အခန်း ၂၀၈၅
Vol. 144 Ch. 2085
အပိုင်း ( 2085 ) တိုက်ပွဲ။
လုမင်နှင့် မုယန်တို့က တစ်ဦးကိုတစ်ဦး ရင်ဆိုင်လိုက်ကြသည်။ အေးစက်သော အရှိန်အဝါများမှာ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ကျင့်ကြံနေကြသော လူအများအပြားကို နိုးကြားလာစေခဲ့၏။
"ဘာတွေဖြစ်နေတာလဲ"
"အဲဒါ မုယန်နဲ့ လုမင်ပဲ"
လူအများအပြားမှာ ထိတ်လန့်သွားကြသလို ဒေါသလည်း ထွက်သွားကြသည်။ သို့သော်လည်း ၎င်းမှာ မုယန်နှင့် လုမင်တို့ဖြစ်ကြောင်း မြင်လိုက်ရသောအခါတွင်မူ သူတို့အားလုံး နှုတ်ဆိတ်သွားကြတော့သည်။
ပြိုင်စံရှား ပါရမီရှင်နှစ်ဦးက ပဋိပက္ခဖြစ်နေကြပြီး တိုက်ခိုက်တော့မည်ကို သူတို့ မြင်နိုင်ကြသည်။
"ဝုန်း"
မုယန်က စတင်တိုက်ခိုက်လိုက်သည်။ သူ့လက်ဝါးကို အလင်းတန်းတစ်ခုက ဖုံးလွှမ်းသွားသည်။ ၎င်းက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပြီး ဟင်းလင်းပြင်ကြီးပင်လျှင် ဗလာနယ်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားရစေသည်။ သူ့လက်ဝါး၏ ပတ်ဝန်းကျင်မှာ အနက်ရောင် အပေါက်ကြီးတစ်ခုကဲ့သို့ ဖြစ်ပေါ်လာတော့သည်။
"ဝုန်း"
လုမင်ကလည်း ရှေ့သို့တက်ကာ ကစဉ့်ကလျား နတ်ဘုရားလက်ဝါးကို အသုံးပြုလိုက်သည်။ သူ၏ လက်ဝါးမှာ ကစဉ့်ကလျား ကျောက်တုံးကြီးတစ်ခုကဲ့သို့ မီးခိုးရောင် ပြောင်းလဲသွား၏။
သူတို့နှစ်ဦး၏ လက်ဝါးများ ပြင်းထန်စွာ ရိုက်ခတ်မိသွားရာ ဧရာမ ခေါင်းလောင်းကြီးတစ်ခု တုန်ခါသွားသကဲ့သို့ ဖြစ်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက အရပ်မျက်နှာအနှံ့သို့ တုန်ခါလှိုင်းများအဖြစ် ပျံ့နှံ့သွားခဲ့၏။
ပတ်ဝန်းကျင်ရှိ လူအများအပြားမှာလည်း ထိုတုန်ခါလှိုင်းများကို တားဆီးရန် သူတို့၏ ခန္ဓာကိုယ်မှ အလင်းတန်းများကို ထုတ်လွှတ်လိုက်ကြရတော့သည်။
"ဝုန်း... ဝုန်း..."
လုမင်နှင့် မုယန်တို့၏ ခန္ဓာကိုယ်များက လှုပ်ရှားသွားကြပြီး တိုက်ကွက်အချို့ ဆက်လက်ဖလှယ်ကြသည်။ သို့သော်၊ အရှုံးအနိုင်မှာ မကွဲပြားသေးချေ။
'တကယ်သန်မာတာပဲ'
မုယန်၏ စွမ်းအားက မုန်တိုင်းတစ်ခုကဲ့သို့ သူ့အပေါ် ဖိနှိပ်နေသည်ကို လုမင် ခံစားလိုက်ရသည်။ ဟင်းလင်းပြင်နိယာမနှင့် ပေါင်းစပ်လိုက်သောအခါ ၎င်းက သူ၏ ကစဉ့်ကလျားနိယာမကိုပင် ချိုးဖျက်ကာ မရှိခြင်းနထ္ထိနယ်အဖြစ် ပြောင်းလဲပစ်တော့မည့်အလားပင်။
အနှီမုယန်က ယုဟဲ ထက် ပို၍သန်မာသည်မှာ ထင်ရှားသည်။
"မင်းမှာ အစွမ်းအစ အချို့တော့ ရှိသားပဲ၊ ဒါကြောင့်လည်း မင်းက ဒီလောက် မာန်တက်နေတာကိုး... ဒါပေမဲ့ ဒီလောက် အစွမ်းနဲ့တော့ မလုံလောက်သေးဘူး"
မုယန်၏ မျက်လုံးများမှာ ထူးဆန်းသော အလင်းတန်းများဖြင့် တောက်ပလာသည်။ ၎င်းမှာ ဟင်းလင်းပြင်အလင်းတန်းဖြစ်ပြီး သူ့အရှိန်အဝါမှာလည်း ပို၍ ပို၍ သန်မာလာတော့သည်။
သို့သော်၊ ထိုအချိန်မှာပင် ကောင်းကင်ယံမှ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။ ရှေးဟောင်းတောင်တန်းကြီးတစ်ခုကဲ့သို့ ကြောက်မက်ဖွယ် ဖိအားတစ်ခုမှာ လုမင်နှင့် မုယန်တို့အပေါ် ဖိနှိပ်လာ၏။ သူတို့၏ ခန္ဓာကိုယ်များ တောင့်တင်းသွားတော့သည်။
ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိရသော ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦးက ကောင်းကင်ယံတွင် ပေါ်လာခဲ့သည်။
ထိုအဘိုးအိုက လုမင်နှင့် မုယန်တို့ကို ငုံ့ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။
"ကောင်းကင်ဧကရာဇ် ရုပ်တုရှေ့မှာ ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့၊ တိုက်ခိုက်တာမျိုးလည်း မလုပ်ရဘူး။ ဒီစည်းကမ်း ချိုးဖောက်တဲ့သူကို ဘယ်သူမဆို ငါသတ်ပစ်မယ်။ ဒါက မင်းတို့ရဲ့ ပထမဆုံးအကြိမ် အမှားမို့လို့ ငါ လွှတ်ပေးလိုက်မယ်၊ တိုက်ချင်ရင် တခြားနေရာ သွားတိုက်ကြ"
လုမင်နှင့် မုယန်တို့လည်း သူတို့၏ အရှိန်အဝါများကို ပြန်လည်ရုပ်သိမ်းလိုက်ကြသည်။ သို့သော်လည်း သူတို့၏ မျက်လုံးများမှာမူ တစ်ဦးကိုတစ်ဦး အေးစက်စွာ စိုက်ကြည့်နေကြသေးသည်။
"မင်း ငါနဲ့ တိုက်ပွဲစင်မြင့်ပေါ်မှာ တိုက်ရဲလား"
မုယန်က အေးစက်စွာ မေးလိုက်သည်။ သူသည် မိမိကိုယ်ကိုယ် အလွန်ပင် ယုံကြည်မှု ရှိ၏။
ယခင်က လုမင် ထုတ်ဖော်ပြသခဲ့သော တိုက်ခိုက်နိုင်စွမ်းမှာ တုန်လှုပ်စရာကောင်းသော်လည်း မုယန်ကမူ လုမင်ကို အနိုင်ယူနိုင်ကြောင်း ယုံကြည်နေသည်။ အကြောင်းမူ၊ သူက ယခုလေးတင် သူ၏စွမ်းအားအပြည့်ကို အသုံးမပြုခဲ့ရသောကြောင့်ပင်။
"ငါက ဘာလို့ မတိုက်ရဲရမှာလဲ"
လုမင်က ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။
"ဆရာကြီး... ကျွန်တော်တို့ကို သွားခွင့်ပြုပါ"
မုယန်က ကောင်းကင်ယံမှ အဘိုးအိုကို ပြောလိုက်သည်။
အဘိုးအိုက သူ၏ အရှိန်အဝါကို ရုပ်သိမ်းလိုက်၏။ ထိုအခါမှပင် လုမင်နှင့် အခြားသူများအပေါ် ဖိနှိပ်ထားသော ဖိအားများ ပျောက်ကွယ်သွားတော့သည်။
"သတ္တိရှိရင် လိုက်ခဲ့"
မုယန်က ထိုစကားများကို ချန်ထားခဲ့ပြီးနောက် လေထဲသို့ လှမ်းတက်ကာ ထွက်ခွာသွားသည်။
လုမင်က ပြုံးလိုက်ပြီး သူ့နောက်သို့ လိုက်သွားခဲ့၏။ ချင်ယွဲ့၊ ချောင်ခိုင်းနှင့် အခြားသူများမှာလည်း အလျင်အမြန်ပင် နောက်မှ လိုက်ပါသွားကြတော့သည်။
"ကစဉ့်ကလျားရဲ့သားတော်က မုယန်နဲ့ တိုက်ခိုက်တော့မယ်ဟေ့။ သွားကြည့်ကြရအောင်"
"မုယန်က ဧကရာဇ်တစ်ပိုင်း အဆင့်ကို ရောက်တာ ကြာလှပြီ၊ သူက သိုင်းဧကရာဇ်အဆင့်ကို တက်လှမ်းဖို့တောင် ပြင်ဆင်နေပြီလို့ ကြားတယ်။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အရမ်းသန်မာတယ်လေ။ အဲဒီလုမင်ကတော့ ဧကရာဇ်တစ်ပိုင်းအဆင့်ကိုတောင် မရောက်သေးဘူး၊ သူက တကယ်ပဲ စိန်ခေါ်မှုကို လက်ခံရဲတာလား"
"ကောင်းကင်သားတော်တွေ အားလုံးက အရမ်းမာနကြီးကြတယ်။ စိန်ခေါ်မှုကို ဘယ်လိုလုပ်ပြီး ငြင်းပယ်ကြမှာလဲ။ ဒါပေမဲ့ ကျုပ်အထင်တော့ လုမင် ဒီတစ်ခါ ရှုံးဖို့များတယ်။ သူက ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်နယ်ပယ်မှာပဲ ရှိသေးတာ"
"ကျုပ်လည်း အဲဒီလိုပဲ ထင်တယ်။ ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်တစ်ပါးက ဘယ်လောက်ပဲ သန်မာပါစေ၊ ကန့်သတ်ချက်တော့ ရှိမှာပဲ"
ပတ်ဝန်းကျင်မှ ပြောဆိုသံများကို ကြားနေရသည်။ သဘာဝအတိုင်းပင် လုမင်လည်း ထိုစကားများကို ကြားနေရ၏။
မုယန်က ကမ္ဘာငယ် တစ်ခုကို စတင်ဖော်ဆောင်နေပြီဖြစ်ကြောင်း သူ ခန့်မှန်းမိသည်။ ထိုသို့သောသူမျိုးမှာ သိုင်းဧကရာဇ်အဆင့်သို့ တက်လှမ်းရန် အသင့်ဖြစ်နေပြီ။
မကြာမီတွင် သူတို့က ကျယ်ဝန်းသော နေရာတစ်ခုသို့ ရောက်ရှိလာကြသည်။ ထိုနေရာတွင် ကြီးမားသော တိုက်ပွဲစင်မြင့်တစ်ခု ရှိ၏။
ထိုအချိန်တွင် စင်မြင့်ပေါ်၌ တိုက်ခိုက်နေသူ နှစ်ဦး ရှိနေကြသည်။
သူတို့က ဘုရင်ခန္ဓာရှိသည့် လူငယ်နှစ်ဦး ဖြစ်ကြပြီး သူတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ အားမနည်းလှချေ။
သို့သော်လည်း မုယန်မှာ အလွန်ပင် ဗိုလ်ကျစိုးမိုးသည်။
သူသည် တိုက်ပွဲစင်မြင့်ထံသို့ တိုက်ရိုက် ပျံသန်းသွားပြီး စင်ပေါ်သို့ လှမ်းတက်လိုက်ကာ အော်ဟစ်လိုက်၏။
"မင်းတို့နှစ်ယောက်လုံး... အောက်ကို ဆင်းသွားကြစမ်း"
ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင်အလင်းတန်း ကြောင့် ထိုလူငယ်နှစ်ဦး၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူတို့က အလျင်အမြန် နောက်ဆုတ်ကာ စင်မြင့်၏ အစွန်းတွင် ဆင်းသက်လိုက်ကြ၏။ မုယန်အား ဒေါသတကြီးဖြင့် လှမ်းကြည့်လိုက်ကြသည်။
သူတို့ တိုက်ခိုက်နေဆဲတွင် မုယန်က သူတို့ကို တိုက်ရိုက် ဆင်းခိုင်းလိုက်ခြင်းမှာ သူတို့အတွက် စော်ကားမှုတစ်ခု ဖြစ်သည်။
"ဘာလဲ... မင်းတို့က ဘာဖြစ်လို့ ရှိနေသေးတာလဲ။ ငါနဲ့ တိုက်ခိုက်ချင်လို့လား"
မုယန်က ဘုရင်ခန္ဓာရှိသည့် ထိုလူငယ်နှစ်ဦးကို ကြည့်လိုက်သည်။ သူ့အသံမှာ မကျေနပ်မှုများဖြင့် ပြည့်နှက်လျက်ရှိ၏။
ထိုလူငယ်နှစ်ဦးက မုယန်နှင့် မတိုက်ရဲကြချေ။ နောက်ဆုံးတွင် သူတို့က ဒေါသကို မျိုသိပ်ကာ တိုက်ပွဲစင်မြင့်ပေါ်မှ ခုန်ဆင်းသွားကြရသည်။
ပတ်ဝန်းကျင်ရှိ လူအများအပြားမှာလည်း မျက်မှောင်ကြုတ်သွားကြပေသည်။ မုယန်က အလွန်ပင် ဗိုလ်ကျစိုးမိုးလွန်းလှသည်။
သို့သော်လည်း မည်သူမျှ သူ့ကို ထွက်၍ ဝေဖန်ခြင်း မပြုရဲကြချေ။ မုယန်မှာ အစွမ်းထက်ရုံသာမက သူ၏ နောက်ကွယ်ရှိ အင်အားစုမှာလည်း ကြောက်မက်ဖွယ်ကောင်းသောကြောင့် ဖြစ်သည်။ မည်သူမျှ သူ့ကို ရန်မစလိုကြချေ။
"လုမင်... ဒီကိုလာပြီး ငါနဲ့ တိုက်စမ်း"
မုယန်၏ အသံမှာ အရပ်မျက်နှာအနှံ့ ဟိန်းထွက်သွားသည်။
"ဒီလောက်အကျယ်ကြီး မအော်ပါနဲ့။ ငါ ထွက်မပြေးဘူး"
လုမင်က ခပ်အေးအေးပင် ပြောလိုက်သည်။ သူသည် လေထဲသို့ လှမ်းတက်ကာ တိုက်ပွဲစင်မြင့်ပေါ်သို့ ဆင်းသက်လိုက်၏။
"လုမင်... မင်းကို ငါ စေတနာနဲ့ အကြံပေးလိုက်မယ်၊ ကစဉ့်ကလျားကျမ်းကို ကောင်းကောင်းမွန်မွန် လွှဲပေးလိုက်စမ်း။ ဒါဆိုရင် မင်းကို ငါလွှတ်ပေးပြီး နယ်မြေဆယ်ခုတိုက်ပွဲမှာ ပါဝင်ခွင့်ပေးမယ်။ မဟုတ်ရင်တော့ မင်း နယ်မြေဆယ်ခုတိုက်ပွဲမှာ ပါဝင်ခွင့်တောင် ရတော့မှာ မဟုတ်ဘူး"
မုယန်က အေးစက်စွာ ပြောလိုက်သည်။
ဟုတ်သည်၊ သူသည် ထိုစကားကို လုမင်ထံသို့သာ လှမ်းပြောခြင်း ဖြစ်၍ အခြားသူများ မကြားရပေ။
"ငါ ပြောပြီးပြီ၊ မင်း လိုချင်ရင် မင်းမှာ အဲဒီ အရည်အချင်း ရှိမရှိ ကြည့်ရမယ်"
လုမင်က အေးစက်စွာ ပြုံးလိုက်သည်။
"ခေါင်းမာလိုက်တာ၊ ကောင်းပင်ထက် ပိုမြင့်တဲ့ ကောင်းကင်ရှိသေးတယ်ဆိုတာ ငါ မင်းကို သိအောင် လုပ်ပေးရမှာပေါ့"
မုယန်၏ မျက်လုံးများမှာ အေးစက်သွားသည်။ သူ့ခန္ဓာကိုယ်မှ အေးစက်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာ၏။
"ဝုန်း..."
သူက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး လုမင်ထံသို့ ပြေးဝင်လာသည်။ သူ့ခန္ဓာကိုယ်မှာတော့ နိယာမအလင်းတန်းများဖြင့် ဖုံးလွှမ်းသွား၏။
လုမင်က ကစဉ့်ကလျားနိယာမကို အသုံးပြုကာ ခုခံတိုက်ခိုက်ရန် ရှေ့သို့ တက်လိုက်သည်။
ယခုတစ်ကြိမ်တွင် သူတို့က ကောင်းကင်ဧကရာဇ် ရုပ်တုအောက်တွင် မဟုတ်ဘဲ တိုက်ပွဲစင်မြင့်ပေါ်တွင် ဖြစ်သည်။ ထို့ကြောင့် ထိန်းချုပ်ထားရန် မလိုတော့ချေ။ သူတို့နှစ်ဦးလုံးက အကန့်အသတ်မဲ့ စွမ်းအင်များကို ထုတ်ဖော်လိုက်ကြတော့သည်။
"ဝုန်း... ဝုန်း"
သူတို့နှစ်ဦးက အဆက်မပြတ် ရင်ဆိုင်နေကြသည်။ တိုက်ပွဲစင်မြင့်မှာ တုန်ခါနေပြီး အဆက်မပြတ် ပေါက်ကွဲသံများ ထွက်ပေါ်နေ၏။
သူတို့နှစ်ဦးက အလွန်လျင်မြန်စွာ တိုက်ခိုက်နေကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ကွက်ပေါင်း ဆယ်ဂဏန်းကျော် ဖလှယ်ခဲ့ကြပြီးပြီ။
တိုက်ပွဲစင်မြင့် ပတ်ပတ်လည်မှာတော့ လူအများအပြားမှာ စုပြုံတိုးဝှေ့ ကြည့်ရှုနေကြသည်။
ထိုအထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်များစွာ ပါဝင်ပြီး ကောင်းကင်သားတော်များလည်း ပါဝင်ကြ၏။
"လုမင်က မုယန်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး"
ယုဟဲက ပြောလိုက်သည်။
ယခင်က သူသည် လုမင်နှင့် တိုက်ခိုက်ခဲ့ဖူးသဖြင့် လုမင်၏ အစွမ်းကို ကောင်းကောင်းသိပေသည်။
"အမိတ္တဘ... အဲဒါကတော့ အဲဒီလို ဖြစ်ချင်မှ ဖြစ်မှာပါ။ လုမင် အနိုင်ရလိမ့်မယ်လို့ ဒီကိုယ်တော်ကထင်တယ်"
အနန္တဘုရားကျောင်းမှ ရဟန်း ဝူချန်က ပြုံးလျက် ပြောလိုက်၏။
ထိုစကားကြောင့် လူတိုင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
ရဟန်းဝူချန်သည် ကံကြမ္မာနိယာမကို ထိန်းချုပ်ထားသူ ဖြစ်သည်။ ကမ္ဘာပေါ်ရှိ အရာအားလုံးမှာ အကြောင်းနှင့် အကျိုး ဆက်စပ်မှုရှိ၏။ သူက အကြောင်းနှင့် အကျိုးကို ထိုးထွင်းသိမြင်နိုင်စွမ်း ရှိပေလိမ့်မည်။
"ကျုပ်နဲ့ အရင်က တိုက်ခိုက်ချိန်မှာ လုမင်က သူ့အစွမ်းတွေကို ဖုံးကွယ်ထားခဲ့တာလို့ ခင်ဗျား ပြောချင်တာလား"
ယုဟဲ၏ မျက်လုံးများ အရောင်လက်သည်။ သူ မယုံကြည်နိုင်သလို ဖြစ်နေ၏။
"မပြောတတ်ဘူး... မပြောတတ်ပါဘူး... ဆက်ကြည့်ရင် သိရမှာပါ"
ရဟန်း ဝူချန်က ပြုံးလိုက်လေသည်။ ထိုအပြုံးမှာ အလွန်ပင် နက်နဲလှသည်။
ထိုအချိန်တွင် လုမင်နှင့် မုယန်တို့မှာ တိုက်ကွက်ပေါင်း ဆယ်ဂဏန်းကျော် ဖလှယ်ခဲ့ကြပြီ ဖြစ်သည်။ ထိုအချိန်ထိတော့ လုမင်က အရေးနိမ့်သလို ဖြစ်နေသေးသည်။
'သူက တကယ်ပဲ ကမ္ဘာငယ်တစ်ခုကို စတင်ဖော်ဆောင်နေပြီပဲ'
လုမင်၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ဖြစ်သွားသည်။
မုယန်က သိုင်းဧကရာဇ်အဆင့်သို့ တက်လှမ်းရန် အမှန်တကယ် စတင်နေပြီ။ သူသည် ဟင်းလင်းပြင်နိယာမကို အခြေခံအဖြစ် အသုံးပြုကာ ကမ္ဘာငယ်တစ်ခုကို ဖော်ဆောင်ရန် ကြိုးစားနေပြီ ဖြစ်သည်။ သူ၏ သူတော်စင်စွမ်းအင်ထဲတွင် ကမ္ဘာငယ်တစ်ခု၏ စွမ်းအား အရိပ်အယောင်များ ပါဝင်နေ၏။ ၎င်း၏ စွမ်းအားမှာ တုန်လှုပ်စရာပင်။
တစ်ဖက်တွင်၊ လုမင်က ကစဉ့်ကလျားနိယာမ တစ်ခုတည်းကိုသာ အသုံးပြုထားသဖြင့် အားနည်းချက် ရှိနေခြင်း ဖြစ်သည်။
"လုမင်... ငါပြောသားပဲ၊ မင်း ငါ့ကို မယှဉ်နိုင်ပါဘူးလို့"
မုယန်က တိုက်ခိုက်များကို အဆက်မပြတ် ထုတ်ဖော်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ အေးစက်ပြီး မာနကြီးသော အသံမှာ လုမင်၏ နားထဲသို့ ရောက်ရှိလာ၏။
"မင်း ပျော်ချင်ရင် စောလွန်းပါသေးတယ်"
လုမင်က ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
နိယာမတစ်ခုက မလုံလောက်လျှင် နှစ်ခု သုံးရမည်။