အခန်း ၂၀၈၁
Vol. 144 Ch. 2081
အပိုင်း ( 2081 ) အဆင့်ခြင်းတူလျှင် ပြိုင်ဘက်မရှိ။
ကစဉ့်ကလျားနိယာမနှင့် ကံကြမ္မာနိယာမ။
ဤနိယာမနှစ်မျိုးမှာ အခြားသော အသန်မာဆုံးနိယာမများထက်ပင် ပိုမိုအားကောင်းပြီး ဆန်းကြယ်သည်။
ကံကြမ္မာနိယာမသည် အမည်အတိုင်း ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်းရှိသည်။ ကမ္ဘာပေါ်ရှိ အရာအားလုံးတွင် ကံကြမ္မာရှိနေသဖြင့် ဤနိယာမမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပေသည်။
ကစဉ့်ကလျားနိယာမမှာမူ ကမ္ဘာကြီးကို မဖန်ဆင်းမီကတည်းက တည်ရှိခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာပေါ်ရှိ အရာအားလုံးမှာ ကစဉ့်ကလျားမှ မွေးဖွားလာခြင်း ဖြစ်၏။ ထို့ကြောင့် ကစဉ့်ကလျားနိယာမကို နိယာမတို့၏ ဧကရာဇ်ဟု ခေါ်ဝေါ်ကြခြင်းမှာ အကြောင်းမဲ့ မဟုတ်ချေ။
ထို့ကြောင့် ယွမ်တောင်နယ်မြေတွင် ကစဉ့်ကလျား၏သားတော်တစ်ဦး မွေးဖွားလာသည်ဟူသော စကားကို လူအများက ယုံကြည်ရန် ခက်ခဲနေကြခြင်း ဖြစ်သည်။
"ကျုပ်တို့ ပြောတာ အမှန်တရားပဲဗျ"
ဝေထျန်းတောက်နှင့် အခြားသူများက အခိုင်အမာ ဆိုသည်။
ဝေထျန်းတောက်သည် လုမင်နှင့် ရန်ငြိုးရှိဖူးသော်လည်း ဤအချိုမျိုးတွင်မူ တစ်ပါးသူ အထင်အမြင်သေးမခံရစေရန် လုမင်၏အကြောင်းကို ထည့်ပြောရတော့သည်။
အခြားသူများမှာလည်း ဝေခွဲမရ ဖြစ်သွားကြသည်။ ယွမ်တောင်တွင် ကစဉ့်ကလျား၏ သားတော်တစ်ဦး အမှန်တကယ် ပေါ်ထွက်လာခဲ့ပါသလော။
အကယ်၍၊ ဤအတိုင်းမှန်ကန်ပါက ဤတစ်ကြိမ် နယ်မြေဆယ်ခုတိုက်ပွဲမှာ ပိုမိုပြင်းထန်လာလိမ့်မည်။ အကြောင်းမှာ၊ နတ်ဘုရားကံကြမ္မာနယ်မြေတွင်လည်း ကစဉ့်ကလျား၏သားတော်တစ်ဦး ရှိနေသောကြောင့် ဖြစ်သည်။
ထိုသူမှာ မယုံနိုင်လောက်အောင် အစွမ်းထက်ပြီး နတ်ကံကြမ္မာနယ်မြေတွင် ပြိုင်ဘက်ကင်းလုနီးပင်။
နတ်ကံကြမ္မာနယ်မြေမှ ပါရမီရှင်များစွာထဲတွင် ကစဉ့်ကလျား၏သားတော်ကို ယှဉ်နိုင်သူမှာ အနည်းငယ်မျှသာ ရှိသည်။ အခြားသော ကောင်းကင်သားတော်အချို့ပင်လျှင် သူ၏လက်အောက်တွင် ရှုံးနိမ့်ခဲ့ရဖူး၏။ အကယ်၍ ယွမ်တောင်တွင် ကစဉ့်ကလျား၏သားတော် တကယ်ရှိခဲ့လျှင် မည်သူက ပိုသန်မာမည်နည်း။
လူအများက ဆွေးနွေးနေကြသော်လည်း လုမင်ကမူ ပြုံးလျက်သာရှိပြီး သိပ်ဂရုမစိုက်ချေ။
"ညီနောင်လု... ခင်ဗျားလည်း အပေါ်တက်ပြီး ဧကရာဇ်ရှုမျှော်တိုင်တစ်ခုကို သိမ်းပိုက်လိုက်ပါလား"
ချောင်ခိုင်းက လုမင်ကို ကြည့်ကာ ပြောလိုက်သည်။
ချောင်ခိုင်းမှာ လုမင်၏ တိုက်ခိုက်နိုင်စွမ်းကို ကောင်းကောင်းသိသည်။ သူဟာ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်းရှိ၏။ သူသည်လည်း စွမ်းအားကြီးသော နတ်ဘုရား၏သားတော်တစ်ဦးပင်။
လုမင်၏ မျက်လုံးများတွင်လည်း စိတ်ဝင်စားသော အရိပ်အယောင်များ ပေါ်လာသည်။
သူ နတ်ကံကြမ္မာနယ်မြေသို့ လာရခြင်းမှာ မိမိကိုယ်ကိုယ် တိုးတက်စေရန် ဤကဲ့သို့သော ထိပ်တန်းပါရမီရှင်များနှင့် ယှဉ်ပြိုင်ရန်ပင် မဟုတ်ပါလား။
ယွမ်တောင်နယ်မြေတွင်မူ သူနှင့် ယှဉ်နိုင်သူက မရှိသလောက်ပင် ဖြစ်နေပြီ။
ကြာပန်းကမ္ဘာတိုက်ပွဲပြီးကတည်းက ဟန်ရှင်းဟဲမှာ ပေါ်မလာတော့ချေ။
ယခုမူ ကောင်းကင်သားတော်များစွာ ပေါ်ထွက်နေသဖြင့် လုမင်၏ တိုက်ခိုက်လိုစိတ်မှာလည်း ပြန်လည် နိုးကြားလာခဲ့သည်။
"ချင်ယွဲ့... ကိုယ့်ကို ဒီမှာ စောင့်နေပါ"
လုမင်က ချင်ယွဲ့ကို ပြောလိုက်သည်။
"သခင်လေး... သွားပါ၊ အစွမ်းကုန် ကြိုးစားခဲ့နော်"
ချင်ယွဲ့က သူမ၏ လက်သီးဆုပ်လေးများကို ဝှေ့ယမ်းကာ အားပေးလိုက်၏။
လုမင်လည်း ပြုံးလိုက်ပြီး ကောင်းကင်သို့ ပျံတက်ကာ ဧကရာဇ်ရှုမျှော်တိုင်တစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။ ထိုအခါ လူများစွာ၏ အကြည့်က လုမင်အပေါ်သို့ ကျရောက်လာတော့သည်။
"သူပဲ"
ယွမ်တောင်မှ ပါရမီရှင်များက လုမင်ကို မြင်လိုက်ရသောအခါ သူတို့၏ မျက်လုံးများတွင် အံ့သြတုန်လှုပ်မှုများ ဖြစ်ပေါ်လာသည်။
ယွမ်တောင်နယ်မြေတွင် လုမင်၏ ကျော်ကြားမှုက အထွတ်အထိပ်သို့ ရောက်ရှိနေပြီ။
သူသည် ဟန်ရှင်းဟဲကို အနိုင်ယူခဲ့ရုံသာမက ကောင်းကင်ဧကရာဇ်၏ခန္ဓာကို ထိန်းချုပ်၍ သိုင်းဧကရာဇ်အချို့ကို သတ်ဖြတ်ခဲ့သည်။ နောက်ဆုံးတွင်၊ ဟဲမျိုးနွယ်စု၏ မဟာဧကရာဇ်ကိုပင် အနိုင်ယူခဲ့သေးသည်။
ထိုတိုက်ပွဲက သူ၏ ဂုဏ်သတင်းကို အထွတ်အထိပ်သို့ ရောက်သွားစေခဲ့သည်။
"သူက ကျုပ်တို့ ယွမ်တောင်ရဲ့ ကစဉ့်ကလျားသားတော်ပဲ"
ယွမ်တောင်မှ ပါရမီရှင်တစ်ဦးက ပြောလိုက်သည်။
"ဟေ"
လူများစွာက အံ့ဩသွားပြီး လုမင်ကို ကြည့်လိုက်ကြ၏။
သူက ယွမ်တောင်ရဲ့ ကစဉ့်ကလျားသားတော်လား။
သူက တကယ်ပဲ ကစဉ့်ကလျားနိယာမကို ပိုင်ဆိုင်ထားတာလား။
ဧကရာဇ်ရှုမျှော်တိုင်များပေါ်ရှိ ကောင်းကင်သားတော်များပင်လျှင် လုမင်ကို ကြည့်လာကြသည်။ သူတို့၏ မျက်လုံးများမှာတော့ တိုက်ခိုက်လိုစိတ်များ ဝင်းလက်နေကြတော့သည်။
"ကစဉ့်ကလျားရဲ့သားတော်... ဟုတ်လား။ မင်း ဘယ်လောက် အစွမ်းထက်လဲဆိုတာ ငါ မြင်ချင်သေးတယ်"
မျှော်လင့်ထားသည့်အတိုင်းပင်၊ တစ်စုံတစ်ယောက်က လှုပ်ရှားလာခဲ့သည်။ ထိုသူမှာ မီးခိုးရောင်ဝတ်စုံနှင့် ထွားကျိုင်းသော လူငယ်တစ်ဦး ဖြစ်၏။
အနှီလူငယ်က ယွမ်လု၏ နယ်မြေဆယ်ခုထဲမှ တစ်ခုဖြစ်သော ကောင်းကင်လူရိုင်းနယ်မြေမှဖြစ်သည်။ သူကား အာဒိကပ္ပသားတော်ဖြစ်ကာ အာဒိကပ္ပနိယာမကို ထိန်းချုပ်ထားပေသည်။
အာဒိကပ္ပနိယာမနှင့် ကစဉ့်ကလျားနိယာမတို့မှာ အစွမ်းထက်ဆုံး နိယာမဆယ်ခုအနက် အလွန်ပင် ဆင်တူလှသည်။ သို့သော်လည်း ကမ္ဘာကြီးကမူ ကစဉ့်ကလျားနိယာမကို အာဒိကပ္ပနိယာမ၏ ရှေ့တွင်သာ အမြဲ အဆင့်သတ်မှတ်ခဲ့ပေသည်။
ယခုအခါ အာဒိကပ္ပ၏သားတော်က လုမင်ကို မြင်သောအခါ တိုက်ခိုက်လိုစိတ်တို့ သဘာဝအတိုင်း ဖြစ်ပေါ်လာခဲ့ရသည်။
"ဝုန်း"
လူငယ်၏အမည်မှာ ဟွမ်မုန့် ဖြစ်သည်။ သူသည် အားကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်လျက် လုမင်ထံသို့ လေပေါ်မှ လျှောက်လှမ်းလာ၏။
"အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်"
ဟွမ်မုန့်၏ ကျင့်ကြံမှုမှာ အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း လုမင် တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ သူဟာ ဧကရာဇ်တစ်ပိုင်း ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့သည်။
"ဝုန်း"
ဟွမ်မုန့်က တိုက်ရိုက်ပင် စတင်တိုက်ခိုက်လိုက်သည်။ သူသည် ရှေးဦးသားရဲတစ်ကောင်ကဲ့သို့ဖြစ်ပြီး သူ့တကိုယ်လုံးက အာဒိကပနိယာမများဖြင့် ပြည့်နှက်နေ၏။
အာဒိကပ္ပနိယာမက ရှေးဦးတောင်ကြီးတစ်လုံးကဲ့သို့ လေးလံကာ အားကြီးသည်။
ဟွမ်မုန့်က လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော လက်သီးအင်အားက လုမင်ထံသို့ တိုးဝင်သွားတော့သည်။
လုမင်က ကစဉ့်ကလျား နတ်ဘုရားလက်ဖဝါးကို အသုံးပြုလိုက််သည်။ သူ၏ လက်ဖဝါးမှာ ကစဉ့်ကလျားကျောက်တုံးကြီးတစ်ခုကဲ့သို့ ဟွမ်မုန့်ထံသို့ ရိုက်ချလိုက်၏။
"ဝုန်း"
ကောင်းကင်ယံမှာ ဗုံမျက်နှာပြင်ကဲ့သို့ တုန်ခါသွားပြီး ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက် လူရိပ်တစ်ခုမှာ နောက်သို့ ဆုတ်ခွာသွားရ၏။ ၎င်းက ဟွမ်မုန့်ပင် ဖြစ်သည်။
လုမင်မှာမူ ဧကရာဇ်ရှုမျှော်တိုင်ပေါ်တွင် မလှုပ်မယှက် ရပ်နေဆဲပင်။
"ဒါ ကစဉ့်ကလျားနိယာမပဲ။ တကယ်ကို ကစဉ့်ကလျားနိယာမပဲ"
လူအချို့က အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။
တိုက်ပွဲမစမီက လူအချို့မှာ မယုံကြည်ခဲ့ကြပေ။ ယခုမူ၊ လုမင်က ကစဉ့်ကလျားနိယာမကို အမှန်တကယ် အသုံးပြုနေကြောင်း မြင်လိုက်ရပြီ ဖြစ်သည်။
ယွမ်တောင်တွင် ကစဉ့်ကလျား၏သားတော်တစ်ဦး တကယ်ပင် ပေါ်ထွက်လာခဲ့ပြီ။
"ထပ်လာစမ်း"
ဟွမ်မုန့်က အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ နိယာမအလင်းများ ထွက်ပေါ်လာပြီး လုမင်ထံသို့ ထပ်မံ ပြေးဝင်လာ၏။
သူက လက်သီးများကို အဆက်မပြတ် ထုတ်ဖော်လိုက်၏။ လက်သီးတစ်ချက်ချင်းစီက တောင်တစ်လုံးကဲ့သို့ လေးလံလှသည်။
လုမင်ကမူ ကစဉ့်ကလျား နတ်ဘုရားလက်ဖဝါးဖြင့်သာ တည်ငြိမ်စွာ ခုခံနေခဲ့ပေသည်။
"ဝုန်း... ဝုန်း"
ကောင်းကင်ယံတွင် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။
သူတို့နှစ်ဦး ထိပ်တိုက်တွေ့ဆုံမှုမှ ထွက်ပေါ်လာသော စွမ်းအားများသည် လေပြင်းများအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့၏။ ဆယ်ကွက်ကျော်ခန့် ရင်ဆိုင်ကြပြီးနောက် ဟွမ်မုန့်၏ ခန္ဓာကိုယ်က နောက်သို့ လွင့်ထွက်သွားကာ သွေးတစ်လုပ် အန်လိုက်ရတော့သည်။
သူ၏ မျက်လုံးထဲတွင် တုန်လှုပ်မှုများ ပြည့်နှက်သွားခဲ့သည်။
အကြောင်းမူ၊ လုမင်၏ ကစဉ့်ကလျားနိယာမမှာ မြစ်တစ်စင်းအဖြစ် မပြောင်းလဲသေးသောကြောင့်ပင်။ လုမင်က ဧကရာဇ်တစ်ပိုင်း မဟုတ်ဘဲ အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သာ ရှိသေးကြောင်း သူ သိလိုက်ရသည်။
အဆင့်တူတိုက်ပွဲတွင် သူက အပြတ်အသတ် အနိုင်ယူခံလိုက်ရသဖြင့် အနည်းငယ်ပင် စိတ်ဓာတ် ကျဆင်းသွားခဲ့သည်။
"အလျှော့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
လုမင်က ပြောလိုက်သည်။
ယခုလေးတင် သူက အခြားနိယာမများကို အသုံးမပြုဘဲ ကစဉ့်ကလျားနိယာမ တစ်ခုတည်းကိုသာ အသုံးပြုခဲ့ပေသည်။
လုမင်၏ ကစဉ့်ကလျားနိယာမမှာ ကိုးဆယ့်ကိုးရာခိုင်နှုန်းသာ ရှိသေးသော်လည်း သူ့ခန္ဓာကိုယ်က သာမန်ကောင်းကင်သားတော်များထက် များစွာ သန်မာလှသည်။
ထို့ပြင် သူ၏ အစီရင်နိယာမက မြစ်တစ်စင်း ဖြစ်နေပြီဖြစ်ရာ သူ၏ ခန္ဓာကိုယ်မှာ ပို၍ပင် အားကောင်းခဲ့ပေသည်။
ထို့ကြောင့် အဆင့်တူတိုက်ပွဲတွင် မည်သူမျှ လုမင်၏ ပြိုင်ဘက် မဟုတ်ချေ။
လူအများမှာ မှင်တက်သွားကြသည်။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းမှာ အလွန်ပင် အားကောင်း၏။ သူသည် ဟွမ်မုန့်နှင့် ကျင့်ကြံမှုအဆင့်တူသော်လည်း ဟွမ်မုန့်ကို ဖိနှိပ်ထားနိုင်ခဲ့သည်။
"ခင်ဗျားက တကယ်ကို သန်မာတာပဲ။ ကျုပ်က ခင်ဗျားရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး"
ဟွမ်မုန့်က ခေါင်းခါယမ်းရင်း ဧကရာဇ်ရှုမျှော်တိုင်တစ်ခုပေါ်သို့ ပြန်သွားခဲ့လေသည်။
"ကျုပ် စမ်းကြည့်ပါရစေ"
ဟွမ်မုန့် ဆုတ်ခွာသွားပြီးနောက် နောက်ထပ် လူတစ်ဦးက ရှေ့သို့ လှမ်းတက်လာသည်။ ပြင်းထန်သော အရှိန်အဝါတစ်ခုမှာ လုမင်ထံသို့ ဖိနှိပ်လာခဲ့သည်၏။
၎င်းမှာ ပြန်လည်ဝင်စားခြင်း၏သားတော် ယုဟဲပင်။
လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။ ယုဟဲမှာ ဧကရာဇ်တစ်ပိုင်း အဆင့်သို့ ရောက်ရှိနေပြီ။
ဧကရာဇ်တစ်ပိုင်းအဆင့် ကောင်းကင်သားတော်တစ်ဦး၏ တိုက်ခိုက်နိုင်စွမ်းက အလွန်ကြောက်စရာကောင်းသည်။ သူက လုမင်ကို တိုက်ခိုက်တော့မည်။ လုမင်က သူ့ကို ယှဥ်နိုင်ပါ့မလား။
"လေထဲမှာ တိုက်ကြရအောင်"
လုမင်က ပြတ်သားသည်။ သူက ပြောဆိုပြီးသည်နှင့် ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။