည်။ တဖြည်းဖြည်းနှင့် ချင်ယွဲ့၏ ခန္ဓာကိုယ်မှာ ရှေးဦးနတ်ဆိုးခေါင်းတလားအတွင်းမှ ထွက်ပေါ်လာပြီး ဝေဟင်တွင် လွင့်မျောနေတော့သည်။
"ဝမ်"
ရုတ်တရက်၊ ချင်ယွဲ့၏ ခန္ဓာကိုယ်မှ အလင်းတန်းတစ်ခု ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ နိယာမအလင်းတန်းဖြစ်၏။
လုမင်မှာ မှင်တက်သွားရသည်။ ချင်ယွဲ့သည် မေ့မြောနေခဲ့ပြီး ဝိညာဉ်မှာလည်း မပြည့်စုံခဲ့သည့်တိုင် နိယာမအလင်းကို ကျင့်ကြံနိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
ယင်းက အမှန်တကယ်ပင် ယုံကြည်နိုင်စရာ မရှိပါ။ သို့သော်လည်း ထိုမျှနှင့် ရပ်တန့်မသွားခဲ့ချေ။ ချင်ယွဲ့၏ အရှိန်အဝါက ဆက်လက် မြင့်တက်နေဆဲပင်။
သူမ၏ ခန္ဓာကိုယ်တွင် ယင်နှင့်ယန် နိယာမ အရှိန်အဝါများ ပြည့်နှက်နေသည်။ ရုတ်တရက်၊ ယင်နှင့်ယန် နိယာမများမှာ မြစ်တစ်စင်းအဖြစ် စုစည်းသွား၏။ ၎င်းက ချင်ယွဲ့၏ ခန္ဓာကိုယ်အနီးတွင် စီးဆင်းနေပြီး သူ့အရှိန်အဝါမှာ အရှိန်အဟုန်ဖြင့် မြင့်တက်သွားပြန်တော့သည်။
"နိယာမတွေက မြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားတာ... ဒါက ဧကရာဇ်တစ်ပိုင်းအဆင့်ပဲ"
လုမင် လုံးဝ အံ့အားသင့်နေပြီ။ ချင်ယွဲ့သည် သတိမေ့မြောနေစဉ်အတွင်းမှာပင် ဧကရာဇ်တစ်ပိုင်းအဆင့်သို့ တက်လှမ်းသွားခဲ့ခြင်း ဖြစ်သည်။
စင်စစ်တွင်၊ ဤကာလအတွင်း လုမင်သည် အဖိုးတန်ဆေးဝါး အမြောက်အမြားကို ချင်ယွဲ့၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးခဲ့သည်။ သို့သော်လည်း နိယာမဆိုသည်မှာ ဆေးဝါးများဖြင့် မြှင့်တင်၍မရဘဲ ကိုယ်တိုင် နားလည်သဘောပေါက်ရန် လိုအပ်ပေသည်။
ချင်ယွဲ့က သတိလစ်မေ့မြောနေခဲ့ရာမှ နိယာမများကို မည်သို့ နားလည်ခဲ့သနည်း။ လုမင်မှာ လုံးဝ နားမလည်နိုင်တော့ပေ။
သူမ၏ အရှိန်အဝါမှာ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိသွားပြီးနောက်မှ တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။
ထိုအချိန်တွင် ချင်ယွဲ့လည်း မျက်လုံးဖွင့်လာခဲ့၏။ သူမ၏ မျက်လုံးများအတွင်းမှ တောက်ပသော အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွားသည်။ ယင်းနောက် သူမ၏ အရှိန်အဝါများကိုလည်း ပြန်လည် ထိန်းချုပ်လိုက်တော့သည်။
"သခင်လေး"
ချင်ယွဲ့က လုမင်ကို မြင်ရသည်နှင့် ဝမ်းသာအားရ အော်ခေါ်ကာ လုမင်၏ ရင်ခွင်ထဲသို့ ပြေးဝင်လိုက်သည်။
"ချင်ယွဲ့... မင်း နောက်ဆုံးတော့ နိုးလာပြီ"
လုမင်က ချင်ယွဲ့၏ ခေါင်းလေးကို ပွတ်သပ်ရင်း ပြုံးလိုက်သည်။ သူ၏ စိတ်မကောင်းဖြစ်နေမှုများမှာလည်း အတန်ငယ် သက်သာသွားခဲ့ရလေသည်။
"ဟုတ်ပါတယ် သခင်လေး... ရှင်ရော အဆင်ပြေရဲ့လား။ ဟိုလူတွေက သခင်လေးကို သတ်ဖို့ ကြိုးစားနေကြတာ..."
ချင်ယွဲ့က ဘေးပတ်ဝန်းကျင်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ သူမ၏ မှတ်ဉာဏ်မှာ ကြာပန်းကမ္ဘာထဲတွင်သာ ရှိနေသေးသည်။
"အဆင်ပြေပါတယ်... အဲဒါတွေက ကြာခဲ့ပြီ"
လုမင်က ပြုံး၍ ပြောလိုက်သည်။
"ဘယ်လောက်တောင် ကြာသွားတာလဲဟင်"
ချင်ယွဲ့က မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း သံသယဖြင့် မေးလိုက်၏။
လုမင်လည်း ဤကာလအတွင်း ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ရှင်းပြလိုက်လေသည်။ သို့သော်လည်း ရှဲ့နျန့်ချင်းနှင့် ပတ်သက်သည့် အကြောင်းအရာ အချို့ကိုမူ သူ ချန်လှပ်ထားခဲ့သည်။
"ဒီလောက်တောင် အချိန်တွေ ကုန်သွားခဲ့တာလား။ ကျွန်မက ဒီတစ်လျှောက်လုံး သတိမေ့နေခဲ့တာပေါ့။ ထူးဆန်းလိုက်တာ...၊ ကျွန်မက အမြဲတမ်း ယင်နဲ့ယန် နိယာမတွေ လွှမ်းခြုံထားတဲ့ ထူးဆန်းတဲ့ အခြေအနေတစ်ခုထဲ ရောက်နေသလိုပဲ ခံစားခဲ့ရတာ။ ဒါက အမြဲတမ်း ဝေဝေဝါးဝါး ဖြစ်နေခဲ့ပေမဲ့ နွေးထွေးတဲ့ စွမ်းအားတစ်ခုက ကျွန်မနောက်ကျောကနေ ရုတ်တရက် လွှမ်းခြုံလာခဲ့တယ်လေ"
ချင်ယွဲ့က ပြောလိုက်၏။
"ဝိညာဉ်ဉာဏ်အလင်းပွင့်သွားတာမျိုးလား"
လုမင်၏ စိတ်ထဲ၌ တစ်စုံတစ်ခုကို သတိရလိုက်သည်။ ဉာဏ်အလင်းပွင့်ခြင်းဆိုသည်မှာ ကျင့်ကြံခြင်းတွင် အလွန်ရှားပါးသော အခြေအနေတစ်ခု ဖြစ်သည်။
လုမင်၏ ခန့်မှန်းချက်အရ ချင်ယွဲ့၏ နတ်ဘုရားဝိညာဉ် ဒဏ်ရာရသွားပြီးနောက် ဉာဏ်အလင်းပွင့်သည့် အခြေအနေသို့ ရောက်ရှိသွားခြင်း ဖြစ်နိုင်သည်။
ဤအခြေအနေမှာ အလွန်ရှားပါးလှပြီး သူမအနေဖြင့် နိယာမများကို အလိုအလျောက် နားလည်သွားခြင်း ဖြစ်ပေလိမ့်မည်။
ထို့အပြင် သူမ၏ ခန္ဓာကိုယ်မှာလည်း တာ့ယန်ဆေးမီးဖိုအတွင်းရှိ မီးများဖြင့် သန့်စင်ခြင်းခံခဲ့ရပြီး အဖိုးတန်ဆေးဝါး အမြောက်အမြားကို စုပ်ယူခဲ့ရသည်။
ထို့ကြောင့် သူမ နိုးလာသည့်အခါတွင် ကျင့်ကြံမှုက အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး နိယာမအလင်းတန်းကို ကျင့်ကြံနိုင်ရုံသာမက ဧကရာဇ်တစ်ပိုင်းအဆင့်သို့ပင် ရောက်ရှိသွားခြင်း ဖြစ်သည်။
ထို့ပြင်၊ ရှေးဦးနတ်ဆိုးခေါင်းတလားကလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေခဲ့ပုံရပေသည်။
ကံဆိုးခြင်းနှင့် ကံကောင်းခြင်းက အမြဲဒွန်တွဲနေတတ်သည်မှာ အမှန်ပင် ဖြစ်သည်။ လုမင်လည်း ချင်ယွဲ့အတွက် အလွန် ဝမ်းသာမိခဲ့လေသည်။
"ချင်ယွဲ့... မင်းရဲ့ လက်ရှိကျင့်ကြံမှုက ဒီသခင်လေးထက်တောင် ကျော်သွားပြီပဲ"
လုမင်က ပြုံး၍ စနောက်လိုက်သည်။
"ဒါပေမဲ့ ချင်ယွဲ့က သခင်လေးရဲ့ ပြိုင်ဘက်တော့ မဟုတ်ပါဘူးနော်"
ချင်ယွဲ့က လျှာလေးထုတ်ပြလိုက်၏။
နောက်ရက်များတွင် သူတို့နှစ်ဦးမှာ ကျင့်ကြံခြင်းနှင့် စမ်းသပ်မှုများကို ချိုးဖျက်ခြင်းတို့အား အတူတကွ လုပ်ဆောင်ခဲ့ကြသည်။
ဤနေရာက အလွန်ပင် ဆန်းကြယ်သည်။
လုမင်နှင့် ချင်ယွဲ့တို့ အတူတကွ ရှေ့တိုးသည့်အခါ လူထွားကြီး ခြောက်ဦးအထိ ပေါ်လာခဲ့၏။ လုမင်လည်း ထိတ်လန့်တကြားဖြင့် ဆုတ်ခွာခဲ့ရသည်။
ချင်ယွဲ့မှာ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ သူမ၏ တိုက်ခိုက်နိုင်စွမ်းက လူထွားကြီး တစ်ဦးကိုပင် ရင်ဆိုင်ရန် မလုံလောက်သေးပါ။
ထို့ကြောင့် သူတို့နှစ်ဦးက အတူတကွ စမ်းသပ်မှုများကို ချိုးဖျက်ရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် စမ်းသပ်မှုများကို ရင်ဆိုင်တိုင်း ချင်ယွဲ့မှာ တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ဝင်နေခဲ့ရသည်။ ထိုအခါမှ လူထွားကြီး သုံးဦးသာ ပေါ်လာတော့သည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ လုမင်၏ သေခြင်းတရားနိယာမအပေါ် နားလည်မှုမှာ ပိုမို မြင့်မားလာခဲ့သည်။
နောက်ထပ် တစ်လခန့် ကုန်လွန်သွားခဲ့ပြီ။
လုမင်သည် ဤချောက်ကမ်းပါးအတွင်းသို့ ရောက်ရှိနေသည်မှာလည်း လေးလခန့် ရှိသွားခဲ့ပြီ ဖြစ်သည်။
ဤအချိန်တွင် လုမင်၏ သေခြင်းတရားနိယာမ ကျွမ်းကျင်မှုမှာ ငါးဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိသွားခဲ့သည်။
အခြားနိယာမများနှင့် ပေါင်းစပ်လိုက်သည့်အခါ လုမင်သည် လူထွားကြီး သုံးဦးနှင့် သရေကျအောင် တိုက်ခိုက်နိုင်ရုံသာမက သူတို့ကိုပင် အနည်းငယ် ဖိနှိပ်ထားနိုင်ခဲ့ပြီ။
ထိုလူထွားကြီးများနှင့် တိုက်ခိုက်ရခြင်းမှာ လုမင်အတွက် တိုးတက်မှုများစွာ ရရှိစေသည်။ သူ၏ တိုးတက်မှုမှာလည်း အလွန် လျင်မြန်လာခဲ့၏။
ဤနေရာတွင် သူက မည်သည့်စိုးရိမ်မှုမျှမရှိဘဲ စိတ်တိုင်းကျ တိုက်ခိုက်နိုင်သည်။ အကြိမ်တိုင်းတွင် လုမင်က သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို အကန့်အသတ်အထိ အသုံးပြု၏။ သူ၏ စွမ်းဆောင်ရည်များကို စဉ်ဆက်မပြတ် ထုတ်ဖော်နေခဲ့သည်။
ဤကာလအတွင်း လုမင်သည် ရံဖန်ရံခါ ချင်ယွဲ့ကို ရှေ့သို့ လွှတ်ပြီး စမ်းသပ်မှုများ ရင်ဆိုင်စေသည်။ လုမင်က လူထွားကြီး ငါးဦးကို အစွမ်းကုန် ရင်ဆိုင်ထားပြီး ချင်ယွဲ့ကိုတော့ တစ်ဦးကို ရင်ဆိုင်စေခြင်း ဖြစ်၏။ ဤသို့ဖြင့် ချင်ယွဲ့၏ တိုးတက်မှုအတွက်လည်း များစွာ အထောက်အကူ ဖြစ်စေခဲ့ပေသည်။
အချိန်များမှာ လျင်မြန်စွာ ကုန်လွန်သွားပြီး နောက်ထပ် တစ်လခန့် ကုန်ဆုံးသွားခဲ့သည်။ သူတို့နှစ်ဦးစလုံးမှာ နေ့စဉ်နှင့်အမျှ များစွာ တိုးတက်လာခဲ့ကြ၏။
ယနေ့တွင် လုမင်က ရှေးဟောင်းဉာဏ်အလင်းသစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကို မှိတ်၍ ကျင့်ကြံနေခဲ့သည်။ ရုတ်တရက်၊ သူ့ခန္ဓာကိုယ်ပတ်လည်တွင် အဆုံးမရှိသော ရွန်းစာလုံးများ ပျံ့လွင့်ထွက်ပေါ်လာ၏။ ထိုစာလုံးများမှာ လျင်မြန်စွာပင် မြစ်တစ်စင်းအဖြစ် စုစည်းလာတော့သည်။
နိယာမက မြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားပြီ။
ဤသည်မှာ အစီရင်နိယာမပင် ဖြစ်သည်။
ဤကျင့်ကြံမှု ကာလအတွင်းမှာ လုမင်၏ အစီရင်နိယာမသည် ပထမဆုံး ပြည့်စုံခြင်းအဆင့်သို့ ချိုးဖျက်တက်လှမ်းနိုင်ခဲ့ပြီး မြစ်တစ်စင်းအဖြစ် စုစည်းသွားခဲ့သည်။
ထိုအချိန်တွင် အစီရင်နိယာမ၏ စွမ်းအားများမှာ လုမင်၏ ခန္ဓာကိုယ်အတွင်းသို့ ဖြတ်သန်းသွား၏။ လုမင်၏ ခန္ဓာကိုယ်ကို စတင် သန့်စင်ပေးတော့သည်။
နိယာမက မြစ်တစ်စင်းအဖြစ် စုစည်းသွားသည်နှင့်တစ်ပြိုင်နက်၊ ထိုနိယာမစွမ်းအားများမှာ ခန္ဓာကိုယ်အတွင်းသို့ တစ်ဖန် ပြန်လည် စီးဝင်၍ ရုပ်ပိုင်းဆိုင်ရာကို ပိုမို သန်မာလာစေရန် သန့်စင်ပေးတတ်ပေသည်။
တစ်ချိန်တည်းမှာပင် သူတော်စင်စွမ်းအားများမှာလည်း ပိုမို သိပ်သည်းကာ ပို၍အားကောင်းလာပေမည်။ ဤသည်မှာ ဧကရာဇ်တစ်ပိုင်းများက အန္တိမသူတော်စင်များထက် အဆပေါင်းများစွာ ပိုမို သန်မာရခြင်း အကြောင်းရင်းပင် ဖြစ်သည်။
လုမင်၏ ခန္ဓာကိုယ်တွင်းမှ တချွတ်ချွတ်မြည်သံများ ထွပ်ပေါ်နေသည်။ ၎င်းမှာ၊ သူ၏ ကြွက်သားများ လှုပ်ခါနေခြင်းနှင့် အရိုးများ တစ်ခုနှင့်တစ်ခု ထိတိုက်နေခြင်းပင်။
ချင်ယွဲ့ကမူ မနီးမဝေးတွင် တင်ပျဉ်ခွေထိုင်ကာ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။ တစ်ရက်အကြာတွင် လုမင်၏ ကျင့်ကြံမှု ပြီးဆုံးသွားခဲ့ပြီး နိယာမမြစ်ကြီးမှာလည်း လုံးဝ ပျောက်ကွယ်သွားခဲ့လေသည်။
"ငါလည်း အခုတော့ ဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်သွားပြီလို့ ပြောလို့ရနိုင်တယ် မဟုတ်လား"
လုမင် ပြုံးလိုက်သည်။
ယခုအခါ သူ၏ တိကျသော အဆင့်ကို သူကိုယ်တိုင်ပင် ခွဲခြားရန် ခက်ခဲသည်။
ကစဉ့်ကလျားနိယာမအရ သူသည် အန္တိမသူတော်စင်အဆင့်သာ ရှိသေးသည်။ သို့သော် အစီရင်နိယာမအရဆိုလျှင်မူ ဧကရာဇ်တစ်ပိုင်း ဖြစ်နေပြီ ဖြစ်သည်။
သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ၊ သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ အရှိန်အဟုန်ဖြင့် မြင့်တက်သွားခဲ့ပြီ။
အစီရင်နိယာမက မြစ်တစ်စင်းအဖြစ် စုစည်းသွားသည့်အခါ ၎င်း၏စွမ်းအားက များစွာ တိုးတက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ ၎င်းက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် သူတော်စင်စွမ်းအားများကို သန့်စင်ပေးခဲ့၏။ သူ၏ ခန္ဓာနှင့် စိတ်ဝိညာဉ် နှစ်ခုစလုံးမှာ နောက်ထပ် အဆင့်တစ်ခုသို့ မြင့်တက်သွားခဲ့ပြီ။
'နောင်ကျလို့ ကစဉ့်ကလျားနိယာမနဲ့ သေခြင်းတရားနိယာမတွေသာ မြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားရင် ငါ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ သူတော်စင်စွမ်းအားက ဘယ်လောက်တောင် တိုးတက်လာမလဲဆိုတာ တကယ်ကို သိချင်မိတယ်'
လုမင် မျှော်လင့်ချက်တို့ဖြင့် တွေးလိုက်မိသည်။
နိယာမတစ်ခုက မြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားတိုင်းမှာ ခန္ဓာကိုယ်နှင့် ဝိညာဉ်၊ စွမ်းအင်တို့တွက် ကြီးမားသော တိုးတက်မှုများ ယူဆောင်လာပေးမည် ဖြစ်သည်။
အကယ်၍ သူ၏ နိယာမများအားလုံးသာ မြစ်များအဖြစ် ပြောင်းလဲသွားပါက၊ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ မည်သည့်အဆင့်အထိ ရောက်သွားမည်နည်း။
လုမင်သည် သူနှင့် အဆင့်တူသူများထဲတွင်၊ သူ့ကို ယှဉ်နိုင်မည့်သူ ရှိလိမ့်မည်မဟုတ်ကြောင်း ယုံကြည်ထားသည်။ ကောင်းကင်သားတော်ကိုပင် လက်တစ်ဖက်တည်းဖြင့် အနိုင်ယူနိုင်လိမ့်မည်ဟု သူ ယုံကြည်နေတော့သည်။
'ငါသာ နောက်ထပ် နိယာမအချို့ကို ထပ်ပြီး နားလည်ဆင်ခြင်နိုင်ခဲ့ရင်...'
ဤအကြောင်းကို တွေးမိသည့်အခါ လုမင်၏ မျက်လုံးများ တောက်ပသွားသည်။
အကယ်၍ သူသာ နောက်ထပ် နိယာမများကို နားလည်သဘောပေါက်ပြီး ၎င်းတို့ကို မြစ်များအဖြစ် ပြောင်းလဲနိုင်မည်ဆိုပါက... ၎င်းမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
လုမင်မှာ ဤအကြောင်းကို တွေးမိလေလေ၊ ပို၍ စိတ်လှုပ်ရှားလာလေ ဖြစ်သည်။ လုမင်က နောက်ထပ် မည်သည့်နိယာမကို နားလည်ဆင်ခြင်ရမလဲ ဆိုတာကိုပင် တွေးနေမိတော့သည်။