← Chapters

အခန်း ၂၀၉၆

Vol. 145 Ch. 2096

အခန်း ၂၀၉၆

Vol. 145 Ch. 2096

အပိုင်း ( 2096 ) မဟာဧကရာဇ်ကြီးများက တပည့်ခေါ်ယူလိုသည်။

ထို့နောက် စမ်းသပ်မှုကို ဆက်လက်ပြုလုပ်ခဲ့သည်။

နောက်ထပ် စမ်းသပ်မှုအနည်းငယ် ပြုလုပ်ပြီးနောက်မှာတော့ မည်သူမျှ စာရင်းမသွင်းကြတော့ချေ။

အဆုံးတွင် လူသုံးထောင်ခန့်မှာ ပထမအဆင့်ကို အောင်မြင်ခဲ့ကြသည်။

"နောက်တစ်ဆင့်အတွက် ငါနဲ့အတူ လိုက်ခဲ့ကြချေ"

သက်လတ်ပိုင်း မဟာဧကရာဇ်က ပြောလိုက်ပြီး လေထဲသို့ လှမ်းတက်လိုက်သည်။

ပထမအဆင့် အောင်မြင်ခဲ့ကြသူများက သူ၏နောက်မှ လိုက်ပါသွားကြသည်။ ပွဲကြည့်ရန် လာရောက်ကြသူများမှာလည်း သဘာဝကျစွာပင် နောက်မှ လိုက်ပါလာခဲ့ကြတော့သည်။

လူအုပ်ကြီးက ကောင်းကင်ယံကို ဖြတ်သန်း၍ ပျံသန်းသွားကြသည်။ မကြာမီတွင်၊ သက်လတ်ပိုင်း မဟာဧကရာဇ်က လေထဲ၌ ရပ်တန့်လိုက်၏။

လေထုအလယ်တွင် ကြီးမားလှသော အလင်းတံခါးကြီးတစ်ခု ရှိနေခဲ့သည်။

"ဒါက လူရွေးချယ်စိစစ်ခြင်းရဲ့ ဒုတိယအဆင့်ပဲ။ တံခါးထဲကို ဝင်လိုက်တာနဲ့ မင်းတို့တွေဟာ လိုဏ်ခေါင်းတစ်ခုထဲကို ရောက်သွားလိမ့်မယ်။ လိုဏ်ခေါင်းထဲမှာ မင်းတို့ကို စောင့်ကြိုနေတဲ့ အမျိုးမျိုးသော စမ်းသပ်မှုတွေ ရှိနေတယ်။ မိနစ်သုံးဆယ်အတွင်း အဲဒီလိုဏ်ခေါင်းကို ဖြတ်သန်းသွားနိုင်သရွေ့ မင်းတို့ စမ်းသပ်မှုကို အောင်မြင်မယ်။ ကိုင်း... အားလုံး အတူတူ ဝင်ရောက်နိုင်ပါပြီ"

သက်လတ်ပိုင်း မဟာဧကရာဇ်က ပြောလိုက်သည်။

"ဝှစ်... ဝှစ်..."

မျက်စိတစ်မှိတ်အတွင်း လူသုံးထောင်ကျော်မှာ အလင်းတံခါးကြီးထဲသို့ ပျံသန်းဝင်ရောက်သွားကြ၏။

အလင်းတံခါးကြီးမှာ ကြီးမားလွန်းလှ၏။ လူသုံးထောင်ကျော် တိုးဝှေ့ဝင်ရောက်သွားသော်လည်း အနည်းငယ်မျှပင် ပြည့်ကျပ်နေခြင်း မရှိချေ။ ထိုလူသုံးထောင်မှာ အလင်းတံခါးထဲသို့ ပျံသန်းဝင်ရောက်သွားပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားခဲ့ကြရသည်။

လုမင်လည်း သူ့ခန္ဓာကိုယ်က တုန်ရီသွားသည်ကို ခံစားလိုက်ရသည်။ နောက်အခိုက်တွင်၊ သူသည် လိုဏ်ခေါင်းတစ်ခုအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရ၏။ ပတ်ဝန်းကျင်တွင် အခြားမည်သူမျှ မရှိဘဲ သူတစ်ဦးတည်းသာ ရှိနေခဲ့သည်။

ဤနေရာတွင် အစီရင်တစ်ခု ရှိနေရမည်ကို သူ သိလိုက်ပေသည်။

မဟာဧကရာဇ်များတွင် အစွမ်းထက်သော နည်းလမ်းများ ရှိကြသည်။ သူတို့အနေဖြင့် ဆန်းကြယ်သော အစီရင်အချို့ကို တည်ဆောက်ထားခြင်းမှာ အံ့သြစရာ မဟုတ်ချေ။

လုမင်က တစ်ချက်ပြုံးလိုက်ပြီး ရှေ့သို့ လျှောက်သွားလိုက်သည်။

လိုဏ်ခေါင်းလမ်းမှာ အနည်းငယ် ခက်ခဲသော်လည်း လုမင်အတွက်မူ ပြဿနာမဟုတ်ခဲ့ချေ။

လုမင်က သူ့အစွမ်းကုန် အသုံးမပြုခဲ့သော်လည်း ထိုလမ်းကြောင်းတစ်ခုလုံးကို အလွန်လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။ ထို့နောက် သူ့ရှေ့တွင် ပေါ်လာသော ထွက်ပေါက်ကိုကြည့်ရင်း လုမင် နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်လေသည်။

ငါးမိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။

သူသည် လိုဏ်ခေါင်းလမ်းကို ဖြတ်သန်းရန်အတွက် ငါးမိနစ်သာ အသုံးပြုခဲ့ရခြင်း ဖြစ်၏။

ဤလိုဏ်ခေါင်းလမ်း၏ စမ်းသပ်မှုမှာ အလွန်ပင် ရှုပ်ထွေးသည်။ ၎င်းမှာ တစ်ဦးတစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းရည်ကိုသာမက သတ္တိ၊ ပြတ်သားမှု၊ ဉာဏ်ပညာ၊ စိတ်ဓာတ်ကြံ့ခိုင်မှု စသည်တို့ကိုပါ စမ်းသပ်ခြင်း ဖြစ်သည်။ ၎င်းက အလွန်ပင် ဘက်စုံလှပေသည်။

အကယ်၍ တစ်စုံတစ်ဦးက ဤအချက်များအားလုံးတွင် ထူးချွန်ပါက သူတို့၏ ပါရမီမှာ သေချာပေါက် မဆိုးရွားနိုင်ချေ။

သို့သော်လည်း လုမင်သည် လမ်းခရီးတစ်လျှောက်တွင် ထိုကဲ့သို့သော စမ်းသပ်မှုများနှင့် အခက်အခဲပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးသည်။ သူ့အတွက်မူ ဤစမ်းသပ်မှုများမှာ အနည်းငယ်မျှပင် မခက်ခဲခဲ့ချေ။

လုမင်က လိုဏ်ခေါင်းထဲမှ လှမ်းထွက်လိုက်သည်။

လုမင် လိုဏ်ခေါင်းထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် လူအများအပြား သူ့ကို စိုက်ကြည့်နေကြသည်ကို မြင်တွေ့လိုက်ရ၏။

လုမင် မှင်တက်သွားခဲ့ရသည်။ လေထဲတွင် မတ်တပ်ရပ်နေကြသည့် လူပေါင်းများစွာ ရှိနေသည်ကို သူ သတိပြုမိလိုက်ခြင်း ဖြစ်ပေသည်။ အများစုမှာ မျိုးဆက်ဟောင်းများ ဖြစ်ကြသည်။ သူတို့ထဲမှ အချို့မှာတော့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်ဖော်နေကြပေသည်။

'ဒီနေရာမှာ မဟာဧကရာဇ်တွေ အများကြီး ရှိနေကြတာပဲ'

လုမင် တုန်လှုပ်သွားခဲ့သည်။ မဟာဧကရာဇ် အရှိန်အဝါများကို ထုတ်ဖော်နေကြသည့် အကြီးအကဲက အနည်းဆုံး ဆယ်ပါးထက်မနည်း ရှိနေသည်ကို သူ ‌တွေ့လိုက်ရ၏။ ဤသည်မှာ လုမင်၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။

"ကျုပ်မှာ ဆံပင်မရှိဘူး၊ ဒကာတော်... ခင်ဗျားရဲ့ အရှိန်က သိပ်လည်းမမြန်လှပါလား။ ဟားဟားဟား..."

စကားသံနှင့်အတူ ရဟန်းဝူလျန့် ပေါ်လာခဲ့သည်။ သူ၏ အရှိန်မှာ လုမင်ထက်ပင် ပိုမိုမြန်ဆန်နေသဖြင့် လုမင်ကို အံ့အားသင့်စေခဲ့ပေသည်။

ဟုတ်သည်၊ လုမင်ကလည်း သူ၏ အစွမ်းကုန်ကို အသုံးမပြုခဲ့ချေ။

လုမင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သောအခါ လူငယ်အနည်းငယ်မှာ လမ်းကြောင်းကို ဖြတ်သန်းပြီးသွားပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။

'သူပဲ'

လုမင်က အရပ်ရှည်ရှည် လူငယ်တစ်ဦးကို မြင်တွေ့လိုက်ရသည်။ သူသည် လက်နှစ်ဖက်ကို နောက်သို့ယှက်ကာ ရပ်နေပြီး ကြီးစိုးသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ထား၏။

ကစဉ့်ကလျား၏သားတော်၊ ယွမ်ရှင်း။

လုမင်သည် ဟွင်းယွမ်ဂိုဏ်း၏ စစ်ဆေးမှုအတွင်း သူ့ကို မြင်တွေ့ဖူးခဲ့သဖြင့် လုံးဝ မမှားနိုင်ပေ။

ယွမ်ရှင်းကမူ လုမင်ကို သာမန်ကာလျှံကာ တစ်ချက်ကြည့်လိုက်ပြီးနောက် အကြည့်ပြန်လွှဲသွားခဲ့သည်။

"လူငယ်လေး... မင်း ဘယ်လိုနိယာမကို ကျင့်ကြံနေတာလဲ"

ဤအချိန်တွင် အဘိုးအိုတစ်ဦးက တောက်ပသော မျက်လုံးများဖြင့် လုမင်ကို ကြည့်ကာ မေးလိုက်သည်။

"သေခြင်းနိယာမပါ"

လုမင် ခေါင်းညိတ်လိုက်သည်။ သေခြင်းနိယာမ၏ အရှိန်အဝါက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့၏။

"မင်းက တကယ်ကို သေခြင်းရဲ့သားတော်ပဲ။ လူငယ်လေး... မင်း ငါ့ရဲ့ တပည့်အဖြစ် ခံယူဖို့ ဆန္ဒရှိရဲ့လား"

အဘိုးအိုက မေးလိုက်၏။

"ကျုပ် ခံစားမိတာကတော့ သူက ကျုပ်ရဲ့ တပည့်ဖြစ်ဖို့ ရေစက်ပါလာတာပဲ။ သူက ကျုပ်ရဲ့ တပည့် ဖြစ်သင့်တယ်"

အခြားအဘိုးအိုတစ်ဦးက ပြောလိုက်ပြန်သည်။ ဤလူများ အားလုံးမှာ မဟာဧကရာဇ်များ ဖြစ်ကြပေသည်။

လုမင် အနည်းငယ် မိန်းမောသွားခဲ့ရသည်။

ဤမဟာဧကရာဇ်များက တပည့်များကို စုဆောင်းရန်အတွက် ဤနေရာတွင် စောင့်ဆိုင်းနေကြခြင်း ဖြစ်နိုင်ပါမည်လော။

'ဒကာတော်... သူတို့အားလုံးက နတ်ကံကြမ္မာနယ်မြေရဲ့ မဟာဧကရာဇ်တွေပဲ။ သူတို့ရဲ့ ရည်ရွယ်ချက်က ပါရမီရှင် လူငယ်တွေကို ရှာဖွေပြီး တပည့်အဖြစ် လက်ခံဖို့နဲ့ သူတို့ရဲ့ ပညာတွေကို လက်ဆင့်ကမ်းပေးဖို့ပဲ'

ရဟန်းဝူလျန့်က လုမင်ထံသို့ အသံပို့လွှတ်ပြီး ပြောလိုက်သည်။

လုမင်လည်း ခေါင်းညိတ်လိုက်ပြီး နားလည်သွားခဲ့သည်။

ယွမ်လုတွင် အချို့သော အခြေအနေများအောက်၌ မိမိ၏ ဆရာကို ပြောင်းလဲခြင်းမှာ ကြီးမားသော ကိစ္စတစ်ခု မဟုတ်ချေ။

ဥပမာအားဖြင့် အချို့သော အနှိုင်းမဲ့ ပါရမီရှင်များသည် သူတို့၏ ကျင့်ကြံခြင်းအဆင့် အားနည်းနေသေးသည့် အချိန်တွင် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသော ဆရာတစ်ဦး ရှိနေနိုင်သည်။ သို့သော်လည်း ဤပါရမီရှင်များက လျင်မြန်စွာ မြင့်တက်လာကြပြီး အချိန်တိုအတွင်း သူတို့၏ ဆရာများကို ကျော်လွန်သွားကြပေလိမ့်မည်။

ဥပမာအားဖြင့် လုမင်၏ လက်ရှိကျင့်ကြံခြင်းမှာ တိမ်နဂါးတောင်ကြားသခင်ထက် များစွာ ပို၍သန်မာနေပြီ ဖြစ်သည်။

ထို့ကြောင့် ထိုကဲ့သို့သော ဆရာများသည် ပါရမီရှင်များကို ဆက်လက်၍ မကူညီနိုင်ကြတော့ချေ။ ထိုပါရမီရှင်များက ပိုမိုအစွမ်းထက်သော အခြားဆရာများကို သဘာဝအတိုင်း ရှာဖွေနိုင်ကြသည်။

ထို့ကြောင့် ဤမဟာဧကရာဇ်များက သူတို့၏ ကံကို စမ်းသပ်ရန် ဤနေရာတွင် စောင့်ဆိုင်းနေကြခြင်းပင်။ အကယ်၍ အစွမ်းထက် နောက်ခံမရှိဘဲ သူတို့ကို ဆရာအဖြစ် တင်မြှောက်ရန် ဆန္ဒရှိသော အနှိုင်းမဲ့ ပါရမီရှင်တစ်ဦးနှင့် ဆုံတွေ့ခဲ့ပါက သူတို့အတွက် အကျိုးအမြတ် ရှိလိမ့်မည်။

"အကြီးအကဲတို့... အကြီးအကဲတို့ရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်။ ‌ဒါ‌ပေမဲ့ ကျွန်တော်မှာ ဆရာရှိပြီးသားမို့ လက်ရှိအချိန်မှာ အကြီးအကဲတို့ကို ဆရာအဖြစ် မတင်မြှောက်နိုင်သေးပါဘူး"

လုမင်က လက်ယှက်ပြကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

"စိတ်မကောင်းစရာပဲ"

မဟာဧကရာဇ်များလည်း ခေါင်းကိုခါလိုက်ကြလေသည်။ နှမြောစရာကောင်းသလိုလည်း သူတို့ခံစားလိုက်ကြရသည်။

သူသည် သေခြင်း၏သားတော်ဖြစ်ပြီး ငါးမိနစ်အတွင်း လမ်းကြောင်းကို ဖြတ်သန်းနိုင်ခဲ့သူ ဖြစ်သည်။ သူသည် ဘက်စုံထူးချွန်သူဟု ဆိုနိုင်ပေသည်။ ထို့ကြောင့် ဤမဟာဧကရာဇ်များက သူ့ကို အလွန်ပင် စိတ်ဝင်စားနေခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း ဤပါရမီရှင်များအနက် အနည်းငယ်သာ ဆရာတင်မြှောက်ရန် ဆန္ဒရှိကြလိမ့်မည်မှာ ထင်ရှားသည်။ ပုံမှန်အားဖြင့် သူတို့တွင် သန်မာသော နောက်ခံ သို့မဟုတ် ကျွမ်းကျင်သူတစ်ဦး ရှိနေတတ်ကြစမြဲပင်။

လူအုပ်ကြီးက ဆက်လက်၍ စောင့်ဆိုင်းနေခဲ့ကြသည်။ မကြာမီ၊ နောက်ထပ် လူအနည်းငယ် ပေါ်လာခဲ့ပြန်သည်။ လုမင်သည် ရင်းနှီးသော မျက်နှာတစ်ခုဖြစ်သည့် ရှေးနတ်ဆိုးကို မြင်တွေ့လိုက်ရ၏။

သူသည် အဆုံးမဲ့နတ်ဆိုးနယ်မြေမှ ရှေးဦးနတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံသော ပါရမီရှင် ဖြစ်သည်။ သူက ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်တစ်ဦး ဖြစ်မည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

နှစ်အနည်းငယ် ကုန်လွန်သွားခဲ့ပြီးနောက် သူ၏ ကျင့်ကြံခြင်းက မည်သည့်အဆင့်သို့ ရောက်ရှိနေပြီလဲဆိုသည်ကို သူ မသိရှိပါ။

"ရှန်းရှန်း၊ မော့လီ"

ရှစ်မိနစ်မြောက်တွင် လုမင်က လုရှန်းရှန်းနှင့် အိုးရန်မော့လီတို့ အတူတူနီးပါး လမ်းလျှောက်ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။

"အတော်ငယ်ရွယ်ကြတာပဲ"

လူအများ၏ မျက်လုံးများ အရောင်လက်သွားခဲ့ကြသည်။ ထိုအကြီးအကဲအိုများ၏ မျက်လုံးများမှာမူ ပို၍ပင် တောက်ပနေကြတော့သည်။

လုရှန်းရှန်းနှင့် အိုးရန်မော့လီတို့မှာ အလွန်ပင် ငယ်ရွယ်ပုံရသည်။

အိုးရန်မော့လီမှာ အနည်းငယ် ပို၍ အသက်ကြီးပုံရသော်လည်း အသက် ၁၅ နှစ်ဝန်းကျင်ခန့်သာ ရှိပုံရသေးသည်။ လုရှန်းရှန်းမှာမူ အသက် ၁၅ နှစ်ပင် မပြည့်သေးပုံရသည်။

ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ရှစ်မိနစ်အတွင်း လမ်းကြောင်းမှ လမ်းလျှောက်ထွက်လာနိုင်ခြင်းမှာ အလွန်ပင် ရှားပါးလှပေသည်။

ထိုအကြီးအကဲများ၏ နှလုံးသားများမှာ တစ်ဖန်ပြန်၍ လှုပ်ခတ်သွားခဲ့ကြပြန်သည်။

"ဟားဟားဟား... ဒီကလေးနှစ်ယောက်က မဆိုးဘူးပဲ။ ရှစ်မိနစ်အတွင်း လမ်းကြောင်းကို ဖြတ်သန်းနိုင်ခဲ့တယ်။ ထူးချွန်တဲ့ ပါရမီပဲ"

အဘိုးအိုတစ်ဦးက ရှေ့သို့ လှမ်းထွက်လာပြီး ပြုံးလျက် ပြောလိုက်သည်။

"အကြီးအကဲကို နှုတ်ခွန်းဆက်ပါတယ်"

လုရှန်းရှန်းနှင့် အိုးရန်မော့လီတို့က ယဉ်ကျေးစွာဖြင့် ဦးညွှတ်လိုက်ကြသည်။

"မင်းတို့နှစ်ယောက်က ဘယ်လိုနိယာမကို နားလည်သဘောပေါက်ထားကြတာလဲ"

အခြားအဘိုးအိုတစ်ဦး ရှေ့သို့ လှမ်းထွက်လာပြီး ပြုံးလျက် မေးလိုက်၏။

လုရှန်းရှန်းနှင့် အိုးရန်မော့လီတို့လည်း ဖုံးကွယ်ထားခြင်း မရှိဘဲ သူတို့၏ အရှိန်အဝါများကို ထုတ်ဖော်လိုက်ကြသည်။

"ကောင်းကင်သားတော်တွေ... တကယ်ကို ကောင်းကင်သားတော်တွေပဲ"

အဘိုးအိုများ၏ မျက်လုံးများမှာ ပိုမို၍ တောက်ပသွားကြတော့သည်။

"မိန်းကလေး... မင်း ငါ့ကို မင်းရဲ့ ဆရာအဖြစ် အသိအမှတ်ပြုဖို့ ဆန္ဒရှိရဲ့လား"

"ကောင်လေး... မင်း ငါ့ကို မင်းရဲ့ ဆရာအဖြစ် အသိအမှတ်ပြုဖို့ ဆန္ဒရှိရဲ့လား"

အဘိုးအိုများက လုရှန်းရှန်းနှင့် အိုးရန်မော့လီတို့ကို စိုက်ကြည့်ရင်း တစ်ယောက်ပြီးတစ်ယောက် ပြောဆိုလိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင်လည်း စိတ်အားထက်သန်မှုများဖြင့် တောက်ပနေကြ၏။

လုရှန်းရှန်းနှင့် အိုးရန်မော့လီတို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ခေါင်းခါလိုက်ကြသည်။

"အကြီးအကဲ... ကျွန်မမှာ ဆရာရှိပြီးသားပါ။ ကျွန်မ အခြားဘယ်သူ့ကိုမှ ဆရာမတင်ပါဘူး"

လုရှန်းရှန်းက သူမ၏ ခေါင်းကို ခါရင်း ပြောလိုက်သည်။

"မင်းမှာ ဆရာရှိပြီးသား ဟုတ်လား။ မင်းရဲ့ ဆရာက ဘယ်သူလဲ။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘာလဲ။ ငါက မဟာဧကရာဇ်တစ်ပါးပဲလေ"

အဘိုးအိုတစ်ဦးက စိုးရိမ်တကြီး ဖြစ်သွားပြီး သူ၏ ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်ကာ အလောတကြီး ပြောလိုက်သည်။

"ကျွန်မ ဆရာရဲ့ ကျင့်ကြံခြင်းအဆင့်က အကြီးအကဲလောက် မမြင့်မားသေးပေမဲ့ အနာဂတ်မှာတော့ သူက သေချာပေါက် ထိပ်တန်းကျွမ်းကျင်သူတစ်ဦး ဖြစ်လာမှာပါ"

လုရှန်းရှန်းက ပြတ်သားသော မျက်နှာအမူအရာဖြင့် ပြောလိုက်၏။

"ဟားဟားဟား...၊ ကောင်မလေး... ထိပ်တန်းကျွမ်းကျင်သူတစ်ယောက် ဖြစ်လာဖို့က ဒီလောက်အထိ လွယ်ကူပါ့မလား။ မင်း အလိမ်မခံရစေနဲ့ဦး"

အဘိုးအိုတစ်ဦးက ရယ်မောလိုက်လေသည်။

All Chapters