← Chapters

အခန်း ၂၀၉၅

Vol. 145 Ch. 2095

အခန်း ၂၀၉၅

Vol. 145 Ch. 2095

အပိုင်း ( 2095 ) ရဟန်းဝူလျန့်နှင့် ပြန်ဆုံခြင်း။

"ကောင်းပြီ... ဒီအသုတ်အတွက် စမ်းသပ်မှုကို စတင်လိုက်ကြရအောင်"

မဟာဧကရာဇ်က အမိန့်ပေးလိုက်သည်။

ဤမဟာဧကရာဇ်မှာ အသက်ငါးဆယ်ဝန်းကျင်ခန့်သာ ရှိပုံရပြီး ခန့်ညားထည်ဝါသော အရှိန်အဝါတစ်ခု ရှိ၏။

ချက်ချင်းဆိုသလိုပင် အဘိုးအိုတစ်ဦး ရှေ့သို့ လှမ်းထွက်လာခဲ့သည်။

"ခဏနေရင် ငါက မင်းတို့အပေါ်ကို ငါ့ရဲ့ ဖိအားတွေ ထုတ်လွှတ်လိမ့်မယ်။ မင်းတို့ရဲ့ အစွမ်းရှိသမျှနဲ့ အဲဒါကို အစွမ်းကုန် ခုခံကြပါ။ အသက်ရှူကြိမ် သုံးဆယ်စာအထိ တောင့်ခံနိုင်တဲ့သူတွေက အောင်မြင်ပြီး၊ မတောင့်ခံနိုင်တဲ့သူတွေကတော့ ရှုံးနိမ့်လိမ့်မယ်"

အဘိုးအိုက ပြောလိုက်သည်။

လူအများ၏ နှလုံးသားများ လှုပ်ခတ်သွားကြသည်။ ဤနည်းလမ်းမှာ ရိုးရှင်းလှပေသည်။

လူအုပ်ကြီးကို အတူတူစုဝေးစေပြီး သူ၏ အရှိန်အဝါဖြင့် ဖိနှိပ်ကာ ကြံ့ကြံ့ခံနိုင်သူများကို ရွေးချယ်ခြင်း ဖြစ်သည်။

ဤနည်းဖြင့် လုပ်ဆောင်မှုနှုန်းမှာ မြင့်မားပေလိမ့်မည်။ အားနည်းသူများကိုလည်း လျင်မြန်စွာ ဖယ်ထုတ်ပစ်နိုင်သည်။

"စတင်မယ်"

အဘိုးအို၏အသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက်၊ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

"အစစ်အမှန်ဧကရာဇ်"

ဤအဘိုးမှာ အစစ်အမှန်ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်း လုမင် သိလိုက်သည်။

အဘိုးအိုက အရှိန်အဝါ ထုတ်လွှတ်လိုက်သည်နှင့် တပြိုင်နက်၊ လူအချို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်များ တုန်ရီလာပြီးနောက် သွေးအမြောက်အမြား အန်ထုတ်ကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကြတော့သည်။

"ဆရာကြီး... ကျေးဇူးပြုပြီး သက်ညှာတာပေးပါ။ ကျွန်တော် ထပ်ပြီး မတောင့်ခံနိုင်တော့လို့ပါ"

လူငယ်တစ်ဦးက အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က အသားပြားအဖြစ် ဖိချေခံရတော့မည်အလား ခံစားလိုက်ရ၏။

"ဆင်းသွားတော့"

အဘိုးအိုက သူ၏ အရှိန်အဝါကို ထိန်းချုပ်ရင်း အေးစက်စွာ ပြောလိုက်သည်။

ထိုလူငယ်လည်း သူ့အပေါ်မှ ဖိအားများ လျော့ပါးသွားသည်နှင့် အသက်ကို ပြင်းပြင်းရှူရင်း စင်မြင့်အောက်သို့ ကမန်းကတန်း ပြေးဆင်းသွားတော့သည်။

"တောက်ပသောသူတော်စင်နယ်ပယ်ပဲ ရှိသေးတာကို စင်ပေါ်တက်ဝံ့တယ်ပေါ့။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ"

"ဒါက နယ်မြေဆယ်ခုတိုက်ပွဲလေ၊ သာမန်နေရာတစ်ခု မဟုတ်ဘူး။ တောက်ပသောသူတော်စင်တစ်ယောက်က တက်ဝံ့တယ် ဟုတ်လား။ ရယ်စရာကောင်းလိုက်တာ"

လူအများက ခေါင်းခါရင်း ရယ်မောလိုက်ကြသည်။

နယ်မြေဆယ်ခုတိုက်ပွဲမှာ နယ်မြေကြီးဆယ်ခုအတွင်းရှိ အသန်မာဆုံးသော ပါရမီရှင်များကို စုစည်းထားခြင်း ဖြစ်သည်။ တောက်ပသောသူတော်စင်နယ်ပယ်က လုံးဝ မလုံလောက်ချေ။

ထိုလူငယ်၏ မျက်နှာမှာ ရှက်ကိုးရှက်ကန်းဖြင့် နီရဲသွားခဲ့သည်။

သို့သော်လည်း စင်စစ်တွင် ထိုလူငယ်ကဲ့သို့သော လူပေါင်းများစွာ ရှိနေခဲ့ပေသည်။

"ဝုန်း... ဝုန်း"

စင်မြင့်ပေါ်တွင် လူငယ်အမြောက်အမြားက ဒူးထောက်ကျသွားကြပြီး သွေးအန်ကြကုန်သည်။

ဤလူငယ်များ၏ ကျင့်ကြံမှုအဆင့်က တောက်ပသောသူတော်စင်နယ်ပယ် ဝန်းကျင်၌သာ ရှိကြသေးသည်။

နယ်မြေဆယ်ခုတိုက်ပွဲက အမှန်တကယ်ပင် သက်ရောက်မှု ကြီးမားသည်။ ၎င်းက သမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်သဖြင့် ရေတွက်၍မရသော လူပေါင်းများစွာက အာရုံစိုက်နေကြခြင်း ဖြစ်၏။

လူငယ်အများအပြားမှာ ထိုကဲ့သို့သော စင်မြင့်ထက်တွင် စွမ်းဆောင်ပြချင်ကြပြီး အားလုံး၏ အာရုံစိုက်ခြင်းခံရရန် မျှော်လင့်ကြသည်။ ထို့ကြောင့် ကျင့်ကြံခြင်းအဆင့် မမြင့်မားသောသူ အများအပြားပင် ပါဝင်လိုနေကြခြင်း ဖြစ်ချေသည်။

ဤအခိုက်တွင် လူအများစုက သွေးအန်ကာ စင်မြင့်အောက်သို့ ပြေးဆင်းသွားကြပြီး အရှုံးပေးခဲ့ရသည်။

အချိန်ကုန်လွန်လာသည်နှင့်အမျှ အဘိုးအို၏ အရှိန်အဝါမှာ ပို၍ ပြင်းထန်လာခဲ့သည်။

နောက်ပိုင်းတွင် မဟာသူတော်စင်များပင် မတောင့်ခံနိုင်တော့ဘဲ ဖယ်ထုတ်ခြင်း ခံခဲ့ကြရ၏။

အဆုံးသတ်တွင် လူတစ်ထောင်ထဲမှ လူတစ်ရာခန့်သာ အသက်ရှူကြိမ်သုံးဆယ်စာ အချိန်အထိ ကြံ့ကြံ့ခံနိုင်ခဲ့ကြသည်။

ဟုတ်သည်၊ လူတိုင်း၏ အခြေအနေမှာ သဘာဝအတိုင်း မတူပေ။ အချို့လူများမှာ တစ်ကိုယ်လုံး တုန်ရီနေပြီး ကျောပြင်မှ ချွေးစေးများ စီးကျလျက် အသက်ကို လုရှူနေကြရသည်။ သူတို့၏ အစွမ်းရှိသမျှ အသုံးပြုခဲ့ရကြောင်း ထင်ရှားလှပေသည်။

အခြားတစ်ဖက်တွင်မူ အချို့လူများမှာ တည်ငြိမ်အေးဆေးလျက် ရှိကြသည်။ သူတို့၏ မျက်နှာအမူအရာများမှာ ပုံမှန်အတိုင်းပင် ပေါ့ပါးနေကြ၏။

နောက်တစ်ဆင့်သို့ တက်လှမ်းခွင့်ရရှိသွားသော သူများ၏ အမည်များကို မှတ်တမ်းတင်ထားရှိသည်။ သူတို့က နောက်တစ်ဆင့်သို့ ဝင်ရောက်နိုင်ပြီ။

"မင်းတို့အားလုံး ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီပဲ။ တကယ်လို့ မင်းတို့ကိုယ်တိုင်က အစွမ်းမထက်ဘူးဆိုရင် စာရင်းမသွင်းကြပါနဲ့။ ဒါက ကိုယ့်ကိုယ်ကိုယ် အရှက်ရစေပြီး ဒဏ်ရာရတာပဲ အဖတ်တင်လိမ့်မယ်"

သက်လတ်ပိုင်း မဟာဧကရာဇ်က ပြောလိုက်သည်။

လူငယ်အများစု၏ မျက်နှာများတွင် လက်မခံလိုသော အရိပ်အယောင်များ ပေါ်လာသည်။ သို့သော်လည်း နောက်ဆုံးမှာတော့ သူတို့မှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ကြရတော့သည်။

သူတို့သည် မူလက ထင်ရှားကျော်ဇောရန် လာခဲ့ကြခြင်းဖြစ်သော်လည်း လက်တွေ့တွင်မူ ပါဝင်ဆင်နွှဲရန် အရည်အချင်းပင် မပြည့်မီကြချေ။ သူတို့က အရှုံးသမားအဖြစ် အသုံးတော်ခံရန် အရည်အချင်းပင် မရှိကြပါ။

နယ်မြေဆယ်ခုတိုက်ပွဲက စစ်မှန်သော ပါရမီရှင်များအတွက် စင်မြင့်တစ်ခု ဖြစ်သည်။

နယ်မြေဆယ်ခုတိုက်ပွဲတွင် နေရာတစ်နေရာ ရရှိနိုင်သရွေ့ ၎င်းမှာ ကြီးမားသော ဂုဏ်ယူစရာ ဖြစ်ပေလိမ့်မည်။ သို့သော်လည်း လူအများစုမှာမူ ကြည့်ရုံသာ ကြည့်နိုင်ကြသည်။

ထို့နောက်တွင် စာရင်းပေးသွင်းရန်အတွက် လူငယ်များက ရှေ့သို့ တိုးထွက်လာကြပြန်သည်။

လူတစ်ထောင်ခန့် ရှိလာသောအခါ အဘိုးအိုက သူ၏အရှိန်အဝါကို ထပ်မံထုတ်လွှတ်ပြီး စင်မြင့်ပေါ်ရှိ လူငယ်များကို ဖိနှိပ်လိုက်၏။

ဤတစ်ကြိမ်တွင် အခြေအနေမှာ ပိုမိုကောင်းမွန်လာခဲ့သည်။ ပါဝင်သူများထဲမှ လူအယောက်ငါးရာခန့်မှာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြပေသည်။

အကြောင်းမူ၊ ကျင့်ကြံခြင်းအဆင့် မလုံလောက်သောသူများမှာ သူတို့ တက်သွားပါကလည်း အောင်မြင်မည်မဟုတ်ဘဲ ဒဏ်ရာသာ ရလိမ့်မည်ကို သိရှိသွားကြသဖြင့် စာရင်းမသွင်းကြတော့သောကြောင့်ပင်။

ထို့နောက် ရွေးချယ်မှုမှာ ဆက်လက်ပြုလုပ်နေခဲ့သည်။

'ရှန်းရှန်း၊ မော့လီ၊ ချင်ယွဲ့၊ ဟွမ်လင်...'

လုမင်၏ မျက်လုံးများ အရောင်လက်သွားသည်။ သူသည် လူအုပ်ကြီးထဲတွင် လုရှန်းရှန်း၊ ချင်ယွဲ့နှင့် အခြားသူများကို မြင်တွေ့လိုက်ရ၏။

သူတို့အားလုံးက တောင်ဘက်တိုက်ပွဲနယ်မြေတွင် ရှိနေကြခြင်း ဖြစ်သည်။

သူတို့၏ ကျင့်ကြံခြင်းအခြေခံများဖြင့် ပဏာမ ရွေးချယ်မှုကို အလွယ်တကူ ဖြတ်ကျော်သွားနိုင်ခဲ့ကြပေသည်။

'ငါလည်း တက်ရတော့မယ်'

လုမင်က ပြုံးလိုက်ပြီး စာရင်းသွင်းရန် သွားလိုက်သည်။

သူက လုရှန်းရှန်းနှင့် အခြားသူများကို တွေ့ဆုံရန် အလျင်မလိုသေးချေ။

"မင်းနာမည် ဘယ်သူလဲ"

စာရင်းသွင်းသည့် စင်မြင့်ထက်တွင် တစ်စုံတစ်ဦးက လုမင်ကို ကြည့်ကာ မေးလိုက်သည်။

"ထျန်းယွမ်"

လုမင် ပြောလိုက်သည်။

"မင်းရဲ့ အရှိန်အဝါကို ပေးသွင်းခဲ့ပါ"

တစ်ဖက်လူက ပြောလိုက်၏။

လုမင်လည်း ခေါင်းညိတ်လိုက်ပြီး အရှိန်အဝါ အနည်းငယ်ကို ချန်ထားခဲ့လိုက်သည်။ ဤအရာမှာ သူ၏ ‌အမှတ်အသားကို သက်သေပြရန်အတွက် ဖြစ်သည်။

ထို့နောက် လုမင်က စင်မြင့်ပေါ်သို့ လှမ်းတက်လိုက်၏။

"အမိတ္တဘ... ကျုပ်က ရဟန်းဝူလျန့်ပါ"

လုမင်က စင်မြင့်ပေါ်သို့ ခြေချလိုက်ရုံရုံမျှ ရှိသေးသည်။ သူ၏ နောက်ကွယ်မှ ဗုဒ္ဓဘာသာဂါထာရွတ်ဆိုသံကို ကြားလိုက်ရသည်။

လုမင်၏ မျက်ခွံများ တွန့်သွားခဲ့၏။ လုမင်သည် ဤအသံနှင့် အလွန်ပင် ရင်းနှီးသည်။ သူ ဤအသံကို မကြားရသည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ၎င်းကို သေချာပေါက် မေ့လျော့လိမ့်မည် မဟုတ်ချေ။

လုမင် လှည့်ကြည့်လိုက်သောအခါ စင်မြင့်ပေါ်သို့ လှမ်းတက်လာသည့် အနည်းငယ် ဝဝဖိုင့်ဖိုင့် ရဟန်းငယ်တစ်ပါးကို မြင်တွေ့လိုက်ရသည်။

'ရဟန်း ဝူလျန့်'

လုမင် အနည်းငယ် အံ့ဩသွား၏။ သူက ရဟန်းဝူလျန့်နှင့် ဤနေရာတွင် ဆုံတွေ့ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

ယခင်က သူ ရှန်းဟွမ်တိုက်ကြီးတွင် ရှိစဉ်အခါက ရဟန်းဝူလျန့်နှင့် ဝူယွဲ့သီလရှင်တို့သည် ယွမ်လုသို့ ဦးစွာ ထွက်ခွာခဲ့ကြခြင်း ဖြစ်သည်။ သူတို့ နောက်ဆုံးဆုံတွေ့ခဲ့ကြသည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပြီ။

သို့သော်လည်း ရဟန်းဝူလျန့်မှာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ကအတိုင်း ရှိနေဆဲပင်။ သူသည် မည်သို့မျှ ပြောင်းလဲသွားခြင်း မရှိပါ။

ရဟန်းဝူလျန့်မှာလည်း လုမင်က သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ ပြန်ကြည့်လိုက်သည်။

"ကျုပ် ဆံပင်မရှိတဲ့သူပါ၊ ဒကာတော်... ခင်ဗျားက ဒီရဟန်းလေးကို ဒီလောက်တောင် 'သံယောဇဉ်ကြီးတဲ့' အကြည့်မျိုးနဲ့ ကြည့်နေတာပဲ။ ကျုပ်ကို သဘောကျသွားတာများလား။ ဒါပေမဲ့ ကံဆိုးချင်တော့ ခင်ဗျား ယောက်ျားတစ်ယောက် ဖြစ်နေတယ်။ တကယ်လို့ ခင်ဗျားသာ မိန်းမလှလေးတစ်ယောက်ဆိုရင် ဒီရဟန်းလေးက စဉ်းစားပေးမိဦးမှာပါ"

ရဟန်းဝူလျန့်က ပြုံးလျက် ပြောလိုက်သည်။

"ထွက်သွား"

လုမင် သူ့နှုတ်ခမ်းကို မဲ့လိုက်သည်။ ဤရဟန်းက တကယ်ကို ပြောင်းလဲသွားခြင်း မရှိချေ။

"‌ဒကာတော်... ကျုပ်တို့ အရင်က ဆုံဖူးသလိုမျိုး ဘာဖြစ်လို့ ခံစားနေရတာလဲ။ ဒါက တော်တော်ကိုရင်းနှီးတဲ့ ခံစားချက်မျိုးပဲ။ အာ... မဟုတ်သေးပါဘူး၊ မဟုတ်သေးဘူး။ ကျုပ်က ဘာဖြစ်လို့ ယောက်ျားတစ်ယောက်အပေါ်မှာ ဒီလိုခံစားချက်မျိုး ရှိနေရတာလဲ"

ရဟန်းဝူလျန့်က လုမင်ကို အကဲခတ်သလို ကြည့်လိုက်သည်။ ထို့နောက် သူ၏ မျက်နှာအမူအရာမှာ ခါးသက်သွားပြီး သက်ပြင်းချလိုက်လေသည်။

"ထွက်သွားစမ်း"

လုမင် ကြိမ်းမောင်းလိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် တုန်လှုပ်သွားခဲ့ရသည်။ ဤစိတ်မချရသော ရဟန်း၏ အာရုံမှာ အမှန်တကယ် ထက်မြက်လှပေသည်။ သူသည် နတ်အရှိန်အဝါကျင့်စဉ်ကို အသုံးပြုထားသော်လည်း ရဟန်းဝူလျန့်က ၎င်းကို ခံစားမိနေသေးသည်။

"အမိတ္တဘ"

ထို့နောက် အခြားသော ဗုဒ္ဓအမည်ရွတ်ဆိုသံတစ်ခု ထွက်ပေါ်လာပြီး ရဟန်းငယ်တချို့က စင်မြင့်ပေါ်သို့ လှမ်းတက်လာခဲ့ကြသည်။

"ဝူယွဲ့၊ ဝူချန်"

လုမင်သည် သူတို့ထဲမှ အချို့ကို မှတ်မိလိုက်သည်။

ဗောဓိသတ္တဝူယွဲ့သည်လည်း ရှန်းဟွမ်တိုက်ကြီးမှ ရင်းနှီးသော သူတစ်ယောက်ပင်။

အခြားတစ်ပါးမှာမူ အနန္တဘုရားကျောင်းမှ ရဟန်းဝူချန် ဖြစ်သည်။ သူသည် ကမ္မနိယာမကို ထိန်းချုပ်ထားပြီး ကောင်းကင်သားတော်များထဲမှ တစ်ဦး ဖြစ်ပေသည်။

(အရင်ကအပိုင်းမှာ ကံကြမ္မာနိယာမလို့ မှားယွင်း‌ရေးသားခဲ့မိပါတယ်၊ အမှန်က ကမ္မနိယာမပါ)

မကြာမီ၊ စင်မြင့်ပေါ်၌ လူတစ်ထောင်ခန့် ရှိလာခဲ့သည်။ ထိုအခါ အစစ်အမှန်ဧကရာဇ်နယ်ပယ် အဘိုးအိုက သူ၏ အရှိန်အဝါကို စတင်ထုတ်လွှတ်လိုက်၏။ ၎င်းမှာ လူတိုင်း၏အပေါ်သို့ တောင်ကြီးတစ်လုံးဖြင့် ဖိနှိပ်ထားသကဲ့သို့ပင်။

သို့သော်လည်း ဤဖိအားမှာ လုမင်အတွက် ဘာမျှမဟုတ်ချေ။ သူသည် မည်သည့်ဖိအားကိုမျှ မခံစားရပါ။

လုမင်သည် ရဟန်း ဝူလျန့်၊ သီလရှင် ဝူယွဲ့နှင့် ရဟန်း ဝူချန်တို့မှာလည်း ထို့အတူပင်ဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။ သူတို့၏ မျက်နှာများမှာ တည်ငြိမ်နေကြပြီး မည်သည့်တုံ့ပြန်မှုမျှ မရှိကြချေ။

'ရဟန်းဝူလျန့်နဲ့ ဝူယွဲ့သီလရှင်တို့က ယွမ်လုကို ရောက်လာပြီးနောက်ပိုင်းမှာ တော်တော်လေး တိုးတက်လာခဲ့ပုံရတယ်'

လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

ပထမအချက်အနေဖြင့် လုမင်သည် ဗုဒ္ဓဂိုဏ်း ကျင့်စဉ်ပိုင်းကို ရင်းနှီးကျွမ်းဝင်ခြင်း မရှိချေ။ သူဟာ ထိုရဟန်းငယ်များ၏ ကျင့်ကြံခြင်းအဆင့်ကို ထိုးဖောက်မမြင်နိုင်ခဲ့ပါ။ ၎င်းမှာ သူတို့၏ ခန္ဓာကိုယ်အတွင်း၌ သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားသည့် တောက်ပသော ရွှေရောင်အလင်းလွှာတစ်ခု ရှိနေသည့်အတိုင်းပင် ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း အသက်ရှူကြိမ်သုံးဆယ် ကုန်လွန်သွားခဲ့လေသည်။ သူတို့က စမ်းသပ်မှုကို အလွယ်တကူ ဖြတ်ကျော်သွားနိုင်ခဲ့ကြပြီ ဖြစ်သည်။

"ကျုပ်မှာ ဆံပင်မရှိဘူး၊ ဒကာတော်... ကျုပ်တို့ အရင်က ဆုံဖူးကြသလား။ ခင်ဗျား ဗုဒ္ဓလမ်းစဉ်နဲ့ ရေစက်ရှိပုံရတယ်။ ခင်ဗျားလည်း ကတုံးတုံးပြီး ဗုဒ္ဓဂိုဏ်းကို ဘာဖြစ်လို့ မဝင်တာလဲ"

ရဟန်းဝူလျန့်က လုမင်ထံသို့ လျှောက်လာပြီး ပြုံးလျက် ပြောလိုက်သည်။

"သွားစမ်းပါ"

လုမင်လည်း သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး စင်အောက်ကို ချက်ချင်း ဆင်းသွားတော့သည်။

All Chapters