← Chapters

အခန်း ၂၀၉၉

Vol. 145 Ch. 2099

အခန်း ၂၀၉၉

Vol. 145 Ch. 2099

အပိုင်း ( 2099 ) မုယန်ကို ထပ်မံအနိုင်ယူခြင်း။

"ဝှစ်"

လုမင်က ရှေ့သို့ တစ်လှမ်းလှမ်းကာ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့သည်။

သို့သော်လည်း သူသည် မုယန်ကို တိုက်ရိုက် မတိုက်ခိုက်ခဲ့ချေ။ အကြောင်းမူ၊ အကယ်၍ သူ တိုက်ခိုက်မိပါက သူနှင့် လုရှန်းရှန်းတို့အဖွဲ့သည် စည်းမျဉ်းများကို ချိုးဖောက်ရာ ရောက်သွားမည် ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် မုယန်၏နောက်ကွယ်ရှိ လူများထံသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့သည်။

ထိုနေရာတွင် မုမိသားစုမှ အခြားသော ပါရမီရှင်များ ရှိနေခဲ့ကြ၏။

"သတ်"

လုမင်က သုံးယောက်တစ်ဖွဲ့ ရှိနေသောအဖွဲ့ထံသို့ ပြေးဝင်သွားခဲ့သည်။ သူတို့အားလုံးမှာ မုမိသားစုမှ ပါရမီရှင်များ ဖြစ်ကြ၏။ သူတို့ထဲမှ နှစ်ဦးတွင် ဘုရင်ခန္ဓာများပင် ရှိနေကြသည်။

မုမိသားစုမှာ အစွမ်းထက်လှသည်။ သူတို့တွင် ကောင်းကင်သားတော်တစ်ဦးဖြစ်သော မုယန်ရှိသည့်အပြင်၊ ဘုရင်ခန္ဓာပိုင်ရှင် နှစ်ဦးလည်း ရှိနေခဲ့ကြသေးသည်။ သူတို့က အလွန်အမင်း သန်မာကြသည်။

လုမင်က အနားသို့မရောက်သေးသော်လည်း ကြောက်မက်ဖွယ်ကောင်းသော သေခြင်းအလင်းတန်းဖြင့် မုမိသားစုမှ ကျွမ်းကျင်သူ သုံးဦးကို လွှမ်းခြုံလိုက်သည်။

မုမိသားစုမှ ပါရမီရှင် သုံးဦးလည်း တုန်လှုပ်သွားခဲ့ကြပြီး ခုခံရန် အစွမ်းကုန် ကြိုးစားလိုက်ကြ၏။

သို့သော်လည်း လုမင်က ပို၍မြန်ဆန်သည်။ သူ့မျက်လုံးများထဲမှ သေခြင်းအလင်းတန်းများ ထပ်မံ၍ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

၎င်းမှာ အံ့မခန်း သတ်ဖြတ်ခြင်းစွမ်းအားရှိသည့် နတ်ဘုရားစွမ်းရည် တစ်ခုဖြစ်သော သေခြင်း၏မျက်လုံးပင်။

"ဝမ်..."

လုမင်၏ မျက်လုံးများမှ အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့မှာ လက်နက်များကဲ့သို့ဖြစ်ပြီး တစ်ဖက်လူများထံသို့ ပြေးဝင်သွား၏။

စူးစူးဝါးဝါး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။ မုမိသားစုမှ ပါရမီရှင် သုံးဦးအနက် တစ်ဦးမှာ ဘုရင်ခန္ဓာ မရှိချေ။ သူ၏ ကျင့်ကြံခြင်းမှာလည်း အနည်းငယ် ပို၍ အားနည်းခဲ့ရာ တိုက်ရိုက်ပင် သတ်ဖြတ်ခြင်း ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်မှာလည်း အပိုင်းပိုင်း ပြတ်တောက်သွားတော့သည်။

ဘုရင်ခန္ဓာပိုင်ရှင် နှစ်ဦးသည်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ကြသည်။

အကယ်၍ သူတို့သာ ဧကရာဇ်တစ်ပိုင်းနယ်ပယ် ကျင့်ကြံခြင်းအခြေခံ မရှိခဲ့ဘဲ သူတို့၏ ခန္ဓာကိုယ်များကို နိယာမများက မြစ်တစ်စင်းကဲ့သို့ ဝန်းရံမထားခဲ့ပါက သူတို့သည်လည်း သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။ သို့တိုင်အောင် သူတို့၏ ခန္ဓာကိုယ်များတွင် ဒဏ်ရာအချို့ ဖြစ်ပေါ်လာပြီး သွေးများ စီးကျလာခဲ့ရတော့သည်။

သေခြင်းအလင်းတန်းများက ဒဏ်ရာများထက်တွင် တွယ်ကပ်နေခဲ့ပြီး သူတို့၏ အသက်ကို နုတ်ယူရန် ဆက်လက်ကြိုးပမ်းနေခဲ့သည်။

ထို့နောက် လုမင်က သူ၏လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ မုမိသားစုမှ ပါရမီရှင် နှစ်ဦးစလုံး သွေးအန်ကာ နောက်သို့ ဆုတ်ခွာသွားခဲ့ကြရ၏။

"မုယန်... ကျုပ်တို့ကို ကယ်ပါဦး"

ဘုရင်ခန္ဓာရှိသော မုမိသားစုမှ ပါရမီရှင်တစ်ဦးက ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။

"မင်း သေချင်နေတာပဲ"

မုယန်က အော်ဟစ်လိုက်သည်။ သူသည် လုရှန်းရှန်းနှင့် အခြားသူများကို စွန့်လွှတ်လိုက်ပြီး လုမင်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးလာခဲ့၏။

"မင်း လာမှာကို ငါ စောင့်နေတာ"

လုမင်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ သူ့မျက်လုံးများထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွားခဲ့၏။ သူ့လက်ထဲတွင် သေခြင်းနိယာမမှာ ဓားအလင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ခုတ်ပိုင်းလိုက်တော့သည်။

ဤဓားအလင်းတွင် သေခြင်းနိယာမအပြင် ဝါးမျိုခြင်းနိယာမနှင့် အစီရင်နိယာမတို့လည်း ပါဝင်နေခဲ့သည်။ ထိုစွမ်းအားမှာ ပုံမှန်ထက် အဆများစွာ ပိုအားကောင်း၏။ မုမိသားစုမှ ဘုရင်ခန္ဓာပိုင်ရှင် နှစ်ဦးစလုံး လုံးဝ တားဆီးနိုင်ခြင်း မရှိကြတော့ပေ။ အော်ဟစ်သံ နှစ်ချက်နှင့်အတူ ခေါင်းနှစ်လုံးမှာ လေထဲသို့ မြင့်မားစွာ လွင့်စင်သွားခဲ့ရသည်။ သွေးများမှာလည်း ဆယ်မီတာခန့်အထိ မြင့်မားစွာ ပန်းထွက်သွားတော့သည်။

"မင်း အတင့်ရဲလိုက်တာ"

"သေချင်နေတာပဲ"

တိုက်ပွဲစင်မြင့်၏ အပြင်ဘက်တွင်လည်း တိုက်ပွဲကို ကြည့်ရှုနေကြသော မုမိသားစုမှ ကျင့်ကြံသူများ ရှိနေခဲ့ကြသည်။ ယခုအချိန်တွင် သူတို့က သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့ပြီး ရူးသွပ်နေသော ခြင်္သေ့များကဲ့သို့ အော်ဟစ်လိုက်၏။

မုမိသားစုမှ ဘုရင်ခန္ဓာပိုင်ရှင် နှစ်ဦးစလုံး သေဆုံးသွားခဲ့ရပြီ။ မုမိသားစုအတွက် ဤအရာမှာ မြေကမ္ဘာကို တုန်လှုပ်စေသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ပေးဆပ်ရသည့် တန်ဖိုးမှာ ကြီးမားလွန်းလှသဖြင့် သူတို့၏ နှလုံးသားများမှာ သွေးများယိုစီးလာကြတော့သည်။

ယေဘုယျအားဖြင့်၊ ဘုရင်ခန္ဓာရှိသူများသည် မဟာဧကရာဇ်များ ဖြစ်လာရန် အလားအလာ ရှိကြသည်။

ဤကဲ့သို့သော ပါရမီရှင်များမှာ အလွန် အဖိုးတန်၏။ သို့သော်လည်း ယခုအခါတွင်မူ သူတို့အားလုံး တစ်ချိန်တည်းမှာပင် သတ်ဖြတ်ခြင်း ခံလိုက်ရပြီ။

သို့သော်လည်း မုမိသားစုက ဒေါသချောင်းချောင်းထွက်နေခဲ့ကြသည့်တိုင် ဤကဲ့သို့သော အခြေအနေမျိုးတွင် ဝင်ရောက်တိုက်ခိုက်ရန် မဝံ့ရဲကြချေ။ သူတို့ဟာ မုယန်က လုမင်ကို သတ်ဖြတ်ပြီး မုမိသားစု၏ ဘုရင်ခန္ဓာများအတွက် ကလဲ့စားချေပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရင်း သက်ပြင်းချကာ ကြည့်နေနိုင်ကြတော့သည်။

လုမင်က မုမိသားစုမှ ဘုရင်ခန္ဓာပိုင်ရှင် ကျင့်ကြံသူနှစ်ဦးကို သတ်ဖြတ်ပြီးနောက် လျှပ်စီးလက်သကဲ့သို့ မုယန်ထံ ပြေးဝင်သွားခဲ့သည်။

ယခုအခါတွင် မုယန်က လုရှန်းရှန်းနှင့် အခြားသူများကို စွန့်လွှတ်လိုက်ပြီ ဖြစ်သောကြောင့် သူဟာ သဘာဝအတိုင်း တိုက်ခိုက်နိုင်ပြီ။

"သေစမ်း"

မုယန်က ဟိန်းဟောက်လိုက်ပြီး ဟင်းလင်းပြင်နိယာမကို အသုံးပြုကာ လုမင်ကို တိုက်ခိုက်လိုက်သည်။

လုမင်ကလည်း သူ၏လက်ဝါးဖြင့် ပြန်လည်ရိုက်ထုတ်လိုက်၏။

သူတို့၏ တိုက်ခိုက်မှုများက ထိပ်တိုက်တွေ့ဆုံသွားပြီးနောက် မုယန်မှာ နောက်သို့ဆုတ်ရန် ဖိအားပေးခြင်း ခံလိုက်ရတော့သည်။

တိုက်ပွဲစင်မြင့် ပတ်ဝန်းကျင်တွင် ကြည့်ရှုနေကြသူများအားလုံး တုန်လှုပ်သွားခဲ့ကြရသည်။

အထူးသဖြင့် မုမိသားစုမှ ကျင့်ကြံသူများ ဖြစ်၏။

မုယန်က အဘယ်သို့ အရေးနိမ့်သွားရသနည်း။

မုယန်မှာ ယခုတစ်ကြိမ်တွင် ထိပ်တန်းပါရမီရှင်များထဲမှ တစ်ဦးအဖြစ် လူသိများသူ ဖြစ်သည်။ သူသည် အလွန်စွမ်းအားကြီးပြီး ကမ္ဘာငယ်တစ်ခုကိုပင် စတင်တည်ဆောက်နေပြီ။ သူသည် လုမင်ကို ရှုံးနိမ့်သွားခဲ့ရခြင်းမှာ လုမင်က ပုံမှန်မဟုတ်သော မကောင်းဆိုးရွားမျိုးဖြစ်သောကြောင့် ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင်မူ၊ ဘယ်နေရာက ရောက်ရှိလာမှန်း မသိရသော သေခြင်း၏သားတော်မှာလည်း မုယန်ကို ဖိနှိပ်နိုင်စွမ်း ရှိနေခဲ့ပြီ။

"ဒီကမ္ဘာမှာ ထူးချွန်သူတွေ အများကြီး ရှိတာပဲ။ ငါတို့တောင် မသိတဲ့ ရွက်ပုန်းသီးပါရမီရှင်တွေ အများကြီး ရှိနေသေးတယ်"

"ဟုတ်တယ်... အရင်က ထိပ်တန်းပါရမီရှင်တွေဆိုတာ တကယ်တော့ အသန်မာဆုံး မဟုတ်ကြသေးဘူး။ အမှောင်ထဲမှာ ပိုပြီးသန်မာတဲ့ ပါရမီရှင် ဘယ်လောက်တောင် ရှိနေဦးမလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး"

"ဒီသေခြင်းရဲ့သားတော်က ဘယ်သူလဲ။ သူ့ရဲ့ စွမ်းအားက အံ့ဩစရာပဲ"

"သူ့နာမည်က ထျန်းယွမ်လို့ ထင်တယ်။ သူက အဲဒီနာမည်နဲ့ စာရင်းသွင်းထားတာ"

လူအချို့က ဆွေးနွေးနေခဲ့ကြသည်။

"ဟား"

တိုက်ပွဲစင်မြင့်ထက်တွင် မုယန်က ဟိန်းဟောက်လိုက်သည်။ သူသည် အမှန်တကယ်ပင် နောက်သို့ ဆုတ်ခွာရန် ဖိအားပေးခြင်း ခံခဲ့ရသဖြင့် ရှုးရှုးရှားရှား ဖြစ်သွား၏။ သူ့ခန္ဓာကိုယ်မှ အရှိန်အဝါများက ပိုမိုပြင်းထန်လာပြီး လုမင်ကို ရူးသွပ်စွာ တိုက်ခိုက်တော့သည်။

"ဝုန်း... ဝုန်း"

လုမင်ကလည်း မကြောက်ရွံ့ဘဲ မုယန်နှင့် အပြန်အလှန် တိုက်ခိုက်လိုက်သည်။

တိုက်ခိုက်မှု တစ်ဒါဇင်ခန့် ကြာပြီးနောက်တွင် လုမင်က မုယန်ကို လုံးဝ ဖိနှိပ်ထားနိုင်ခဲ့ပြီ။ မုယန်မှာ ဆက်တိုက် နောက်ဆုတ်နေခဲ့ရသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဟင်းလင်းပြင်နိယာမမှာလည်း လုမင်၏ ထိုးဖောက်ခြင်းကို ခံရမည့်အလား ဖြစ်နေခဲ့၏။

"ဝုန်း"

အဆုံးတွင် လုမင်၏ လက်ဝါးက မုယန်၏ ကာကွယ်ရေးကို ဖောက်ထွက်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်ကို ထိမှန်သွားတော့သည်။ မုယန်မှာ ဝူးဝူးဝါးဝါးအော်ဟစ်ရင်း သွေးအန်ကာ လွင့်စဉ်သွားခဲ့သည်။

"မုယန်... မင်းမှာ ဒါပဲ ရှိတာလား။ ဒါနဲ့များ မင်းကို ဘယ်လိုလုပ်ပြီး ထိပ်တန်းဦးဆောင်ပါရမီရှင်လို့ အခေါ်ခံရတာလဲ။ ရယ်စရာကောင်းလိုက်တာ"

လုမင်က မုယန်ထံသို့ လှမ်းလျှောက်သွားရင်း လှောင်ပြောင်လိုက်သည်။

"ငါ မင်းကို သတ်မယ်"

မုယန်၏ မျက်လုံးများ နီမြန်းသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ သူတော်စင်စွမ်းအားများမှာ ဆူပွက်လာခဲ့၏။ ဟင်းလင်းပြင်နိယာမက သူ့ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းသွားခဲ့ရာ တောက်ပသော အလင်းရောင်ခြည်များ ထွက်ပေါ်‌လာတော့သည်။

"ဟင်းလင်းပြင်ပင်လယ်"

မုယန်က သူ၏ အသန်မာဆုံး တိုက်ကွက်ကို အသုံးပြုလိုက်သည်။ ဟင်းလင်းပြင်ပင်လယ်တစ်ခုကို ဖန်တီးကာ လုမင်ကို ဖုံးလွှမ်းသွားစေခဲ့၏။

"မင်း သေစမ်း..."

မုယန်က ဟင်းလင်းပြင်ပင်လယ်ကို ထိန်းချုပ်ရင်း ရူးသွပ်သွားသည့်အလား ဖြစ်လာသည်။

သူသည် ဟင်းလင်းပြင်ပင်လယ်အတွင်းရှိ အရာအားလုံးကို ဟင်းလင်းပြင်အဖြစ်သို့ ပြောင်းလဲပစ်ရန် ရည်ရွယ်ချက်ဖြင့် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုအမျိုးမျိုး ထုတ်ဖော်လိုက်၏။ ကျယ်လောင်သော မြည်ဟီးသံများလည်း ထွက်ပေါ်လာတော့သည်။

အနီးနားတွင် မရှောင်တိမ်းနိုင်ခဲ့ကြသော လူအနည်းငယ် ရှိနေခဲ့ကြသည်။ သူတို့သည် ဟင်းလင်းပြင်ပင်လယ်၏ ဝါးမျိုခြင်းကို တိုက်ရိုက် ခံလိုက်ကြရ၏။ သူတို့က နာကျင်စွာ အော်ဟစ်ရင်းမှာပင် ဟင်းလင်းပြင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"ဒုန်း... ဒုန်း..."

သို့သော်လည်း ထိုအခိုက်တွင် ဟင်းလင်းပြင်ပင်လယ်အတွင်းမှ တုန်လှုပ်ဖွယ်ကောင်းသော ပေါက်ကွဲသံများက စည်တီးသံကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ ဟင်းလင်းပြင်ပင်လယ်မှာ ပြင်းထန်စွာ ဆူပွက်လာ၏။

မုယန်၏ အမူအရာက ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ပင်လယ်ကို အစွမ်းကုန် ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ သို့သော်၊ အသုံးမဝင်ပါ။ ဟင်းလင်းပြင်ပင်လယ်၏ တုန်လှုပ်မှုမှာ ပိုမို၍ ပြင်းထန်လာခဲ့သည်။ အဆုံးတွင်၊ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အတွင်းမှ ပုံရိပ်တစ်ခုက အေးအေးလူလူ လျှောက်လှမ်းထွက်လာတော့သည်။

၎င်းမှာ လုမင် ဖြစ်သည်။

"သတ်"

လုမင်က ဟိန်းဟောက်လိုက်သည်။ သူ၏ သတ်ဖြတ်လိုစိတ်များမှာ မြင့်တက်လာခဲ့ပြီး မုယန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွား၏။

သူက မုယန်ကိုသတ်ရန် အခိုင်အမာ ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည်။

မုယန်၏ အမူအရာမှာ အကြည့်ရဆိုးသွားသည်။ သူသည် လုမင်နှင့် ဆက်လက်၍ မတိုက်ခိုက်ရဲတော့ဘဲ အလျင်အမြန်ပင် နောက်သို့ ဆုတ်ခွာသွား၏။

"သွားစမ်း... သွားကြစမ်း"

မုယန်က အသည်းအသန် ထွက်ပြေးနေသည်။ သူ့လမ်းကို ပိတ်ဆို့ထားသော မည်သူမဆို သူ၏သတ်ဖြတ်ခြင်းကို ခံရခြင်း သို့မဟုတ် စင်မြင့်အောက်သို့ လွင့်စင်သွားစေခြင်း ခံခဲ့ကြရတော့သည်။

သို့သော်လည်း သူဟာ ကြာရှည်မပြေးနိုင်ခဲ့ပေ။ မကြာမီမှာပင် လုမင်က သူ့ကို လိုက်မီသွားခဲ့သည်။

သူဟာ မတတ်သာဘဲ အစွမ်းကုန် ပြန်လည်တိုက်ခိုက်ရ၏။ သို့သော်လည်း တိုက်ကွက်အနည်းငယ်အကြာတွင် လုမင်၏ တိုက်ခိုက်မှုက သူ့ကိုထိမှန်သွားပြန်သည်။ မုယန်မှာ လွင့်စင်သွားခဲ့ရပြီး သူ့ခန္ဓာကိုယ်မှာလည်း ပေါက်ကွဲလုနီးပါးဖြစ်၍ သွေးအမြောက်အမြားကို အန်ထုတ်လိုက်ရတော့သည်။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ထျန်းယွမ်ရဲ့ နိယာမက ပြည့်စုံခြင်းမရှိသေးဘဲ ဧကရာဇ်တစ်ပိုင်းနယ်ပယ်ကိုတောင် မရောက်သေးဘူးလေ။ သူက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ သန်မာနေရတာလဲ။ မုယန်တောင် သူ့ကို မယှဉ်နိုင်ဘူးလား"

တစ်စုံတစ်ဦးက မှင်တက်သွားခဲ့သည်။

အပေါ်ယံကြည့်လျှင်၊ မုယန်၏ ကျင့်ကြံခြင်းမှာ အမှန်တကယ် ပို၍သန်မာသည်။ ထို့ပြင် သူတို့နှစ်ဦးစလုံးမှာ ကောင်းကင်သားတော်များ ဖြစ်ကြ၏။ သို့တိုင် သူတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ အဘယ်ကြောင့် ဤမျှကြီးမားသော ကွာခြားချက်များ ရှိနေရသနည်း။

"အဲဒီကောင်လေးက သေခြင်းနိယာမတစ်ခုတည်းကိုပဲ ထိန်းချုပ်ထားတာ မဟုတ်ဘူး။ သူက အခြားနိယာမတွေကိုလည်း ထိန်းချုပ်ထားသေးတယ်။ ဒါက နိယာမတွေရဲ့ ပေါင်းစပ်မှုစွမ်းအားပဲ"

မဟာဧကရာဇ်တစ်ပါးက တုန်လှုပ်နေသောလေသံဖြင့် ပြောလိုက်သည်။

လုမင်သည် နိယာမအနည်းငယ်ကို ပေါင်းစပ်နိုင်ခဲ့ပြီး ၎င်းတို့ကို ကောင်းစွာ ဖုံးကွယ်ထားနိုင်ခဲ့ရာ သာမန်လူများအနေဖြင့် ၎င်းတို့ကို ထိုးဖောက်မြင်နိုင်မည် မဟုတ်ချေ။

သို့ရာတွင်၊ မဟာဧကရာဇ်များက မည်ကဲ့သို့သော တည်ရှိမှုမျိုးများ ဖြစ်သနည်း။ သူက ၎င်းကို သူတို့ထံမှ သဘာဝအတိုင်း ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ချေ။ သူတို့၏ အတွေးတစ်ခုဖြင့် ၎င်းကို ထိုးဖောက်မြင်နိုင်ကြမည် ဖြစ်သည်။

"ဘာ... သူက နိယာမအချို့ကို ပေါင်းစပ်ထားတာ ဟုတ်လား"

"ဒါက ကြောက်စရာကောင်းလွန်းတယ်။ သူက သိုင်းဧကရာဇ်နယ်ပယ်ကို မရောက်သေးဘဲ နိယာမအနည်းငယ်ကို အမှန်တကယ်ပဲ ထိန်းချုပ်နိုင်နေတာလား"

လူအများက အံ့ဩတုန်လှုပ်သွားကြသည်။

All Chapters