← Chapters

အခန်း ၂၀၈၀

Vol. 143 Ch. 2080

အခန်း ၂၀၈၀

Vol. 143 Ch. 2080

အပိုင်း ( 2080 ) ကောင်းကင်သားတော် ခြောက်ပါး။

"မင်းဘာသာမင်း ဆင်းမလား၊ ဒါမှမဟုတ် ငါကပဲ ဆင်းအောင် လုပ်ပေးရမလား"

ယုဟဲက ကျစ်လျိုစုကို မထီမဲ့မြင်ပြုသော အမူအရာဖြင့် စိုက်ကြည့်နေသည်။

ကျစ်လျိုစု၏ မျက်နှာမှာ အလွန်ပင် မှုန်ကုပ်သွား၏။ သို့သော်လည်း သူက အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။

"ပြန်လည်ဝင်စားခြင်းရဲ့သားတော် ဖြစ်နေတော့ရော ဘာဖြစ်လဲ။ ဒီနေ့ ပြန်လည်ဝင်စားခြင်းနိယာမက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ ငါ မြင်ချင်သေးတယ်"

"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ"

ယုဟဲက အေးစက်စွာ ဆိုရင်း ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။

"ဝုန်း"

ယုဟဲ၏ နောက်ကွယ်မှ ဝဲဂယက်ခြောက်ခုက သူနှင့်အတူ လှုပ်ရှားသွားပြီး ကျစ်လျိုစုထံသို့ တိုးဝင်သွား၏။ ထိုဝဲဂယက်ခြောက်ခုက လျင်မြန်စွာ လည်ပတ်နေပြီး ကျစ်လျိုစုကို ပြန်လည်ဝင်စားခြင်းနိယာမများအတွင်းသို့ ဆွဲငင်သွားရန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ပေါက်ကွဲထွက်လာတော့သည်။

ကျစ်လျိုစု၏ မျက်နှာက လေးနက်သွားပြီး သူ့အစွမ်းကုန် ထုတ်ဖော်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ၎င်းက ယုဟဲကို ပိုင်းဖြတ်ရန် ခရမ်းရောင် ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။

ဤတိုက်ကွက်က ကျစ်လျိုစု၏ အသန်မာဆုံး တိုက်ခိုက်မှုဖြစ်ရာ သာမန်လူများအတွက်မူ ကြောက်မက်ဖွယ်ရာပင်။ သို့သော်လည်း သူ ရင်ဆိုင်နေရသည်မှာ ကောင်းကင်သားတော် တစ်ဦး ဖြစ်သည်။

"ဝုန်း"

ဝဲဂယက်ခြောက်ခု၏ ဖိအားအောက်တွင် ကျစ်လျိုစု၏ ဓားအလင်းတန်းမှာ ပြိုကွဲသွားပြီး ခရမ်းရောင် အလင်းစက်များအဖြစ် ပျောက်ကွယ်သွားခဲ့သည်။ ကျစ်လျိုစု၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး အမြောက်ဆန်တစ်ခုကဲ့သို့ လွင့်ထွက်သွား၏။ သူဟာ လေထဲမှာပင် သွေးများ အန်ထွက်လာတော့သည်။

လူအုပ်ကြီးမှာ မှင်တက်သွားကြသည်။ တစ်ကွက်... တစ်ကွက်တည်းနှင့် ကျစ်လျိုစုမှာ အရှုံးကြီး ရှုံးနိမ့်သွားခဲ့ရသည်။ သွေးများအန်ထွက်ပြီး တစ်ချက်လေးပင် ပြန်မခုခံနိုင်ခဲ့ချေ။

"ဘုရင်ခန္ဓာနဲ့ ကောင်းကင်သားတော်ကြားမှာ ဒီလောက်တောင် ကွာခြားချက် ကြီးမားတာလား"

ဘုရင်ခန္ဓာ ပိုင်ဆိုင်ထားသူတစ်ဦးက မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။

"ယုဟဲရဲ့ ကျင့်ကြံမှုက ဧကရာဇ်တစ်ပိုင်းအဆင့်ကို အဆင့်ကို ချိုးဖောက်သွားပြီ ထင်တယ်။ မဟုတ်ရင် ကျစ်လျိုစုကို တစ်ကွက်တည်းနဲ့ အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကောင်းကင်သားတော်နဲ့ ဘုရင်ခန္ဓာကိုယ်ကြားက ကွာခြားချက်က တကယ်ကို ကြီးမားပါတယ်။ အဆင့်တူ တိုက်ပွဲမှာ ဘုရင်ခန္ဓာက ကောင်းကင်သားတော်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး"

"ကောင်းကင်သားတော်က နိယာမအလင်းကို မကျင့်ကြံရသေးဘူးဆိုရင်တော့ ဘုရင်ခန္ဓာက ယှဉ်နိုင်ဦးမယ်။ ဒါပေမဲ့ ဒီလိုဆိုရင်တောင် ရှုံးနိမ့်ဖို့ အခွင့်အလမ်းက များနေတုန်းပဲ"

ပါရမီရှင်အချို့က သက်ပြင်းချရင်း ဆိုလိုက်ကြလေသည်။

"သက်ပြင်းချမနေကြပါနဲ့။ ကောင်းကင်သားတော်တွေက သိုင်းဧကရာဇ် အဆင့်အောက်မှာ အပြတ်အသတ် သာလွန်တာ မှန်တယ်။ အဆင့်တူတိုက်ပွဲမှာ သူတို့က အနှိုင်းမဲ့တွေပဲ။ ဒါပေမဲ့ အဲဒါက သိုင်းဧကရာဇ် အောက်အဆင့်တွေမှာပဲ ဖြစ်တာပါ"

"သိုင်းဧကရာဇ် အဆင့်ကို ရောက်သွားတဲ့အခါ နိယာမ အမျိုးမျိုးကို နားလည်သဘောပေါက်နိုင်ကြပြီ။ အချို့ဘုရင်ခန္ဓာတွေက နောက်မှ အစွမ်းပြလာတတ်ကြတယ်။ သိုင်းဧကရာဇ် အဆင့်မတိုင်ခင်မှာ သာမန်ပဲ ဖြစ်နေပေမဲ့ သိုင်းဧကရာဇ် ဖြစ်သွားတဲ့အခါမှာတော့ အစွမ်းအထက်ဆုံး နိယာမတွေကို နားလည်ပြီး ကောင်းကင်သားတော်တွေကိုတောင် ပြန်ယှဉ်နိုင်၊ အနိုင်ယူနိုင်တဲ့အထိ ဖြစ်လာတတ်ကြတယ်"

လူငယ်တစ်ဦးက မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လူများစွာ၏ မျက်လုံးများ ဝင်းလက်သွားကြ၏။

မှန်သည်... ထိုသို့သော အခြေအနေမျိုး သမိုင်းတွင် များစွာ ရှိခဲ့ဖူးပေသည်။

ဘုရင်ခန္ဓာနှင့် ကောင်းကင်သားတော်ဟူသော အခေါ်အဝေါ်များသည် ယာယီသာလွန်မှုသာ ဖြစ်ပြီး သိုင်းဧကရာဇ် အဆင့်သို့ ရောက်သောအခါ ထိုသာလွန်မှုက လျော့ပါးသွားပေလိမ့်မည်။

ကျစ်လျိုစုကို အနိုင်ယူပြီးနောက် ယုဟဲက ဧကရာဇ်ရှုမျှော်တိုင်ပေါ်သို့ ဆင်းသက်ကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် မောက်မာစွာ ရပ်နေခဲ့သည်။

ကျစ်လျိုစုမှာ ယုဟဲကို ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်သော်လည်း ကျန်ရှိသော ဧကရာဇ်ရှုမျှော်တိုင်များပေါ်သို့မူ မတက်ရဲတော့ချေ။ ခွန်အား မလုံလောက်ပါက တက်သွားလျှင်လည်း အောက်သို့ ပြန်ကန်ချခံရမည်သာ ဖြစ်သည်။

မူလက တက်ရန် စိတ်အားထက်သန်နေသော အခြားသော ဘုရင်ခန္ဓာပိုင်ရှင်များသည်လည်း ယခုအခါတွင်မူ ငြိမ်သက်သွားကြတော့သည်။

ထိုအချိန်တွင် လူအချို့က ဧကရာဇ်ရှုမျှော်တိုင်ပေါ်သို့ ပထမဆုံး တက်သွားသည့် ဝတ်ရုံဖြူနှင့် လူငယ်ကို ကြည့်လိုက်ကြသည်။ ယုဟဲက ကျစ်လျိုစုကို အနိုင်ယူလိုက်သည်အား မြင်ရသော်လည်း ထိုသူမှာ တည်ငြိမ်နေဆဲပင်။ အနှီလူငယ်မှာလည်း ကောင်းကင်သားတော် တစ်ဦး ဖြစ်ကြောင်း အားလုံး သိလိုက်ကြသည်။

ထို့ပြင် ကောင်းကင်သားတော်များ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာခြင်းကြောင့် သူတို့ အချင်းချင်း အရင်တိုက်ခိုက်ကြမလားဟု လူအများက မျှော်လင့်နေကြတော့သည်။

"ဟားဟားဟား... ဒီမှာ တကယ်ကို စည်ကားနေတာပဲ"

ကျယ်လောင်သော ရယ်မောသံနှင့်အတူ ဝတ်စုံနီဝတ် လူငယ်တစ်ဦးက လေပေါ်သို့ လှမ်းတက်ကာ ဧကရာဇ်ရှုမျှော်တိုင်ပေါ်သို့ ဆင်းသက်လိုက်ပြန်သည်။ ဤသူမှာလည်း နတ်ကံကြမ္မာနယ်မြေမှ ကောင်းကင်သားတော် တစ်ဦး ဖြစ်ကြောင်း လူအချို့က မှတ်မိလိုက်ကြလေသည်။

နတ်ကံကြမ္မာနယ်မြေသည် နယ်မြေဆယ်ခုတွင် အင်အားအကြီးဆုံးဖြစ်ပြီး အကျယ်အဝန်းမှာလည်း အတိုင်းအဆမဲ့သည်။ ပျက်စီးခြင်း နယ်မြေကို ဖယ်ထုတ်လိုက်ပါက ကျန်ရှိသော နယ်မြေရှစ်ခု၏ စုစုပေါင်း ဧရိယာမှာ နတ်ကံကြမ္မာနယ်မြေနှင့် အညီအမျှသာ ရှိပေသည်။ ထို့ကြောင့် ဤနေရာတွင် ပါရမီရှင်များ ပေါများလှခြင်းမှာ အံ့သြစရာတော့ မဟုတ်ချေ။

"အမိတ္တဘ(ဗုဒ္ဓအရှင်)"

ဗုဒ္ဓအမည်ရွတ်ဖတ်သံနှင့်အတူ ရဟန်းငယ်တစ်ပါးမှာ လေထဲမှ လျှောက်လာသည်။ သူ၏ နှင်းကဲ့သို့ ဖြူဖွေးသော သင်္ကန်းမှာ လေထဲတွင် လွင့်ပျံနေပြီး လူသူကင်းမဲ့သော နယ်မြေမှ ကြွလာသည့်အလား အေးချမ်းလှပေသည်။ ဤရဟန်းငယ်မှာလည်း ဧကရာဇ်ရှုမျှော်တိုင်တစ်လုံးပေါ်သို့ ဆင်းသက်လိုက်သည်။

"ဒါက အနန္တကျောင်းတော်က ရဟန်းတော် ဝူချန်အရှင်ပဲ"

လူအချို့က အံ့သြဟန်ဖြင့် အော်ဟစ်လိုက်ကြသည်။

"ဝူချန်အရှင်လည်း ရောက်လာတာလား။ သူက အစွမ်းအထက်ဆုံး နိယာမဆယ်ခုထဲက တစ်ခုဖြစ်တဲ့ ကံကြမ္မာနိယာမကို တတ်မြောက်ထားတယ်လို့ ကြားဖူးတယ်"

"ကံကြမ္မာ နိယာမလား"

လုမင်၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားသည်။

ဤနိယာမမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းပြီး အဆန်းကြယ်ဆုံးသော နိယာမတစ်ခု ဖြစ်သည်။

ကမ္ဘာပေါ်ရှိ အရာအားလုံးတွင် ကံကြမ္မာရှိပြီး ထိုကံကြမ္မာများကပင် ကမ္ဘာကြီးကို တည်ဆောက်ထားခြင်း ဖြစ်ချေသည်။

ကံကြမ္မာ နိယာမကို ကျွမ်းကျင်ခြင်း၊ အကြောင်းအကျိုးကို ထိန်းချုပ်နိုင်ခြင်းမှာ အလွန်ကြောက်စရာကောင်းပြီး သဲလွန်စမကျန်ဘဲ လူကိုသတ်နိုင်ပေသည်။

ယခုဆိုလျှင် ကောင်းကင်သားတော် လေးဦး ရောက်ရှိနေပြီ ဖြစ်သည်။

ထိုအချိန်တွင် အဝေးမှ ရောင်စုံအလင်းတန်း နှစ်ခုမှာ အရှိန်အဟုန်ဖြင့် ပျံသန်းလာကြသည်။ ထိုသူနှစ်ဦးသည်လည်း တိုက်ရိုက်ပင် ဧကရာဇ်ရှုမျှော်တိုင်များပေါ်သို့ ဆင်းသက်လိုက်ကြ၏။

"သူပဲ"

လုမင်က သူတို့ထဲမှ တစ်ဦးကို မှတ်မိလိုက်သည်။

ထိုလူငယ်မှာ အဆုံးမဲ့နတ်ဆိုးနယ်မြေမှ ထိပ်တန်းပါရမီရှင် ဟင်းလင်းပြင်သားတော်ပင်။

အခြားတစ်ဦးမှာမူ နတ်ကံကြမ္မာနယ်မြေမှ ပါရမီရှင်တစ်ဦး ဖြစ်သည်။

"ကောင်းကင်သားတော် ခြောက်ယောက်တောင် ရှိနေပြီ"

လူအများက အံ့အားသင့်သွားကြသည်။

"ဒီခေတ်က ရှေးခေတ်ကတည်းက တစ်ခါမှ မကြုံဖူးတဲ့ ရွှေခေတ်ပဲ။ နေရာတိုင်းမှာ ကောင်းကင်သားတော်တွေ ပေါ်ထွက်နေကြတယ်"

"အမှန်ပဲ၊ ကျုပ်တို့ အဆုံးမဲ့နတ်ဆိုးနယ်မြေမှာတင် ကောင်းကင်သားတော် လေးယောက်ရှိတယ်"

အဆုံးမဲ့နတ်ဆိုးနယ်မြေမှ ပါရမီရှင်တစ်ဦးက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

ကောင်းကင်သားတော်လေးဦးအထိ တစ်နေရာတည်းတွင် အရှိနေခြင်းက အလွန်အံ့ဩစရာကောင်းနေပြီ။

ထိုအခါ တစ်စုံတစ်ယောက်က ယွမ်တောင်မှ ပါရမီရှင်များကို ကြည့်ပြီး မေးသည်။

"ခင်ဗျားတို့ ယွမ်တောင်မှာရော ကောင်းကင်သားတော် ဘယ်နှစ်ယောက် ရှိလဲ"

"ခြောက်ယောက်"

ယွမ်တောင်မှ ပါရမီရှင်တစ်ဦးက ခေါင်းမော့လျက် ပြန်ဖြေလိုက်၏။

"ခြောက်ယောက်... ဟုတ်လား။ ခင်ဗျားက သက်သက်ကြွားနေတာပဲ ဖြစ်ရမယ်။ ခင်ဗျားတို့လို ယွမ်တောင်နယ်မြေမှာ ကောင်းကင်သားတော် ခြောက်ယောက် ဘယ်လိုလုပ် ရှိမှာလဲ"

အဆုံးမဲ့နတ်ဆိုးနယ်မြေမှ ပါရမီရှင်က ချက်ချင်းပင် သံသယဝင်သွားသည်။

နယ်မြေဆယ်ခုထဲတွင် ယွမ်တောင်နယ်မြေမှာ အားနည်းသည်ဟု သတ်မှတ်ခြင်း ခံရသည်။ ယခုတော့ ယွမ်တောင်၏ ပါရမီရှင်က ယွမ်တောင်တွင် ကောင်းကင်သားတော်ခြောက်ယောက်အထိ ရှိပါသည်ဟု ဆိုနေပြီ။ ထိုစကားမှာ သံသယဝင်စရာ ဖြစ်ခဲ့သည်။

လူအများက ထိုလူငယ်ကို သံသယဖြင့် ကြည့်လိုက်ကြလေသည်။

ယွမ်တောင်၏ ပါရမီရှင်များလည်း သူတို့ကို သံသယဝင်ခံရခြင်းကြောင့် မကျေမနပ် ဖြစ်သွားကြသည်။

ထိုအခါ ဝေထျန်းတောက်က ဝင်ပြောလိုက်သည်။

"ကျုပ်တို့ ယွမ်တောင်နယ်မြေမှာ ကောင်းကင်သားတော် ခြောက်ယောက် ရှိတာ တကယ်ပဲဗျ။ သူတို့တွေက ကစဉ့်ကလျားရဲ့သားတော်၊ ထာဝရရဲ့သားတော်၊ သေခြင်းတရားရဲ့သားတော်၊ အချိန်နဲ့ဟင်းလင်းပြင်သားတော်၊ ရှင်သန်ခြင်းရဲ့သားတော်နဲ့ ပြန်လည်ဝင်စားခြင်းရဲ့ သားတော်တို့ပဲ"

"ဘာကြီး...၊ ယွမ်တောင်မှာ ကစဉ့်ကလျားရဲ့သားတော် ရှိတယ်... ဟုတ်လား"

"တော် တော်၊ ခင်ဗျား ပြောတာက ပိုပြီး ရယ်စရာကောင်းလာပြီ။ တခြား ကောင်းကင်သားတော်တွေ ရှိတယ်ဆိုတာ ဖြစ်နိုင်ပေမဲ့ ကစဉ့်ကလျားရဲ့သားတော် ရှိတယ်ဆိုတာကတော့ ဖင်ပိတ်ပြီး ကြွားလုံးထုတ်တာပဲ ဖြစ်ရမယ်"

လူအချို့က မထီမဲ့မြင် ပြုလိုက်ကြသည်။

အစွမ်းအထက်ဆုံး နိယာမဆယ်ခုမှာ တန်းတူ ကျော်ကြားလှသော်လည်း စင်စစ်တွင်မူ အလွန် ရှားပါးပြီး သမိုင်းတွင် ပေါ်ထွက်လာရန် အခွင့်အလမ်း အနည်းဆုံး နိယာမနှစ်မျိုး ရှိသည်။

တစ်ခုက ကစဉ့်ကလျားနိယာမဖြစ်ပြီး ကျန်တစ်ခုမှာ ကံကြမ္မာနိယာမပင်။

All Chapters