← Chapters

အခန်း ၂၀၈၄

Vol. 144 Ch. 2084

အခန်း ၂၀၈၄

Vol. 144 Ch. 2084

အပိုင်း ( 2084 ) မုယန်။

အီယွန်မြို့တော်သည် နတ်ကံကြမ္မာနယ်မြေ၏ တောင်ဘက်ပိုင်းတွင် အကြီးဆုံးမြို့တော်ဟု ဆိုနိုင်သည်။ ၎င်းကို အီယွန်မြို့တော်(ကပ်ကမ္ဘာမြို့တော်'ဟု လူသိများကြသည့်အတိုင်း ရေတွက်၍မရနိုင်သော နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့ခြင်း ဖြစ်ပေသည်။

ဤရှေးဟောင်းမြို့တော်ကို အင်အားစုကြီးအချို့က သိမ်းပိုက်ထားကြသည်။ ၎င်းတို့၏ သမိုင်းတစ်လျှောက်တွင် ကောင်းကင်ဧကရာဇ် တစ်ဦးမက ပေါ်ထွက်ခဲ့ဖူးပြီး အလွန်တရာ အင်အားတောင့်တင်းပေသည်။

မကြာသေးမီက အီယွန်မြို့တော်တွင် ကောင်းကင်ဧကရာဇ် ရုပ်တုတစ်ခု အမှန်တကယ် နိုးထလာခဲ့သည်။ ၎င်းက ကောင်းကင်လမ်းစဉ် အရှိန်အဝါများကို ထုတ်လွှတ်ပေးနေခဲ့၏။ ၎င်းမှာ လူများကို တာအိုအား နားလည်သဘောပေါက်စေရန် ကူညီပေးနိုင်သဖြင့် ရေတွက်၍မရနိုင်သော လူအများကို ဆွဲဆောင်လျက်ရှိခဲ့သည်။

ထို့ပြင် နယ်မြေဆယ်ခုတိုက်ပွဲမှာလည်း နီးကပ်လာပြီဖြစ်သောကြောင့် အရပ်ရပ်မှ လူပေါင်းများစွာ စုပြုံရောက်ရှိလာကြပေရာ သဘာဝအတိုင်းပင် လူစည်ကားလျက်ရှိနေတော့သည်။

လုမင်နှင့် အခြားသူများလည်း လမ်းမပေါ်တွင် လျှောက်လှမ်းရင်း ပတ်ဝန်းကျင်ကို ကြည့်ကာ အံ့အားသင့်နေခဲ့ကြသည်။

အီယွန်မြို့တော်သည် ယွမ်တောင်နယ်မြေရှိ ကောင်းကင်ဧကရာဇ်မြို့တော်ထက် မသေးငယ်ချေ။ စင်စစ်တွင်၊ ၎င်းက ပို၍ပင် ခန့်ညားထည်ဝါသည်။

မကြာမီတွင်၊ သူတို့က ရည်မှန်းထားရာနေရာဖြစ်သော ကောင်းကင်ဧကရာဇ်ရုပ်တုထံသို့ ရောက်ရှိလာကြသည်။

ကျောက်စိမ်းဖြင့် ထုလုပ်ထားသော မီတာတစ်ထောင်မြင့်သည့် ဧရာမရုပ်တုကြီးတစ်ခုက အီယွန်မြို့တော်၏ အလယ်ဗဟိုတွင် ထည်ဝါစွာ ရပ်တည်နေ၏။

၎င်းမှာ ရိုးရှင်းသော ရုပ်ရည်သွင်ပြင်ရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် လက်နှစ်ဖက်ကို နောက်သို့ယှက်ထားသော်လည်း တစ်ကမ္ဘာလုံးကို ဖျက်ဆီးပစ်နိုင်သည့် အရှိန်အဝါမျိုး ရှိသည်။

ဒါက ကောင်းကင်ဧကရာဇ် ရုပ်တုပင်။

အစပိုင်းတွင် ရုပ်တုသက်သက်သာ ဖြစ်သော်လည်း ယခုအခါတွင်မူ ထိုရုပ်တုမှ ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းထိန်စေသော အလင်းတန်းများ ထွက်ပေါ်နေသည်။ ဆန်းကြယ်သော အရှိန်အဝါတစ်ခုမှာလည်း ၎င်းထံမှ စိမ့်ထွက်နေခဲ့ပေသည်။

"အခု အီယွန်မြို့တော်မှာ ကောင်းကင်ဧကရာဇ်တစ်ပါး ရှိနေတာလား"

လုမင်က မေးလိုက်သည်။ သူ့ရင်ထဲတွင် မတည်ငြိမ်ဖြစ်နေမိ၏။

"မရှိပါဘူး၊ ဒဏ္ဍာရီတွေအရတော့ အခု ယွမ်လုမှာ ကောင်းကင်ဧကရာဇ်တွေ မရှိသလောက်ပဲ"

ချောင်ခိုင်းက ပြောလိုက်သည်။

"ကောင်းကင်ဧကရာဇ်တွေ မရှိဘူး... ဟုတ်လား"

လုမင်၊ ချင်ယွဲ့နှင့် အခြားသူများ ဝေခွဲမရ ဖြစ်သွားကြ၏။

"ဟုတ်တယ်၊ ကောင်းကင်ဧကရာဇ် အများစုက စစ်ပွဲမှာ ပါဝင်ဖို့ ကောင်းကင်လောကကို သွားကြရတယ်လို့ ကြားဖူးတယ်။ ယွမ်လုမှာ အချို့ ကျန်နေနိုင်ပေမဲ့ ကောင်းကင်ဧကရာဇ်တစ်ပါး ပေါ်မလာတာတော့ အတော်ကြာနေပါပြီ"

ချောင်ခိုင်းက ဆက်ပြောလိုက်လေသည်။

လုမင် ခေါင်းညိတ်ပြလိုက်သည်။ ယွမ်လုသည် ရှေးခေတ်မှ ယခုအထိ ကောင်းကင်ဧကရာဇ် အချို့ကို မွေးထုတ်ပေးခဲ့မည်မှာ သေချာသည်။ ကောင်းကင်ဧကရာဇ်များသည် ကြီးမားသော ကပ်ဘေးလှိုင်းနှင့် မကြုံတွေ့ရသရွေ့ သက်တမ်းမှာ အဆုံးမရှိသကဲ့သို့ တိုက်ခိုက်နိုင်စွမ်းမှာလည်း အနှိုင်းမဲ့ပင်။ အကယ်၍ အင်အားကြီးသော ရန်သူနှင့် မဆုံတွေ့ရပါက သူတို့မှာ ကျရှုံးသွားရန် မဖြစ်နိုင်သလောက်ပင်။

သို့သော်လည်း ယခုအခါ ယွမ်လုတွင် ကောင်းကင်ဧကရာဇ်တစ်ပါးကို မြင်တွေ့ရန် မဖြစ်နိုင်သလောက် ရှိနေသည်။ သူတို့က စစ်ပွဲဝင်ရန် ကောင်းကင်လောကသို့ တကယ်ပင် သွားခဲ့ကြခြင်း ဖြစ်နိုင်ပေသည်။

ဥပမာအားဖြင့် ယွမ်လုတွင် ကောင်းကင်ဧကရာဇ်ဟန်ယု တစ်ပါးတည်း မွေးဖွားခဲ့ခြင်း မဟုတ်နိုင်ပေ။ အခြားသော ကောင်းကင်ဧကရာဇ်များလည်း ရှိပေလိမ့်မည်။

'ကောင်းကင်လောကရဲ့ စစ်ပွဲက ဘယ်လောက်တောင် ပြင်းထန်နေလို့လဲ'

လုမင်၏ စိတ်ထဲတွင် လှုပ်ရှားနေမိသည်။

ကောင်းကင်ဧကရာဇ်များပင် ထိုစစ်ပွဲတွင် ပါဝင်ရန် သွားကြရသည်ဆိုလျှင်... ထိုစစ်ပွဲမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကို မှန်းဆကြည့်နိုင်သည်။

ကောင်းကင်ဧကရာဇ်၏ ဧရာမရုပ်တုကြီးအောက်တွင် လူအများအပြား တင်ပျဉ်ခွေထိုင်နေကြသည်။ အများစုမှာ လူငယ်လူရွယ်များ ဖြစ်ကြ၏။

ဘေးနားရှိ အဘိုးအိုတစ်ဦးက ရှင်းပြခဲ့လေသည်။ ကောင်းကင်ဧကရာဇ် ရုပ်တု၏ ပြန်လည်နိုးထလာမှုမှာ အံ့သြဖွယ်ကောင်းသည်။ သို့ရာတွင်၊ ၎င်းက သိုင်းဧကရာဇ်အဆင့်အောက် ကျင့်ကြံသူများအတွက်သာ အဓိက အသုံးဝင်ခြင်း ဖြစ်၏။ အဆင့်နိမ့် ဗလာနယ်ဧကရာဇ်များအတွက် အကျိုးရှိနိုင်သော်လည်း ကျင့်ကြံမှုအဆင့် မြင့်မားသူများအတွက်မူ သိပ်ပြီး ထူးခြားလိမ့်မည် မဟုတ်ချေ။

"ကျုပ်တို့လည်း သွားကြရအောင်"

လုမင်က ပြောလိုက်သည်။

ထို့နောက် လုမင်၊ ချင်ယွဲ့၊ ချောင်ခိုင်း၊ လော့ကျန်းနှင့် အခြားသူများလည်း ကောင်းကင်ဧကရာဇ် ရုပ်တုအနီးသို့ လျှောက်သွားကာ လစ်လပ်နေသော နေရာတစ်ခုတွင် တင်ပျဉ်ခွေ ထိုင်လိုက်ကြသည်။

လမ်းတစ်လျှောက်တွင် ပါရမီရှင်များစွာကို သူတို့ တွေ့ခဲ့ရ‌ပေသည်။ ဧကရာဇ်ရှုမျှော်တိုင်တွင် ပေါ်လာခဲ့သော ကောင်းကင်သားတော် အများစုမှာပင် ဤနေရာတွင် ရောက်ရှိနေကြပြီ ဖြစ်သည်။

လုမင်က တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကို မှိတ်လိုက်သည်။ သူက စိတ်ကို လုံးဝ လွှတ်ထားလိုက်၏။ ရုတ်ချည်းဆိုသလိုပင် သူ့ခန္ဓာကိုယ်ကို ထူးကဲသော စွမ်းအင်များ ဝန်းရံလာသည်ကို ခံစားလိုက်ရသည်။ ထိုစွမ်းအင်များက သူ၏ စိတ်ဝိညာဉ်ကို ဟင်းလင်းပြင် အလွှာများစွာကို ဖြတ်ကျော်စေကာ ကောင်းကင်ဘုံနှင့် တစ်သားတည်း ဖြစ်သွားစေသည့်အလား ခံစားလိုက်ရတော့သည်။

ကောင်းကင်လမ်းစဉ်တွင် အရာအားလုံး ပါဝင်သည်။ ကမ္ဘာပေါ်ရှိ မြောက်မြားစွာသော နိယာမများ အားလုံးက ကောင်းကင်လမ်းစဉ်အတွင်း၌သာ ရှိနေကြ၏။

လုမင်လည်း သေခြင်းတရားနိယာမကို စတင်နားလည်သဘောပေါက်ရန် ကြိုးစားလိုက်တော့သည်။ ထိုအခါ သူ၏ စိတ်မှာ တုန်လှုပ်သွားရသည်။ သေခြင်းတရားနိယာမအပေါ် သူ၏ နားလည်မှုမှာ အလွန်တရာ ရှင်းလင်းနေသည်ကို သူ ခံစားလိုက်ရ၏။

၎င်းက ရှေးဟောင်းဉာဏ်အလင်းသစ်ပင်အောက်တွင် ကျင့်ကြံစဉ်ကထက်ပင် ပိုမိုရှင်းလင်းပြီး လျင်မြန်လှပေသည်။

"ဒါ တကယ့်ကို နေရာကောင်းပဲ"

သေခြင်းတရားနိယာမကို ဆက်လက်နားလည်စေရန် ကြိုးစားရင်း သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

သူသည် သေခြင်းတရားနိယာမနှင့် ဝါးမျိုခြင်းနိယာမတို့ကို နားလည်သဘောပေါက်ရန် အဓိကထား လေ့ကျင့်၏။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပြီ။ ထိုနိယာမနှစ်ခုကို နားလည်သဘောပေါက်ရင်း သူ၏ တိုးတက်မှုမှာ အလွန်ပင် လျင်မြန်ခဲ့သည်။

နေ့စဥ်နှင့်အမျှ၊ သူသည် အချိန်တစ်ဝက်ကို သေခြင်းတရားနိယာမအတွက် အသုံးပြုပြီး ကျန်တစ်ဝက်ကို ဝါးမြိုခြင်းနိယာမအတွက် အသုံးပြုခဲ့လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လ ကုန်ဆုံးသွားခဲ့သည်။

လုမင်၏ သေခြင်းတရားနိယာမ နားလည်မှုမှာ ရှစ်ဆယ့်ငါးရာခိုင်နှုန်းသို့ ရောက်ရှိသွားပြီ။ ဝါးမျိုခြင်းနိယာမ နားလည်မှုမှာမူ ကိုးဆယ့်နှစ်ရာခိုင်နှုန်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သေခြင်းတရားနိယာမသည် နားလည်မှု အဆင့်မြင့်လာလေ ပိုမိုခက်ခဲလာလေ ဖြစ်သည်။ တစ်လအတွင်း ဤမျှ တိုးတက်လာခြင်းမှာပင် တုန်လှုပ်စရာ ဖြစ်နေပြီ။

ယနေ့တွင် လုမင်က သေခြင်းတရားနိယာမကို ကျင့်ကြံနေစဉ် ရုတ်တရက် သူ့အပေါ်သို့ သတ်ဖြတ်လိုစိတ်တစ်ခု ရစ်ဝဲလာသဖြင့် ကြက်သီးမွေးညင်းများ ထသွားခဲ့ရသည်။

သူသည် ကျင့်ကြံနေသော်လည်း ပြင်ပလောကကို အနည်းနှင့်အများ ဂရုစိုက်နေသေးသည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ့အပေါ် ရန်လိုလာပါက ချက်ချင်း သိရှိနိုင်စွမ်းရှိသည်။

လုမင်က ကျင့်ကြံခြင်းကို ရပ်တန့်ကာ သူ၏ နောက်သို့ လှည့်ကြည့်လိုက်သည်။

သူ့နောက်တွင် လူငယ်တစ်ဦးမှာ လျှောက်လှမ်းလာပြီး လုမင်ကို အေးစက်စွာ ကြည့်နေ၏။

ထိုလူငယ်က လုမင်နှင့် မလှမ်းမကမ်း နေရာတစ်ခုတွင် ရပ်တန့်လိုက်သည်။

"မင်းက လုမင်လား"

ထိုလူငယ်က မာနထောင်လွှားစွာဖြင့် အေးစက်စွာ မေးလိုက်သည်။

လုမင် မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိ၏။ သူသည် ဤလူငယ်ကို မသိသော်လည်း ရည်ရွယ်ချက်ကောင်းဖြင့် လာခြင်းမဟုတ်ကြောင်း ခံစားမိသည်။

"ဟုတ်တယ်"

လုမင်က တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်သည်။

ဤအချိန်တွင် ရုပ်တုဝန်းကျင်ရှိ လူအများအပြားမှာလည်း ကျင့်ကြံခြင်းကို ခေတ္တရပ်ကာ လုမင်နှင့် ထိုလူငယ်ကို သတိပြုမိသွားကြသည်။

"ဒါ မုမျိုးနွယ်စုက မုယန်ပဲ"

"သူက ကြောက်စရာကောင်းတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ သူက ဟင်းလင်းပြင်နိယာမကို ထိန်းချုပ်ထားတဲ့ ဟင်းလင်းပြင်သားတော်တဲ့။ သူက ဧကရာဇ်တစ်ပိုင်း အဆင့်ကို ရောက်တာ ကြာလှပြီလို့ ဆိုကြတယ်"

"ဒါဆို အဲဒီလူငယ်က ဘယ်သူလဲ။ မုယန်က သူ့အပေါ် ရန်လိုနေပုံရတယ်"

"သူ့ကို ကျုပ်သိတယ်၊ အဲဒီလူငယ်က ယွမ်တောင်က လာတဲ့ ကစဉ့်ကလျားရဲ့သားတော်ပဲလေ။ သူက ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်နယ်ပယ် ကျင့်ကြံမှုနဲ့ ဧကရာဇ်တစ်ပိုင်းအဆင့်ရှိတဲ့ ပြန်လည်ဝင်စားခြင်းရဲ့သားတော် ယုဟဲကို အနိုင်ယူခဲ့တာလေ"

"ဘယ်လို၊ သူက ကစဉ့်ကလျားရဲ့သားတော်... ဟုတ်လား။ ပြီးတော့ ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်နယ်ပယ် ကျင့်ကြံမှုအဆင့်နဲ့ ဧကရာဇ်တစ်ပိုင်းအဆင့် ပြန်လည်ဝင်စားခြင်းရဲ့သားတော်ကို အနိုင်ယူခဲ့တာလား"

ထိုအမှန်တရားကို ကြားလိုက်ရသောအခါ လူအများအပြား ထိတ်လန့်သွားကြသည်။

ကစဉ့်ကလျား၏သားတော် ဆိုသည်မှာပင် တုန်လှုပ်စရာ ဖြစ်နေပြီ။ ထို့ထက် သူဟာ အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ဖြင့် ဧကရာဇ်တစ်ပိုင်းအဆင့်မှ ပြန်လည်ဝင်စားခြင်း၏သားတော်ကို အနိုင်ယူခဲ့သည်မှာ ပို၍ပင် အံ့သြစရာ ကောင်းလှသည်။

"ငါ့နာမည်က မုယန်၊ ယွမ်ရှင်းက ငါ့ရဲ့ သူငယ်ချင်းကောင်းပဲ"

ဤအချိန်တွင် ထိုလူငယ်က စကားပြောလာသည်။

"ယွမ်ရှင်းလား"

လုမင် ဝေခွဲမရ ဖြစ်သွားသည်။ သူက ဤအမည်ကို တစ်ခါမျှ မကြားဖူးချေ။ မုယန်နှင့် ယွမ်ရှင်းက သူနှင့် မည်သို့ပတ်သက်ပါသနည်း။

"ငါ့သူငယ်ချင်း ယွမ်ရှင်းကလည်း ကစဉ့်ကလျားရဲ့သားတော် တစ်ဦးပဲ။ မင်း သူ့ကို အရင်က တွေ့ဖူးမှာပါ"

မုယန်က အေးစက်စွာ ပြောလိုက်သည်။

"ကစဉ့်ကလျားရဲ့သားတော်... သူပဲလား"

လုမင်၏ မျက်လုံးအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူသည် ဟွင်းယွမ်ဂိုဏ်း၏ စစ်ဆေးမှုအတွင်း တွေ့ခဲ့ရသော ကစဉ့်ကလျားသားတော်ကို သတိရသွားလေသည်။

"ယွမ်ရှင်းက မင်းအကြောင်းကို ပြောဖူးတယ်၊ မင်းက ကစဉ့်ကလျားဧကရာဇ်ရဲ့ ကစဉ့်ကလျားကျမ်းကို ထိန်းချုပ်ထားတယ်ဆိုပဲ။ သူက အခု ပိုမြင့်မားတဲ့ အဆင့်ကို တက်လှမ်းဖို့ တိတ်တဆိတ် ကျင့်ကြံနေတယ်။ သူ့ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ ငါက သူ့ရဲ့ ဝန်ထုပ်ဝန်ပိုးကို ကူထမ်းပေးရမှာပေါ့။ အခု မင်းရဲ့ ကစဉ့်ကလျားကျမ်းစာကို လွှဲပေးလိုက်ပါ"

မုယန်က အေးစက်စွာ ပြောလိုက်သည်။ သူ့အသံမှာ မကျယ်သော်လည်း အာဏာသံ အပြည့်ရှိပေသည်။

'တကယ်ကို အဲဒီလူ ဖြစ်နေတာပဲ'

လုမင်၏ စိတ်ထဲတွင် တွေးလိုက်မိသည်။ လုမင်၌ ကစဉ့်ကလျားကျမ်းစာ ရှိသည်ကို သိသူမှာ ကစဉ့်ကလျားနန်းတော်သို့ ရောက်ခဲ့ဖူးသည့် ထိုကစဉ့်ကလျား၏သားတော် တစ်ဦးတည်းသာ ရှိသည်။

ကစဉ့်ကလျား၏သားတော် ဆိုသည်မှာ အလွန်ပင် ရှားပါးလှ၏။ အခြားသော ကောင်းကင်သားတော်များထက်ပင် ပေါ်ထွက်လာရန် ခဲယဉ်းသည်။ လုမင်ဟာ ကစဉ့်ကလျားနိယာမကို တတ်မြောက်ထားသည့် အခြားသော ကစဉ့်ကလျားသားတော်များအကြောင်း မကြားဖူးချေ။

"မင်းက ကစဉ့်ကလျားကျမ်းကို လိုချင်ရင် မင်းမှာ အဲဒီ အရည်အချင်း ရှိမရှိ အရင်ကြည့်ကြရမယ်"

လုမင်၏ လေသံမှာ အေးစက်သွားခဲ့သည်။

"ဪ... ဒါဆိုရင် မင်းက ငါနဲ့ တိုက်ခိုက်ချင်တာပေါ့။ ယုဟဲကို အနိုင်ယူလိုက်ရုံနဲ့ မင်းကိုယ်မင်း အနှိုင်းမဲ့ပြီလို့ မထင်လိုက်နဲ့။ နတ်ကံကြမ္မာနယ်မြေမှာ ယုဟဲထက် သန်မာတဲ့လူတွေ အများကြီး ရှိသေးတယ်"

မုယန်က ခနဲ့တဲ့တဲ့ ပြောလိုက်၏။

"စမ်းကြည့်ရင် သိရမှာပေါ့"

လုမင်ကလည်း ခပ်ထေ့ထေ့ပြုံးရင်း ပြောလိုက်သည်။

"ဝုန်း"

မုယန်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။ အားကောင်းသော စွမ်းအင်လှိုင်းများကလည်း လုမင်ထံသို့ တုန်ခါလှိုင်းများကဲ့သို့ ပြေးဝင်သွား၏။

လုမင်လည်း တုံ့ပြန်ရန် သူ၏ အရှိန်အဝါများကို ထုတ်ဖော်လိုက်တော့သည်။

All Chapters