အခန်း ၂၀၉၃
Vol. 145 Ch. 2093
အပိုင်း ( 2093 ) လုမင် သေပြီလား။
ထိုဓားအလင်းကြောင့် လုမင်၏ ခေါင်းမွှေးများ ထောင်ထသွားခဲ့ရသည်။ ၎င်းက အလွန် ကြောက်မက်ဖွယ်ကောင်းသော ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး သာမန် ဗလာနယ်ဧကရာဇ်တစ်ပါး လုံးဝမဟုတ်မည်မှာ သေချာပေပြီ။
ဗလာနယ်ဧကရာဇ်နယ်ပယ် အထွတ်အထိပ် အဆင့်။
"ဝှစ်..."
လုမင်က သူ၏ အမြင့်ဆုံးအရှိန်အဟုန်ကို ထုတ်ဖော်လိုက်သည်။ သူ့ခန္ဓာကိုယ်မှာ လျှပ်စီးလက်သကဲ့သို့ဖြစ်ပြီး လမ်းကြောင်းများ အဆက်မပြတ် ပြောင်းလဲလိုက်၏။ ထိုဓားအလင်းကို ရှောင်တိမ်းရန် သူက အစွမ်းကုန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ထိုဓားအလင်းကို ရှောင်တိမ်းနိုင်ခဲ့သည်။ သို့သော်လည်း တိုက်ခိုက်မှု၏ နောက်ဆက်တွဲ ရိုက်ခတ်မှုလှိုင်းများက လုမင်ကို ထိမှန်သွားခဲ့သေးသည်။
လုမင်က ညည်းတွားလိုက်ရပြီး သူ့ခန္ဓာကိုယ်မှာ အဝေးသို့ လွင့်ထွက်သွားခဲ့သည်။ လေထဲမှာပင် သွေးများ အန်ထုတ်လိုက်ရ၏။ သူက မြေပြင်ပေါ်သို့ ကျလုနီးပါးအချိန်တွင် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ လက်ဝါးအင်အားတစ်ခုမှာ မြေပြင်ပေါ်သို့ အင်အားကြီးစွာဖြင့် ကျရောက်သွားတော့သည်။
လုမင်က ထိုအင်အားမှ သက်ရောက်မှုအားကို အသုံးပြုကာ သူ့ခန္ဓာကိုယ်ကို ရှေ့သို့ ပိုမိုမြန်ဆန်စွာ မျောလွင့်သွားစေခဲ့သည်။
ဗလာနယ်ဧကရာဇ်နယ်ပယ် အထွတ်အထိပ် အဆင့်ရှိသူတစ်ဦးမှာ စွမ်းအားကြီးလွန်းသည်။ သူက လုမင်ကို တိုက်ကွက်တစ်ခုတည်းဖြင့် သတ်ပစ်နိုင်ပေသည်။
လုမင်လည်း ထွက်ပြေးရန်သာ တတ်နိုင်သည်။ သို့ရာတွင်၊ ၎င်းက ကြီးမားသော အန္တရာယ်အတားအဆီးတစ်ခု ဖြစ်၏။
ယခုအခါ မည်သူမျှ သူ့ကို မကူညီနိုင်ကြချေ။ သူက မိမိကိုယ်ကိုယ်သာ အားကိုးရတော့မည် ဖြစ်သည်။
ကောင်းကင်ယံတွင် သေခြင်းနတ်ဘုရားမျက်နှာဖုံးကို ဝတ်ဆင်ထားသော ဝတ်ရုံနက်ဝတ် လူတစ်ဦး ပေါ်လာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ရေခဲတမျှ အေးစက်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။
အကယ်၍ ထိုမျက်နှာဖုံးကို ဖောက်ထွင်း၍ မြင်နိုင်ပါက သူ့မျက်နှာမှာ အေးစက်၍ မည်းမှောင်နေသည်ကို သေချာပေါက် မြင်တွေ့ရလိမ့်မည်။
သူက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ ကျန်ရှိနေသော လုပ်ကြံသတ်ဖြတ်သူများကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများမှ ဒေါသမီးများ ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားရတော့သည်။
သူသည် သူတော်စင်နယ်ပယ်သာ ရှိသေးသော မျိုးဆက်သစ် လူငယ်တစ်ဦးကို လုပ်ကြံသတ်ဖြတ်ရန်အတွက် သိုင်းဧကရာဇ် နယ်ပယ်တွင် ရှိကြသော ကျွမ်းကျင်သူ အမြောက်အမြားကို စေလွှတ်ခဲ့သည်။ သို့သော်၊ သူတို့က ထိုလူငယ်ကို မသတ်နိုင်ခဲ့သည့်အပြင် သူတို့၏ လူအများအပြားလည်း သေဆုံးသွားခဲ့ရသေးသည်။
အကယ်၍ ဤသတင်း ပျံ့နှံ့သွားပါက၊ သေခြင်းနတ်ဘုရားတိုင်းပြည်၏ ဂုဏ်သိက္ခာအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာမည် ဖြစ်သည်။
ထို့ကြောင့် လုမင် သေကိုသေရမည်။
"ရွှစ်..."
သူက ဓားဖြင့် ထပ်မံ၍ ခုတ်ချလိုက်သည်။ ဓားအလင်းတန်းတစ်ခု လုမင်ထံသို့ တဟုန်ထိုး ဖြတ်သန်းသွားခဲ့၏။
လုမင်က ရှောင်တိမ်းရန် သူ၏ အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ အခြေအနေမှာ ပို၍ပင် ဆိုးဝါးသွားခဲ့သည်။ ဓားအလင်းက သူ့ကို ပွတ်တိုက်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်မှာ ထက်ပိုင်းပြတ်လုနီးပါး ဖြစ်သွားခဲ့ရ၏။ သူ့ခန္ဓာကိုယ်ပေါ်တွင် တစ်မီတာခန့် ရှည်လျားသော ဓားဒဏ်ရာကြီးတစ်ခု ပေါ်လာတော့သည်။ ၎င်းက အရိုးများ မြင်ရသည်အထိ နက်ရှိုင်းလှသည့်အပြင် သူ၏ အတွင်းကလီစာများ လှုပ်ရှားနေသည်ကိုပင် မြင်တွေ့နေရသည်။
သို့သော်ငြားလည်း လုမင် မရပ်တန့်ခဲ့ပေ။ သူက ရှေ့သို့ ဆက်လက်၍ အရှိန်ပြင်းစွာ ပြေးဝင်သွားခဲ့သည်။
ရှေ့တည့်တည့်တွင် ကြီးမားလှသော ကျင်းကြီးတစ်ခု ရှိနေသည်။ ၎င်းကို အရိုးစုများဖြင့် ဖုံးလွှမ်းထား၏။
'ဒီနေရာပုဲ
လုမင်၏ မျက်လုံးများ ဝင်းလက်သွားခဲ့သည်။
"သတ်"
ကောင်းကင်ယံတွင် သေခြင်းနတ်ဘုရားမျက်နှာဖုံးကို ဝတ်ဆင်ထားသော ကျွမ်းကျင်သူသည် သူ၏ တိုက်ကွက်နှစ်ခုစလုံးက လုမင်ကို မသတ်နိုင်ခဲ့ကြောင်း မြင်လိုက်ရသောအခါ သူ၏ သတ်ဖြတ်လိုစိတ်များမှာ ပိုမို၍ အေးစက်လာခဲ့သည်။
သူ့လက်ထဲတွင် အဆုံးအစမရှိသော ဓားအလင်းများ ဖြာထွက်လာ၏။ ကောင်းကင်ယံတွင် ရာနှင့်ချီသော ဓားအလင်းတန်းများ ပေါ်ပေါက်လာတော့သည်။
"ရွှစ်... ရွှစ်..."
ရာနှင့်ချီသည့် ဓားအလင်းတန်းများက လမ်းကြောင်းပေါင်းစုံမှ သိပ်သည်းစွာ ပိတ်ဆို့ထားကာ လုမင်ထံသို့ ထိုးဖောက်ဝင်ရောက်လာခဲ့ကြသည်။
ဓားအလင်းများက လုမင်၏ လွတ်မြောက်ရာ လမ်းကြောင်းကို လုံးဝ ပိတ်ဆို့ထားခဲ့ပြီ။ ဤအရာမှာ ဗလာနယ်ဧကရာဇ်နယ်ပယ် အထွတ်အထိပ် အဆင့်ရှိသူတစ်ဦးက ထုတ်ဖော်လိုက်သော တိုက်ကွက်တစ်ခု ဖြစ်သည်။ လုမင်အတွက် ပြေးစရာ မြေမရှိတော့ချေ။
တစ်ခဏအတွင်းမှာပင် ရာနှင့်ချီသော ဓားအလင်းတန်းများအားလုံးက လုမင်ကို ထိမှန်သွားပြီး သူ့ကို နစ်မြုပ်သွားစေခဲ့သည်။ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အရိုးစုများ ဘေးဘီသို့ လွင့်စင်သွား၏။ ဖုန်မှုန့်များ ဝဲပျံသွားခဲ့ပြီး လုမင်၏ လက်မခံနိုင်စွာ ဟိန်းဟောက်သံကြီးလည်း ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင်မူ မည်သည့် လှုပ်ရှားမှုမျှ မရှိတော့ချေ။
ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ မည်သည့်အရာမျှ ကျန်ရစ်ခြင်း မရှိတော့ပါ။
လျှပ်တပြက်အတွင်း ဝတ်ရုံနက်ဝတ် လူရိပ်အနည်းငယ် ပျံသန်းလာပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။ သူတို့၏ အထက်တွင် သေခြင်းနတ်ဘုရားမျက်နှာဖုံး ဝတ်ဆင်ထားသော ကျွမ်းကျင်သူသည်လည်း လေထဲမှ ဆင်းသက်ခဲ့၏။
"လုမင် သေသွားပြီလား"
"သူ သေချာပေါက် သေသွားပါပြီ။ သခင်ရဲ့ တိုက်ကွက်အောက်မှာ သူက အရိုးတောင် ကျန်ခဲ့မှာ မဟုတ်ပါဘူး"
ဝတ်ရုံနက်ဝတ် လူရိပ်များက တစ်ဦးပြီးတစ်ဦး ပြောဆိုလိုက်ကြသည်။
သေခြင်းနတ်ဘုရားမျက်နှာဖုံး ဝတ်ဆင်ထားသော ကျွမ်းကျင်သူက သူ၏ ဝိညာဉ်အသိဖြင့် ပတ်ပတ်လည်ကို စစ်ဆေးလိုက်၏။ သူသည် မြေပြင်အောက်ခြေ အနက်ရှိုင်းဆုံးအထိပင် ထိုးဖောက်ကြည့်ရှုခဲ့သော်လည်း ထူးခြားသော မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ချေ။
ထို့နောက် သူက သူ့လက်ကို ဆန့်ထုတ်လိုက်ရာ အရိုးစုများထဲမှ သိုလှောင်လက်စွပ် တစ်ကွင်း ပျံထွက်လာပြီး သူ့လက်ထဲသို့ ကျရောက်လာခဲ့သည်။
ထိုသိုလှောင်လက်စွပ်ပေါ်တွင် သွေးကွက်များ ရှိနေ၏။ သူက ၎င်းကို အာရုံခံကြည့်လိုက်သောအခါ လုမင်၏ အရှိန်အဝါဖြစ်ကြောင်း သိလိုက်ရသည်။
"လုမင် သေသွားပြီ၊ သူရဲ့အရိုးတွေက ဒီက အရိုးတွေနဲ့ ရောနှောသွားပြီး သိုလှောင်လက်စွပ် တစ်ကွင်းပဲ ကျန်ခဲ့တာ ဖြစ်ရမယ်"
သေခြင်းနတ်ဘုရားမျက်နှာဖုံး ဝတ်ဆင်ထားသော ကျွမ်းကျင်သူက မှတ်ချက်ချလိုက်သည်။
ထိုတိုက်ခိုက်မှုအောက်တွင် လုမင် သေချာပေါက် သေဆုံးသွားလိမ့်မည်ဟု သူက အပြည့်အဝ ယုံကြည်မှုရှိ၏။
ထိုတစ်ခဏအတွင်း လုမင် လုံးဝ ထွက်ပြေးနိုင်ခြင်း မရှိခဲ့ချေ။ ရှင်းပြချက် တစ်ခုသာ ရှိသည်။ ၎င်းမှာ လုမင် သေဆုံးသွားခဲ့ပြီး အရိုးပင် ကျန်ရစ်ခဲ့ခြင်း မရှိတော့ခြင်းပင်။
ထိုသိုလှောင်လက်စွပ်မှာ အကောင်းဆုံးသော သက်သေပင် ဖြစ်သည်။
"ဒီကောင်လေးက တကယ်ကို ထူးဆန်းတဲ့ မိစ္ဆာကောင်ပဲ။ သူက အရမ်း ကြောက်ဖို့ကောင်းတယ်။ အမြင့်ဆုံးနိယာမ နှစ်ခုကို တောင် ထိန်းချုပ်နိုင်သေးတယ်"
"ကံကောင်းလို့ သခင်က အချိန်မီ ရောက်လာခဲ့တယ်။ မဟုတ်လို့ ဒီကောင်လေး လွတ်သွားရင် ဒုက္ခရောက်ကုန်လိမ့်မယ်"
အခြားဝတ်ရုံနက်ဝတ် လူရိပ်များက မြှောက်ပင့်ပြောဆိုလိုက်ကြလေသည်။
"သူက တကယ်ကို ထူးဆန်းတဲ့ မကောင်းဆိုးရွားတစ်ကောင်ပါပဲ။ ကိုင်း... ငါတို့ အမြန်ဆုံး ထွက်ခွာကြစို့။ သတင်းက မကြာခင် ပျံ့နှံ့သွားတော့မယ်။ ကံကြမ္မာမြို့တော်က ကျွမ်းကျင်သူတွေလည်း မကြာခင် ဒီကို ရောက်လာကြလိမ့်မယ်"
"ပြီးတော့ နောက်နှစ်ရက်နေရင်... ကစဉ့်ကလျားရဲ့သားတော်ကို ငါတို့ သတ်ပစ်လိုက်ပြီဆိုတဲ့ သတင်းကို ဖြန့်လိုက်။ ဒါက ကမ္ဘာကြီးကို သေချာပေါက် တုန်လှုပ်စေလိမ့်မယ်"
မျက်နှာဖုံးစွပ် ကျွမ်းကျင်သူက အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး လုပ်ကြံသတ်ဖြတ်သူများ၏ လူရိပ်များလည်း ပျောက်ကွယ်သွားကြတော့သည်။
...........
ဆယ်မိုင်ခန့် ဝေးကွာသော နေရာရှိ လျှို့ဝှက်သော တောင်ကြားတစ်ခုအတွင်းဝယ်...
လုမင်က သွေးအနည်းငယ် အန်ထုတ်လိုက်ရသည်။ သူ့မျက်နှာမှာ ဖြူလျော်နေ၏။
သဘာဝအတိုင်း သူသည် သေဆုံးခြင်း မရှိခဲ့ချေ။
"ဒီတစ်ကြိမ်တော့... အရာအားလုံးက ရှောင်ချင်း ပေးအပ်ခဲ့တဲ့ အစားထိုးရုပ်သေးရုပ်ကြောင့်ပဲ"
လုမင် သက်ပြင်းချလိုက်မိသည်။
အစောပိုင်းက သူသည် ဓားအလင်းများအောက်တွင် နစ်မြုပ်လုနီးပါး ဖြစ်နေချိန်တွင်၊ ရှဲနျန်ချင်း သူ့ကို ပေးခဲ့ဖူးသော အစားထိုးရုပ်သေးရုပ်ကို ပြတ်သားစွာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ထိုသေခြင်းအစားထိုး ရုပ်သေးရုပ်က အလွန်လျှို့ဝှက်ဆန်းကြယ်ပေသည်။ တစ်ခဏအတွင်းမှာပင်၊ သူ့ခန္ဓာကိုယ်ကို မိုင်အနည်းငယ် ဝေးကွာသော နေရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ရန်သူ၏ တိုက်ခိုက်မှုအားလုံးကို ထိုရုပ်သေးရုပ်က ဝါးမြိုခံယူသွားခဲ့သည်။
ထို့ကြောင့် လုမင် မသေဆုံးခဲ့ချေ။ သေဆုံးသွားခဲ့သူမှာ အစားထိုးရုပ်သေးရုပ်သာ ဖြစ်သည်။
ထိုအစားထိုးရုပ်သေးရုပ်က သူ့အတွက် တစ်ကြိမ် အသေခံပေးခဲ့ခြင်းပင်။
အရေးကြီးသော အချိန်တွင် လုမင်က သိုလှောင်လက်စွပ်တစ်ကွင်းကို ချန်ထားရစ်ခဲ့သည်။
သို့သော်လည်း လုမင်က တိုက်ခိုက်မှု၏ နောက်ဆက်တွဲ ရိုက်ခတ်မှုကို ခံခဲ့ရသဖြင့် သူ့ခန္ဓာကိုယ်ပေါ်တွင် ဓားဒဏ်ရာ အနည်းငယ် ထပ်မံ ပေါ်လာခဲ့ရပေသည်။ ဖျက်ဆီးခြင်း စွမ်းအင်လှိုင်းများက သူ့ခန္ဓာကိုယ် အနက်ရှိုင်းဆုံးနေရာသို့ အဆက်အပြတ် ထိုးဖောက်ဝင်ရောက်နေခဲ့ပေသည်။
'ဒီလူတွေက ငါ သေပြီလို့ ထင်နေကြတာ။ အခုအချိန်မှာ ငါ လူလုံးထွက်ပြသဖို့ မသင့်တော်ဘူး။ ငါ့ရဲ့ အမည်နာမကို ပြောင်းလဲပြီး ဒီမှာပဲ ဒဏ်ရာကို ကုသရမယ်။ နယ်မြေဆယ်ခုတိုက်ပွဲ စတင်တဲ့အချိန်ကျမှ ငါ ပြန်ပြီးလူလုံးပြတော့မယ်'
လုမင်က သူ့စိတ်ထဲတွင် တွေးလိုက်သည်။
အကယ်၍ သူ ယခု လူလုံးပြလိုက်ပါက၊ ရန်သူများမှ နောက်ထပ် လုပ်ကြံသတ်ဖြတ်မှုများ ဘယ်အချိန် ပြုလုပ်မည်ကို မည်သူ သိနိုင်ပါမည်နည်း။ ယခုအခါ သူ့တွင် သေခြင်းအစားထိုးရုပ်သေးရုပ်လည်း မရှိတော့ချေ။
လုမင်က သူ့အရှိန်အဝါကို ဖုံးကွယ်ရန် နတ်အရှိန်အဝါကျင့်စဉ်ကို အသုံးပြုလိုက်ပြီး ရှေးဟောင်းစစ်မြေပြင်၏ ပိုမိုနက်ရှိုင်းသော နေရာသို့ ဦးတည်သွားခဲ့သည်။ သူက လျှို့ဝှက်သော နေရာတစ်ခုကို ရှာဖွေခဲ့ပြီး သူ့ဒဏ်ရာများကို ကုသရန် တောင်နှင့်မြစ် ပန်းချီကား အတွင်းသို့ ဝင်ရောက်သွားတော့သည်။
သူ့ဒဏ်ရာများမှာ အလွန်ပြင်းထန်သည်။ သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးလိုသော ဖျက်ဆီးခြင်း ဓားအလင်းတန်းများက သူ့ခန္ဓာကိုယ်အတွင်း၌ ရှိနေကြသေးသည်။ အကယ်၍ သူ၏ဒဏ်ရာများကို ကုသလိုပါက၊ ပထမဦးစွာ ထိုဓားအလင်းများကို တွန်းထုတ်ပစ်ရမည် ဖြစ်သည်။
လုမင်က နိယာမလေးခုကို ထိန်းချုပ်လိုက်ပြီး ထိုဓားအလင်းများကို စတင် တွန်းထုတ်လိုက်၏။
မျက်စိတစ်မှိတ်အတွင်း ရက်အနည်းငယ် ကုန်လွန်သွားခဲ့ပြီ။ လုမင်လည်း နောက်ဆုံးတွင် ထိုဓားအလင်းများကို အောင်မြင်စွာ တွန်းထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။
ဓားအလင်းများကို ဖယ်ထုတ်ပြီးသည်နှင့် လုမင်၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာခဲ့သည်။ သူ၏ အရိုးများနှင့် ကြွက်သားများမှာ လျင်မြန်စွာ ပြန်လည် ဖြစ်ပေါ်လာပြီး ဒဏ်ရာများ ပျောက်ကင်းလာ၏။
ထိုအချိန်တွင် နတ်ကံကြမ္မာနယ်မြေ တစ်ခုလုံးကို တုန်လှုပ်သွားစေသည့် သတင်းတစ်ပုဒ် ပျံ့နှံ့သွားခဲ့သည်။
ယွမ်တောင်မြင့်မြတ်သော ကျောင်းတော်မှ လာသော ကစဉ့်ကလျား၏သားတော် လုမင်သည် ကံကြမ္မာမြို့တော်တွင် သေခြင်းနတ်ဘုရားတိုင်းပြည်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ။
ဤသတင်း ထွက်ပေါ်လာသောအခါ အားလုံး တုန်လှုပ်သွားခဲ့သည်။ ရေတွက်၍မရသော လူပေါင်းများစွာ တုန်လှုပ်သွားကြရ၏။
လုမင်သည် နတ်ကံကြမ္မာနယ်မြေသို့ ရောက်ရှိလာသည်နှင့် အံ့အားသင့်ဖွယ် ပါရမီနှင့် တိုက်ခိုက်ရေးစွမ်းရည်ကို ပြသခဲ့သည်။ အန္တိမသူတော်စင် နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံမှုဖြင့် သူသည် ကောင်းကင်၏သားတော် အမြောက်အမြားကို ဆက်တိုက် အနိုင်ယူခဲ့သေးသည်။ အစွမ်းထက်ပါရမီရှင်ဖြစ်ပြီး ကျွမ်းကျင်သူတစ်ဦးအဖြစ် လူသိများသော မုယန်ပင်လျှင် လုမင်၏ အနိုင်ယူခြင်းကို ခံခဲ့ရပြီး လုမင်၏ ခြေဖဝါးအောက်တွင် နင်းခြေခြင်း ခံခဲ့ရသည်။
မူလက လူပေါင်းများစွာသည် လုမင်ကို အလွန်ပင် အထင်ကြီး လေးစားခဲ့ကြပေသည်။ သူတို့သည် နယ်မြေဆယ်ခုတိုက်ပွဲတွင် လုမင်က အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာလိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။
ရေတွက်၍မရသော လူပေါင်းများစွာက လုမင်နှင့် ကစဉ့်ကလျား၏သားတော် ယွမ်ရှင်းတို့အကြား ဖြစ်ပွားလာမည့် တိုက်ပွဲကိုပင် မျှော်လင့်နေခဲ့ကြပေသည်။
သို့သော်လည်း ယခုအခါ လုမင်က သေခြင်းနတ်ဘုရားတိုင်းပြည်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
အကြောင်းမှာ ဤသတင်းကို သေခြင်းနတ်ဘုရားတိုင်းပြည် ကိုယ်တိုင်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သောကြောင့်ပင်။
သေခြင်းနတ်ဘုရားတိုင်းပြည်မှာ အလွန်ပင် မာနထောင်လွှားသည်။
သူတို့က 'အနှိုင်းမဲ့ ပါရမီရှင်တစ်ဦး ဖြစ်နေရင်တောင် ဘာဖြစ်လဲ။ သူက ကံကြမ္မာမြို့တော်တွင် ပုန်းအောင်းနေရင်တောင် ဘာဖြစ်သေးသလဲ။ တကယ်လို့ သေခြင်းနတ်ဘုရားတိုင်းပြည်က တစ်စုံတစ်ယောက်ကို သတ်ချင်ရင် သူက ဘယ်နေရာမှာပဲ ပုန်းနေပါစေ အသုံးအဝင်ဘူး'ဟူ၍ပင် ကြွေးကြော်ခဲ့သေးသည်။
ဤသည်မှာ ကံကြမ္မာမြို့တော်၏ အုပ်စိုးရှင် အင်အားစုများကို တိုက်ရိုက် စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။