အခန်း ၂၀၇၅
Vol. 143 Ch. 2075
အပိုင်း ( 2075 ) နတ်ကံကြမ္မာနယ်မြေသို့။
ရှေးဦးနတ်ဆိုးခေါင်းတလားကို ထာဝရဧကရာဇ်ထံ ပြန်လည်ပေးအပ်ပြီးနောက် လုမင်နှင့် ချင်ယွဲ့တို့သည် တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ကို အသုံးပြုကာ ယွမ်တောင်သို့ ပြန်လာခဲ့ကြသည်။
ဟုတ်သည်၊ အစီရင်က ယွမ်တောင်သို့ တိုက်ရိုက်ပို့ပေးရန် မဖြစ်နိုင်ပေ။ ၎င်းနှင့်နီးစပ်သော နေရာတစ်ခုသို့သာ ရောက်ရှိခဲ့သည်။ ထိုမှတစ်ဆင့် လုမင်နှင့် ချင်ယွဲ့တို့မှာ ယွမ်တောင်သို့ ဆက်လက် ပျံသန်းခဲ့ပေသည်။
ရက်သတ္တပတ် နှစ်ပတ်ခန့်အကြာတွင်၊ သူတို့က ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေသို့ နောက်ဆုံးတွင် ပြန်လည်ရောက်ရှိလာခဲ့သည်။ ယခုအချိန်တွင် တာ့ယန်ဆေးခန်းမမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး ဦးလေးခုန်းကိုလည်း မတွေ့ရချေ။
လုမင်က သတင်းစုံစမ်းရန် ဖီးနစ်နန်းတော်သို့ သွားခဲ့သည်။ ဖီးနစ်နန်းတော်၏ နန်းတော်ရှင်ကိုယ်တိုင်မှာလည်း လူအချို့ကို ခေါ်ဆောင်လျက် နတ်ကံကြမ္မာနယ်မြေသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သူ သိလိုက်ရ၏။
ထို့ပြင် ဟွမ်လင်၊ လုံချန်၊ ဟွမ်လီနှင့် အခြားသူများသည်လည်း ကျင့်ကြံခြင်းမှ ထွက်လာကြပြီး နတ်ကံကြမ္မာနယ်မြေသို့ ဦးတည်သွားကြပြီ ဖြစ်သည်။
သို့သော်လည်း ကောင်းကင်သားတော်များမှာမူ ကျင့်ကြံနေဆဲဖြစ်ကြောင်း ပြောပြလေသည်။ မည်သို့ပင်ဆိုစေ၊ မဟာဧကရာဇ်ကြီးများက သူတို့ကို နတ်ကံကြမ္မာနယ်မြေသို့ ပို့ဆောင်ပေးလိမ့်မည် ဖြစ်သည်။
ထိုကောင်းကင်သားတော်များမှာ ပေါင်ပေါင်၊ အိုးရန်မော့လီနှင့် လုရှန်းရှန်းတို့ ဖြစ်လိမ့်မည်ဟု လုမင် ခန့်မှန်းလိုက်လေသည်။
'ငါလည်း နတ်ဘုရားကံကြမ္မာနယ်မြေကို သွားသင့်ပြီထင်တယ်'
လုမင် တွေးလိုက်မိသည်။
လူအချို့မှာ ထိုနေရာသို့ ရောက်နှင့်နေပြီ ဖြစ်သည်။ ကျန်ရှိသူများကိုလည်း မဟာဧကရာဇ်များက ပို့ဆောင်ပေးမည်ဖြစ်ရာ သူ စိုးရိမ်စရာ မလိုတော့ချေ။ ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေတွင် နှစ်ရက်ခန့် အနားယူပြီးနောက် လုမင်နှင့် ချင်ယွဲ့တို့က နတ်ဘုရားကံကြမ္မာနယ်မြေသို့ ထွက်ခွာခဲ့ကြသည်။
နတ်ကံကြမ္မာနယ်မြေသို့ သွားရာတွင် တည်နေရာရွှေ့ပြောင်းခြင်းအစီရင် တစ်ခုတည်းဖြင့် သွားရန်မဖြစ်နိုင်ချေ။ ၎င်းမှာ အလွန်ဝေးကွာလှသလို ထူးခြားသော အကြောင်းပြချက်အချို့လည်း ရှိနေသည်။ သူတို့နှစ်ဦးမှာ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်အချို့ကို ဖြတ်ကျော်ပြီးနောက် ယွမ်တောင်၏ အစွန်းပိုင်းသို့ ရောက်ရှိလာခဲ့ပေသည်။
နတ်ကံကြမ္မာနယ်မြေသည် ယွမ်လု၏ အလယ်ဗဟိုတွင် တည်ရှိပြီး အလွန်ထူးခြားသည်။ အကြောင်းမှာ ၎င်းကို ပင်လယ်စက်ဝန်းက ဝန်းရံထားသောကြောင့်ပင်။ ၎င်းမှာ တိုက်ကြီးတစ်ခုလုံးကို ကြီးမားလှသော စက်ဝိုင်းကွင်းကြီးတစ်ခုဖြင့် အုပ်ချလိုက်သကဲ့သို့ ဖြစ်သည်။ ထိုစက်ဝန်းမှာ ပတ်လည်ဝန်းရံထားသော ပင်လယ်ပြင်ကြီး ဖြစ်လာပြီး စက်ဝန်း၏ အတွင်းပိုင်းက နတ်ကံကြမ္မာနယ်မြေ ဖြစ်လာခဲ့ပေသည်။
ယွမ်ခု၏ နယ်မြေဆယ်ခုထဲတွင် ပျက်စီးခြင်းနယ်မြေမှလွဲ၍ ကျန်နယ်မြေ ရှစ်ခုမှာ ပင်လယ်စက်ဝနိး၏ အပြင်ဘက် ပတ်လည်တွင် တည်ရှိကြသည်။ ထိုနယ်မြေများက နတ်ကံကြမ္မာနယ်မြေကို ပင်လယ်စက်ဝန်းဖြင့် ဝန်းရံထားခြင်းပင်။
နတ်ကံကြမ္မာနယ်မြေသည် ယွမ်လု၏ နယ်မြေဆယ်ခုထဲတွင် အကြီးဆုံး၊ အကျယ်ပြန့်ဆုံးနှင့် အင်အားအကြီးဆုံး နယ်မြေ ဖြစ်သည်။ နတ်ကံကြမ္မာနယ်မြေ၏ ဧရိယာမှာ ပျက်စီးခြင်းနယ်မြေမှလွဲ၍ ကျန်နယ်မြေကြှး ရှစ်ခုပေါင်းထားသော ဧရိယာနှင့် ညီမျှသည်ဟု ပြောဆိုကြ၏။ ထိုမှတဆင့်၊ ထိုနယ်မြေက မည်မျှ ကျယ်ဝန်းသည်ကို ခန့်မှန်းနိုင်သည်။
ထိုနယ်မြေမှာ ပါရမီရှင်များ ပေါများလွန်းပြီး လူမျိုးစုပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံနှင့် အင်အားစုပေါင်းစုံ ရှိကြသည်။ ဝေးကွာလှသော အတိတ်ကာလက ဟွမ်မျိုးနွယ်စုသည်လည်း နတ်ကံကြမ္မာနယ်မြေတွင် အစွမ်းထက်သော ရှေးဟောင်းမျိုးနွယ်တစ်ခု ဖြစ်ခဲ့ဖူးပေသည်။
ဤကဲ့သို့ စည်ပင်ဝပြောလှသဖြင့် ပါရမီရှင်များမှာလည်း မရေမတွက်နိုင်အောင် ရှိနေသည်။ အထူးသဖြင့် ယခုကဲ့သို့ ရွှေခေတ်ကို ရောက်ရှိလာချိန်တွင် နတ်ကံကြမ္မာနယ်မြေ၌ မည်မျှများပြားသော ပါရမီရှင်များ မွေးဖွားလာမည်ကို မည်သူမျှ မသိနိုင်တော့ပေ။
နယ်မြေဆယ်ခု၏ တိုက်ပွဲကို နတ်ကံကြမ္မာနယ်မြေရှိ ကံကြမ္မာမြို့တော်တွင် ကျင်းပမည် ဖြစ်သည်။ အကယ်၍ အခြားနေရာများမှ နတ်ကံကြမ္မာနယ်မြေသို့ သွားလိုလျှင် ပင်လယ်စက်ဝန်းကို ဦးစွာ ဖြတ်ကျော်ရလိမ့်မည်။ သို့သော်လည်း ပင်လယ်စက်ဝန်းက အလွန်တရာ ကျယ်ဝန်းသလို ပတ်ဝန်းကျင် အခြေအနေမှာလည်း ဆိုးရွားလွန်းလှသည်။
ပြင်းထန်သော မုန်တိုင်းများ၊ မိုးသက်လေပြင်းနှင့် မိုးကြိုးလျှပ်စီးများမှာ ပင်လယ်စက်ဝန်တွင် အမြဲလိုလို ဖြစ်ပေါ်နေတတ်၏။ အချို့သော နေရာများတွင် ဟင်းလင်းပြင်က အလွန်အမင်း မတည်မငြိမ်ဖြစ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင်အက်ကြောင်းများနှင့် ဟင်းလင်းပြင်မုန်တိုင်းများ ပေါ်ပေါက်တတ်သည်။ ထို့ကြောင့် ပင်လယ်စက်ဝန်းကို ပျံသန်းဖြတ်ကျော်ရန်မှာ အလွန်ခက်ခဲပြီး အန္တရာယ်များလွန်းလှပေသည်။
ထို့ကြောင့် နတ်ကံကြမ္မာနယ်မြေရှိ အင်အားကြီးအဖွဲ့အစည်းအချို့က ပင်လယ်ပြင်ကို ဖြတ်ကျော်နိုင်သော စစ်သင်္ဘော အမျိုးအစားများကို တီထွင်ခဲ့ကြသည်။
ထို့အပြင် ထိုသင်္ဘောများက အန္တရာယ်များကို ရှောင်ကွင်းနိုင်မည့် အထူးလမ်းကြောင်းများကိုလည်း သိရှိကြပေသည်။ အကယ်၍ သာမန်လူတစ်ဦးက ပင်လယ်စက်ဝန်းကို ဖြတ်ပြီး နတ်ကံကြမ္မာနယ်မြေသို့ သွားလိုလျှင် ဤကဲ့သို့သော စစ်သင်္ဘောများကို စီးနင်းသွားရမည် ဖြစ်သည်။ ဟုတ်သည်၊ ဤအတွက် ကျောက်ကြမ်း အမြောက်အမြားကိုတော့ အဖိုးအခအဖြစ် ပေးဆောင်ရလိမ့်မည်။
ဤသည်မှာ နတ်ကံကြမ္မာနယ်မြေရှိ အဖွဲ့အစည်းများ၏ အရင်းအမြစ် ရှာဖွေသည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ အထူးသဖြင့်၊ ဤကာလအတွင်း နယ်မြေအသီးသီးမှ လူပေါင်းများစွာသည် နတ်ကံကြမ္မာနယ်မြေသို့ သွားရန် ပင်လယ်စက်ဝန်းအနီးသို့ စုဝေးလာကြရာ စစ်သင်္ဘောများ ပင်လယ်ပြင်သို့ ထွက်ခွာတိုင်း လူများဖြင့် အမြဲပြည့်နှက်နေလေ့ ရှိပေသည်။
လုမင်နှင့် ချင်ယွဲ့တို့လည်း ပင်လယ်စက်ဝန်းအနီးရှိ မြို့ကြီးတစ်မြို့သို့ ရောက်ရှိလာခဲ့ကြသည်။ သတင်းစုံစမ်းမှုများ ပြုလုပ်ပြီးနောက် သူတို့သည် ပင်လယ်စက်ဝန်းဆီသို့ ထွက်လာခဲ့၏။
"ဝုန်း... ဝုန်း..."
ကြီးမားလှသော လှိုင်းလုံးကြီးများက ကောင်းကင်သို့တိုင် ရိုက်ခတ်နေပြီး လူတိုင်း၏ နားများကို အူသွားစေသည်။ အဝေးမှ လှမ်းကြည့်လိုက်လျှင် မီတာ ရာချီမြင့်သော လှိုင်းလုံးကြီးများက ပင်လယ်ကမ်းစပ်ကို ရိုက်ခတ်နေသည်ကို တွေ့မြင်နိုင်လိမ့်မည်။
ပင်လယ်ပြင်ထဲတွင်မူ ဧရာမ သင်္ဘောကြီးအချို့ ဆိုက်ကပ်ထားသည်။
၎င်းတို့မှာ စစ်သင်္ဘောများဖြစ်ကြပြီး တစ်စင်းစီမှာ မီတာသောင်းချီ ရှည်လျားကာ မီတာထောင်ချီ မြင့်မားလှသဖြင့် အလွန်ပင် ခန့်ညားထည်ဝါလှပေသည်။
ယခုအချိန်တွင် လူအုပ်ကြီးက စစ်သင်္ဘောများပေါ်သို့ အလုအယက် တက်နေကြသည်။ နယ်မြေဆယ်ခု၏ တိုက်ပွဲမှာ သမိုင်းတွင် တစ်ခါမျှ မဖြစ်ပေါ်ဖူးဘဲ ယခုက ပထမဆုံးအကြိမ်ပင်။
ထို့ပြင် ယခုခေတ်မှာ ရွှေခေတ်ဖြစ်၍ ပြိုင်ဖက်ကင်း ပါရမီရှင်များက တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာနေသည်။ သူတို့ကြားမှ အထွတ်အထိပ် တိုက်ပွဲများက နတ်ကံကြမ္မာနယ်မြေတွင် ဖြစ်ပေါ်တော့မည် ဖြစ်ရာ ဤအရာက လူပေါင်းများစွာကို ဆွဲဆောင်ခဲ့ပေသည်။
ယွမ်တောင် တစ်ခုတည်းမှပင် လူပေါင်းမရေမတွက်နိုင်အောင် နတ်ကံကြမ္မာနယ်မြေသို့ သွားရန် ရောက်ရှိနေကြသည်။
နေ့စဉ်နှင့်အမျှ လူအမြောက်အမြားက စစ်သင်္ဘောများပေါ်သို့ တက်ကာ နတ်ကံကြမ္မာနယ်မြေသို့ ဦးတည်နေကြပေသည်။ လုမင်နှင့် ချင်ယွဲ့တို့လည်း စစ်သင်္ဘောတစ်စင်းကို ရွေးချယ်လိုက်ပြီး ကျောက်ကြမ်းများ ပေးဆောင်ကာ သင်္ဘောပေါ်သို့ တက်ခဲ့ကြသည်။
စစ်သင်္ဘောကြီးမှာ အလွန်ကြီးမားပြီး အထပ်များစွာ၊ အခန်းပေါင်းများစွာ ပါဝင်သည်။ သင်္ဘောပေါ် တက်လာသူတိုင်းကို အခန်းတစ်ခန်းစီ သတ်မှတ်ပေးထား၏။
သူတို့နှစ်ဦးလည်း အခန်းထဲသို့ ဝင်ရောက်ကာ ကျင့်ကြံရင်း စောင့်ဆိုင်းနေလိုက်ကြသည်။ ရက်အနည်းငယ်အကြာတွင် စစ်သင်္ဘောကြီးက ကျယ်လောင်သော အသံကြီးများဖြင့် စတင်လှုပ်ရှားလာပြီး နတ်ဘုရားကံကြမ္မာနယ်မြေသို့ တရားဝင် ထွက်ခွာလာတော့သည်။
သင်္ဘောစတင်ထွက်ခွာပြီးနောက် လူပေါင်းများစွာက သူတို့၏ အခန်းထဲမှ ထွက်ခွာပြီး ကုန်းပတ်ပေါ်သို့ ရောက်ရှိလာကြသည်။
ပင်လယ်စက်ဝန်း၏ ရှုခင်းမှာ အလွန်ပင် ခမ်းနားထည်ဝါလှပေသည်။ လူအများစုမှာ ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်သဖြင့် ဤရှုခင်းကို လက်လွှတ်မခံချင်ကြချေ။ လုမင်နှင့် ချင်ယွဲ့တို့သည်လည်း ကုန်းပတ်ပေါ်သို့ ထွက်လာကာ ပတ်ဝန်းကျင်ကို ကြည့်ရှုနေကြသည်။
"ဝုန်း... ဝုန်း..."
ဧရာမ စစ်သင်္ဘောကြီးမှာ လေကိုခွင်း၊ လှိုင်းကိုဖြတ်ကာ နတ်ကံကြမ္မာနယ်မြေသို့ အံ့မခန်း အရှိန်ဖြင့် ဦးတည်နေခဲ့သည်။
မကြာမီမှာပင်၊ ၎င်းက ယွမ်တောင်မှ ထွက်ခွာပြီး ကျယ်ပြောလှသော ပင်လယ်စက်ဝန်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ။
"ဝုန်း... ဂျိန်း..."
အဝေးတစ်နေရာတွင် ပြင်းထန်သော မုန်တိုင်းတစ်ခု ဖြစ်ပေါ်နေသည်။ လျှပ်စီးတန်းများမှာလည်း ကောင်းကင်ကြီးကို ခွဲထုတ်တော့မည့်အလား လက်နေကြ၏။ သို့သော်လည်း စစ်သင်္ဘောမှ အလင်းအကာအကွယ်တစ်ခု ထွက်ပေါ်လာပြီး ပြင်ပမှ မိုးနှင့် လေကို ပိတ်ဆို့ထားခဲ့သည်။
"ဝုန်း..."
မကြာမီပင်၊ ပင်လယ်ပြင်၌ ဧရာမ သတ္တဝါကြီးတစ်ကောင် ပေါ်လာသည်ကို မြင်လိုက်ရသည်။ ၎င်းက အလွန်တရာ ကြီးမားသော ပင်လယ်သားရဲကြီးတစ်ကောင်ပင်။
ပင်လယ်စက်ဝန်း၏ အခြေအနေမှာ ဆိုးရွားသော်လည်း ထိုနေရာတွင် ရှင်သန်နေထိုင်ကြသော ပင်လယ်သားရဲအချို့ ရှိနေဆဲ ဖြစ်သည်။ သူတို့၏ အင်အားမှာလည်း အလွန်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။
ချင်ယွဲ့မှာ အလွန်ပင် စူးစမ်းလိုစိတ် ပြင်းပြနေသည်။ သူသည် လုမင်ကိုဆွဲကာ ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း စကားများ မနားတမ်း ပြောနေလေ၏။ နတ်ကံကြမ္မာနယ်မြေသို့ သွားရမည့် ခရီးစဉ်မှာ ရက်သတ္တပတ် နှစ်ပတ်ခန့် ကြာမြင့်မည် ဖြစ်သည်။ လုမင်နှင့် ချင်ယွဲ့တို့မှာ ကျင့်ကြံရန် အလျင်လိုခြင်း မရှိကြသဖြင့် ဤအချိန်က အပန်းဖြေရန် အကောင်းဆုံးအချိန်ပင်။
နတ်ဆိုးပင်လယ်ထဲတွင် ချောက်ကမ်းပါးကို ဖြတ်ကျော်နိုင်ရန် လုမင်က နေ့စဉ်နှင့်အမျှ ကျင့်ကြံနေခဲ့ရသဖြင့် အလွန်ပင် စိတ်ပင်ပန်းနေခဲ့သည်။ ယခုအချိန်က အနားယူရန် အကောင်းဆုံးအချိန်ပင်။ သူသည် ကုန်းပတ်ပေါ်တွင် ရပ်ကာ အဆုံးမဲ့ပင်လယ်ပြင်ကြီးကို ကြည့်ရင်း သူ၏စိတ်နှလုံးက အေးချမ်းလာသည်ဟု ခံစားလိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်အနည်းငယ် ကုန်လွန်သွားခဲ့ပြီ။
"ပင်လယ်သားရဲတွေ ပိုပြီး ပေါ်လာနေတယ်၊ အများကြီးပဲ"
"ထူးဆန်းတယ်၊ အခုတလော ပင်လယ်သားရဲတွေနဲ့ ခဏခဏ တွေ့နေရတယ်"
"တခြား အတွေ့အကြုံရှိတဲ့သူတွေ ပြောတာတော့ ပင်လယ်စက်ဝန်းမှာ ပင်လယ်သားရဲတွေ ရှိတယ်ဆိုပေမဲ့ ပတ်ဝန်းကျင်က အရမ်းဆိုးရွားတော့ အရေအတွက် သိပ်မများဘူးတဲ့။ ပုံမှန်ဆိုရင် ပင်လယ်ပြင်ကို ထွက်တဲ့အခါ တစ်ခါတလေမှပဲ တွေ့ရတတ်တာ။ အခုရက်ပိုင်းမှာတော့ ပင်လယ်သားရဲတွေ အများကြီး တွေ့နေရသလို အုပ်စုလိုက်ကြီးတွေတောင် တွေ့နေရတယ်"
"တကယ်ကို ထူးဆန်းတာပဲ"
လူအချို့က ဆွေးနွေးလိုက်ကြသည်။ သူတို့သည် အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိသော်လည်း အလွန်အမင်းတော့ မတွေးမိကြချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ရက်အနည်းငယ် ကုန်လွန်သွားခဲ့သည်။
"ဟိုမှာကြည့်စမ်း၊ အဲဒါ ဘာကြီးလဲ"
"မကောင်းတော့ဘူး၊ အဲဒါတွေက ပင်လယ်သားရဲတွေပဲ။ နောက်ပြီးတော့ အများကြီးပဲဟ"
တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
အကြောင်းမှာ၊ စစ်သင်္ဘော၏ ရှေ့တွင် အလွန်များပြားလှသော ပင်လယ်သားရဲကြီးများ ပေါ်လာသောကြောင့်ပင်။ ဤအရာက စစ်သင်္ဘောကို ရပ်တန့်သွားစေသည်။ ထို့နောက် သင်္ဘော၏ ပတ်ဝန်းကျင် ပင်လယ်ပြင်တွင်လည်း ပင်လယ်သားရဲများ ပိုမို ထွက်ပေါ်လာခဲ့၏။ ပင်လယ်သားရဲများက စစ်သင်္ဘောကို ဝိုင်းရံထားလိုက်ကြပြီ။
"ဒုံ... ဒုံ..."
စစ်သင်္ဘောပေါ်တွင် ဗုံတီးသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ၎င်းမှာ အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း အချက်ပေးသံပင်။