အိုး၊ သူ အန်နေပြီပဲ (၂)
Vol. 5 Ch. 62
*ရှုရန်မြောင် မင်းက ဘာလို့ နေရာတကာမှာ ရှိနေရတာလဲ*
[အခုကျမှပဲ သူ့ရဲ့ အသန့်ကြိုက်လွန်းတဲ့ ရောဂါက ထပေါ်လာတာလား၊ သူမက သူ့ရဲ့ မြေးမလေးအရင်းပဲလို့ ထင်မှတ်ထားခဲ့ရင်တောင်မှ အဲ့ဒီ့အိမ်သာကျင်းဆိုတဲ့ စကားလုံးကြောင့် ရလိုက်တဲ့ အသန့်ကြိုက်စိတ် ထိတ်လန့်မှု လှိုင်းကတော့ တကယ့်ကို ပြင်းထန်လွန်းတာပဲကိုး]
*မဟုတ်ဘူးကွ*
ကျိဆွေ့သည် ဒေါသ ထွက်လွန်းသဖြင့် သူ၏ သွားများကို မှုန်ညက်နေအောင် ကြိတ်လိုက်မိတော့သည်။
*တကယ်လို့သာ သူမက ငါ့ရဲ့ မြေးမလေးအရင်း စစ်စစ်သာ ဖြစ်ခဲ့ရင် သူမ သန့်သန့်၊ မသန့်သန့် ငါ လုံးဝ ဂရုစိုက်နေမှာ မဟုတ်ဘူး*
ကျိဆွေ့သည် ကွပ်မျက်ရေးကွင်းကို ဝိုင်းရံထားကြသော နန်းတွင်း ကိုယ်ရံတော်များကို လှမ်းကြည့်လိုက်ပြီး မိမိ၏ အထောက်အထားကို အတည်ပြုရန်အတွက် တရားဝင် အရာရှိ တံဆိပ်တုံးကို ထုတ်ပြလိုက်ရင်း ရှုရန်မြောင်ကို လက်ညှိုးထိုးပြလိုက်သည်။
“သူ့ကို ဆွဲထုတ်သွားကြစမ်း”
ရှုရန်မြောင်: “ဟင်”
ရှုရန်မြောင်: “နေဦး၊ နေဦး၊ နေဦး၊ နေဦးလေ”
သူ့ကို အတင်း ဆွဲခေါ်သွားကြစဉ်မှာပင် ကျိဆွေ့သည် ဝေးလံသောဆီမှ ထွက်ပေါ်လာဆဲ ဖြစ်သော ရှုရန်မြောင်၏ စိတ်တွင်း ရေရွတ်သံကို ဆက်လက်၍ ကြားနေရသေးသည်။
[ကောင်းပါပြီလေ၊ ငါ နားလည်ပေးလိုက်ပါ့မယ်၊ အမတ်ကြီးကျိတစ်ယောက် ကွပ်မျက်ရေးကွင်းထဲမှာ သူ့ရဲ့ မြေးမလေးကို အသက်နဲ့လဲပြီး လာကယ်ပေမဲ့ အန်ချင်စိတ်ကိုတော့ ဘယ်လိုမှ အောင့်အီး မထားနိုင်ခဲ့ဘူးပေါ့၊ အဲဒီလို အရှက်ရစရာ မြင်ကွင်းမျိုးကို ငါလို အောက်ခြေ အရာရှိငယ်လေး တစ်ယောက် သိသွားမှာကို သူ မလိုလား တာကတော့ တကယ့်ကို ကိုယ်ချင်းစာပေးလို့ ရပါတယ်လေ]
ကျိဆွေ့: *ငါ တကယ်ကြီး တစ်ယောက်ယောက်ကို ဆွဲထိုးချင်လာပြီ*
ထိုနေ့ ညနေစောင်းတွင် ရှုရန်မြောင်သည် သတင်းတစ်ခုကို ကြားသိလိုက်ရတော့သည်။ ကျိဆွေ့၏ မြေးမလေးမှာမူ ကွပ်မျက်ခြင်း ခံလိုက်ရဆဲပင်။
သူသည် ကွပ်မျက်ရေးကွင်းအတွင်းသို့ ဝင်ရောက်နှောင့်ယှက်ရန် ကြိုးစားခဲ့ခြင်းကြောင့် ဧကရာဇ်ကို အမျက်ဒေါသ ထွက်စေခဲ့သဖြင့် အရှင်မင်းကြီးက သူ့အား မင်းသမီး ချင်းဟယ်နှင့် ချက်ချင်း ကွာရှင်းရန် အမိန့် ချမှတ်ခဲ့သည်။ ထို့ပြင် သူ၏ ဒုတိယ အဓိက အရာရှိချုပ် ရာထူးကိုလည်း ရုပ်သိမ်းပစ်လိုက်တော့သည်။ ထိုရာထူးမှာ မဟာရှ မင်းဆက်တွင် အလွန်အမင်း အရေးပါလှသော ရာထူးတစ်ခု ဖြစ်ပြီး ရှေးရိုးစဉ်လာအရ အရာရှိကြီးများသည် ဝန်ကြီးချုပ် နေရာသို့ မတက်လှမ်းမီ ဤရာထူးကို မဖြစ်မနေ အရင်ဆုံး ထမ်းဆောင်ကြရလေ့ ရှိခြင်း ဖြစ်၏။
မူလကမူ ဝန်ကြီးချုပ်သော်၏ အသက် ကြီးရင့်လာမှုကြောင့် ကျိဆွေ့သည် နောက်ထပ် ဝန်ကြီးချုပ်အသစ် ဖြစ်လာ ရန်နှင့် မြင့်မြတ်သော ဘွဲ့ထူး အဆင့်အတန်းကို ဆုလာဘ်အဖြစ် ရရှိရန် အလားအလာ အကောင်းဆုံးသူ ဖြစ်ခဲ့သည်။ သို့သော်လည်း ယခုအခါတွင်မူ သူသည် ဝေးလံခေါင်ဖျားသော ကျေးလက်ဒေသရှိ နယ်စပ် ရာထူး တစ်ခုဆီသို့ ရာထူး လျှော့ချခံလိုက်ရပြီး မြို့တော်သို့ မည်သည့်အချိန်တွင် ပြန်လည် ရောက်ရှိလာနိုင်မည် ကိုလည်း မည်သူမျှ မခန့်မှန်းနိုင်တော့ချေ။ သို့သော် ပြည်နယ်ကိုးခုစလုံးရှိ ကျောင်းတော်များကို လိုက်လံ စစ်ဆေးရန်ဟူသော သူ၏ မူလတာဝန်ကိုမူ ရုပ်သိမ်းခြင်း မပြုခဲ့ချေ။ ၎င်းမှာ သူသည် နောက်နောင်တစ်ချိန်တွင် ထိုတာဝန်ကြီး ပြီးမြောက်ကြောင်း အစီရင်ခံရန်အတွက် မြို့တော်သို့ ပြန်လည်ရောက်ရှိလာနိုင်သေးသည်ဟူသော အဓိပ္ပာယ်ကို သွယ်ဝိုက်၍ ဖော်ညွှန်းနေခြင်း ဖြစ်ပေသည်။
ရှုရန်မြောင်သည် သူ၏ စနစ်ကို အလျင်အမြန် ဖွင့်လှစ် စစ်ဆေးလိုက်ပြီး ကြင်ယာတော်ချင်နှင့် ပတ်သက်သော သတင်းများကို သေသေချာချာ လိုက်လံရှာဖွေ ဖတ်ရှုပြီးနောက်မှသာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်း အရှည်ကြီး ချနိုင်တော့သည်။
“တော်သေးတာပေါ့၊ ကွပ်မျက်ခံလိုက်ရတဲ့သူက ဘယ်လိုပဲဖြစ်ဖြစ် သေဒဏ်ကျခံရမှာ သေချာနေတဲ့ အကျဉ်းသား အစစ်ပဲကိုး၊ ကြင်ယာတော်ချင်ကတော့ ဘာမှမဖြစ်ဘဲ ဘေးကင်းနေတာပဲ”
“ဟင်၊ ဧကရာဇ်မင်းကြီးက ဘယ်တုန်းကများ ကျင်းယီဝေကို လွှတ်ပြီး ကြင်ယာတော်ချင်ရဲ့ အထောက်အထား အမှန်ကို တိတ်တဆိတ် စုံစမ်းခိုင်းလိုက်တာလဲ၊ ပြီးတော့ အဲဒီအကြောင်းကို ကျိဆွေ့ကိုလဲ အသိပေးခဲ့ သေးတာလား”
“ဒါဆို ငါရေးထားတဲ့ လျှို့ဝှက်စာကကော”
ရှုရန်မြောင်တစ်ယောက် ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားရတော့သည်။
“ငါ အစောပိုင်းတုန်းကမှ အဲဒီစာကို ကျိဆွေ့ရဲ့ သေတ္တာအောက်ထဲကို လျှို့ဝှက်ပြီး သွားညှပ်ထားခဲ့တာ၊ တကယ်လို့သာ ကျင်းယီဝေက လူတွေက အဲဒီစာကို တွေ့သွားပြီး ငါ့ကိုပါ စုံစမ်း ဖော်ထုတ် သွားကြရင် ဘယ်လိုလုပ်မလဲ”
သူသည် ထိတ်လန့်လွန်းသဖြင့် အိပ်ရာပေါ်တွင် ဟိုဘက်ဒီဘက်သို့ အသည်းအသန် လူးလိမ့်နေမိတော့သည်။
“တကယ်လို့ ငါသာ အဖမ်းခံရရင် ငါ့ရဲ့ သတင်းရင်းမြစ်ကို ဘယ်လိုမျိုး ဆင်ခြေပေးပြီး ရှင်းပြရပါ့မလဲ၊ ငါက ကြင်ယာတော်ချင်နဲ့ ကျိဆွေ့တို့နှစ်ယောက်ရဲ့ ရုပ်ချင်းဆင်တူနေတာကို အမှတ်မထင် သတိထားမိလို့ပါလို့ပဲ ဗြောင်လိမ်လိုက်ရမလား”
သူသည် ဆက်လက်၍ အိပ်ရာပေါ်တွင် ဟိုလှည့်ဒီလှည့်ဖြင့် ဂနာမငြိမ် ဖြစ်နေမိပြန်သည်။
“မဖြစ်ဘူး၊ ကျိဆွေ့က သူ့မြေးမလေးနဲ့ တွေ့တော့မှာပဲ၊ နေပါဦး၊ ဒါပေမဲ့ ဘာဖြစ်လို့ မိဖုရားခေါင်ကြီးက ကျိဆွေ့ကို သူ့မြေးမလေးဆီ မလွှတ်ဘဲ နန်းတော်ထဲကို အရင်ဆုံး ဆင့်ခေါ်လိုက်ရတာလဲ”
မိဖုရားခေါင်ကြီး၏ အဆောင်တော်အတွင်း၌။
“ကျိဆွေ့၊ မင်းရဲ့ သမီးနဲ့ ပတ်သက်ပြီး မင်း မေးချင်နေတယ်ဆိုတာ ငါ သိတယ်၊ အားကျန်းက ငါ့ကို အားလုံး ပြောပြပြီးပြီ”
မိဖုရားခေါင်ကြီးက တည့်တိုး ပြောလိုက်သည်။
“သူက စိတ်မတည်ငြိမ်သေးဘူး၊ အဲ့ဒီတော့ ငါပဲ ရှင်းပြလိုက်မယ်”
“ကျေးဇူးတင်ပါတယ် မိဖုရားကြီး”
ကျိဆွေ့က မတ်မတ်ထိုင်နေ၏။ အသက် လေးဆယ့်ခြောက်နှစ်အရွယ် ကြောက်စရာကောင်းသော ဤအရာရှိသည် ကြီးမြတ်သော ကျောင်းစာအား ကြားရတော့မည့် စာသင်သားသဖွယ် စိတ်လှုပ်ရှားနေ၏။
“အားကျန်း ပြောပြတာတော့ သူမရဲ့ မိခင်က လယ်သမားတွေရဲ့ သမီး ဖြစ်ခဲ့တာတဲ့၊ ထျန်းထုန် မင်းဆက်ရဲ့ တစ်ဆယ့် တစ်နှစ်မြောက် နှစ်တုန်းက ချွမ်ကျိုးဒေသမှာ ကပ်ရောဂါဆိုးကြီး ပြင်းထန်စွာ ကျရောက်ခဲ့လို့ သူမရဲ့ မိသားစုလဲ စုတ်စုတ်ပြတ်ပြတ် ဆင်းရဲမွဲတေသွားခဲ့ရရှာတယ်၊ အဲဒီနောက်မှာတော့ သူမဟာ အသက် ခုနစ်နှစ် အရွယ်မှာတင် ဂေဟာ စံအိမ် တစ်ခုဆီကို ရောင်းစားခြင်း ခံခဲ့ရတာပေါ့”
ကျိဆွေ့၏ မျက်နှာမှာ မလှုပ်မယှက် တည်ငြိမ်နေဆဲ ဖြစ်သော်လည်း ဝတ်ရုံလက် အင်္ကျီအောက်ရှိ သူ၏ လက်နှစ်ဖက်မှာမူ လက်သီးသဖွယ် တင်းတင်းဆုပ်ထားမိသည်။
“အသက် တစ်ဆယ့်ခြောက်နှစ်အရွယ် ရောက်တော့ သူမရဲ့ မိခင်က အဲ့ဒီစံအိမ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေခဲ့တာ၊ ဒါပေမဲ့ အဲဒီနှစ်မှာပဲ မင်းက တစ်တိုင်းပြည်လုံးမှာ ရှိတဲ့ ဂေဟာ စံအိမ်တွေကို လိုက်လံ နှိမ်နင်းတဲ့ စစ်ဆင်ရေးကြီးကို စတင် ဆင်နွှဲခဲ့တယ်လေ၊ သူမကို ပိုင်ဆိုင်တဲ့ ဂေဟာ စံအိမ်လဲ ပိတ်သိမ်းခြင်း ခံလိုက်ရတာကြောင့် သူမ အဲဒီငရဲတွင်းကနေ လွတ်မြောက်ခွင့် ရခဲ့တယ်၊ နောက်ပိုင်းကျတော့ သူမက လယ်သမားတစ်ယောက်နဲ့ အိမ်ထောင် ပြုခဲ့တယ်၊ တကယ့်ကို ရိုးသား ဖြောင့်မတ်ပြီး သူမအပေါ် ကောင်းကောင်း ဆက်ဆံပေးတဲ့ သာမန် အမျိုးသား တစ်ယောက်ပေါ့”
သူကိုယ်တိုင် ဂေဟာ စံအိမ်တွေကို လိုက်လံနှိမ်နင်းခဲ့ခြင်းကြောင့် သူ၏ သမီးအရင်းမှာ ထိုကဲ့သို့သော ကံဆိုး မိုးမှောင်ကျလှသည့် ဘဝဆိုးကြီးထဲကနေ လွတ်မြောက်နိုင်ခဲ့သည်တဲ့လား။ ကျိဆွေ့၏ ဦးနှောက်တစ်ခုလုံး ရုတ်တရက် ဘာကိုမျှ မတွေးတောနိုင်တော့ဘဲ ဗလာနတ္ထိ ဖြစ်သွားခဲ့ရတော့သည်။
မိဖုရားခေါင်ကြီးက စကားကို ဆက်လက်၍ မိန့်ကြားလိုက်သည့် အချိန်ကျမှသာ သူသည် မိမိ၏ လွင့်စင်နေသော သတိတရားများကို မနည်း ပြန်လည်စုစည်းနိုင်တော့သည်။
“ဒါပေမဲ့ စံအိမ်ထဲက ဘဝက တကယ့်ကို ပင်ပန်း ဆင်းရဲလွန်းလှတယ်၊ သူမရဲ့ ကျန်းမာရေးက အစကတည်းက အရမ်း အားနည်း ချို့တဲ့နေခဲ့တာကြောင့် နောက်ဆုံးတော့ အသက် နှစ်ဆယ့်ခြောက်နှစ် အရွယ်မှာတင် ကွယ်လွန် သွားခဲ့ရှာတယ်၊ သူမရဲ့ ခင်ပွန်းဖြစ်သူကလဲ အားကျန်း အသက်သုံးနှစ်သား အရွယ်မှာတင် ကွယ်လွန် သွားခဲ့တာလေ၊ မုဆိုးမတစ်ဦးအနေနဲ့ သမီးဖြစ်သူကို တစ်ကိုယ်တည်း ရုန်းကန်ပြီး ခက်ခက်ခဲခဲ ပြုစု ပျိုးထောင်ခဲ့ ရပေမဲ့ အားကျန်း အသက် ဆယ်နှစ်အရွယ် ရောက်တဲ့အချိန်မှာတော့ သူမလဲပဲ ကွယ်လွန်သွားခဲ့ရှာတယ်”
“အားကျန်းက အကပညာနဲ့ ဆေးကုသခြင်း ပညာရပ် အချို့ကို သူမရဲ့ မိခင်ထံကနေ ကိုယ်တိုင် သင်ယူ တတ်မြောက်ခဲ့တာ၊ ဒီအရည်အချင်းတွေကပဲ အိမ်ရှေ့စံ မြေးတော်ရဲ့ အသက်ကို ကယ်တင် ပေးနိုင်ခဲ့သလို နောက်ပိုင်းမှာလဲ သူ့လက်ထဲကနေ အောင်မြင်စွာ ထွက်ပြေး လွတ်မြောက်နိုင်ဖို့အတွက် အကူအညီ ဖြစ်စေခဲ့တာပေါ့”
ရက်စက် ကြမ်းကြုတ်စွာ အရေးယူ နှိမ်နင်းတတ်သည့် လက်ဆပြင်းသူအဖြစ် လူအများက ကြောက်ရွံ့ ထိတ်လန့်ကြသော မြေရှင်ပဒေသရာဇ်ကြီးများ၏ အမုန်းတီးခံရဆုံးသော စာပေကျမ်းဂန်အသစ် လေ့လာရေး ဂိုဏ်းဝင် ပညာရှိများကလည်း ခေတ်သစ် ကွန်ဖြူးရှပ်ဝါဒ၏ မျှော်လင့်ချက် အလင်းတန်းကြီးအဖြစ် သတ်မှတ် ထားကြသော ဤအေးစက်ခက်ထန်လှသည့် အမျိုးသားကြီး၊ ဤနန်းတွင်း၏ သစ္စာရှိ စောင့်ကြည့်ရေးခွေးကြီး၊ ဤဒုတိယ အရာရှိချုပ်ကြီးနှင့် ဝမ်ယွမ်အဆောင်တော်၏ ပညာရှိ အရာရှိချုပ်ကြီးသည် ဖျာကော်ဇောငယ်ပေါ်တွင် ကိုယ်ကို တောင့်တောင့်ကြီး ထိုင်နေရင်းမှ ပါးပြင်ထက်ဆီသို့ မျက်ရည်များ တရွေ့ရွေ့ စီးကျလာတော့သည်။
သူ ရင်ထဲကနေ လှိုက်လှိုက်လဲလဲ ငိုကြွေးနေမိတော့သည်။
မိဖုရားခေါင်ကြီးက ညင်သာစွာ သက်ပြင်းချလိုက်သည်။
“အဲဒီကလေးကတော့ အခုလောလောဆယ် ငါ့ရဲ့ ကိုယ်ပိုင်အိမ်တော်မှာ ဆေးကုသမှုခံ ယူရင်း အနားယူနေတယ်”
အိမ်တော်အတွင်း၌ အစေခံ မိန်းကလေး အသစ်တစ်ဦးက ကြင်ယာတော်ချင်အား အဝတ်အစားလဲလှယ်ရန် ကူညီပေးနေခဲ့သည်။ ထိုအစေခံမလေးသည် အားကျမနာလိုဖြစ်လျက် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ် ရေရွတ်လိုက်၏။
“သခင်မလေး၊ သခင်မလေးရဲ့ အဖိုးအရင်းက အခြားသူ မဟုတ်ဘဲ ဒုတိယ အရာရှိချုပ်ကြီး၊ ဝန်ကြီးချုပ် လက်ထောက်၊ ဝမ်ယွမ်အဆောင်တော်ရဲ့ ပညာရှိအရာရှိချုပ်ကြီး၊ ဝူရင်ခန်းမရဲ့ ပညာရှိ အရာရှိချုပ်ကြီး၊ ပြီးတော့ အိမ်ရှေ့စံမင်းသားရဲ့ ဆရာသခင်၊ ခေတ်သစ်ကွန်ဖြူးရှပ်ဝါဒီတွေရဲ့ အထွတ်အထိပ် ခေါင်းဆောင်ကြီး ဖြစ်တဲ့ ကျိဆွေ့ပဲ”
သို့သော်လည်း ကြင်ယာတော်ချင်ကမူ တည်ငြိမ်အေးဆေးနေဆဲပင်။ သူမ၏ ဖြူလျော်နေသော မျက်နှာထက်၌ မပျောက်ပျက်သေးသော အားအင်ချိနဲ့မှုများ ပေါ်လွင်နေဆဲဖြစ်ပြီး တိုးညင်းသော လေသံဖြင့် မေးလိုက်သည်။
“ဧကရာဇ်နဲ့အတူ ထိုင်ပြီး အမျိုးသမီးတွေရဲ့ ကျင့်ဝတ်သိက္ခာနဲ့ စည်းကမ်းတွေအကြောင်း ဆွေးနွေးငြင်းခုံခဲ့တဲ့ အဲ့ဒီ့ ကျိဆွေ့ကိုပဲ ပြောတာလား”
အစေခံမလေးမှာ ဇဝေဇဝါဖြစ်သွားပြီး ပြောလိုက်သည်။
“အဲဒီအကြောင်းကိုတော့ ကျွန်တော်မျိုးမ သေချာ မသိပါဘူး၊ ဒါပေမဲ့ နန်းတွင်းထဲမှာတော့ ကျိဆွေ့ဆိုတဲ့ နာမည်နဲ့ ဒီအရာရှိကြီး တစ်ယောက်ပဲ ရှိတာပါ”
ထိုအခိုက်အတန့်တွင်ပင် ကျိဆွေ့တစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့တော့သည်။
သူ၏ ရင်ထဲ၌ အပြစ်မကင်းစိတ်များနှင့် တမ်းတမှုများ ပြည့်နှက်နေခဲ့သည့်အပြင် နှုတ်ကနေ ထုတ်မပြောဝံ့သော စိုးရိမ် ပူပန်မှုကြီးကိုလည်း အသည်းအသန် အောင့်ခံရင်း တံခါးကို တွန်းဖွင့်လိုက်သည်။
မိမိ မျက်စိရှေ့ရှိ အားအင်ချိနဲ့လှသော မိန်းကလေးငယ်လေး၏ ပုံရိပ်ကို မြင်တွေ့လိုက်ရခြင်းကပင် သူ သေသေချာချာ ကြိုတင်လေ့ကျင့်ပြင်ဆင်လာခဲ့သော စကားလုံးအားလုံးကို ချက်ချင်းပင် အစအနမကျန် ပျက်ပြား သွားစေခဲ့တော့သည်။ သူ၏ လေသံမှာ တုန်ယင်နေပြီး ပြောလိုက်သည်။
“အားကျန်း၊ ငါက မင်းရဲ့ အဖိုးပါ”
ထိုမိန်းကလေးငယ်လေးသည် စူးစမ်းလိုစိတ်မရှိဘဲ ကြည်လင်တည်ငြိမ်လှသော မျက်ဝန်းအစုံဖြင့် ခေါင်းမော့ ကြည့်လာခဲ့သည်။ သူမသည် အိပ်ရာမှ ထရပ်လိုက်ပြီးနောက် စိမ်းကားလှသော်လည်း စည်းကမ်းကျနလှသော ဦးညွှတ် ဂါရဝပြုခြင်းကို ပြီးပြည့်စုံစွာ ပြုလုပ်လိုက်ပြီးနောက် လေးစားသမှုရှိစွာဖြင့် နှုတ်ဆက်လိုက်တော့သည်။
“ကျိကုန်း”
သူမက စည်းစနစ်ကျနစွာဖြင့် တရားဝင် ခေါ်ဝေါ်လိုက်၏။
ကျိဆွေ့တစ်ယောက် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ချက်ချင်းပင် ဆွံ့အကာ တောင့်တင်း သွားခဲ့ရ ရှာတော့သည်။ သူ၏ သတိတရားများ ပြန်လည်ဝင်ရောက်လာသည့် အချိန်တွင်မူ သူ၏ ရင်ဘတ်တစ်ခုလုံးမှ စူးရှလှသော နာကျင်မှု လှိုင်းလုံးကြီးက တလိမ့်လိမ့် တက်လာခဲ့ရပြီး တဆတ်ဆတ် တုန်ရီနေသော သူ၏ လက်ချောင်းများကလည်း သူ၏ ရင်ထဲက အပူတပြင်း စိတ်ပျက်အားငယ်မှုများကို အထင်အရှား ဖော်ပြနေခဲ့ကြတော့သည်။