← Chapters

အခန်း (၁၁၈၃-၁၁၈၄)

Vol. 61 Ch. 1183-1184

အခန်း (၁၁၈၃-၁၁၈၄)

Vol. 61 Ch. 1183-1184

အခန်း ၁၁၈၃။ ဆရာတစ်ဦးကို အသိအမှတ်ပြုခြင်း

သာမန် လမ်းဘေးဗေဒင်ဆရာများ ဖြစ်ပါက မုန့်ကျိဖန်၏ ကံဇာတာကို ကောင်းကင်နှင့် မြေကြီးထက်ပင် မြင့်မားသည်အထိ မြှောက်စားပြောဆိုကြမည်မှာ သေချာပါသည်။ သို့သော် မုန့်မိသားစုသည် သာမန်မိသားစု မဟုတ်သောကြောင့် မည်သည့် ဆရာကြီးများက စစ်မှန်သည်ကို သူတို့ သိရှိကြ၏။

သူတို့ရှာဖွေခဲ့ကြသည့် ဆရာများအားလုံးသည် ယုံကြည်စိတ်ချရသူများ ဖြစ်ကြ၏။

ထိုဆရာကြီးများသည် ရိုးရှင်းစွာ တွက်ချက်ကြည့်သောအခါ ကြီးမားသော ပြဿနာရှိသည်ဟု မခံစားမိကြပေ။ မုန့်ကျိဖန်၏ မျက်နှာသွင်ပြင်နှင့် အရိုးဖွဲ့စည်းပုံတို့သည် အားလုံး ကောင်းမွန်နေခဲ့သည်။

သို့သော် သူ၏ ဇာတာရှစ်လုံး၊ ကိုယ်ဟန်အမူအရာနှင့်န သူ၏နောက်ခံအခြေအနေများကို ပေါင်းစပ်ပြီး သေချာစွာ တွက်ချက်ပြီးနောက် ကြီးမားသော ပြဿနာရှိကြောင်း သူတို့ တွေ့ရှိခဲ့ကြ၏။

“ဘုန်းကြီးဘဝ” ဟူ၍။

ရက်အနည်းငယ် ကြိုးစားပြီးနောက် အမတ်ကြီးမုန့်သည် ထိုစကားလုံး ငါးလုံးကို လက်ခံရရှိခဲ့သည်။

သူ့ဆံပင်များပင် ဖြူဖွေးသွားခဲ့သည်။

သေချာစွာ တွက်ချက်ပြီးနောက် ဆရာကြီးအားလုံးသည် အဖြေတစ်ခုတည်းကိုသာ ရရှိခဲ့ကြ၏။ သူ့သားသည် ဘုန်းကြီးဘဝသို့ ဝင်ရောက်ပါက သေချာပေါက် အသက်ရှည်လိမ့်မည်။ သို့သော် ဘုန်းကြီးဘဝသို့ မဝင်ရောက်ပါက အသက်သုံးဆယ်ထက် ပို၍ ရှင်သန်နိုင်မည် မဟုတ်ချေ။

မုန့်ကျိဖန် မှာလည်း အံ့အားသင့်ကာ စကားမပြောနိုင် ဖြစ်နေခဲ့သည်။

သူသည် မူးဝေနေသလို ခံစားခဲ့ရ၏။

“အဖေ၊ ကျွန်တော် ခေါင်းရိတ်ပြီး ဘုန်းကြီး မဝတ်ချင်ဘူး!” မုန့်ကျိဖန်သည် တအံ့တဩဖြင့် ပြော၏။ “အရက်သောက်လို့မရ၊ လှပတဲ့ မိန်းကလေးတွေကို ကြည့်လို့မရရင် ဒီလိုရှင်သန်နေရတာ ဘာအဓိပ္ပာယ်ရှိတော့မလဲ။ ကျွန်တော် ဂရုမစိုက်ဘူး၊ သေပါစေတော့။ ကျွန်တော့်မှာ အသက်ရှင်ဖို့ နောက်ထပ် နှစ်အနည်းငယ် ကျန်နေသေးတယ် မဟုတ်လား။ အနည်းဆုံးတော့ ကလေးတစ်ယောက်လောက် ရအောင် မွေးပါရစေဦး!”

အမတ်ကြီးမုန့်၏ လက်များ တုန်ယင်နေခဲ့သည်။

“အဖေ၊ အဖေက ကျွန်တော့်ကို ဘုန်းကြီးဝတ်ဖို့ တကယ်ပဲ ပို့တော့မှာလားဗျာ!” မုန့်ကျိဖန်မှာ အနည်းငယ် ကြောက်လန့်သွားခဲ့သည်။

အမတ်ကြီးမုန့် သည် သူ့လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ “မင်းက မင်းအမေနဲ့ ငါ့ထက် အရင်သေမယ်ဆိုရင် မင်းအသက်တင်မကဘူး၊ ငါတို့အသက်ကိုပါ သတ်လိုက်တာနဲ့ အတူတူပဲ။ မင်းအစ်ကိုကြီးရဲ့ ကျန်းမာရေးကလည်း မကောင်းဘူး။ အိမ်တော်သခင်ရာထူးက မကြာခင်မှာ မင်းရမှာပဲလို့ ငါထင်ထားခဲ့တာ။ ဒါပေမဲ့ အခုတော့... သားရေ၊ ကံကောင်းတာက မင်းမှာ ညီလေးတစ်ယောက် ရှိနေသေးတယ်ဆိုတော့ အမွေဆက်ခံမယ့် ကိစ္စကို စိုးရိမ်စရာ မလိုတော့ဘူး...”

မုန့်ကျိဖန်သည် သူ့ကို မူးယစ်နေသော မျက်လုံးများဖြင့် ကြည့်လိုက်၏။

ဒါဆို အခု သူက...

“ဗေဒင်ဆရာတွေလည်း အဲဒီလိုပဲ ပြောခဲ့ကြတာ မဟုတ်လား ကံကောင်းလို့ စောစောသိလိုက်တာ။ မင်းသာ နောက်ထပ် နှစ်အနည်းငယ်လောက် အချိန်ဆွဲနေမယ်ဆိုရင် မင်းဘုန်းကြီးတောင် ဝတ်ခွင့်ရတော့မှာ မဟုတ်ဘူး။ သေဖို့ပဲ စောင့်နေရတော့မှာ...

“ဘုန်းကြီးဝတ်တာက နည်းနည်းတော့ ကြမ်းတမ်းမယ်လို့ အဖေထင်တယ်။ မိုးမလင်းခင် ထပြီး တရားစာတွေ ရွတ်ဖတ်ရမယ်၊ ခေါင်းရိတ်ရမယ်။ ဆံပင်မရှိရင်လည်း ကြည့်မကောင်းဘူး။ ဒါကြောင့် တာအိုဆရာတစ်ပါး ဝတ်လိုက်ပါလား။ တာအိုကျင့်ကြံသူတွေမှာ စည်းမျဉ်းတွေ အများကြီး မရှိတာ အဖေ တွေ့တယ်။”

တာအိုကျင့်ကြံသူ နှစ်မျိုးရှိ၏။

တစ်မျိုးက ဥပုသ်စောင့်ပြီး အိမ်ထောင်မပြုရဘဲ၊ ကျန်တစ်မျိုးမှာ အိမ်ထောင်ပြုပြီး ကလေးယူနိုင်၏။

သို့သော် သူ့သားသည် အိမ်ထောင်ပြုနိုင်မည် မဟုတ်ဟု အမတ်ကြီးမုန့်မှ ထင်လိုက်မိသည်။

“အဖေ” မုန့်ကျိဖန် ၏ နှလုံးသား တုန်ယင်သွားသည်။ “ကျွန်...ကျွန်တော် မလိုချင်ဘူး...”

“မြို့တော်မှာ တာအိုဘုန်းကြီးကျောင်းကြီးတွေ အများကြီးရှိတယ်။ သေချာရွေးချယ်ပါ။ အဖေ အိမ်ပြန်ရောက်ရင် စာရင်းဌာနကို သွားပြီး ပိုက်ဆံတချို့ ယူမယ်။ တာအိုဘုန်းကြီးကျောင်းကို ပေးပြီး ရွှေရုပ်ပွားတော်တစ်ဆူ လှူလိုက်ပါ။ မင်းဝင်သွားပြီးရင် ဂုဏ်သိက္ခာရှိမှာဖြစ်ပြီး ဒုက္ခရောက်မှာ မဟုတ်ဘူး...” အမတ်ကြီးမုန့်၏ မျက်လုံးများ နီရဲနေခဲ့သည်။

သူ၏ သနားစရာကောင်းသော ဤသားလေးသည် မည်သို့သော ဘဝမျိုးကို ရရှိခဲ့ပါသနည်း။

မုန့်ကျိဖန်မှာ မျက်လုံးပြူးပြီး မူးလဲမတတ် ဖြစ်သွားခဲ့သည်။

သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း တာအိုဘုရားကျောင်း အများအပြားသို့ သွားခဲ့ဖူးပြီး

စည်းမျဉ်းများသည် အတော်ပင် တင်းကျပ်သည်ကို သိခဲ့၏။

သူ ဝင်သွားပြီးနောက် ကောင်းမွန်သော အစားအစာများ၊ သောက်စရာများနှင့် ပျော်စရာများ အားလုံး ပျောက်ကွယ်သွားလိမ့်မည်။ ရှင်သန်နေထိုင်ဖို့ ဘာတွေရှိတော့မှာလဲ?

“အဖေ၊ မော့ချူးရှန်းကလည်း တာအိုဆရာတစ်ယောက် မဟုတ်လား။ သူ့ကို ကြည့်ပါဦး။ သူက အရက်သောက်တယ်၊ ကြွားလုံးထုတ်တယ်၊ လျှောက်သွားနေတယ်။ သူက အရမ်းကို သက်သောင့်သက်သာရှိတဲ့ ဘဝကို ရှင်သန်နေရတယ် မဟုတ်လား။ ကျွန်တော်သာ သူ့လို တာအိုဆရာတစ်ယောက် ဖြစ်မယ်ဆိုရင် အဆင်ပြေတယ်။ ဒါပေမဲ့ တာအိုဘုရားကျောင်းက နှိပ်စက်မှုတွေကိုတော့... ကျွန်တော် မလုပ်နိုင်ပါဘူး!” သူသည် ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။

ထို မော့ချူးရှန်းသည် ဆိုင်ပင် ဖွင့်နိုင်သေး၏။

သူမသည် ငွေများစွာလည်း ရရှိခဲ့ပြီး စိတ်ကူးပေါက်ရာ လွတ်လပ်သော ဘဝကို ရှင်သန်နေ၏။

"မင်းက မော့ချူးရှန်းကို ဆရာတင်ချင်တာလား"အမတ်ကြီးမုန့် စဉ်းစားလိုက်သည်။ အနည်းငယ် ရှက်စရာကောင်းသော်လည်း သူ့သားသည် ဤသို့ ဖြစ်နေပြီ။ သူ လိုချင်သရွေ့ သူ၏ဆန္ဒကို ဖြည့်ဆည်းပေးရန် အစွမ်းကုန် လုပ်ဆောင်ပေးမည်။

“ကျွန်တော်... မစဉ်းစားရသေးဘူး...”

သူသည် တာအိုဆရာ လုံးဝ မဖြစ်ချင်ပါ။

"ငါ့သား၊ မင်း ပြန်ရောက်တဲ့အခါ ပိုက်ဆံ ထပ်ယူပြီး ဆရာမ မော့ကို ဆရာတင်ခအဖြစ် ပေးလိုက်ပါ။ သူ့ဆီကနေ ကောင်းကောင်း သင်ယူပြီး မင်းရဲ့အသက်ကို ရှည်စေမယ့် အရည်အချင်းကို ကြိုးစား သင်ယူပါ... မင်းသာ ကျန်းမာပြီး ဘေးကင်းမယ်ဆိုရင် အဖေ တောင်းဆိုစရာ ဘာမှ မရှိပါဘူး"။

•••••

အခန်း ၁၁၈၄။ စောစောသေ၊ စောစောပြန်ဝင်စား

အမတ်ကြီးမုန့်၏ မျက်နှာသည် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေ၏။ သူသည် သူ့သား၏ ပခုံးကို ပုတ်ပေးရင်း ရင်ထဲတွင် ပို၍ပို၍ နာကျင်လာခဲ့သည်။ သူ၏ အိုမင်းသော မျက်နှာသည် ပို၍ပင် နွမ်းနယ်သွားပြီး စိတ်အား ထက်သန်မှု ကင်းမဲ့နေဟန် ပေါ်၏။

ဖခင်နှင့် သားသည် အမြဲတမ်း ဆက်ဆံရေးကောင်း ရှိခဲ့ကြသည်။ ဤအချိန်၌ မုန့်ကျိဖန်သည် သူ့ဖခင်မှာ သူ့ထက်ပင် ပို၍ ရင်ကွဲနာကျနေသည်ကို တွေ့ရသောအခါ မည်သို့ပြောရမှန်း မသိတော့ချေ။

“အဖေ... ကျွန်တော့်အတွက် စိတ်မပူပါနဲ့။ ကျွန်တော်က သူ့ကို ဆရာတင်ဖို့ မထိုက်တန်ပါဘူး။ သူမက ဖီးနစ်ငှက်ရဲ့ အမွေးအတောင်တွေကို ကိုယ်ပေါ်မှာ ဝတ်ဆင်ထားသလိုမျိုးပါပဲ။ သူမက အရမ်းကို မာနကြီးပြီး ကျွန်တော့်ကို ကြည့်တဲ့အခါ အရှိန်အဝါကြီးမားတယ်။ အရင်တုန်းက ကျွန်တော်တို့ တစ်ရက်ခွဲလောက် တစ်နေရာတည်းမှာ နေခဲ့ရတုန်းက သူမက ကျွန်တော့်ကို သူ့သားလိုမျိုး အမိန့်ပေးခဲ့တာ...” မုန့်ကျိဖန်သည် အလျင်အမြန်ပင် တိုင်တန်းခဲ့သည်။

သခင်ကြီးမုန့်က ထိုစကားကို ကြားသောအခါ နက်နက်နဲနဲ စဉ်းစားမိသွားသည်။

“သူမက မင်းကို ဗေဒင်မဟောခင်မှာရော၊ ဟောပြီးနောက်မှာရော အဲဒီလိုပဲ ဆက်ဆံခဲ့တာလား”

မုန့်ကျိဖန် ခဏမျှ စဉ်းစားပြီး သူ့ဖခင် ဆိုလိုသည်ကို နားလည်လိုက်၏။ သူသည် အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။ သို့သော် သူက “သူမ ဗေဒင်ဟောပြီးမှပါ... အဲဒီမတိုင်ခင်က ကျွန်တော့်အပေါ် အနည်းငယ် အေးစက်နေပေမယ့် ကျွန်တော့်ကို အမိန့်ပေးဖို့ စဉ်းစားခဲ့တာမျိုး မရှိဘူး။ အဲဒီနောက်ပိုင်းကျတော့ ရုတ်တရက် လူတစ်ယောက်လုံး ပြောင်းလဲသွားသလိုပါပဲ။ တစ်ချိန်က ကျွန်တော်က လူကြီးသူမကို မရိုသေဘူးလို့ အပြစ်တင်ခဲ့ပြီး နောက်တစ်ချိန်မှာတော့ ကျွန်တော်က ခေါင်းမာပြီး ဘယ်လိုပြုမူရမယ်ဆိုတာ မသိဘူးလို့ အပြစ်တင်ခဲ့တယ်...

“အဖေ၊ အဖေဆိုလိုတာက...”

“ဒီ ဆရာမမော့ရဲ့ စွမ်းရည်တွေက သာမန်မဟုတ်ဘူး။ သူက မင်းရဲ့ ကံဆိုးမိုးမှောင်ကျမယ့် ဘေးကို အလွယ်တကူ ပြောပြနိုင်ခဲ့တယ်။ အနာဂတ်မှာ သူမက မင်းကို တပည့်အဖြစ် လက်ခံလိမ့်မယ်လို့ သူမ ခန့်မှန်းခဲ့တာ ဖြစ်နိုင်တယ်။ တခြားဆရာတွေကို ကြည့်လိုက်ပါဦး။ သူတို့က သူတို့ရဲ့ စိတ်ခံစားမှုတွေကို မပြဘူး။ သူတို့က လောကီ ကိစ္စတွေနဲ့ ရောထွေးနေတာမျိုး မကြိုက်ဘူး။ တခြားသူတွေရဲ့ ကလေးတွေကို သူတို့က မလိုအပ်တဲ့ အပြုအမူမျိုး လုပ်မှာ မဟုတ်ဘူး...” အမတ်ကြီးမုန့်က စဉ်းစားလိုက်၏။

မုန့်ကျိဖန် ခဏမျှ စဉ်းစားလိုက်သောအခါ ထိုသို့ပင် ဖြစ်မည်ဟု ထင်ရသည်။

သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဆရာ အတော်များများ နှင့် တွေ့ဆုံခဲ့ရသော်လည်း ထိုသူများသည် သူ၏ ကံဇာတာကို တွက်ချက်ခဲ့ကြသော်လည်း အလွန်ပင် တည်ငြိမ် ကြ၏။ သူတို့၏ မျက်နှာထားများတွင် အနည်းငယ်မျှပင် ပြောင်းလဲမှု မရှိပေ။

သူ့ကို သစ်တောထဲမှ ငှက်များနှင့် ပိုးကောင်များကဲ့သို့ သဘောထားပြီး သူ့တွင် ထူးခြားသည့်အရာ တစ်စုံတစ်ရာမှ မရှိသကဲ့သို့ ဖြစ်၏။

“အဖေ၊ မဖြစ်နိုင်ပါဘူးနော်” မုန့်ကျိဖန် ပို၍ပို၍ စိတ်ပူလာခဲ့သည်။

သူသည် တာအိုဆရာ တစ်ယောက် တကယ် ဖြစ်ရတော့မည်လား။

သူသည် မော့ချူးရှန်း၏ တပည့်ပင် ဖြစ်ရမည်။ ယခုမှစ၍ သူ ခေါင်းကို ဘယ်တော့မှ ဖော်နိုင်တော့မည် မဟုတ်ပေ။ သူသည် အသံကို နှိမ့်ချရုံသာမက သုံးကြိမ် ဒူးထောက်ပြီး ကိုးကြိမ် ဂါရဝပြုရတော့မည်လား။

ရုတ်တရက်ဆိုသလို သူသည် အသက်ရှင်ချင်စိတ် လုံးဝမရှိတော့ချေ။

အသက်ရှင်နေထိုင်ရတာ ဘာအဓိပ္ပာယ်ရှိတော့မလဲ?

သူသည် အရှုံးပေးသည့် ပုံစံဖြင့် ကြည့်နေခဲ့၏။

အမတ်ကြီးမုန့်သည် သူ့သားကို နားလည်ပြီး သူမည်သည်များကို စဉ်းစားနေသည်ကို သိ၏။ သူ့ကို ကြည့်ရင်း စိတ်ရှည်လက်ရှည် နှစ်သိမ့်ပေးခဲ့သည်။ “အဖေကတော့ ဆရာမမော့ က မဆိုးဘူးလို့ ထင်တယ်။ ဘာပဲဖြစ်ဖြစ်၊ သူမက လီရှီးယန်ရဲ့ အကြီးဆုံးတပည့်ဖြစ်တယ်။ အကြီးဆုံးတပည့်ဆိုတာက မိသားစုရဲ့ သားကြီး လိုပါပဲ။ သူတို့အားလုံးဟာ အရေးကြီးတဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်တဲ့သူတွေ ဖြစ်တယ်။ မင်းက လီရှီးယန်ရဲ့ တပည့် ဖြစ်ချင်တာ မဟုတ်ပေမဲ့ သူ့နဲ့ အနည်းနဲ့အများ ဆက်စပ်နေတယ်။ မင်းသာ တာအိုဆရာ ဖြစ်ရင်တောင် တခြားသူတွေထက် ပိုပြီး ပညာတတ်နိုင်သေးတယ် "

“မင်းက ပုံမှန်ဆို ပျော်ပျော်ပါးပါး နေတတ်တယ်။ ဒီ ဆရာမမော့ ကလည်း ဣန္ဒြေကြီးကြီး နေတတ်သူ မဟုတ်ဘူး။ သူ့နောက်ကို လိုက်တာက တာအိုဘုရားကျောင်းမှာ ကျင့်ကြံတာထက် အများကြီး ပိုကောင်းတယ်” ဟု အမတ်ကြီးမုန့် က ထပ်ပြောခဲ့သည်။

သို့သော် မုန့်ကျိဖန်မှာ မည်သည့်အရာကိုမျှ မကြားနိုင်တော့ချေ။

သူမသိလိုက်ဘဲ အိမ်သို့ ပြန်ပို့ခံခဲ့ရသည်။

အမတ်ကြီးမုန့်သည် ဤကိစ္စတစ်ခုလုံးကို သူ့မိသားစုအားလုံးအား ပြောပြခဲ့၏။

သူတို့ တစ်ဖန် ငိုကြရပြန်သည်။ ဤအချိန်၌ မုန့်ကျိဖန်က သူသည် သေဆုံးသွားပြီဟု ခံစားရ၏။ အထူးသဖြင့် သူ၏ မိခင်ပင်။ သူမ၏ မျက်ရည်များသည် တစ်စက်ပြီးတစ်စက် ဆက်တိုက် ကျဆင်းနေခဲ့သည်။ ၎င်းတို့သည် ဖယောင်းဆီများကဲ့သို့ သူ့ ခန္ဓာကိုယ်ပေါ်သို့ စီးကျနေပြီး အလွန်ပင် နာကျင်စေခဲ့သည်။

သူ တာအိုပညာကို မသင်ချင်ကြောင်း ပြောရန် သတ္တိကို မွေးခဲ့သော်လည်း သူ့မိခင်မှာ ပို၍ပင် ပြင်းထန်စွာ ငိုကြွေးခဲ့သည်။

ကောင်းပြီ၊ သူတို့သည် သူ့ကို "စောစောသေပြီး၊ စောစောပြန်ဝင်စား" စေမည့်အစား သူ့တစ်သက်လုံး တာအိုဆရာ ဖြစ်နေသည်ကို ပိုလိုချင်ကြ၏။

သူ လုံးဝ ကြောင်သွားခဲ့သည်။

သူ့သားအား စိတ်အေးချမ်းစွာ သွားခွင့်ပြုရန်အတွက် အမတ်ကြီးမုန့်သည် သုံးရက်ကြာ ပျော်ရွှင်ဖွယ် အစီအစဉ်များကိုပင် စီစဉ်ပေးခဲ့သည်။ ရှားပါးပြီး အရသာရှိသော စားဖွယ်ရာ အမျိုးမျိုးကို သူ့ထံ အလှည့်ကျ ယူဆောင်လာခဲ့သည်။ ညစာစားပွဲတိုင်းတွင် သီချင်းဆိုခြင်းနှင့် ကခုန်ခြင်းများဖြင့် လိုက်ပါခဲ့ပြီး အလွန်ပင် ပျော်ရွှင်မြူးထူးဖွယ် ဖြစ်ခဲ့၏။

အစပိုင်းတွင် သူက ၎င်းသည် သူ့ကို ပျော်ရွှင်စေရန် ဖြစ်သည်ဟု ထင်ခဲ့သော်လည်း ကြည့်နေရင်းနှင့်ပင် သူတို့သည် သူ၏ ထွက်ခွာသွားခြင်းကို ဂုဏ်ပြုနေကြသည်ဟု ခံစားမိခဲ့သည်။

••••••

All Chapters