အခန်း ၂၀၉၇
Vol. 145 Ch. 2097
အပိုင်း ( 2097 ) ကျွန်တော်တို့ရဲ့ဆရာ လုမင်။
သို့သော်လည်း လုရှန်းရှန်းက သူမ၏ခေါင်းကို ဆက်၍သာ ခါယမ်းနေခဲ့သည်။
ထိုအဘိုးအိုမှာ စိုးရိမ်တကြီး ဖြစ်လာခဲ့ရ၏။ လုရှန်းရှန်းသည် ဤမျှ ငယ်ရွယ်သော်လည်း နက်ရှိုင်းသော ကျင့်ကြံခြင်းအခြေခံမျိုး ရှိနေပြီးသား ဖြစ်သည်။ ထို့ပြင် သူက လမ်းကြောင်းကို ရှစ်မိနစ်အတွင်း ဖြတ်သန်းနိုင်ခဲ့သေး၏။ သူမ၏ပါရမီမှာ သေချာပေါက် အလွန် မြင့်မားလှပေသည်။ သူဟာ သူမကို ကြည့်လေလေ ပို၍ သဘောကျလေလေ ဖြစ်နေခဲ့သည်။
"မိန်းကလေး... မင်းရဲ့ဆရာက ဘယ်သူလဲ။ ငါ သွားပြီးတော့ သူ့ကို စကားပြောပေးမယ်"
အဘိုးအိုက ပြောလိုက်သည်။
"ကျွန်မရဲ့ဆရာက လုမင်ပါ"
လုရှန်းရှန်း၏ ကြည်လင်ပြတ်သားသော အသံလေး ထွက်ပေါ်လာခဲ့သည်။ လူတိုင်း၏နှလုံးသားများက တုန်လှုပ်သွား၏။
ကစဉ့်ကလျား၏သားတော် ယွမ်ရှင်း၏မျက်လုံးများထဲတွင် ဓားအလင်းနှင့်တူသော တောက်ပသည့် အလင်းတန်းနှစ်ခု ဖြတ်ပြေးသွားခဲ့သည်။
ရှေးနတ်ဆိုး၏ မျက်လုံးများလည်း လှုပ်ခတ်သွားပြီးနောက် သူ့ခန္ဓာကိုယ်မှ နတ်ဆိုးအလင်းလွှာတစ်ခု ပျံ့လွင့်ထွက်ပေါ်လာခဲ့၏။
မုယန်၏ မျက်လုံးများထဲတွင်မူ အေးစက်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားပြီး လုရှန်းရှန်းကို ရန်လိုသောအကြည့်ဖြင့် စိုက်ကြည့်လိုက်တော့သည်။
"လုမင်"
ရဟန်းဝူလျန့်က အတိတ်ကို အောက်မေ့သတိရနေသည့်အလား ရေရွတ်လိုက်သည်။ ထို့နောက် သူသည် လုရှန်းရှန်းကို အသေအချာ အကဲခတ်ကြည့်ရှုလိုက်၏။
"လုမင်၊ ဘယ်လုမင်လဲ"
အဘိုးအိုက ထပ်မံမေးမြန်းလိုက်သည်။
"ယွမ်တောင်ရဲ့ ကစဉ့်ကလျားရဲသားတော် လုမင်ပါ"
လုရှန်းရှန်းက ထပ်မံပြောလိုက်၏။
"သူ ဖြစ်နေတာကိုး...၊ ကစဉ့်ကလျားရဲ့သားတော် လုမင်... သူဟာ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုထူးချွန်တဲ့ တပည့်တစ်ယောက် ရှိနေလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။ တကယ်ကို ဆရာကောင်းတပည့် ပန်းကောင်းပန်တာပါပဲ"
အဘိုးအိုက သက်ပြင်းချလိုက်လေသည်။ ထို့နောက် သူက ဆက်ပြောလိုက်သည်။
"မင်းရဲ့ဆရာရဲ့ ပါရမီကတော့ တကယ်ကို အနှိုင်းမဲ့ပါပဲ။ တကယ်လို့ သူသာ သေဆုံးမသွားခဲ့ရင် အနာဂတ်မှာ ဒီအဘိုးကြီးကို ကျော်လွန်သွားဖို့က ပုံမှန်ပဲ။ ဒါပေမဲ့ သူက ကျဆုံးသွားခဲ့ပြီလေ..."
"မဟုတ်ဘူး... ကျွန်မရဲ့ဆရာ မသေသေးဘူးဆိုတာ ယုံကြည်တယ်"
လုရှန်းရှန်းက သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။ သူမ၏ နုနယ်သော မျက်နှာလေးထက်တွင် ပြတ်သားမှုများ ပြည့်နှက်နေခဲ့၏။
"မိန်းကလေး... မင်း ဘာလို့ ထပ်ပြီး မစဉ်းစားတာလဲ" အဘိုးအိုမှာ လက်မလျှော့ချင်သေးပေ။
"အကြီးအကဲရဲ့ စေတနာကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီအငယ်လေးက ကျွန်မရဲ့ဆရာကို ပြောင်းလဲမှာ မဟုတ်ပါဘူး"
လုရှန်းရှန်းက သူမ၏ခေါင်းကို ပြတ်ပြတ်သားသား ခါယမ်းလိုက်သည်။
'ဒီကောင်မလေး...'
လုမင်လည်း ခေါင်းယမ်းပြီး ပြုံးလိုက်မိလေသည်။
"လူငယ်လေး... မင်းကော ဘယ်လိုလဲ။ မင်းမှာ ဆရာရှိလား"
ဤအချိန်တွင် အခြားအဘိုးအိုတစ်ဦးက အိုးရန်မော့လီကို စိုက်ကြည့်ကာ မေးလိုက်သည်။
"ဟုတ်ကဲ့... ကျွန်တော်ရဲ့ဆရာက လုမင်ပါ"
အိုးရန်မော့လီက ပြောလိုက်၏။
ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ချည်း ငြိမ်သက်သွားတော့သည်။
ယွမ်ရှင်း၊ မုယန်နှင့် အခြားသူများ၏ မျက်လုံးများမှာလည်း တောက်ပသွားခဲ့ကြပြန်သည်။
"ဘာကြီး၊ လုမင် ဟုတ်လား။ လုမင် ထပ်ဖြစ်ပြန်ပြီလား... ဘယ်လုမင်လဲ"
အစစ်အမှန်ဧကရာဇ်နယ်ပယ် အကြီးအကဲများအားလုံး မှင်တက်သွားခဲ့ကြရသည်။
"သူက ကျွန်တော့်ရဲ့ ဆရာတူအစ်မပါ"
အိုးရန်မော့လီက လုရှန်းရှန်းကို လက်ညှိုးထိုးပြလိုက်သည်။
နေရာတစ်ခုလုံးရှိ လူတိုင်း ဆွံ့အသွားခဲ့ကြရ၏။
သူက အမှန်တကယ်ပင် လုမင်၏ တပည့် ဖြစ်နေသည်။
ကောင်းကင်သားတော် ဆရာတပည့်များ... ဤအရာက လူတိုင်းကို ဘာပြောရမှန်းမသိအောင် ဖြစ်စေသည်။
ကောင်းကင်သားတော်ဆိုသည်မှာ အလွန်အမင်း ရှားပါးသော တည်ရှိမှုများ ဖြစ်ကြသည်။
ဤရွှေခေတ်တွင်ပင် သူတို့က အလွန်အမင်း ရှားပါးနေသေးသည်။ နယ်မြေကြီးတစ်ခုမှာပင် သူတို့က အနည်းငယ်သာ ရှိနေတတ်ကြသည်။
ယွမ်လုတစ်ခုလုံး၏ ပါရမီရှင်များ စုဝေးရာဖြစ်သော နယ်မြေဆယ်ခုတိုက်ပွဲကြောင့်သာ ကောင်းကင်သားတော်များကို ရံဖန်ရံခါ မြင်တွေ့နိုင်ခြင်း ဖြစ်ပေသည်။
အခြားတစ်ဖက်တွင်မူ လုမင်က မိမိကိုယ်တိုင် ကောင်းကင်သားတော်တစ်ဦး ဖြစ်သည်။ ထို့ပြင် တပည့်နှစ်ဦးကို လက်ခံခဲ့ပြီး သူတို့သည်လည်း ကောင်းကင်သားတော်များ ဖြစ်နေကြ၏။ ဤကဲ့သို့သော အခြေအနေမျိုးကို ကောင်းကင်ဧကရာဇ်အဆင့် တန်ခိုးရှင်ကြီးများပင် မနာလိုဖြစ်မိပေလိမ့်မည်။
"ဆရာက သေချာပေါက် မသေသေးပါဘူး"
လုရှန်းရှန်းနှင့် အိုးရန်မော့လီတို့က သံပြိုင် ပြောဆိုလိုက်ကြသည်။
"မသေဘူး ဟုတ်လား၊ ရယ်စရာကောင်းလိုက်တာ။ မင်းတို့က ကိုယ့်ကိုယ်ကိုယ် လှည့်စားနေကြတာပဲ"
မုယန်က သူ၏နှုတ်ခမ်းကို တွန့်ကာ လှောင်ပြောင်လိုက်၏။
"နင် ဘာပြောလိုက်တာလဲ"
လုရှန်းရှန်းက မုယန်ကို စိုက်ကြည့်လိုက်သည်။
"ငါက အမှန်တရားကို ပြောပြနေတာပဲ။ မင်းတို့က ကျင့်ကြံမှုလေး နည်းနည်းရှိရုံနဲ့တင် ထောင်လွှားနေကြတယ်။ ဒီအတိုင်းဆိုရင် မင်းတို့ ဘယ်လိုသေရမလဲဆိုတာတောင် သိမှာမဟုတ်ဘူး"
မုယန်က နှာခေါင်းရှုံ့လိုက်၏။
"ဟမ့်... တကယ်လို့ ငါတို့ရဲ့ဆရာသာ ဒီမှာရှိရင် မင်းက ဘာကောင်မို့လို့လဲ။ မင်းက ငါတို့ဆရာရဲ့ ရိုက်နှက်တာကို သေချာပေါက် ခံရမှာပဲ"
အိုးရန်မော့လီက အေးစက်စွာ ပြောလိုက်သည်။
"ဘာကွ... မင်း... မင်း သေချင်နေတာပဲ"
မုယန်က ဒေါသချောင်းချောင်းထွက်သွားခဲ့ရသည်။ သူ့မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားခဲ့၏။
အိုးရန်မော့လီက သူ့ကို တမင်တကာ လှောင်ပြောင်နေသည်ဟု သူ ထင်မှတ်လိုက်ခြင်း ဖြစ်သည်။ ယခင်က သူသည် အမှန်တကယ်ပင် လုမင်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး လုမင်၏ ခြေဖဝါးအောက်တွင် နင်းချေခြင်း ခံခဲ့ရပေသည်။ ထို့ကြောင့် သူသည် အလွန်အမင်း အရှက်ရခဲ့ရဖူးသည်။
သို့သော်၊ လက်တွေ့တွင်မူ အိုးရန်မော့လီက မုယန်ကို လုံးဝ မသိရှိချေ။ မုယန်က လုမင်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရဖူးသည်ကိုလည်း သူ မသိရှိထားပါ။
"ငါ ပြောတာ မှန်နေပုံရတယ်။ မင်း အရင်က ငါတို့ဆရာရဲ့ ရိုက်နှက်တာကို တကယ်ခံခဲ့ရဖူးတာပေါ့"
အိုးရန်မော့လီက တစ်စုံတစ်ခုကို ရိပ်မိသွားပြီး ဆက်လက်၍ လှောင်ပြောင်လိုက်သည်။
"မင်း တကယ် သေချင်နေတာပဲ"
မုယန် ဒေါသပေါက်ကွဲသွားခဲ့သည်။ သူ့ခန္ဓာကိုယ်မှ အေးစက်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာပြီး လုရှန်းရှန်းနှင့် အိုးရန်မော့လီတို့ထံသို့ လှမ်းလျှောက်သွားခဲ့၏။
"မင်း ဘာလုပ်နေတာလဲ၊ ဒါက တိုက်ခိုက်ရမယ့် နေရာလား"
အကြီးအကဲတစ်ဦးက မုယန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ မုယန်မှာ တစ်ကိုယ်လုံး တုန်ရီသွားခဲ့ရ၏။ သူ့နဖူးမှ အေးစက်သော ချွေးစေးများ စိမ့်ထွက်လာတော့သည်။
အဆုံးတွင် အဘိုးအိုများက သက်ပြင်းချလိုက်ကြရသည်။ လုရှန်းရှန်းနှင့် အိုးရန်မော့လီတို့ကို တပည့်အဖြစ် လက်ခံခွင့်မရခြင်းမှာ နှမြောစရာကောင်းကြောင်း သူတို့ ခံစားလိုက်ကြရ၏။
ထို့နောက်တွင် လမ်းကြောင်းကို ဖြတ်သန်းလာနိုင်သူ ပိုမိုများပြားလာခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင် လူတစ်ထောင်ခန့် ဖြတ်သန်းနိုင်ခဲ့ပေသည်။ မဖြတ်သန်းနိုင်သော သူများမှာမူ အားလုံး ဖယ်ထုတ်ခြင်း ခံခဲ့ကြရသည်။
လူသုံးထောင်အနက် လူတစ်ထောင်ခန့်သာ ကျန်ရစ်ခဲ့ခြင်း ဖြစ်ပေသည်။
"ကောင်းပြီ... အောင်မြင်သူတွေက ငါ့နောက်ကို လိုက်ခဲ့ကြပါ၊ ရွေးချယ်စိစစ်ခြင်းရဲ့ တတိယအဆင့် ရှိသေးတယ်"
သက်လတ်ပိုင်း မဟာဧကရာဇ်က ရောက်ရှိလာပြီး ရလဒ်များကို ကြေညာလိုက်သည်။
မဟာဧကရာဇ်များ အပါအဝင် လူအုပ်ကြီးက သူ့နောက်မှ လိုက်ပါသွားကြ၏။ လူအုပ်ကြီးက အခြားသော တောင်ထိပ်တစ်ခုဆီသို့ ပျံသန်းသွားခဲ့ကြသည်။
ဤတောင်ထိပ်၏ ထိပ်ဖျားပိုင်းမှာ အလွန်ပင် ကျယ်ဝန်းပေသည်။ ၎င်းမှာ တစ်စုံတစ်ဦးက တောင်ထိပ်ကို ထက်မြက်လွန်းသော ဓားတစ်စင်းဖြင့် ခုတ်ဖြတ်ထားသည့်အတိုင်း အလွန်ပင် ညီညာချောမွေ့နေခဲ့၏။
တောင်ထိပ်၏ အလယ်ဗဟိုတွင်မူ ကြီးမားသော တိုက်ခိုက်ရေးစင်မြင့်တစ်ခု ရှိနေခဲ့ပေသည်။ ၎င်းက ခရမ်းရွှေရောင် အလင်းတန်းများ ထွက်ပေါ်နေသည်။ ၎င်းမှာ အစီရင်စွမ်းအား ဖြစ်၏။
သက်လတ်ပိုင်း မဟာဧကရာဇ်က တိုက်ခိုက်ရေးစင်မြင့်ထက်သို့ ဆင်းသက်လိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ဒီတစ်ကြိမ် လူရွေးချယ်မှုကတော့ နောက်ဆုံးအဆင့်ပဲ။ ဒီအဆင့်မှာ အယောက်ရှစ်ဆယ်ပဲ ကျန်ရှိမယ်"
နေရာ ရှစ်ဆယ်...
လူအုပ်ကြီးမှာ တုန်လှုပ်သွားခဲ့ကြသည်။
လူတစ်ထောင်ထဲမှ အယောက်ရှစ်ဆယ်သာ ကျန်ရှိလိမ့်မည်။ ဖယ်ထုတ်ခံရမည့် ရာခိုင်နှုန်းမှာ အလွန်ပင် မြင့်မားလှသည်။
ထို့ပြင် ဤအရာက ရွေးချယ်စိစစ်မှုသာ ရှိသေးသည်။ နောက်ဆုံးပွဲစဉ်မှာ စတင်ခြင်းပင် မရှိသေးချေ။
"တိုက်ပွဲနယ်မြေ လေးခုစလုံးမှာ စည်းမျဉ်းတွေက အတူတူပါပဲ။ တိုက်ပွဲနယ်မြေ တစ်ခုစီက လူအယောက် ရှစ်ဆယ်စီကို ရွေးချယ်သွားမှာ ဖြစ်တယ်။ စစ်မှန်တဲ့ နောက်ဆုံးတိုက်ပွဲမှာ ပါဝင်ဆင်နွှဲမယ့်သူက စုစုပေါင်း သုံးရာ့နှစ်ဆယ် ရှိလာမှာ ဖြစ်ပြီး အဲဒါက အဆုံးသတ်တိုက်ပွဲတစ်ခု ဖြစ်လာပါလိမ့်မယ်"
"ဒါပေမဲ့ မင်းတို့ကို ငါ တစ်ခုလောက် ပြောပြမယ်။ ဒီရွေးချယ်မှုအဆင့် ပြီးသွားရင် မင်းတို့ အခွင့်အရေးတစ်ခု ရရှိနိုင်လိမ့်မယ်။ ဒါက အရမ်းကို ကြီးမားတဲ့ အခွင့်အရေးတစ်ခုပေါ့။ မင်းတို့ထဲက အများစုဟာ အဲဒီအခွင့်အရေးကို သုံးပြီး သိုင်းဧကရာဇ်နယ်ပယ်ကို တက်လှမ်းနိုင်ကြလိမ့်မယ်"
သက်လတ်ပိုင်း မဟာဧကရာဇ်က ကြေညာလိုက်သည်။
'ဟင်...'
လူအများက တုန်လှုပ်သွားခဲ့ကြသည်။
ဤရွေးချယ်မှုအဆင့် ပြီးဆုံးပြီးနောက်တွင် သူတို့က သိုင်းဧကရာဇ်နယ်ပယ်သို့ပင် တက်လှမ်းခွင့်ပြုနိုင်မည့် အခွင့်အရေးတစ်ခုကို ရရှိနိုင်လိမ့်မည်။
ဧကရာဇ်တစ်ပိုင်းနယ်ပယ်မှ သိုင်းဧကရာဇ်နယ်ပယ်သို့ တက်လှမ်းရန်မှာ အလွန်ပင် ခက်ခဲလှကြောင်း သိထားကြရမည် ဖြစ်သည်။
ရှေးယခင်ကတည်းက ရေတွက်၍မရသော ပါရမီရှင်များမှာ ဤအဆင့်တွင် ပိတ်မိနေခဲ့ကြရခြင်း ဖြစ်ပေသည်။ အချို့မှာ နှစ်အနည်းငယ် ပိတ်မိနေခဲ့ကြပြီး၊ အချို့က ဆယ်စုနှစ်အနည်းငယ်၊ အချို့ဆိုလျှင် နှစ်ထောင်ပေါင်းများစွာတိုင်အောင် ပိတ်မိနေခဲ့ကြရပေသည်။
လူအများစုမှာ သူတို့၏ တစ်သက်တာလုံးတွင် ထိုးဖောက်မဝင်ရောက်နိုင်ခဲ့ကြချေ။
၎င်းမှာ အတားအဆီးတစ်ခု၊ ကြီးမားလှသော အတားအဆီးတစ်ခု ဖြစ်သည်။
တစ်စုံတစ်ဦးက သိုင်းဧကရာဇ်နယ်ပယ်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် သူ၏ သက်တမ်းမှာ အဆုံးမဲ့သွားပြီ ဖြစ်ကြောင်း အဓိပ္ပာယ်ရသည်။ အကယ်၍၊ နှစ်ပေါင်းသုံးသိန်းလျှင် တစ်ကြိမ် ဖြစ်ပေါ်တတ်သော ကောင်းကင်ကပ်ဘေးကို ကျော်လွှားနိုင်သရွေ့ ထာဝရ ရှင်သန်နိုင်လိမ့်မည်။
ရေတွက်၍မရသော လူပေါင်းများစွာ၏ ပန်းတိုင်မှာ သိုင်းဧကရာဇ်နယ်ပယ်သို့ ရောက်ရှိရန် ဖြစ်သည်။
ယခုအခါတွင်မူ၊ သိုင်းဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်နိုင်မည့် အခွင့်အရေးတစ်ခု ရှိနေခဲ့ပြီ။ လူတိုင်း၏ နှလုံးသားများမှာ စိတ်အားထက်သန်မှုများဖြင့် တောက်ပလာခဲ့ကြတော့သည်။
နယ်မြေဆယ်ခုတိုက်ပွဲ မတိုင်မီက မဟာဧကရာဇ်အချို့သည် ဤတိုက်ပွဲတွင် ကြီးမားသော အခွင့်အရေးတစ်ခု ရှိလာလိမ့်မည်ဟု ပြောကြားခဲ့ကြဖူးသည်။ ၎င်းက အမှန်တကယ် ဖြစ်ပုံရပေသည်။
"ငါ သေချာပေါက် ထိပ်တန်း အယောက်ရှစ်ဆယ်ထဲ ဝင်ရမယ်။ ဒီအခွင့်အရေးကိုလည်း သေချာပေါက် အရယူမယ်"
လူအများက လက်သီးများကို တင်းတင်းဆုပ်လိုက်ကြသည်။ သူတို့က ထိပ်တန်း အယောက်ရှစ်ဆယ်ထဲသို့ သေချာပေါက် ဝင်ရောက်ရမည်ဟု မိမိကိုယ်ကိုယ် ကျိန်ဆိုလိုက်ကြ၏။
ဖယ်ထုတ်ခြင်း ခံခဲ့ရပြီးသား ဖြစ်သော သူများမှာမူ သက်ပြင်းချလိုက်ကြရသည်။
ကောင်းကင်သားတော်များ၏ မျက်လုံးများမှာမူ အထူးပင် တောက်ပနေကြတော့သည်။
"ဒီအဆင့်ရဲ့ စည်းမျဉ်းတွေကတော့ အလွန်ပဲ ရိုးရှင်းပါတယ်။ လူတိုင်းက တိုက်ပွဲစင်မြင့်ပေါ်ကို တက်လှမ်းပြီး တိုက်ခိုက်ကြရမှာ ဖြစ်တယ်။ တိုက်ပွဲစင်မြင့်ပေါ်မှာ ကျန်ရှိနေမဲ့ လူအယောက် ရှစ်ဆယ်က နောက်တစ်ဆင့်ကို တက်လှမ်းခွင့်ရမဲ့ လူအယောက် ရှစ်ဆယ် ဖြစ်လာကြလိမ့်မယ်"
"ဒါပေမဲ့ သတ်မှတ်ချက်တစ်ခုတော့ ရှိတယ်။ မင်းတို့တွေ အဖွဲ့ဖွဲ့နိုင်ပေမဲ့ လူဦးရေက သုံးယောက်ထက် မကျော်ရဘူး။ လူသုံးယောက်ထက် ပိုသွားရင် စည်းမျဉ်း ချိုးဖောက်တယ်လို့ သတ်မှတ်မယ်"
သက်လတ်ပိုင်း မဟာဧကရာဇ်က ထပ်မံကြေညာလိုက်သည်။