← Chapters

အခန်း ၂၀၉၈

Vol. 145 Ch. 2098

အခန်း ၂၀၉၈

Vol. 145 Ch. 2098

အပိုင်း ( 2098 ) တပည့်များ၏ အခက်အခဲ။

လူအများ၏ နှလုံးသားများ တုန်လှုပ်သွားခဲ့ကြရသည်။

ဤစည်းမျဉ်းမှာ အလွန်ရိုးရှင်းပြီး ကြမ်းတမ်းသည်ဟု ပြောနိုင်သော်လည်း အလွန်ပင် ထိရောက်မှု ရှိလှပေသည်။

လူတစ်ထောင်ကျော်မှာ တိုက်ခိုက်ရန်အတွက် စင်မြင့်ထက်သို့ တက်လှမ်းသွားကြသည်။ သို့သော်လည်း စင်မြင့်ထက်တွင် လူအယောက် ရှစ်ဆယ်သာ ကျန်ရှိလိမ့်မည်။ တိုက်ပွဲက မည်မျှပြင်းထန်လာမည်ဖြစ်ပြီး အခြေအနေများ မည်သို့ ပြောင်းလဲသွားမည်ကို စိတ်ကူးကြည့်နိုင်သည်။

သန်မာနေရုံမျှဖြင့် အဆုံးအထိ ကျန်ရှိနေနိုင်မည်ဟု မဆိုလိုချေ။ တစ်ဦးတစ်ယောက်အနေဖြင့် ကံတရားလည်း လိုအပ်သည်။

ဟုတ်သည်၊ တစ်စုံတစ်ဦးက အလွန်အမင်း သန်မာနေလျှင်တော့ အခြားသူများကို အနိုင်ယူပြီး အဆုံးအထိ ကျန်ရှိနေရန်အတွက် ကံတရားကို အမှီပြုရန် သဘာဝအတိုင်း မလိုအပ်တော့ချေ။

ထို့ပြင် သတ်မှတ်ချက်တစ်ခုလည်း ရှိနေခဲ့သည်။ အတူတူ ပူးပေါင်းလုပ်ဆောင်မည့် လူဦးရေမှာ သုံးယောက်ထက် မကျော်လွန်နိုင်ချေ။

ဤအရာမှာလည်း ကာကွယ်မှုတစ်ခုနှင့် ကန့်သတ်ချက်ပုံစံမျိုး ဖြစ်သည်။

သူ စိုးရိမ်သည်မှာ ကျွမ်းကျင်သူအများအပြားက အင်အားချင်း ပူးပေါင်းသွားကြမည်ကိုပင်။ အကယ်၍ ထိပ်သီးပါရမီရှင် ဆယ်ယောက်ထက်မက အင်အားချင်း ပူးပေါင်းပြီး အခြားသူများကို တိုက်ထုတ်ပစ်မည်ပါက၊ သူတို့ မည်သို့ ယှဉ်ပြိုင်နိုင်ပါမည်နည်း။

အကယ်၍ လူသုံးယောက်သာ အတူတူ ပူးပေါင်းဆောင်ရွက်လျှင်တော့ ကန့်သတ်ချက်မှာ ကြီးမားပေလိမ့်မည်။

"နောက်ပြီးတော့ အဖွဲ့တွေအချင်းချင်း ရန်သူကို ဆန့်ကျင်ဖို့အတွက် အတူတူ ပူးပေါင်းလုပ်ဆောင်ခွင့် မရှိဘူး"

သက်လတ်ပိုင်း မဟာဧကရာဇ်က ထပ်လောင်းပြောလိုက်သည်။ ယင်းကြောင့် အချို့သောသူများ မျှော်လင့်ထားခဲ့သည့် အဖွဲ့အနည်းငယ် ပူးပေါင်းမည့် အကြံအစည်မှာ ပျက်ပြားသွားခဲ့ရတော့သည်။

"ကောင်းပြီ... ဒါက စည်းမျဉ်းတွေပဲ။ စလိုက်ကြရအောင်"

သက်လတ်ပိုင်း မဟာဧကရာဇ်က ကြေညာလိုက်သည်။

ပါရမီရှင် တစ်ထောင်ကျော်မှာ စင်မြင့်ထက်သို့ ပျံသန်းတက်ရောက်သွားကြသည်။

သို့သော်လည်း စင်မြင့်ထက်သို့ ပျံသန်းရောက်ရှိသွားပြီးနောက် သူတို့သည် တစ်ဦးနှင့်တစ်ဦး ခွာလိုက်ကြပြီး အပြန်အလှန် သတိထားကာ စောင့်ကြည့်နေကြတော့သည်။

စင်မြင့်မှာ ကြီးမားလွန်းလှသည်။ ၎င်းမှာ အလျားနှင့် အနံ မိုင်တစ်ရာခန့် ကျယ်ဝန်း၏။ စင်မြင့်ထက်တွင် လူတစ်ထောင်ကျော် ရှိနေသော်လည်း အလွန်ပင် ကျယ်ဝန်းနေသေးသည်။

ရေတွက်၍မရသော လူပေါင်းများစွာက အရပ်မျက်နှာအနှံ့မှ စိုးရိမ်တကြီးဖြင့် ကြည့်ရှုနေကြ၏။

"ကျုပ်တို့ အတူတူ ပူးပေါင်းကြရအောင်"

"ခင်ဗျားနဲ့ ကျုပ် အတူတူ ပူးပေါင်းရင် ဘယ်လိုလဲ"

စင်မြင့်ထက်တွင် တိုက်ပွဲကြီးက ချက်ချင်း မစတင်သေးပေ။ ထိုအစား သူတို့က တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပြောဆိုနေကြပြီး အတူတူ ပူးပေါင်းရန် အစီအစဉ် ဆွဲနေကြသည်။

"ဝှစ်... ဝှစ်... ဝှစ်..."

သူတို့၏ ပုံရိပ်များက လျှပ်တပြက်အတွင်း လှုပ်ရှားသွားကြပြီး လူအများမှာ အင်အားချင်း ပူးပေါင်းလာကြတော့သည်။

သုံးယောက်တစ်ဖွဲ့အဖြစ် စင်မြင့်ထက်တွင် အဖွဲ့များစွာ ပေါ်ပေါက်လာခဲ့၏။

လုမင်သည် လုရှန်းရှန်း၊ အိုးရန်မော့လီ၊ ချင်ယွဲ့နှင့် ဟွမ်လင်တို့လည်း အဖွဲ့ဖွဲ့နေကြသည်ကို မြင်တွေ့လိုက်ရပေသည်။

ပေါင်ပေါင်၊ ဟွမ်လင်နှင့် လော့ထျန်းယီတို့မှာ တစ်ဖွဲ့ ဖြစ်ခဲ့သည်။ ပေါင်ပေါင်ကို ဗဟိုချက်အဖြစ် ထားရှိခြင်း ဖြစ်၏။

ထို့နောက် လုရှန်းရှန်း၊ အိုးရန်မော့လီနှင့် ချင်ယွဲ့တို့က တစ်ဖွဲ့ ဖြစ်နေခဲ့ကြသည်။

လုံချန်၊ ဟွမ်လီနှင့် လော့ရှန်းတို့က တစ်ဖွဲ့ ဖွဲ့ခဲ့ကြပေသည်။

အိုးရန်ဝူရွှမ့်နှင့် ယွမ်တောင်ရှိ နဂါးမဟာမိတ်အဖွဲ့သို့ ဝင်ရောက်ခဲ့ကြသော အစွမ်းထက်ဘုရင်ခန္ဓာပိုင်ရှင် နှစ်ဦးတို့မှာ တစ်ဖွဲ့ ဖြစ်နေခဲ့ကြသည်။

အခြားတစ်ဖက်တွင်မူ လုမင်က ရဟန်းဝူလျန့်၊ သီလရှင်ဝူယွဲ့နှင့် ဝူချန်တို့လည်း တစ်ဖွဲ့တည်း ရှိနေသည်ကို မြင်တွေ့လိုက်ရ၏။

ဟုတ်သည်၊ လူတိုင်းကတော့ သုံးယောက်တစ်ဖွဲ့အဖြစ် သဘာဝအတိုင်း အဖွဲ့မဖွဲ့နိုင်ကြပေ။

သူတို့ထဲမှ အချို့မှာ နှစ်ယောက်သာ ရှိကြပြီး အချို့က တစ်ဦးတည်းသာ ရှိနေခဲ့ကြသည်။

ဥပမာအားဖြင့် မရဏဓား၊ မုယန်၊ ယွမ်ရှင်းနှင့် ရှေးနတ်ဆိုးတို့မှာ တစ်ဦးတည်းစီ သီးခြား ရပ်တည်ခဲ့ကြသည်။ သူတို့က ပတ်ဝန်းကျင်ကို အေးစက်စွာ ဝေ့ကြည့်နေခဲ့ကြပေသည်။

"ဆင်းသွားစမ်း"

ရုတ်ချည်းပင် ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ တစ်စုံတစ်ဦးက စတင်၍ တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။

"မင်းတို့တွေပဲ ဆင်းသွားရမှာ"

"ဝုန်း... ဝုန်း..."

ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ တစ်စုံတစ်ဦးက ပြင်းထန်သော တိုက်ပွဲကို စတင်ခဲ့ပြီ။

ကျီးတစ်ကောင်ကို သတ်လိုက်သည့်အခါ ကျီးတစ်အုပ်လုံး ပြိုဆင်းသကဲ့သို့ ဖြစ်သည်။ လူတစ်ဦးက လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ကွင်းလုံး လှုပ်ရှားလာကြတော့သည်။

တိုက်ပွဲစင်မြင့်မှာ ချက်ချင်းပင် ဖရိုဖရဲ တိုက်ပွဲကြီးတစ်ခုအတွင်းသို့ ကျရောက်သွားခဲ့သည်။

ပြိုင်ဘက်ကို စင်မြင့်အောက်သို့ တွန်းချနိုင်သရွေ့ စင်မြင့်ထက်တွင် ကျန်ရှိနေရန်အတွက် ပိုမို ယုံကြည်ချက် ရှိလာလိမ့်မည်။

“ကောင်လေး၊ ဆင်းသွားလိုက်စမ်း"

ထိုစဉ်၊ တစ်စုံတစ်ယောက်က လုမင်ကို ပစ်မှတ်ထားလာသည်။ သူတို့က သုံးယောက်တစ်ဖွဲ့ ဖြစ်၏။

သူတို့၏ စုပေါင်း တိုက်ခိုက်နိုင်စွမ်းမှာ အားမနည်းပေ။ သူတို့ထဲတွင် ဘုရင်ခန္ဓာတစ်ဦးပါဝင်ပြီး သူ၏ ကျင့်ကြံမှုက အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

ကျန်နှစ်ဦးမှာမူ ဘုရင်ခန္ဓာမရှိကြချေ။ သို့သော်လည်း သူတို့တွင် အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာရှိပြီး၊ အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံမှုအခြေခံ ရှိကြသည်။

သူတို့က မုန်တိုင်းတိုက်ခတ်သကဲ့သို့ ပြိုင်တူ စတင်တိုက်ခိုက်ကြပြီး လုမင်ကို တစ်ချက်တည်းဖြင့် အောက်သို့တွန်းချနိုင်ရန် ကြိုးစားကြတော့သည်။

ကံမကောင်းစွာဖြင့် သူတို့သည် လမ်းကြောင်းကို ဖြတ်သန်းစဉ်က အလွန်ပင် နှေးကွေးခဲ့ကြသည်။ သူတို့သည် လုမင်က သေခြင်းနိယာမကို အသုံးပြုသည်ကို မမြင်တွေ့ခဲ့ကြရသဖြင့် လုမင်သည် ကောင်းကင်သားတော်တစ်ဦး ဖြစ်သည်ကို မသိရှိခဲ့ကြချေ။

ဤအချိန်ကာလအတွင်း လူအများစုက ကျော်ကြားသော ကောင်းကင်သားတော်အချို့၏ အကြောင်းအရာများနှင့် သူတို့၏ ရုပ်ရည်များကို စုံစမ်းခဲ့ကြဖူးသည်။ သို့သော်လည်း သူတို့သည် လုမင်ကို ယခင်က တစ်ကြိမ်မျှ မမြင်တွေ့ခဲ့ဖူးချေ။

"မင်းတို့တွေပဲ ဆင်းသွားရမှာ"

လုမင်က ထိုလူသုံးဦးကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။ သူ၏မျက်လုံးများထဲတွင် သေခြင်းအရှိန်အဝါ ပြည့်နှက်သွားခဲ့၏။

ထိုလူသုံးဦး၏ တိုက်ခိုက်မှုများက သေခြင်းအရှိန်အဝါအောက်တွင် ပြိုလဲပျက်စီးသွားခဲ့ရတော့သည်။

"မဟုတ်ဘူး... ဒါက သေခြင်းနိယာမပဲ။ သူက သေခြင်းရဲ့သားတော်ပဲ"

ထိုလူသုံးဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ သူတို့ နောက်ဆုတ်ရန် ကြိုးစားလိုက်၏။

သို့သော်လည်း လုမင်က သေခြင်း၏မျက်လုံးကို အသုံးပြုလိုက်သည်။ သေခြင်းအရှိန်အဝါမှာ ပိုမိုသိပ်သည်းလာပြီး ထိုလူသုံးဦးကို လွှမ်းခြုံသွားခဲ့၏။

ထိုလူသုံးဦးစလုံး နာကျင်စွာ အော်ဟစ်လိုက်ကြရသည်။ ၎င်းမှာ သူတို့၏ အသက်ဇီဝိန်ကို နုတ်ယူခြင်း ခံနေရသည့်အလားပင်။

"ကျွန်တော်တို့ကို ချမ်းသာပေးပါ။ ကျွန်တော်တို့ အရှုံးပေးပါတယ်... ကျွန်တော်တို့ အရှုံးပေးပါတယ်"

ထိုလူသုံးဦးက အော်ဟစ်လိုက်ကြသည်။

လုမင်၏ အတွေးတစ်ခုဖြင့် သေခြင်းအရှိန်အဝါက ပျောက်ကွယ်သွားလေသည်။ ထိုလူသုံးဦးလည်း တိုက်ခိုက်ရေးစင်မြင့်အောက်သို့ အလောတကြီး ပြေးဆင်းသွားကြတော့သည်။ သူတို့သည် လုမင်က သူတို့ကို သတ်ဖြတ်ပစ်မည်ကို စိုးရိမ်နေခဲ့ကြခြင်း ဖြစ်သည်။

မိုင်တစ်ရာ ကျယ်ဝန်းသော တိုက်ပွဲစင်မြင့်မှာ တိုက်ပွဲမရှိသည့်အချိန်တွင် ကြီးမားသည်ဟု ထင်ရသော်လည်း ကစဉ့်ကလျား တိုက်ပွဲကြီး ဖြစ်ပွားနေသည့်အချိန်တွင်မူ အလွန်ပင် သေးငယ်လှသည်ဟု ခံစားရပေသည်။

သူတို့၏ လက်ရှိအစွမ်းဖြင့် မျက်စိတစ်မှိတ်အတွင်း မိုင်တစ်ရာထက်မက ရွှေ့လျားနိုင်ကြသည်။

တစ်ဖက်တွင်၊ လုရှန်းရှန်းနှင့် အခြားသူများမှာ သုံးယောက်တစ်ဖွဲ့အဖြစ် ရှိနေခဲ့ကြသည်။ သူတို့သည် အလွန်ထူးချွန်ကြပြီး အစွမ်းထက်ကြ၏။

လွန်ခဲ့သော သုံးနှစ်အတွင်းက မဟာဧကရာဇ်နှင့် အခြားသူများသည် သူတို့ကို ကျင့်ကြံရန်အတွက် သက်ဆိုင်ရာ လျှို့ဝှက်နေရာများသို့ ခေါ်ဆောင်သွားခဲ့ကြသည်။ ဤအတောအတွင်း သူတို့၏ တိုးတက်မှုမှာ အလွန်လျင်မြန်လှသည်ဟု ဆိုနိုင်ပေသည်။

ပေါင်ပေါင်၏ ကျင့်ကြံခြင်းမှာ ဧကရာဇ်တစ်ပိုင်းနယ်ပယ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

ဟွမ်လင်၊ လုံချန်၊ ဟွမ်လီနှင့် အခြားသူများမှာလည်း အားလုံး ဧကရာဇ်တစ်ပိုင်းများ ဖြစ်ကြ၏။

လုရှန်းရှန်းနှင့် အိုးရန်မော့လီတို့သာ အနည်းငယ် ပို၍ အားနည်းနေသေးခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့က အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေကြပြီ။ ထို့ပြင် သူတို့၏ နိယာမများမှာ ကိုးဆယ့်ကိုးရာခိုင်နှုန်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူတို့က ဧကရာဇ်တစ်ပိုင်းနယ်ပယ်သို့ ရောက်ရှိရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့သည်။

ထို့ထက်၊ သူတို့သည် ကောင်းကင်သားတော်များ ဖြစ်ကြသည်။ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ တုန်လှုပ်ဖွယ်ရာ ကောင်းလွန်း၏။ သူတို့က ဘုရင်ခန္ဓာရှိသော ဧကရာဇ်တစ်ပိုင်းများထက်ပင် ပိုမိုအစွမ်းထက်ကြသည်။

သူတို့ ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ ကျင့်ကြံသူများမှ။ တိုက်ပွဲစင်မြင့်အောက်သို့ တွန်းထုတ်ခြင်း ခံခဲ့ကြရပေသည်။ လူအများစုက သူတို့ကို မယှဉ်နိုင်ကြပေ။

"ဟမ့်.. လုမင်ရဲ့ တပည့်တွေ... ဆင်းသွားကြစမ်း"

ထိုအချိန်တွင် မုယန်က လုရှန်းရှန်း၊ အိုးရန်မော့လီနှင့် ချင်ယွဲ့တို့ကို ပစ်မှတ်ထားလိုက်သည်။

သူ့ပုံရိပ်က လျှပ်တပြက် လှုပ်ရှားသွားပြီး သူတို့သုံးဦးထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့၏။

"သတိထား"

ချင်ယွဲ့က သတိပေးလိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှာ အပူနှင့် အအေးကို အပြန်အလှန် စီးဆင်းနေကြ၏။ တစ်ဖက်မှာ အလွန်အမင်း ပူပြင်း တောက်လောင်နေပြီး အခြားတစ်ဖက်မှာမူ အေးစက်နေခဲ့သည်။ ၎င်းတို့က အချင်းချင်း ယှက်နွှယ်သွားကြပြီး မုယန်ထံသို့ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းစွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် နိယာမ၏အလင်းက သူမ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားခဲ့သည်။ ယင်နှင့်ယန်နိယာမမှာ မြစ်တစ်စင်းကဲ့သို့ စီးဆင်းသွားခဲ့၏။

"သစ်သားစိမ်း ကောင်းကင်ယံကို မြင့်တက်စေ"

လုရှန်းရှန်းက သူမ၏ လက်သေးသေးလေးကို ဝှေ့ယမ်းလိုက်သည်။ ရှေးဟောင်းသစ်ပင်စိမ်းကြီးတစ်ပင် ပေါ်လာခဲ့၏။ ၎င်းက ကောင်းကင်ယံကို ဖုံးလွှမ်းသွားခဲ့ပြီး နှိုင်းယှဉ်၍မရအောင် ကြီးမားကာ မုယန်၏အပေါ်သို့ ဖိနှိပ်ချလိုက်တော့သည်။

တစ်ချိန်တည်းမှာပင် အိုးရန်မော့လီက ပြန်လည်ဝင်စားခြင်းလှံပုဆိန်ဖြင့် ခုတ်ပိုင်းလိုက်သည်။ ပြန်လည်ဝင်စားခြင်း ဝဲဂယက်ခြောက်ခုသည်လည်း ပြန်လည်ဝင်စားခြင်းလှံပုဆိန်၏ နောက်မှ လိုက်ပါသွားပြီး မုယန်ထံသို့ ခုတ်ပိုင်းလိုက်၏။

"မင်းတို့ သုံးယောက်တည်းနဲ့ ငါ့ကို တားဆီးချင်တာလား၊ သေစမ်း"

မုယန်က ကြိမ်းမောင်းလိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရုံမျှဖြင့် ဟင်းလင်းပြင်နိယာမမှာ တုန်ခါသွားခဲ့၏။ ဟင်းလင်းပြင်အလင်းတန်းများက သူတို့သုံးဦးထံသို့ ပစ်လွှတ်လာတော့သည်။

"ဝုန်း... ဝုန်း... ဝုန်း"

ပေါက်ကွဲသံ သုံးကြိမ် ထွက်ပေါ်လာခဲ့သည်။ ချင်ယွဲ့၊ လုရှန်းရှန်းနှင့် အိုးရန်မော့လီတို့၏ တိုက်ခိုက်မှုများ အားလုံး ပြိုလဲပျက်စီးသွားခဲ့ရ၏။ ဟင်းလင်းပြင်နိယာမအောက်တွင် ၎င်းတို့က ဟင်းလင်းပြင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

မုယန်၏ စွမ်းအားက အလွန်ပင် တုန်လှုပ်ဖွယ်ကောင်းသည်ဟု ဆိုရမည်။ သူသည် ကမ္ဘာငယ်တစ်ခုကို စတင်တည်ဆောက်နေပြီဖြစ်ပြီး ဧကရာဇ်တစ်ပိုင်းနယ်ပယ်၏ ထိပ်ဆုံးတွင် ရပ်တည်နေခဲ့ပြီ ဖြစ်သည်။

ချင်ယွဲ့တွင် ဘုရင်ခန္ဓာရှိပြီး သူသည်လည်း ဧကရာဇ်တစ်ပိုင်းနယ်ပယ်၏ ထိပ်ဆုံးတွင် ရှိနေသည့်တိုင် မုယန်ကို ဆန့်ကျင်တိုက်ခိုက်ရန်မှာ ခက်ခဲနေသေးသည်။

လုရှန်းရှန်းနှင့် အိုးရန်မော့လီတို့မှာမူ သူတို့၏ ကျင့်ကြံခြင်းက ဧကရာဇ်တစ်ပိုင်းနယ်ပယ်သို့ပင် မတက်လှမ်းနိုင်ကြသေးပေ။ သူတို့ အတူတူ ပူးပေါင်းဆောင်ရွက်လျှင်ပင် မုယန်၏ ပြိုင်ဘက် မဟုတ်ကြပါ။

"မင်းတို့ရဲ့ဆရာက သေသွားပြီ။ ငါက မင်းတို့ကို သူ့ဆီ လိုက်ပါသွားဖို့ ပို့ပေးမယ်"

မုယန်က နှာခေါင်းရှုံ့လိုက်ပြီး လုရှန်းရှန်းနှင့် အခြားနှစ်ဦးထံသို့ ပြေးဝင်သွားခဲ့သည်။

သူတို့သုံးဦးက တားဆီးရန် အစွမ်းကုန် ကြိုးစားခဲ့ကြသော်လည်း အရေးနိမ့်နေဆဲဖြစ်ကာ အန္တရာယ်များလာတော့သည်။

မလှမ်းမကမ်းတွင် ပေါင်ပေါင်နှင့် အခြားသူများက ကူညီပေးချင်ကြသော်လည်း စည်းမျဉ်းများက ရှိနေသည်။ သူတို့သည် သုံးယောက်တစ်ဖွဲ့အဖြစ် ရှိနေကြသောကြောင့် အခြားသူများ ဝင်ရောက်စွက်ဖက်၍ မရချေ။ ထို့ကြောင့် သူတို့ဟာ စိုးရိမ်စွာဖြင် ကြည့်နေရုံသာ တတ်နိုင်ကြသည်။

လုမင်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားခဲ့သည်။

မုယန်သည် သူ့ကိုသတ်ရန် လုပ်ကြံသတ်ဖြတ်သူများ စေလွှတ်ခဲ့ရုံသာမက၊ ယခု သူ၏တပည့်များကိုပင် အန္တရာယ်ပြုနေပြီ။ သူ့နှလုံးသားထဲတွင် မုယန်ကို သေလူစာရင်းသို့ ထည့်ထားလိုက်ပြီ ဖြစ်သည်။

All Chapters