← Chapters

အခန်း ၂၀၈၃

Vol. 144 Ch. 2083

အခန်း ၂၀၈၃

Vol. 144 Ch. 2083

အပိုင်း ( 2083 ) ကောင်းကင်ဧကရာဇ်၏ရုပ်တု နိုးထလာမည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က မရဏဓားနှင့် ကောလုံ နှစ်ဦးလုံးသည် အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်တွင် ရှိခဲ့သည်။ သို့သော်လည်း ယခုအခါတွင်မူ သူတို့နှစ်ဦးလုံးမှာ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေကြပြီ။

နှစ်နှစ်တာ အချိန်အတောအတွင်း သူတို့နှစ်ဦးလုံးသည် တစ်နေရာရာတွင် တိတ်တဆိတ် ကျင့်ကြံနေခဲ့ကြပုံရကာ တိုးတက်မှုမှာ အလွန်မြန်ဆန်ခဲ့ကြသည်။

ဥပမာအားဖြင့် မရဏဓား၊ လုရှန်းရှန်းနှင့် အခြားသူများကို မဟာဧကရာဇ်များက အထူးလျှို့ဝှက်နေရာတစ်ခုသို့ စေလွှတ်ကာ ကျင့်ကြံစေခဲ့သည်။ မကြာသေးမီကမှ သူဟာ ကျင့်ကြံခြင်းမှ ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်ချေသည်။

"ဝုန်း..."

သေခြင်း၏သားတော် နှစ်ဦးစလုံးက အဆက်မပြတ် ထိပ်တိုက်ရင်ဆိုင်နေကြသည်။ သေခြင်းတရားအရှိန်အဝါများမှာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းစွမ်းအားအဖြစ် ပြောင်းလဲ၍ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွား၏။

ခဏတာအတွင်းမှာပင် သူတို့နှစ်ဦးက တိုက်ကွက်ပေါင်း တစ်ရာကျော် ဖလှယ်ခဲ့ကြသည်။

သို့သော်လည်း အရှုံးအနိုင်ကို ဆုံးဖြတ်ရန် ခက်ခဲနေဆဲပင်။

"သေခြင်းတရားရဲ့ချောက်ကမ်းပါး"

ကောလုံက သူ၏ နောက်ဆုံးတိုက်ကွက်ကို အသုံးပြုလိုက်သည်။ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသော သေမင်းချောက်ကမ်းပါးကြီး ဖြစ်ပေါ်လာပြီး မရဏဓားကို ဝါးမြိုရန် ကြိုးပမ်း၏။ သူက မရဏဓားကို ထိုချောက်ကမ်းပါးထဲသို့ ဆွဲသွင်းကာ မြှုပ်နှံပစ်လိုနေခြင်းဖြစ်သည်။

မရဏဓားက လျင်မြန်စွာ ရှောင်တိမ်းရန် ကြိုးစားသော်လည်း သေမင်းချောက်ကမ်းပါးမှာ ကြီးမားလွန်းလှသည်။ ၎င်းက ကောင်းကင်ယံကို လွှမ်းခြုံကာ မရဏဓားကို ချောက်ကမ်းပါးထဲသို့ ဆွဲခေါ်သွားတော့သည်။

မရဏဓား ရှုံးနိမ့်တော့မည်လော။

လူအများ၏ ရင်ခုန်သံများ မြန်လာခဲ့ရသည်။

"ဒီလောက်နဲ့ မပြီးသေးပါဘူး။ သူတို့နှစ်ယောက်လုံးက မရဏသားတော်တွေ ဖြစ်သလို ကျင့်ကြံမှုချင်းလည်း တူနေတာပဲ။ အရှုံးအနိုင် ဆုံးဖြတ်ဖို့ဆိုတာ ဒီလောက် လွယ်ကူပါ့မလား"

တစ်စုံတစ်ယောက်က ခေါင်းခါယမ်းရင်း ပြောလိုက်၏။

မျှော်လင့်ထားသည့်အတိုင်းပင်၊ သေမင်းချောက်ကမ်းပါးက တုန်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခု ထိုချောက်ကမ်းပါးထဲမှ ပေါက်ကွဲထွက်လာခဲ့သည်။

"သေခြင်းတရားရဲ့ ကောင်းကင်ဓား"

အေးစက်သော အသံတစ်ခုက သေခြင်းချောက်ကမ်းပါးထဲမှ ထွက်ပေါ်လာသည်။ ကြီးမားသော ဓားအလင်းတန်းတစ်ခုက ချောက်ကမ်းပါးထဲမှ ပိုင်းထွက်လာခဲ့၏။

"ဝုန်း..."

သေခြင်း ချောက်ကမ်းပါးမှာ လက်မချင်းစီ တုန်ခါကာ ပေါက်ကွဲသွားတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းနှင့်အတူ လူရိပ်တစ်ခုက ထိုချောက်ကမ်းပါးထဲမှ ပြေးထွက်လာခဲ့သည်။

"ပိုင်းဖြတ်စေ"

မရဏဓားက ပြေးထွက်လာပြီးနောက် ဓားအလင်းတန်းမှာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။ သူ၏ ဓားချက် တစ်ချက်စီတိုင်းတွင် ကြောက်မက်ဖွယ် သေခြင်းတရား စွမ်းအင်များ ပါဝင်နေ၏။ ထိုဓားအလင်းဖြင့် ပိုင်းချလိုက်ချိန်တွင် ဟင်းလင်းပြင်ကြီးတစ်ခုလုံးမှာပင် သုသာန်တစပြင်ကဲ့သို့ ငြိမ်သက်သွားရသည့်အလား ခံစားရစေသည်။

ကောလုံကလည်း ဟိန်းဟောက်ကာ မရဏဓားနှင့် အပြန်အလှန် ရင်ဆိုင်လိုက်တော့သည်။

'နိယာမတစ်ခုချင်းစီရဲ့ အသုံးချပုံက မတူကြဘူး။ မတူညီတဲ့ လူနှစ်ယောက်က နိယာမတစ်ခုတည်းကိုပဲ တတ်မြောက်ထားရင်တောင် သူတို့ ထုတ်ဖော်နိုင်တဲ့ နက်နဲမှုတွေကတော့ ကွဲပြားနေလိမ့်မယ်'

လုမင်က အလေးအနက် စောင့်ကြည့်ရင်း တွေးနေသည်။

မရဏဓားနှင့် ကောလုံတို့၏ တိုက်ပွဲကို ကြည့်ရှုရင်း လုမင်မှာ တစ်စုံတစ်ခုကို နားလည်သွားပုံရ၏။ သူ၏ သေခြင်းတရားနိယာမအပေါ် နားလည်မှုမှာ ပိုမိုနက်ရှိုင်းလာတော့သည်။

မရဏဓားနှင့် ကောလုံတို့မှာ တိုက်ကွက်ပေါင်း ရာနှင့်ချီ၍ ဖလှယ်ခဲ့ကြသည်။ ဤအချိန်တွင် သူတို့နှစ်ဦးလုံးက သူတို့၏အစွမ်းရှိသမျှ ထုတ်သုံးထားကြသဖြင့် အတော်ပင် မောပန်းနေကြပြီ။ ယခုအခါ စိတ်ဓာတ်ခိုင်မာမှုနှင့် တိုက်ပွဲအတွေ့အကြုံတို့ကသာ အဆုံးအဖြတ်ပေးတော့မည်ဖြစ်သည်။

"ငါ အနိုင်ရရမယ်"

မရဏဓားက အော်ဟစ်လိုက်သည်။ သူ၏ အနက်ရောင် ဆံပင်ရှည်များမှာ လေထဲတွင် ဝဲလွင့်နေ၏။ သူ၏ မျက်လုံးများမှာလည်း မလျှော့သော ဇွဲလုံ့လ၊ တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေတော့သည်။

သူက သူ့ရှေ့တွင် ရှိနေသမျှ အရာအားလုံးကို အနိုင်ယူပစ်တော့မည့်အလားပင်။

သူ၏ ဓားသွားမှာလည်း ကောလုံကို ပိုင်းချလိုက်ချိန်တွင် ပို၍ စူးရှတောက်ပလာခဲ့သည်။

ကောလုံမှာမူ တဖြည်းဖြည်း အားနည်းလာတော့သည်။

"မရဏဓား အနိုင်ရတော့မယ်"

"မရဏဓားရဲ့ စိတ်ဓာတ်ခိုင်မာမှုက ကောလုံထက်တောင် သာနေပြီ"

"သူတို့နှစ်ယောက်လုံးက သေခြင်းရဲ့သားတော်တွေပဲ။ ဒီနေ့တော့ သူတို့ကြားမှာ အနိုင်အရှုံးကို ဆုံးဖြတ်နိုင်တော့မယ် ထင်တယ်"

လူအများက ထိုအကြောင်းကို ဆွေးနွေးလိုက်ကြသည်။

တိုက်ကွက်ပေါင်း ဆယ်ဂဏန်းခန့် ထပ်မံ ဖလှယ်ပြီးနောက် ကောလုံက နောက်ဆုံးတွင် ရှုံးနိမ့်သွားခဲ့ပေသည်။ မရဏဓား၏ ဓားချက်က သူ့ခန္ဓာကိုယ်ကို ပိုင်းဖြတ်သွားခဲ့သည်။ သူ့အသားများကို အဆက်မပြတ် တိုက်စားနေသည့် နက်ရှိုင်းသော ဓားဒဏ်ရာတစ်ခု ပေါ်လာခဲ့၏။ သူကိုယ်တိုင်က သေခြင်းတရားနိယာမကို နားလည်ထားသူဖြစ်သော်လည်း ထိုဒဏ်ရာကို ခဏအတွင်း ဖယ်ရှားပစ်ရန် ခက်ခဲနေသေးသည်။

"ဖူး"

ကောလုံမှာ သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ သူ့ခန္ဓာကိုယ်မှာ တုန်ခါနေ၏။ မရဏဓားကို ရှုံးနိမ့်သွားသည်ဟူသောအချက်ကို မယုံကြည်နိုင်သလိုပင်။

နယ်မြေဆယ်ခုတိုက်ပွဲ မစတင်မီမှာပင် သူက အခြားသော သေခြင်း၏သားတော်တစ်ဦးကို ရှုံးနိမ့်သွားခဲ့ရပြီဖြစ်သည်။

ဒါက သူ့အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုပင်။

အခြားသူများမှာလည်း သက်ပြင်းချလိုက်ကြသည်။

ဤတိုက်ပွဲပြီးနောက်တွင် မရဏဓား၏ ထက်မြက်မှုမှာ လုံးဝ ပေါ်လွင်သွားခဲ့ပြီ။ အခြားသော ကောင်းကင်သားတော်တစ်ဦးကို အနိုင်ယူနိုင်ခြင်းက သူ၏ ယုံကြည်ချက်ကို မြှင့်တင်ပေးလိုက်သည်။ သူ၏ မယိုင်လဲသော စိတ်ဓာတ်ကိုလည်း ပိုမိုခိုင်မာစေခဲ့၏။

ဤတိုက်ပွဲပြီးနောက် မရဏဓားသည် သေချာပေါက် ပြောင်းလဲသွားပြီး ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားပေလိမ့်မည်။

အခြားတစ်ဖက်တွင်မူ ကောလုံ၏ စိတ်ဓာတ်ခိုင်မာမှုမှာ ထိခိုက်သွားနိုင်ပြီး နောင်တွင် မရဏဓားကို ယှဉ်နိုင်ရန် ပို၍ပင် ခက်ခဲသွားမည် ဖြစ်သည်။

ထို့ကြောင့် ကောင်းကင်သားတော်များ တွေ့ဆုံချိန်တွင် သေချာပေါက် တိုက်ပွဲဖြစ်ပွားရခြင်းပင်။

အကြောင်းမှာ၊ အခြားသော ကောင်းကင်သားတော်များကို အနိုင်ယူကာ သူတို့အပေါ် နင်းကျော်ဖြတ်သန်းနိုင်မှသာ ပိုမိုသန်မာလာနိုင်မည် ဖြစ်သောကြောင့်ပင်။ ထိုမှတဆင့် အနှိုင်းမဲ့ ယုံကြည်ချက်ကို တည်ဆောက်ကာ အထွတ်အထိပ်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။

ဤရွှေခေတ်တွင် သေခြင်း၏သားတော် နှစ်ဦးထက်မက ရှိနေနိုင်သော်လည်း အနည်းဆုံးတော့ မရဏဓားသည် တစ်ဦးကို အနိုင်ယူနိုင်ခဲ့ပြီး ထိပ်တန်းနေရာအတွက် ဆက်လက် တိုက်ပွဲဝင်နိုင်ပြီ။

ကောလုံအတွက်မူ သူက အသန်မာဆုံး သေခြင်း၏သားတော် ဖြစ်လာရန် အရည်အချင်း ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။

အကယ်၍ နောက်ပိုင်းတွင် ထူးခြားသော အခွင့်အလမ်းတစ်ခုခုနှင့် မကြုံရပါက သူ ပြန်လည် နိုးထလာရန် ခက်ခဲပေလိမ့်မည်။

"မင်း ရှုံးသွားပြီ!"

မရဏဓားက အေးစက်စွာ ပြောလိုက်သည်။

"နယ်မြေဆယ်ခုတိုက်ပွဲမှာ ငါ မင်းကို အနိုင်ယူပြမယ်"

ကောလုံက ပြောလိုက်၏။ သူသည် ယခုကဲ့သို့ အလွယ်တကူ အရှုံးမပေးနိုင်ချေ။ မဟုတ်ပါက၊ သူ၏ ဘဝတစ်သက်တာလုံး မရဏဓား၏ ပြိုင်ဘက် ဖြစ်လာတော့မည် မဟုတ်ပါ။

"ဒီနေ့မှာ မင်းငါ့ကို မယှဉ်နိုင်ခဲ့ဘူး၊ နောင်မှာ မင်းက ငါ့ကို ယှဉ်ဖို့ ပိုပြီးတော့တောင် ခက်ခဲသွားလိမ့်မယ်"

မရဏဓားက အနှိုင်းမဲ့ ယုံကြည်ချက်ဖြင့် ပြောလိုက်သည်။ ထို့နောက် သူသည် လေထဲသို့ ပျံတက်ကာ ထွက်ခွာသွားခဲ့၏။

မရဏဓား ထွက်ခွာသွားပြီးနောက် ကောလုံသည်လည်း ဤနေရာမှ ထွက်ခွာသွားခဲ့ရာ တိုက်ပွဲမှာလည်း ပြီးဆုံးသွားတော့သည်။

"ဟားဟားဟား... အမှန်အတိုင်းဆိုရရင် မရဏဓားကလည်း ကျုပ်တို့ ယွမ်တောင်ကပဲ"

ယွမ်တောင်မှ ပါရမီရှင်တစ်ဦးက ဂုဏ်ယူဝံ့ကြွားစွာ ရယ်မောရင်း ပြောလိုက်သည်။

ယင်းက အချို့လူများကို မယုံနိုင်အောင် ဖြစ်စေခဲ့ပေသည်။

လုမင်မှာလည်း ယွမ်တောင်မှ လာသူဖြစ်သည်။ ယခုလေးတင် သူက ပြန်လည်ဝင်စားခြင်း၏သားတော် တစ်ဦးကို အနိုင်ယူခဲ့သေးသည်။ ထို့ပြင် သူက နိမ့်ပါးသော ကျင့်ကြံမှုအဆင့်ဖြင့် တစ်ဖက်လူကို အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ ယင်းက တုန်လှုပ်စရာပင်။

ယခုတစ်ကြိမ်တွင်လည်း အခြားသော သေခြင်း၏သားတော်တစ်ဦးကို အနိုင်ယူခဲ့သည့် မရဏဓားက ယွမ်တောင်မှပင် ဖြစ်နေပြန်သည်။

ယွမ်တောင်က အမှန်တကယ်ပင် အံ့သြစရာကောင်းလှသည်။ ကြောက်မက်ဖွယ် ပါရမီရှင်များမှာ ထိုနေရာမှ တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာနေကြ၏။

ယွမ်တောင်တွင် ကောင်းကင်သားတော် ခြောက်ဦး တကယ်ပင် ရှိနေပါသလော။

အချို့သော ပါရမီရှင်များမှာမူ အနည်းငယ် တည်ငြိမ်သွားကြသည်။

ဧကရာဇ်ရှုမျှော်တိုင်ပေါ်မှ အခြား ကောင်းကင်သားတော်များလည်း လုမင်ကို တစ်ဦးပြီးတစ်ဦး လှမ်းကြည့်လိုက်ကြပြီးနောက် လေထဲသို့ ပျံတက်ကာ ထွက်ခွာသွားကြတော့သည်။

"လုမင်"

"ညီနောင်လု"

ပါရမီရှင်အချို့မှာ လုမင်ကို လာရောက် နှုတ်ဆက်ကြသည်။ သူတို့အားလုံးမှာ ယွမ်တောင်မြင့်မြတ်သော ကျောင်းတော်တွင် ကျင့်ကြံခဲ့ဖူးသူများ ဖြစ်ကြ၏။ အချို့မှာ ထိုစဉ်က လုမင်နှင့် ရန်စရှိခဲ့ကြသူများပင် ဖြစ်သည်။

အကြောင်းမှာ ထိုစဉ်က ယွမ်တောင်မြင့်မြတ်သော ကျောင်းတော်တွင် နတ်မီးလျှံမဟာမိတ်နှင့် စစ်သူရဲမဟာမိတ်ကဲ့သို့သော အဓိက မဟာမိတ်အဖွဲ့ကြီး လေးခု ရှိခဲ့သောကြောင့်ပင်။

ဤအခိုက်တွင်၊ စစ်သူရဲမဟာမိတ်၏ ခေါင်းဆောင်က လုမင်ကို ပြုံးလျက် နှုတ်ဆက်လာခဲ့သည်။

"ညီနောင် လော့"

လုမင်က ခေါင်းငြိမ့်ပြလိုက်သည်။ စစ်သူရဲမဟာမိတ်၏ ခေါင်းဆောင်အမည်မှာ 'လော့ကျန်း'ပင်။

"ညီနောင်လုက ပိုပိုပြီး သန်မာလာတာပဲ။ အခုတော့ ကျုပ်က ခင်ဗျားနောက်မှာ အများကြီး ကျန်ခဲ့ပါပြီ"

လော့ကျန်းက သက်ပြင်းချရင်း ဆိုလိုက်သည်။

သူ့တွင် ဘုရင်ခန္ဓာရှိပြီး ယခုအခါ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီ။ သို့သော်လည်း လုမင်မှာမူ ဧကရာဇ်တစ်ပိုင်းအဆင့် ကောင်းကင်သားတော်တစ်ဦးကိုပင် အနိုင်ယူနိုင်နေပြီ ဖြစ်သည်။ သူက အများကြီး နောက်ကျကျန်နေခဲ့ပြီ။

"ညီ‌နောင်လော့... ခင်ဗျားက အားနာစရာတွေ ပြောနေပြန်ပါပြီ။ ဒါနဲ့ ခင်ဗျား ဒီကိုရောက်တာ လပိုင်းလောက် ရှိပြီဆိုတော့ လုံချန်၊ ဟွမ်လီတို့နဲ့ တခြားလူတွေကို တွေ့မိသေးလား"

လုမင်က မေးလိုက်သည်။

သူ သိရသလောက်တော့ လုံချန်၊ ဟွမ်လီနှင့် အခြားသူများမှာ နတ်ကံကြမ္မာနယ်မြေသို့ ရောက်နှင့်နေကြပြီ။ အကယ်၍ သူတို့သာ ဤအနီးအနားတွင် ရှိနေပါက ဤကဲ့သို့သော ပွဲကြီးပွဲကောင်းကို လာရောက် ကြည့်ရှုကြမည်မှာ သေချာသည်။ သို့သော်လည်း လုမင်သည် သူတို့ကို မတွေ့ရသေးချေ။

"လွန်ခဲ့တဲ့ လဝက်လောက်ကတော့ လုံချန်နဲ့ ဟွမ်လီတို့ကို ကျုပ်တွေ့လိုက်သေးတယ်။ သူတို့နှစ်ယောက်က အတူတူ လှုပ်ရှားနေကြတာ... ဒါပေမဲ့ မကြာသေးခင်ကစလို့ သူတို့ကို မတွေ့မိတော့ဘူး။ ကျုပ်အထင်တော့ သူတို့ ဒီနယ်မြေကနေထွက်ပြီး ကံကြမ္မာမြို့တော်ကို သွားကြပြီ ထင်တယ်"

လော့ကျန်းက ပြောလိုက်သည်။

လုမင်က ခေါင်းညိတ်ပြလိုက်၏။ နယ်မြေဆယ်ခုတိုက်ပွဲမှာ ပိုပိုပြီး နီးကပ်လာပြီ။ သူတို့က ကံကြမ္မာမြို့တော်သို့ အရင်သွားနှင့်ကြခြင်း ဖြစ်နိုင်သည်။

"ဒါနဲ့ စကားမစပ် ညီနောင်လု... ခင်ဗျား အီယွန်မြို့တော်ကို သွားဦးမှာလား။ အီယွန်မြို့တော်ကို ရောက်ရင် ကောင်းကင်ဧကရာဇ်ရဲ့ ရုပ်တုက နိုးထလာပြီး ကောင်းကင်လမ်းစဉ် အရှိန်အဝါတွေကို ထုတ်လွှတ်ပေးတယ်လို့ ကြားဖူးတယ်။ အဲဒါက တကယ့်ကို ဆန်းကြယ်ပြီး လူတွေကို တာအို နားလည်သဘောပေါက်အောင် ကူညီပေးနိုင်တယ်တဲ့။ လူအများကြီးပဲ အီယွန်မြို့တော်ကို သွားနေကြပြီ"

လော့ကျန်းက ပြောပြသည်။

"ကောင်းကင်ဧကရာဇ်ရဲ့ ရုပ်တုက နိုးထလာတယ်... ဟုတ်လား"

လုမင်၊ ချောင်ခိုင်းနှင့် ချင်ယွဲ့တို့ အံ့သြသွားကြ၏။ ကောင်းကင်ဧကရာဇ်၏ ရုပ်တုဆိုသည်မှာ သေးငယ်သော ကိစ္စမဟုတ်ပေ။

"ခင်ဗျားတို့ မသိသေးဘူးပဲ။ ဒါဆိုရင် ကျုပ်တို့ အတူတူ သွားကြမလား"

လော့ကျန်းက ပြောသည်။

"ကောင်းပြီလေ... သွားကြည့်ကြတာပေါ့"

လုမင်က ခေါင်းညိတ်လိုက်၏။

ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်ရှိနိုင်သူ တစ်ဦးစီက အလွန်အမင်း စွမ်းအားကြီးမားသည်။ ကောင်းကင်ဧကရာဇ် ဟန်ယုက အကောင်းဆုံး ဥပမာတစ်ခုပင်။

All Chapters