← Chapters

အလိုလေး၊ အဆင့်ကိုး အရာရှိက အသား စားရဲနေပါလား (၁)

Vol. 5 Ch. 69

အလိုလေး၊ အဆင့်ကိုး အရာရှိက အသား စားရဲနေပါလား (၁)

Vol. 5 Ch. 69

အခြားအရာရှိကြီးများ: “…”

*အံ့ဩစရာပဲ၊ ကြည့်ရသလောက်တော့ ဒီလူက လာဘ်ပေးလာဘ်ယူလုပ်တာ ဒါမှမဟုတ် လက်ဆောင်ပစ္စည်း လက်ခံခြင်းတွေကို လုံးဝ မပြုလုပ်ရုံတင်မကဘဲ မိန်းမကိစ္စတွေနဲ့ပါ ဘယ်တုန်းကမှ ပတ်သက်ဖူးပုံမဘူး၊ သူ ဂေဟာတွေကို သွားဖူးခြင်း ရှိမရှိကတော့ မသေချာပင်မယ့် သူ့ရဲ့ ကိုယ်ပိုင်အိမ်တော်ကို အမျိုးသမီး တစ်ယောက်ယောက်ကို မခေါ်လာဖူးတာတော့ သေချာတယ်*

အကြောင်းမှာ သူ၏ ယိုင်နဲ့နဲ့ ဖြစ်နေသော ထိုကြိမ်ကုတင်အစုတ်ကလေးမှာ လူနှစ်ယောက်၏ အလေးချိန်ကို ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပေ။ လှုပ်ရှားလိုက်လို့ ထွက်ပေါ်လာမည့် အသံဗလံနှင့်တင် ထိုကုတင် ကလေးမှာ ဗုန်းခနဲ ပြိုလဲပျက်စီးသွားနိုင်ခြေ ရှိလွန်းလှသည်။

တစ်ယောက်က ဘယ်လိုဖြစ်လို့ ဤမျှအထိ အပြစ်အနာအဆာကင်းပြီး စင်ကြယ်လှတဲ့ ဘဝမျိုးနဲ့ ရှင်သန်နေထိုင်နိုင် ရတာလဲ။ ဒါမှမဟုတ်… ဒီပိုင်ကျီကို နတ်ဘုရား အသုံးအဆောင် ပစ္စည်းကြီးက ရွေးချယ်ခဲ့တာဟာ ဤသို့သော ကလေးငယ်တစ်ဦးအလား ဖြူစင်ရိုးသားမှုကြောင့်များ ဖြစ်နေမလား။

တရားရေးရာ ဝန်ကြီးချုပ်ကြီးသည် ရင်ထဲ၌ အလွန်အမင်း စိတ်လှုပ်ရှား စိုးရိမ်မိသွားသော်လည်း၊ ရုတ်တရက် အတွေးတစ်ခု ဝင်လာခဲ့ရသဖြင့် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထလာခဲ့ပြီး ကျောပြင်ထက်မှ ချွေးစေးများ တရဟော စီးကျလာခဲ့ရတော့သည်။ သူ၏ အကြည့်များမှာ ဧကရာဇ်ထံသို့ ချက်ချင်းပင် ရွှေ့လျားသွားခဲ့၏။ သူ ထင်ထားခဲ့သည့်အတိုင်းပင် ဧကရာဇ်၏ မျက်ဝန်းအစုံမှာမူ တကယ့်ကို ရှားပါးလှသော ရတနာတစ်ပါးကို ရှာဖွေ တွေ့ရှိသွားသည့်အလား တောက်ပလို့ နေခဲ့ချေပြီ။

နောက်ဆုံးအကြိမ် အရှင်မင်းကြီး ဤမျှအထိ စိတ်လှုပ်ရှားဝမ်းသာသွားခဲ့ရခြင်းမှာ ရှုရန်မြောင်၏ စိတ်တွင်း ရေရွတ်သံများကို ကြားနိုင်စွမ်းရှိမှန်း သိရှိသွားခဲ့ရပြီး ထိုအချက်ကို အသုံးချကာ တိုင်းပြည်ကို ပိုမိုထိရောက်စွာ အုပ်ချုပ်နိုင်တော့မည်ဟု သိလိုက်ရစဉ်က ဖြစ်ပေသည်။ တရားရေးဝန်ကြီးချုပ်ကြီးသည် သူ၏ ကျောရိုးတစ်ခုလုံး အေးစက်သွားခဲ့ရပြီး ဧကရာဇ်မင်းကြီး၏ ရှေ့မှောက်၌ ဒူးထောက်လျက် 'အရှင်မင်းကြီး… ကျေးဇူးပြုပြီး နောက်ထပ် မလုပ်ပါနဲ့တော့' ဟူ၍ပင် အသည်းအသန် တောင်းပန်တိုးလျှိုးချင်စိတ် ပေါ်ပေါက်လာမိတော့သည်။

ရှုရန်မြောင်က အိမ်ထောင်မရှိသေးသည့် လူပျိုလူလွတ်ဖြစ်သော်လည်း ကျန်ရှိနေသော သူတို့အားလုံးမှာမူ လုပ်ကျွေး ပြုစုရမည့် မိသားစုဝင်မြောက်မြားစွာ ရှိကြသည် မဟုတ်ပါလား။ လူတိုင်းကတော့ဖြင့် ဤပိုင်ကျီကဲ့သို့ ပေါင်းသင်း ဆက်ဆံရေးနယ်ပယ်တွေကို ရှောင်လွှဲခြင်း၊ အထက်လူကြီးများကို လာဘ်ထိုးခြင်း သို့မဟုတ် မိတ်ဆွေဖွဲ့ ကွန်ရက်ချိတ်ဆက်ခြင်းတို့ကို လုံးဝမလုပ်ဘဲ စိတ်လွတ်ကိုယ်လွတ် ဘဝကို အေးအေးလူလူ ရှင်သန်နိုင် ကြသည် မဟုတ်ချေ။ အဆိုပါ လူမှုရေးကိစ္စရပ်အားလုံးမှာ ငွေကြေးအမြောက်အမြား ကုန်ကျစရိတ် ရှိလွန်းလှသည်။ ဤကဲ့သို့သော အစွန်းရောက် ချွေတာလွန်းလှသည့် ဘဝနေထိုင်မှုဟန်မှာ အခြားသူများ အတွက် လုံးဝ မဖြစ်နိုင်အောင် ဆိုးရွားလှပေသည်။

သူ၏ အခန်းသုံးခန်းမျှသာရှိသော အိမ်ကလေးအကြောင်းဆိုလျှင် ပြောနေစရာ မလိုတော့ချေ။ တကယ်လို့သာ သူ အိမ်ထောင်ပြုပြီး သားသမီး နှစ်ယောက်ထက်မက မွေးဖွားလာခဲ့မည်ဆိုလျှင် ဤအိမ်ကလေးက ဘယ်လိုနည်းနဲ့မှ မဆံ့ဘဲ တကယ့်ကို ကျဉ်းမြောင်းသွားရမည်မှာ အမှန်ပင်။

တရားရေးရာဝန်ကြီးချုပ်ကြီးသည် မိမိကိုယ်မိမိ တကယ့်ကို ဖြောင့်မတ်ရိုးသားသော အရာရှိတစ်ဦးအဖြစ် အမြဲတမ်း ဂုဏ်ယူဝင့်ကြွားလေ့ရှိသူ ဖြစ်၏။ သူသည် ကပ်ဘေးကယ်ဆယ်ရေး ရန်ပုံငွေကဲ့သို့သော ငွေကြေးမျိုးကို တစ်ပြားတစ်ချပ်လေးတောင် ဘယ်တုန်းကမှ မတရား မယူခဲ့ဖူးချေ။ သို့သော်လည်း ထိုသို့သော အခြေအနေ မျိုးမှာပင် သူသည် မိမိ၏ မိသားစု စရိတ်စကများကို ကာမိစေရန်အတွက် လက်ဆောင်ပစ္စည်းများကို လက်ခံ ရယူခြင်းနှင့် မိမိ၏ ရာထူးအရှိန်အဝါကို အသုံးချကာ အခြားသော လမ်းကြောင်းများမှနေ၍ ကိုယ်ပိုင် အပိုဝင်ငွေ အချို့ကို ရှာဖွေရခြင်းတို့ကို မလွှဲမရှောင်သာ ပြုလုပ်ခဲ့ရသည်။

ဧကရာဇ် ပေးအပ်ထားသော လစာရိက္ခာမှာ မနည်းလှဘဲ တကယ့်ကို ရက်ရက်ရောရော ရှိလှသည်ဟု ဆိုရမည်။ အရာရှိကြီးများသည် ပုံမှန်လစာအပြင် ကိုယ်ပိုင်လယ်ယာမြေများကိုပါ ရရှိကြပြီး သူကဲ့သို့သော ဒုတိယအဆင့် အရာရှိကြီးတစ်ဦးဆိုလျှင် အပိုင်စား အမြဲတမ်းစိုက်ပျိုးမြေ ၃၅ ကျင်း၊ တာဝန်ထမ်းဆောင်မှုမြေ ၁၀ ကျင်းနှင့်အတူ နှစ်စဉ် ရိက္ခာဆန် ၅၀၀ ရှီ တောင် ရရှိကြတာ ဖြစ်၏။ ထို့ပြင် လစဉ် ချီးမြှင့်ငွေ၊ အစားအသောက် ထောက်ပံ့ကြေးများနှင့် ကိုယ်ရံတော်ရဲမက်များအတွက် ငွေကြေးအပြန်အလှန် လဲလှယ်ခွင့်များအပါအဝင် နှစ်စဉ် စုစုပေါင်း စရိတ်စကအနေဖြင့် ငွေအသပြာ ယွမ် ၂၃,၅၀၀ ရရှိခံစားကြရခြင်း ဖြစ်ပေသည်။

သို့သော် ထိုပမာဏက တကယ်တမ်းတွင် လုံးဝ မလုံလောက်သေးပေ။ သူသည် တရားရေးရာ ဝန်ကြီးချုပ် အဆင့်အထိ ရောက်ရှိနေပြီ ဖြစ်သဖြင့် အခြားသူများကို မျက်နှာလုပ်နေရခြင်း သို့မဟုတ် အောက်ခြေကနေ လာဘ်ထိုးနေရခြင်းမျိုး လုံးဝ မရှိတော့သော်လည်း အိမ်တော်က အစေခံအလုပ်သမားတွေကို လစာပေးခြင်း၊ သားသမီးများကို ထိမ်းမြားမင်္ဂလာပွဲများ ပြုလုပ်ပေးရခြင်း၊ ပြီးတော့ စာရေးကိရိယာများ ဖြစ်သော စာရွက်နှင့် မှင်များကို ဝယ်ယူရခြင်းစသည့် နေ့စဉ်လူမှုရေး ကိစ္စရပ်အားလုံးမှာ ငွေကြေးတွေက တရဟော ကုန်ကျနေတာ မဟုတ်ပါလား။

တစ်ဖက်တွင်မူ ယခုအခါတွင် မျက်နှာတစ်ခုလုံး ပီတိအပြုံးများဖြင့် ဝင်းပနေခဲ့ပြီ ဖြစ်သော ဧကရာဇ်မင်းကြီးသည် ရှုရန်မြောင်ထံသို့ လှည့်ကာ နွေးထွေးပျူငှာစွာဖြင့် နှုတ်ဟမိန့်ကြားလိုက်တော့သည်။

“ငါ့ရဲ့ ချစ်လှစွာသော အရာရှိမင်း…” (အခေါ်အဝေါ် ပြောင်းသွားပုံက မြန်လွန်းလှသည်)

“ဒီလောက်အထိ ချွေတာပြီး နေထိုင်နေရတာဆိုတော့ မင်း လိုအပ်တာ တစ်ခုခု ရှိသေးလား”

ထိုစကားကို ကြားလိုက်ရသည်နှင့် တပြိုင်နက် နန်းတွင်းအရာရှိကြီးအားလုံးမှာ တစ်ကိုယ်လုံး ချွေးစေးများ တရဟော စီးကျလာခဲ့ကြရပြီး တစ်ယောက်ပြီး တစ်ယောက် ရှုရန်မြောင်ထံသို့ တောင်းပန်တိုးလျှိုးလှသော အကြည့်များဖြင့် ပြိုင်တူ ဝိုင်းအုံကြည့်လိုက်ကြတော့သည်။ ကောင်းကင်ဘုံ ကယ်တော်မူပါ။ တကယ်လို့သာ ရှုရန်မြောင်တစ်ယောက် ဘာမှမစဉ်းစားဘဲ “ကျွန်တော်မျိုးအတွက် ဒီလောက်ဆိုရင်ပဲ လုံလောက်လှပါပြီ ဘုရား” ဟု လျှောက်တင်လိုက်ပါက ဧကရာဇ်မင်းကြီးက ၎င်းကို အကြောင်းပြကာ သူတို့အားလုံးရဲ့ လစာရိက္ခာကို ထက်ဝက်တိတိ ဗုန်းခနဲ လျှော့ချပစ်လိုက်မည်ဆိုလျှင် သူတို့အားလုံးအတွက် တကယ့်ကို အရှင်လတ်လတ် ငရဲကျသကဲ့သို့ ဖြစ်သွားရော့မည်မှာ အမှန်ပင်။

ရှုရန်မြောင်သည် ခဏမျှ တုံ့ဆိုင်းသွားခဲ့ပြီးနောက်မှ မဝံ့မရဲဖြင့် လျှောက်တင်လိုက်သည်။

“…မ… မရှိပါဘူး ဘုရား…”

သူ့ကဲ့သို့ ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းပြီး အူတူတူနိုင်လှသော လူပင်လျှင် မိမိ၏ အထက်လူကြီးက မင်း ဘဝမှာ အဆင်မပြေတာမျိုး ရှိလားလို့ လာရောက်မေးမြန်းပါက ၎င်းမှာ မိမိ၏ ဒုက္ခဆင်းရဲများကို တိုင်တည်ပြီး ဗြောင်ကျကျ ညည်းတွားပြဖို့ အခွင့်အရေးပေးနေခြင်း မဟုတ်မှန်းကိုတော့ သူ ကောင်းကောင်းကြီး ရိပ်မိ ထားပေသည်။

ဧကရာဇ်မင်းကြီးက သူ့အား ယခင်ကထက် ပိုမို၍ အားပေးကာ မိန့်ကြားပြန်သည်။

“တကယ်လား၊ ဘာအခက်အခဲမှ မရှိဘူး ဟုတ်လား၊ တကယ်လို့ တစ်ခုခု ရှိနေရင်လဲ ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ၊ ငါကိုယ်တော် ကိုယ်တိုင်လဲ တစ်ခါမှ အရာရှိလုပ်ပြီး ဘဝကို ဖြတ်သန်းခဲ့ဖူးတာ မဟုတ်တော့ မင်းတို့ အရာရှိတွေရဲ့ နေ့စဉ်ဘဝ ရှင်သန်မှုက ဘယ်လိုပုံစံမျိုး ရှိမလဲဆိုတာကို သေသေချာချာ မသိဘူး၊ အခုက ငါကိုယ်တော် အနေနဲ့ မင်းဆီကနေ အကြံဉာဏ် တောင်းခံနေတဲ့ သဘောပါပဲ၊ မင်း ပွင့်ပွင့်လင်းလင်း လျှောက်တင် စမ်းပါ၊ အဲဒီအချက်အပေါ် မူတည်ပြီး ငါကိုယ်တော် နန်းတွင်းမူဝါဒတွေကို လိုအပ်သလို ပြန်လည်ပြင်ဆင် ချိန်ညှိပေးရတာပေါ့”

ယခုတစ်ကြိမ်တွင်မူ ရှုရန်မြောင်သည် ယခင်ကထက် ပိုမို၍ ခိုင်မာပြတ်သားလှသော လေသံဖြင့် ပြန်လည် လျှောက်တင်လိုက်တော့သည်။

“လုံးဝ မရှိပါဘူး ဘုရား”

“ငါ ထင်ထားတဲ့အတိုင်းပဲ…”

[ကျွန်တော့်ကို ငတုံးလို့ ထင်နေတာလား]

ဧကရာဇ်၏ ပီတိဖြစ်နေသော မျက်နှာအမူအရာမှာ ချက်ချင်းပင် တောင့်ခဲသွားခဲ့ရတော့သည်။

*နေပါဦး… အခုလေးတင် ရှုရန်မြောင် စိတ်ထဲကနေ ဘာပြောလိုက်တာလဲ*

ဘေးနားတွင် ရှိနေကြသော နန်းတွင်းအရာရှိကြီးများ: “…”

*တကယ့်ကို ထင်မှတ်မထားတဲ့ ဇာတ်ကွက် အလှည့်အပြောင်းကြီးပါလား*

ယခုအခါတွင်မူ အရာရှိကြီးအားလုံး၏ ရင်တမမဖြင့် တားဆီးလိုသော အကြည့်များမှာ ရှုရန်မြောင်ထံသို့ အားပေးသော အကြည့်များအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့ကြချေပြီ။

*ဟုတ်တယ်… ရှောင်ပိုင်ကျီ၊ ထပ်ပြောပါဦး*

[တကယ်လို့သာ ကျွန်တော့်ဘက်က ဒုက္ခဆင်းရဲတွေ ရှိပါတယ်လို့ သွားပြောလိုက်ရင် ဒါ ဧကရာဇ်ရဲ့ ဂုဏ်သိက္ခာကို ဗြောင်ကျကျ စော်ကားလိုက်ရာ မကျဘူးလား၊ အဲဒါက အရှင်မင်းကြီးရဲ့ ပန်းကန်ထဲက အစားအစာတွေကို လုစားသလိုမျိုး ဖြစ်နေမှာပေါ့၊ ဒါ လုံးဝကို မဖြစ်သင့်တဲ့ ကိစ္စကြီးဗျ]

ဧကရာဇ်မင်းကြီးသည် ပို၍ပင် စိတ်မရှည်ဖြစ်လာခဲ့ရပြီး မိန့်ကြားလိုက်တော့သည်။

“တကယ်ကြီး ဘာမှမရှိဘူးလား၊ ငါ မယုံဘူး၊ အမှန်အတိုင်း လျှောက်တင်စမ်း၊ မင်း တကယ်လို့ အမှန်အတိုင်း မလျှောက်တင်ဘူးဆိုရင်တော့ … အရှင်သခင်ကို လိမ်လည်လှည့်ဖြားတဲ့ ရာဇဝတ်မှုနဲ့ အပြစ်ပေးရလိမ့်မယ်”

[နေပါဦး… သူက တကယ်ကြီး အကြံဉာဏ် တောင်းခံနေတာလား]

“အရှင်မင်းကြီး”

ရှုရန်မြောင်သည် ခဏမျှ တုံ့ဆိုင်းသွားခဲ့ပြီးနောက်မှ မဝံ့မရဲဖြင့် လျှောက်တင်လိုက်တော့သည်။

“နန်းတွင်းက ချီးမြှင့်တဲ့ လစာရိက္ခာက တကယ့်ကို နည်းပါးလွန်းလှပါတယ် ဘုရား…”

ဧကရာဇ်သည် မျက်မှောင်ကြုတ်လိုက်ရင်း ပြန်လည်မိန့်ကြားလိုက်၏။

“ဘယ်လိုနည်းနဲ့များ နည်းပါးလွန်း ရတာလဲ၊ ငါကိုယ်တော် ကိုယ်တိုင် ဒီပမာဏကို သေသေချာချာ စနစ်တကျ တွက်ချက်ထားတာ၊ ဒါ တကယ့်ကို သင့်တင့်မျှတတဲ့ စံနှုန်းပဲ”

ရှုရန်မြောင်သည် ခေါင်းကို အောက်သို့ ငိုက်စိုက်ချလိုက်ပြီးနောက် သူ၏ လက်ချောင်းများကို တစ်ခုချင်းစီ လိုက်လံချိုးရေတွက်ရင်း လျှောက်တင်တော့သည်။

“အရှင်မင်းကြီး၊ ကျွန်တော်မျိုး ဒီအိမ်အသစ်ထဲကို မပြောင်းရွှေ့လာခင်တုန်းက အိမ်ငှားခအတွက် တစ်လကို ကြေးဒင်္ဂါး ၅၀၀ သုံးစွဲခဲ့ရပါတယ်”

“အဲဒါဆိုရင်လဲ မင်းရဲ့ နေ့စဉ်အသုံးစရိတ်တွေအတွက် တစ်လကို ငွေအသပြာ ၁,၄၁၇ ယွမ်တောင် ကျန်နေ သေးတာပဲ မဟုတ်လား”

“ချက်ပြုတ်ဖို့ ထင်းရယ်၊ ဆန်ရယ်၊ ဆီရယ်၊ ဆားရယ်…”

ဧကရာဇ်သည် စိတ်မရှည်တော့ဟန်ဖြင့် အိမ်တံခါးဘောင်ကို ရိုက်ချလိုက်သည်။

ယခုတစ်ကြိမ်တွင် သူသည် ဤကိစ္စရပ်၏ အောက်ခြေအထိ အမြစ်ပြတ်သွားအောင် စူးစမ်းစစ်ဆေးရန် တကယ့်ကို စိတ်ပိုင်းဖြတ်ထားခဲ့ချေပြီ။ သူ့အား ကပ်စေးနှဲတတ်သူတစ်ဦးအဖြစ် စွပ်စွဲပြစ်တင်ကြခြင်းကိုမူ ထားလိုက်ဦးတော့၊ သို့သော်လည်း မိမိအနေဖြင့် မိမိ၏ နန်းတွင်းအရာရှိကြီးများအပေါ် ငဲ့ညှာထောက်ပံ့မှုပေးရန် တာဝန် ပျက်ကွက် ခဲ့သည်ဟု သွယ်ဝိုက်၍ ပြောဆိုလာခြင်းမျိုးကိုမူ သူ ဘယ်လိုနည်းနဲ့မှ ခွင့်လွှတ်နိုင်လိမ့်မည် မဟုတ်ပေ။

“မင်းက တစ်နှစ်ကို ရိက္ခာဆန် ၅၂ တင်းတောင် ခံစားပိုင်ခွင့် ရှိတာ၊ မင်း တစ်ယောက်တည်းအတွက် ဆန် ဘယ်လောက်တောင် စားနိုင်လို့လဲ၊ သုံးတင်းလား၊ လေးတင်းလား၊ ငါးတင်းလား၊ ကျန်တဲ့ဆန်တွေကို အပြင်မှာ ပြန်ရောင်းလိုက်ရင်တင် မင်းအတွက် ကြေးဒင်္ဂါးပေါင်း ထောင်ချီပြီး အပိုဝင်ငွေရဦးမှာပဲ မဟုတ်လား၊ အဲဒါကော မင်းရဲ့ လစာထဲမှာ မပါဘူးလား၊ ဒီလောက်ဆိုရင် မင်း နေ့တိုင်း အသားဟင်းနဲ့ ထမင်းစားဖို့အတွက် တကယ်ကြီး မလုံလောက်ဘူးလို့ ပြောချင်တာလား”

ဧကရာဇ်သည် တကယ့်ကို မကျေမနပ်ဖြင့် ဒေါသတကြီး မိန့်ကြားလိုက်တော့သည်။

သူသည် အရာရှိများ ရရှိထားကြသော တာဝန်ထမ်းဆောင်မှုမြေနှင့် အပိုင်စားလယ်ယာမြေများဆီက ထွက်ရှိမည့် အကျိုးအမြတ် အခွန်ဘဏ္ဍာများကိုပင် ထည့်သွင်းတွက်ချက်ခြင်း မပြုရသေးချေ။ လယ်မြေ တစ်ချင်းလျှင် မူပေါင်း ၂၀ ရှိသဖြင့် သူသည် ရှုရန်မြောင်အတွက် လယ်မြေပေါင်း ၈၀ မူ တောင် ခွဲဝေချထားပေးခဲ့တာ ဖြစ်၏။ ၎င်းကကော မလုံလောက်ပေဘူးလား။

“ငါ့ဆီကို ပေသီး ယူလာပေးစမ်း၊ ဒီနေ့တော့ စာရင်းကို သေသေချာချာ ရှင်းရှင်းလင်းလင်း တွက်ချက်ကြတာပေါ့”

နန်းတွင်း ကိုယ်ရံတော်များသည် ပေသီးတစ်လုံးကို ချက်ချင်းပင် အပြေးအလွှား ယူဆောင်လာပေးကြတော့သည်။

ဧကရာဇ်သည် ပေသီးကို လက်တွင်ကိုင်ရင်း အချက်အလက်ပြိုင်ပွဲ လုပ်ရန် အဆင်သင့်ပြင်လိုက်တော့သည်။

“ဟုတ်ပြီ၊ မင်း တစ်နေ့ကို အစားအသောက် ဘယ်လောက်ဖိုး စားလဲဆိုတာ ငါ့ကို အမှန်အတိုင်း လျှောက်တင်စမ်း”

“ကျွန်တော်မျိုး နေ့လယ်စာကိုတော့ ရုံးတော်မှာပဲ စားပါတယ်၊ မနက်စာနဲ့ ညစာ နှစ်နပ်စာ ပေါင်းလိုက် ရင်တော့ ဆန်တစ်ရှန်ရယ်၊ ဂျုံမှုန့် ငါးလျန်ရယ်၊ ပြီးတော့ အသား ရှစ်လျန်ရယ် ကုန်ကျပါတယ် ဘုရား”

“ဂျုံမှုန့် ငါးလျန်ဆိုရင် ပေါက်စီ နှစ်လုံးတောင် လုပ်စားလို့ ရတာပဲ၊ ပြီးတော့ အသား ရှစ်လျန်ဆိုတာ တစ်နေ့ကို အသားခွဲ တစ်ပိဿာနီးပါးတောင် ရှိတာဥစ္စာ၊ အဲဒီတော့ ချက်ပြုတ်ဖို့ ထင်းရယ်၊ ဆန်ရယ်၊ ဆီရယ်၊ ဆားရယ် အားလုံး ပေါင်းလိုက်ရင်…”

ဧကရာဇ်သည် ပေသီးကို ချောက်ခနဲ ချောက်ခနဲ ဖြင့် အပြင်းအထန် ရိုက်ခတ်ကာ တွက်ချက်လိုက်တော့သည်။

“အိမ်ငှားခ ယွမ် ၅၀၀ အပါအဝင်ဆိုရင် မင်းရဲ့ တစ်လစာ စုစုပေါင်း ကုန်ကျစရိတ်က ယွမ် ၃,၀၀၁ ပဲ ရှိတာ၊ ဒါက ဘယ်လိုနည်းနဲ့များ မလုံလောက်ဘဲ ရှိရမှာလဲ၊ နန်းတွင်းကနေ မင်းကို ရိက္ခာဆန်တွေ ပေးထားသလို၊ လယ်မြေ ၄ ချင်းတောင် ချီးမြှင့်ထားသေးတာပဲ၊ လိုအပ်တာမှန်သမျှကို မင်းရဲ့ ကိုယ်ပိုင်လယ်ယာမြေ ရိတ်သိမ်းမှုဆီကနေ အလွယ်တကူ ကာမိစေနိုင်တာပဲ မဟုတ်ဘူးလား”

သူ၏ စာရင်းဇယား တွက်ချက်မှုများ ပြီးမြောက်သွားသောအခါ ဧကရာဇ်သည် မိမိကိုယ်မိမိ အလွန်အမင်း ကျေနပ် အားရ သွားခဲ့ရတော့သည်။

သူသည် ဂျုံမှုန့်ငါးလျန်ဖြင့် ပြုလုပ်ထားသော ပေါက်စီကဲ့သို့ အစားအစာများကို အထဲတွင် အသားနှင့် အစာများ သွပ်သွင်းထားသည့် ပေါက်စီအစစ်အမှန်မှန်း သိလျက်နှင့်ပင် ပရိယာယ်အနည်းငယ်သုံးကာ ဘာမှမပါသည့် သာမန် ပေါင်းမုန့်များ အဖြစ်သာ အရောဝင် တွက်ချက်ပေးလိုက်ခြင်း ဖြစ်ပေသည်။

ရှုရန်မြောင်: “တစ်အိမ်လုံး သုံးစွဲရတဲ့ ရေဖိုးရယ်၊ ပြီးတော့ ညဘက် စာဖတ်တဲ့အခါ သုံးရတဲ့ ဆီမီးခွက်သုံး ဆီဖိုး တွေလဲ ရှိပါသေးတယ် ဘုရား…”

“ရတယ်လေ၊ အဲဒီစရိတ်တွေကိုပါ ငါ ထပ်ပေါင်းပေးမယ်”

ပေသီးခလုတ်များမှာ ချောက်ချောက်ချက်ချက် ဖြင့် ထပ်မံ၍ မြည်ဟီးသွားခဲ့ပြန်သည်။

“တစ်လကို ရေပုံး အလုံး ၃၀ ရယ်၊ ပြီးတော့ သန်းခေါင်ယံအချိန်အထိ စာဖတ်ဖို့ သုံးတဲ့ ဆီမီးခွက်ဆီဖိုးရယ်၊ အားလုံးပေါင်းလိုက်ရင် တစ်လကို ၇၅ ယွမ်ပဲ ပိုတိုးလာတာ”

ရှုရန်မြောင်ကမူ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိတော့သည်။

[နည်းတာ၊ များတာ အပထားဦး၊ တစ်စက်ချင်းစီ စုမိရင် ရေကန်ကြီး ဖြစ်လာတာဗျ၊ ဒါတွေအားလုံး ပေါင်းလိုက်ရင် တောင်မှ ကျွန်တော့်မှာ တစ်လကို ၈၀၉ ယွမ်တောင် လိုငွေ ပြနေတုန်းပဲ]

ဧကရာဇ်သည် တစ်ကိုယ်လုံး ဒေါသကြောင့် တုန်ရီလာခဲ့ရတော့သည်။

*ဘယ်လိုနည်းနဲ့များ လိုငွေပြနေရတာလဲ၊ ငါက လယ်ယာမြေဆီကရမယ့် အကျိုးအမြတ် အခွန်ဘဏ္ဍာတွေကိုပါ အသေအချာ ထည့်သွင်း တွက်ချက် ပေးထားတာ မဟုတ်ဘူးလား*

“မင်းက လယ်တစ်မူကနေ သီးနှံ ဘယ်လောက်အထိ ထွက်သလဲဆိုတာကိုကော တကယ်ကြီး မသိလို့လား”

ရှုရန်မြောင်ကမူ ချက်ချင်းပင် တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်လည်လျှောက်တင်လိုက်သည်။ အကြောင်းမူကား ၎င်းမှာ သူ၏ ကိုယ်ပိုင် လစာရိက္ခာနှင့် တိုက်ရိုက်ပတ်သက်နေသောကြောင့် ဖြစ်ပေသည်။

“ဆန်သုံးတင်း ထွက်ပါတယ် ဘုရား”

“ဟုတ်ပြီ၊ မျိုးစေ့ဖိုးတွေ၊ စိုက်ပျိုးစရိတ်တွေနဲ့ အခွန်အတုတ်တွေကို နှုတ်လိုက်ရင်တောင်မှ မင်းအတွက် ဆန် နှစ်တင်း အသားတင် ကျန်ဦးမှာပဲ၊ အဲဒီအထဲကို နွေရာသီနဲ့ ဆောင်းဦးရာသီ ရိတ်သိမ်းမှုတွေကိုပါ ထပ်ပေါင်း လိုက်ရင် မင်း တစ်နှစ်ကို ငွေအသပြာ ၄၀၀ နီးပါးလောက်အထိ အပိုဝင်ငွေရမှာပေါ့၊ ဒါဆိုရင် လယ်မြေ ၄ ချင်း ကနေ တစ်နှစ်ကို စုစုပေါင်း ၁၂,၈၀၀ ယွမ်တောင် ထွက်နေတာ”

ရှုရန်မြောင်သည် သူ၏ လက်ချောင်းများကို ထပ်မံ၍ တစ်ချောင်းချင်းစီ ချိုးရေတွက်ရင်း လျှောက်တင် ပြန်တော့သည်။

“ဒါပေမဲ့ ကျွန်တော်မျိုးဘက်က လယ်ထွန်ဖို့အတွက် နွားတွေကို ငှားရမ်းရသလို၊ စိုက်ပျိုးရေးကိရိယာတွေကိုလည်း ပြင်ဆင်ရပါတယ်၊ ပြီးတော့ အဲဒီလယ်မြေတွေကို လယ်သီးစား လယ်သမားတွေဆီကိုပါ ထပ်ဆင့်ပြီး ငှားရမ်းခ ပေးရတာတွေ ရှိပါသေးတယ် ဘုရား…”

ဧကရာဇ်က ကြားဖြတ် ပြောလိုက်သည်။

“အဲဒီစရိတ်တွေ အားလုံးကိုပါ ငါ ထည့်သွင်း တွက်ချက်ပေးမယ်၊ မင်းဘက်က လယ်ထွန်နွားတွေကို သေသေချာချာ ထောက်ပံ့ ပေးမယ်ဆိုရင် ရိတ်သိမ်းသီးနှံအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းကို မင်း အသားတင် ရရှိခံစားပိုင်ခွင့် ရှိတာ၊ နွားတစ်ကောင် ငှားရမ်းခက တစ်နေ့ကို ၃ ယွမ်ပဲ ရှိပြီး နွေဦးနဲ့ နွေရာသီတွေမှာ နွားစာကျွေးရတဲ့ စရိတ်က တစ်နေ့ကို ၃၃ ယွမ် ကုန်ကျတယ်၊ နွားနှစ်ကောင်နဲ့ဆိုရင် မင်း တစ်နေ့ကို လယ်မြေ ၅ မူတောင် အေးအေးလူလူ ထွန်ယက်နိုင်တာပဲ”

ဧကရာဇ်၏ စကားပင် မဆုံးသေးမီမှာတင် ရှုရန်မြောင်သည် စိတ်ထဲကနေ လျှပ်စီးလက်သလို တွက်ချက် ပြီးသွားခဲ့သဖြင့် လျှောက်တင်လိုက်တော့သည်။

“၁,၁၅၂ ယွမ် ကုန်ကျပါတယ် ဘုရား”

ဧကရာဇ်သည် သူ့အား အံ့ဩတကြီးဖြင့် ဖြတ်ခနဲ လှမ်းကြည့်လိုက်မိပြီးနောက် မိမိလက်ထဲက ပေသီးကို ပြန်လည်စစ်ဆေးကြည့်ရာ တကယ့်ကို မှင်တက်အံ့ဩသွားရတော့သည်။

“မင်းက သင်္ချာအတွေးအခေါ်ကိုပါ တတ်ကျွမ်းတာလား”

ရှုရန်မြောင်သည် ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်မိတော့သည်။

[ဒါပေါ့ဗျာ၊ ကျွန်တော်က ခေတ်သစ်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကြီးတုန်းက ဂဏန်းတွက်စက်တောင် လုံးဝမသုံးဘဲ သင်္ချာ ဘာသာရပ်ကို အမှတ်ပြည့် ရအောင် ဖြေဆိုအောင်မြင်ခဲ့တဲ့သူပဲဥစ္စာ၊ ဟဲဟဲ]

ဧကရာဇ်က သူ၏ စာရင်းကို ဆက်လက်၍ တွက်ချက်ပြပြန်သည်။

“အတိအကျပဲ၊ ၁,၁၅၂ ဝမ်၊ မင်းအနေနဲ့ ကုန်ကျစရိတ်တွေအားလုံးကို နှုတ်ပြီးရင်တောင်မှ ရိတ်သိမ်းသီးနှံရဲ့ ၆၀ ရာခိုင်နှုန်းကို ရရှိမှာ ဖြစ်လို့၊ တစ်နှစ်ကို အသားတင် ၁၄,၂၀၈ ယွမ်တောင် ကျန်ရှိဦးမှာ၊ ဒီလောက် ပမာဏဆိုရင် မင်းရဲ့ လိုငွေပြနေတာတွေကို ကောင်းကောင်းကြီး ကာမိစေရုံတင်မကဘဲ မင်းရဲ့ လက်ထဲမှာ ၄,၅၀၀ ယွမ်တောင် အပိုအလျှံ ကျန်ရှိနေဦးမှာ မဟုတ်ဘူးလား၊ ဒါ အလွန်အမင်း ပြည့်စုံလုံလောက်လှပြီ မဟုတ်လား”

ဧကရာဇ်သည် တကယ့်ကို မကျေမနပ်ဖြင့် ဒေါသတကြီး မာန်မဲလိုက်တော့သည်။

“ဟိုးလွန်ခဲ့တဲ့ အချိန်တုန်းက ငါ့ရဲ့ မိသားစု လယ်ယာစိုက်ပျိုးပြီး ဘဝကို ရုန်းကန်ခဲ့ရစဉ်တုန်းက ဒီလောက်အထိ များပြားတဲ့ အပိုငွေမျိုး တစ်ခါမျှ မကျန်ရှိခဲ့ဖူးဘူး၊ မင်းတို့ နန်းတွင်း အရာရှိတွေကတော့ဖြင့် တကယ့်ကို ရောင့်ရဲ တင်းတိမ်ရမှန်းကို မသိကြတာပဲ”

ရှုရန်မြောင်: “ဒါပေမဲ့ စိုက်ပျိုးရေးကိရိယာတွေ ဟောင်းနွမ်းပျက်စီးလို့ ပြန်လည်လဲလှယ်ရမယ့် စရိတ်တွေလည်း ရှိပါသေးတယ် ဘုရား…”

“အဲဒီကိရိယာတွေက ငါးနှစ်မှတစ်ကြိမ်ပဲ လဲရတာ၊ တစ်နှစ်ကို အလွန်ဆုံး ကုန်ကျမှ ယွမ် ၄၀ ပဲ ရှိတာ”

“ဆောင်းတွင်း ဝတ်စုံတွေရယ်၊ ပြီးတော့ နှစ်သစ်ကူးပွဲတော်မှာ ဝတ်ဆင်ရမယ့် ဝတ်စုံအသစ် စရိတ်တွေရယ်…”

“ယွမ် ၁,၅၃၀၊ အဲဒါတွေအားလုံးကို နှုတ်လိုက်ရင်တောင်မှ မင်းရဲ့ လက်ထဲမှာ ယွမ် ၂,၄၈၀ တောင် အသားတင် ကျန်နေသေးတယ်”

“ဆောင်းတွင်းမှာ ရေချိုးဖို့အတွက် အရပ်ကူညီတဲ့ အများသုံးရေချိုးခန်းကို သုံးရက်တစ်ကြိမ် သွားရတဲ့ စရိတ်ကော ဘုရား…”

“ဆောင်းရာသီတစ်ခုလုံး ပေါင်းလိုက်ရင်တောင်မှ အလွန်ဆုံး ကုန်ကျမှ ယွမ် ၃၀၀ ပဲ ရှိတာ”

ဧကရာဇ်သည် သူ၏ စာရင်းဇယားများ အနိုင်ရရှိသွားခဲ့ပြီဖြစ်သဖြင့် အောင်နိုင်သူတစ်ဦးအလား ဝင့်ကြွားစွာဖြင့် အဆုံးသတ် ကောက်ချက်ချလိုက်တော့သည်။

“တွေ့ပြီလား၊ အားလုံး နှုတ်လိုက်ရင်တောင်မှ မင်းရဲ့ လက်ထဲမှာ ယွမ် ၂,၁၈၀ တိတိ ကျန်နေသေးတယ်၊ ငါကိုယ်တိုင် စနစ်တကျ တွက်ချက်ပြပြီးပြီ၊ မင်းရဲ့ နေ့စဉ်ကုန်ကျစရိတ်တွေအားလုံးကို လစာရိက္ခာက ကောင်းကောင်းကြီး အပြည့်အဝ ကာမိစေတာပဲ၊ ဒါကြောင့်မို့လို့ပဲ ငါက ဒီလောက် ပမာဏဆိုရင် တကယ့်ကို ပြည့်စုံ လုံလောက်လှပါတယ်လို့ ပြောတာပေါ့”

ရှုရန်မြောင်သည် ဧကရာဇ်အား နောက်တစ်ကြိမ် မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်မိသည်။

“အရှင်မင်းကြီး မိန့်ကြားတာ တကယ့်ကို မှန်ကန်လှပါတယ် ဘုရား”

[ဒါပေါ့၊ လူပျိုလူလွတ် တစ်ကိုယ်ရည်တည်းသမား တစ်ယောက်တည်းအတွက်ပဲ တွက်မယ်ဆိုရင်တော့ ဒီလောက် ပမာဏက ကောင်းကောင်းကြီး လုံလောက်တာပေါ့ဗျာ၊ ဒါပေမဲ့ တကယ်လို့သာ ကျွန်တော့်ဘက်က အိမ်ထောင် ပြုပြီး သားသမီးတွေပါ မွေးဖွားလာခဲ့မယ်ဆိုရင်တော့ တောင်းစားရတော့မှာပေါ့]

ဘေးရှိ နန်းတွင်း အရာရှိကြီးများ: “ဝါး…”

All Chapters