အခန်း (၁၁၉၅-၁၁၉၆)
Vol. 61 Ch. 1195-1196
အခန်း ၁၁၉၅ - ဒီနေ့ သုံးလိုက်သေးသလား
“ဒါဆို နောက်နေ့ကျ ယွီရွှီဘုရားကျောင်း ကို သွားပြီး အဲဒီက တာအိုဆရာ တွေကို ရှာကြတာပေါ့” ကျောက်ရွှမ်ကျင်း သည် လုံးဝပင်အလျင်စလို ဖြစ်ပုံမရချေ။
ရှဲ့ချောင်သည် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
ပရောဟိတ်ကြီးသည် ဗေဒင်ဟောရာတွင် ကောင်းမွန်သော်လည်း သူ၏ စိတ်နေစိတ်ထားမှာ ထူးဆန်းလှ၏။ ရှဲ့ဖင်းကန်း အပေါ် အနည်းငယ် ဖော်ရွေခြင်းမှလွဲ၍ သူသည် တခြားမည်သူ့ကိုမျှ စိတ်မဝင်စားပေ။ ဗေဒင်ဟောခြင်းတွင် ပြဿနာရှိပါက သူ၏မိသားစုသို့ သတင်းပျံ့နှံ့သွားနိုင်ဖွယ် ရှိပေသည်။
သူရှိနေလျှင် ရှဲ့ချောင် သည် ဆရာတစ်ဦးအဖြစ် အာရုံစိုက်ပြီး ကြွက်ကလေးတစ်ကောင်ကဲ့သို့ ကောင်းမှုကုသိုလ် များကို တိတ်တဆိတ် ပြုလုပ်နိုင်ပေသည်။
သို့သော် ရှဲ့ချောင် မသိသည်မှာ အိမ်ရှေ့စံမင်းသား သည် ရှဲ့ဖင်းကန်းကို ဖိအားပေးနေသောကြောင့် ကောင်းစွာပင် မအိပ်နိုင်ချေ။
သူသည် လူတစ်ယောက်ကို ရှာဖွေရမည်။
သူသည် နေ့စဥ် လူတစ်ယောက်ကို ရှာဖွေရမည်။
ထင်ရှားသော လက္ခဏာများရှိပြီး အလွန် ကြမ်းတမ်းသော လူတစ်ယောက်ကို ရှာဖွေချင်ပါက လွယ်ကူပေမည်။ အိမ်တိုင်းကို ရှာဖွေရုံသာ လိုအပ်သည်။ သို့သော် ယခုမူ သူသည် မိဖုရား တစ်ပါးကို ရှာဖွေရန် လိုအပ်သည်။ သူမ၏ ရုပ်အသွင်အပြင်မှာ ပုံတူပန်းချီ တစ်ခုတည်းသာ ရှိသည်။ ထိုသို့သော ထူးဆန်းသော မိဖုရားကို ရှာဖွေခြင်းအပြင် အိမ်ရှေ့မင်းသားသည် တာအိုဆရာ များကိုပါ ရှာဖွေခိုင်းပြီး မြို့တော်လမ်းမများရှိ ထူးဆန်းသော အရာများကိုပါ ရှာဖွေခိုင်းသေးသည်။
ဥပမာအားဖြင့် မည်သည့်အိမ်တွင် ခွေးနက်ကြီး မရှိကြောင်း၊ မည်သည့်အိမ်တွင် အမျိုးသမီးလစဉ်သုံးပစ္စည်း သို့မဟုတ် အခြား ထူးဆန်းသောအရာများ မရှိသည်ကို ရှာဖွေခိုင်းခြင်း ဖြစ်သည်။
အမျိုးသမီးလစဥ်သုံးပစ္စည်း။ သူသည် အမျိုးသား တစ်ယောက်ဖြစ်ပြီး သတ္တိကို မွေးကာ မေးလိုက်
၏ “မင်းဒီနေ့ သုံးလိုက်သေးသလား”
သူသည် အမြဲတမ်း ရှက်ကြောက်ခြင်း မရှိသူ ဖြစ်သော်လည်း ဤသို့သော ရှက်စရာကောင်းသည့် အရာကို မလုပ်လိုချေ။
သူသည် သူ၏ညီအစ်ကိုများကို အခြား ထူးဆန်းသော အရာများကို စုံစမ်းရန် ပြောခဲ့သော်လည်း ဤအရာကိုတော့…
သူသည် ယွီရှန်း ကို ရှာဖွေရန် ရွေးချယ်စရာ မရှိတော့ပေ။
ယွီရှန်း သည်လည်း ရှက်ကြောက်ခြင်း မရှိသူတစ်ယောက် ဖြစ်သော်လည်း သူ၏ ထူးဆန်းသော တောင်းဆိုမှုကြောင့် သူမ အံ့အားသင့်သွားကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့သည်။
သူမသည် မျက်မှောင်ကြုတ်လိုက်ပြီး ထူးဆန်းသောအကြည့်ဖြင့် သူ့ကို ကြည့်လိုက်သည်။ “ဒီလောကမှာ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို ကြိုက်နှစ်သက်ပြီး ခိုးယူသွားတတ်တဲ့ ထူးဆန်းတဲ့ ယောက်ျားတွေ ရှိတယ်လို့ ကျွန်မ ကြားဖူးပါတယ်။ အစ်ကို... အစ်ကို ဒီလိုလုပ်မယ်ဆိုရင် အာဏာပိုင်တွေကို တိုင်လိုက်တယ်ဆိုပြီး ကျွန်မကို အပြစ်မတင်ပါနဲ့”
ရှဲ့ဖင်းကန်းမှာ ဖြစ်တောင့်ဖြစ်ခဲပင် မျက်နှာနီမြန်းသွား၏။
“မဟုတ်တာ! အဲဒီကောင်ကြောင့်... အဲဒါ အိမ်ရှေ့စံမင်းသား ပါ။ သူက ဒီလို ဆိုးရွားတဲ့ အကြံကို ပေးခဲ့တာပါ။ ဒါက အမှု စုံစမ်းဖို့အတွက်ပါ...” ရှဲ့ဖင်းကန်း သည် လျင်မြန်စွာ ပြောလိုက်၏။
ယွီရှန်း ၏ အကြည့်ကို ခံရသောအခါ သူ၏နှလုံးသားသည် အေးစက် သွားခဲ့သည်။ “ကျွန်တော် ရှဲ့ဖင်းကန်းက ဒီလို မပြောသင့်တဲ့ အရာကို လုပ်ချင်တဲ့ ယောက်ျားတစ်ယောက် ဖြစ်နိုင်ပါ့မလား။ ကျွန်တေ မိန်းကလေးတွေကို သဘောကျရင် ဒီလိုနည်းလမ်းမျိုးနဲ့ လုပ်စရာ ဘာအကြောင်းရှိလို့လဲ။ ဘာကြောင့် အိမ်တိုင်ရာရောက်သွားပြီး တောင်းရမ်းမယူနိုင်ရမှာလဲ”
“ဒါ ဘယ်လိုအမှု မျိုးလဲ... အစ်ကို ကျွန်မကို တမင် လိမ်နေတာ မဟုတ်လား” ယွီရှန်း ၏ မျက်နှာသွင်ပြင်သည် မထီမဲ့မြင်ပြုနေပြီး အတိုက်အခံလုပ်နေခဲ့သည်။
“ကျွန်တော် ဒီလောက်ကြာအောင် အသက်ရှင်လာခဲ့တာပါ။ တောင်ပေါ်ခံတပ်မှာတုန်းက ဦးရီးတော်တွေ နောက်ကနေ မိန်းကလေး တွေ ရေချိုးတာကို ကြည့်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ ပြောင်းလဲခဲ့ပြီး အဲဒီလိုလူမျိုး လုံးဝ မဟုတ်တော့ပါဘူး” ရှဲ့ဖင်းကန်း ထပ်မံ ရှင်းပြခဲ့၏။
“အစ်ကို ရှဲ့ အစ်ကိုကအဲ့လိုလုပ်နေကျပေါ့...” ယွီရှန်း သည် ရှဲဖင်းကန်း ၏ သူရဲကောင်းပုံရိပ် ပျောက်ကွယ်သွားသည်ကို ခံစားမိခဲ့ရသည်။
သူသည် ယုတ်မာသော ယောက်ျားတစ်ယောက်လို ဖြစ်နေလေသည်။
“ဒါ ကိစ္စကြီးကြီးမားမားမလို့လား။ တောင်ပေါ်ခံတပ်မှာ ဘာမှ လုပ်စရာမရှိလို့ပါ။ အဲဒီအမျိုးသမီးတွေက ကျွန်တော် သူတို့ဆီ လာလည်ဖို့ကိုတောင် မစောင့်နိုင်ကြတော့ဘူး” ရှဲ့ဖင်းကန်း သည် ရှက်ကြောက်ခြင်းမရှိဘဲ ပြောလိုက်၏။
သူ ထိုသို့လုပ်ခဲ့စဥ်က သူသည် အသက် ဆယ့်တစ်နှစ် သို့မဟုတ် ဆယ့်နှစ်နှစ်သာ ရှိသေးသည်။
ထိုအသက်အရွယ်တွင် သူသည် အကြောက်အရွံ့မရှိခဲ့ပေ။ သူသည် တောင်ပေါ်ခံတပ်တွင် သောင်းကျန်းခဲ့သည်မှာ ဟိုးလေးတကျော်ပင်။ သူ့အား မကြောက်သူ မရှိခဲ့ပေ။
သူ၏ ရှဲ့မိသားစုမှ လူများအားလုံး ထိုသို့ ဖြစ်ကြသည်။ သူ၏မိုက်မဲသောညီ အဖြစ်ကိုပင် ကြည့်ပါ။ သူသည် အနည်းငယ် ဆိုးကောင်းဆိုးပေသည် မဟုတ်လော။ သူသည် ဆောင်ကြာမြိုင်ကိုပင် သွားခဲ့သေးသည်။
ထိုစဥ်က သူသည် ဆောင်ကြာမြိုင်ကို သွားရန် အခွင့်အရေးပင် မရှိခဲ့ပေ။ သူ၏ညီမှာပင် အမျိုးသမီးတွေနှင့် ပတ်သက်၍ ကံကောင်းခဲ့သည်။
ယွီရှန်း သည် ပို၍ စက်ဆုပ်လာ၏။ “မပြောပါနဲ့တော့။ အစ်ကို ပိုပြောလေ ကျွန်မ အစ်ကိုမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်လို့ ပိုခံစားရလေပါပဲ...”
“မင်း ဒါကို လုပ်မှာလား မလုပ်ဘူးလား။ ငါတို့ ညီအစ်ကို တွေက ဒီအလုပ်မှာ ပါဝင်ချင်စိတ်မရှိဘူး။ မင်း လူအုပ်စု တစ်စုကို ဦးဆောင်ပြီး လိုက်မေးနိုင်မယ်ဆိုရင် ပိုက်ဆံ ရနိုင်ပါတယ်” ရှဲ့ဖင်းကန်းသည် ထပ်မံ ပြောလိုက်သည်။
ပိုက်ဆံအကြောင်းပြောသောအခါ ယွီရှန်း စိတ်အားထက်သန်လာခဲ့၏။
သူမသည် သူမ၏ အငြိမ်းစားယူရန်အတွက် စုဆောင်းလိုခဲ့သည်။
သူမ၏ အဒေါ် သည် ကျို့အိမ်တော်မှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ကျို့ မိသားစုသည် ကျိန်ဆဲကြိမ်းမောင်းနေကြသော်လည်း သူတို့ လုပ်နိုင်သောအရာ မရှိခဲ့ပေ။
သူမသည် ရံဖန်ရံခါ ရှဲ့အိမ်တော်တွင် နေထိုင်ပြီး ရံဖန်ရံခါ သူမ၏ အဒေါ် နှင့်အတူ လိုက်ပါသော်လည်း သူမသည် သူမ၏ အဒေါ် ၏နေရာသို့ မကြာခဏ မသွားနိုင်သည်ကို သိ၏။
နောင်တွင် သူမ၏ ဝမ်းကွဲညီမ လက်ထပ်တော့ပေမည်။
•••••
အခန်း ၁၁၉၆ - ထူးဆန်းသောအရာများ
ယခင်က ကျို့အိမ်တော်တွင် သူမ၏အဒေါ်မှ သူမဝမ်းကွဲ၏ အိမ်ထောင်ရေးကို တားဆီးထားသည်မှာ ကျို့မိသားစုသည် သူတို့အကျိုးစီးပွားနှင့် မကိုက်ညီသောသူကို ရှာဖွေမည်ကို စိုးရိမ်၍ပင်။ ယခု၌ သူတို့သည် ပဋိပက္ခဖြစ်ရာမြေမှ ထွက်ခွာလာပြီဖြစ်၍ သူ၏အိမ်ထောင်ရေးကို စီစဥ်ရသည်မှာ သဘာဝကျပေသည်။
သူမ၏အဒေါ်သည်လည်း သူမ၏ အတွေးအမြင်များကို မေးမြန်းခဲ့ပါသည်။
သူမသည်… သူမ၏ဝမ်းကွဲကို အစ်ကိုတစ်ယောက်လိုသာ သဘောထားခဲ့သည်။
ထို့အပြင် သူမ၏ဝမ်းကွဲမှာ လူကောင်းတစ်ယောက်ဖြစ်သော်လည်း အနည်းငယ် ခရေစေ့တွင်းကျဖြစ်လွန်းပေ၏။ သူသည် သူမကို နူးညံ့သိမ်မွေ့ပြီး ရိုကျိုးတတ်ရန် မကြာခဏဆိုသလို အကြံပေးတတ်သည်။ သူ၏ပြောစကားနားထောင်ပြီးနောက် သူမသည် သူ၏မျက်နှာကို လက်သီးဖြင့်ထိုးကာ မိမိဘာသာမိမိ အေးရာအေးကြောင်းသွားနေရန်နှင့် အဓိပ္ပာယ်မရှိသောစကားအား ရပ်တန့်ရန် ပြောချင်စိတ်များပေါက်ခဲ့သည်။
မကြာသေးမီကပင် သူမ၏အဒေါ်သည် ငွေကြေးချို့တဲ့သော မိသားစုတစ်ခုကို မျက်စိကျပြီးစိတ်ဝင်စားသွားခဲ့သည်။
ထိုအမျိုးသမီး၏ဖခင်မှာ ဆဋ္ဌမအဆင့် အရာရှိတစ်ဦးသာဖြစ်သော်လည်းသူ၏မိသားစုသည် မျိုးသန့်ရိုးသန့်ပင်။ ထိုအမျိုးသမီးသည် ထက်မြက်ပြီး မိသားစု၏သမီးအကြီးဆုံးဖြစ်ပုံရသည်။ သူမသည် ပညာတတ်ပြီး ဂုဏ်သတင်းကောင်းလည်း ရှိ၏။ တစ်ဖက်ကလည်း သူမ၏ဝမ်းကွဲနှင့် လက်ထပ်ပေးလိုက်လျှင် အင်အားကြီးသည့်မိသားစုနောက်ခံမရှိပါက အခက်အခဲဖြစ်နိုင်သည်ဟူ၍ မြင်ခဲ့ကြသည်။ သူမသည် သူမ၏ဝမ်းကွဲမှာ ငယ်ရွယ်ပြီး အနာဂတ်တွင် အလားအလာကောင်းရှိသည်ကို ရှုမြင်၍ သဘောတူခဲ့ခြင်းဖြစ်သည်။
သူတို့သည် ဆွေးနွေးနေကြဆဲဖြစ်ပြီး စေ့စပ်ကြောင်းလမ်းရန် မရှိသေးပေ။
သို့သော်လည်း မကြာခင် ဖြစ်လာတော့ပေမည်။
သူမ၏ဝမ်းကွဲ လက်ထပ်ပြီးသည်နှင့် သူမတွင် ဝမ်းကွဲတစ်ယောက် လျော့သွားတော့ပေမည်။
သူမသည် ကိုယ့်အားကိုယ်ကိုးကာ ရပ်တည်ရတော့ပေမည်။
၎င်းသည် ရှက်စရာကောင်းသော အလုပ်ဖြစ်သော်လည်း ယွီရှန်း သဘောတူခဲ့၏ "ကောင်းပြီလေ။ ဒါက အသေးအမွှားလေးပါ။ ကျွန်မ လုပ်နိုင်ပါတယ်"
ယွီရှန်း၏ မျက်နှာတွင် သူရဲကောင်းတစ်ဦး၏ဟန်ပန်ကို မြင်နေရ၏။
"ကောင်းပြီ" ရှဲ့ဖင်းကန်းသည် ကျောက်တုံးကြီးတစ်တုံး ပခုံးပေါ်ကနေ ဖယ်လိုက်ရသလို ခံစားလိုက်ရ၏။
ရာဇဝတ်ရေးရာဌာနတွင် လူတော်တော်များများရှိ၏။ ရှဲ့ဖင်းကန်းသည် ယွီရှန်းကို ခေါ်သွားပြီး သူမအား ယောက်ျားလေးဝတ်အဝတ်အစားကို ပြောင်းဝတ်ခိုင်းလိုက်သည်။ သူမသည် ရဲရင့်သော ယောက်ျားတစ်ယောက်ကဲ့သို့ ပုံပေါ်နေသော်လည်း ကြံ့ခိုင်မာကျောခြင်းတော့ လုံးဝမရှိပေ။
ထိုနေရာမှလူများသည် သူမကို သခင်မလေးတစ်ဦးအဖြစ် မထင်မှတ်ခဲ့ကြပေ။ သူမသည် "အများရှောင်ကြဉ်ကြသည့်" အရာကို စုံစမ်းရန် လူများကို ခေါ်သွားတော့မည်ဖြစ်ကြောင်း ကြားသောအခါ သူတို့အားလုံး သူမကို ချီးကျူးပြီး အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့ကြသည်။
ယွီရှန်းသည် အရာရာကို ကိုင်တွယ်သည့်နေရာတွင် အလွန်ဇီဇာကြောင်၏။ အမျိုးသမီးအများစုမှာ စုဝေးပြီး စကားပြောဆိုရတာကို နှစ်သက်ကြောင်းကိုလည်း သူမ သိထားသည်။
ထို့ကြောင့် သူမသည် အမျိုးသမီးများ ပိုမိုများပြားသောနေရာတွေကို ရှာကာ သူတို့ဆီမှ သတင်းအချက်အလက်များ ရယူရန် ကြိုးစားခဲ့သည်။
သူမသည် တစ်ရက်အတွင်း လမ်းများနှင့်လမ်းကြားများ အတော်များများကို လျှောက်သွားနိုင်ခဲ့ပြီး သူမ၏ခြေထောက်တွေမှာ ရည်ကြည်ဖုများပင် ပေါက်နေပြီဖြစ်သော်လည်း သူမသည် အဆင်ပြေနေသေးဟန်ဆောင်နေခဲ့၏။
ရက်အနည်းငယ် စုံစမ်းပြီးနောက် ယွီရှန်းသည် အမှန်ပင် တစ်ခုခု မှားယွင်းနေသည်ကို တွေ့ရှိခဲ့ရသည်။
သို့သော် ၎င်းသည်ဓမ္မတာသွေး မဟုတ်ခဲ့ပေ။
"မြို့တော်က အမျိုးသမီးတစ်ချို့ ကလေးမွေးတဲ့အခါ သားဖွားဆရာမက အချင်းတွေနဲ့ ကလေးမွေးတဲ့ အမျိုးသမီးတွေရဲ့သွေး အများကြီးကို ယူသွားခဲ့တယ်။ ဒါကို ထူးဆန်းတယ်လို့ ယူဆလို့ရလား"
"ရပါတယ်" ရှဲ့ဖင်းကန်းသည် သူ၏ပေါင်ကို ရိုက်လိုက်၏။ "ထပ်ရှိသေးလား"
"ကျွန်မက သားဖွားဆရာမတွေထဲက တစ်ယောက်ကို ရှာတွေ့တော့ ပိုက်ဆံနည်းနည်းသုံးပြီး သူ့ဆီကနေ တစ်ယောက်ယောက်က ဒီအရာတွေကို ဝယ်ခဲ့တယ်ဆိုတာကို သိခဲ့ရတယ်။ အရင်ကဆိုရင် ကိုယ်ဝန်ဆောင်အမျိုးသမီးက အချင်းကို မလိုချင်ဘူးဆိုရင် ဆေးဆိုင်ကို ရောင်းချင်ရောင်းမှာပါ။ ဒါပေမဲ့ အခုဟာက သားဖွားဆရာမက အချင်းကို လျှို့ဝှက်ယူသွားပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ သွေးထဲမှာ စိမ်ထားမယ်ဆိုရင်… ဒါကမှ ငွေဒင်္ဂါးတစ်ရာနဲ့ ရောင်းချနိုင်တဲ့ တစ်ခုတည်းသော အရာပဲ" ယွီရှန်းလည်း အတော်လေး စိတ်လှုပ်ရှားနေလေသည်။
မည်သို့သော မကောင်းဆိုးဝါးမျိုးက ဤသို့သောအရာမျိုးအား လုပ်မည်နည်းဆိုသည်ကိုတော့ သူမ မသိခဲ့ပေ။
"ကျွန်မ ဒီရက်အနည်းငယ်အတွင်းမှာ ထူးဆန်းတဲ့အရာတစ်ခုကိုလည်း တွေ့ခဲ့ရတယ်။ တစ်နှစ်ပတ်လုံး ဖျားနာပြီး နှိပ်စက်ခံနေရတဲ့ လူအနည်းငယ်က သူတို့မသေခင်မှာ သွေးတွေ ပန်းထွက်ခဲ့ကြတယ်။ သူတို့ရဲ့သွေးတွေကိုလည်း တစ်စုံတစ်ယောက်က ဝယ်ယူခဲ့တယ်..."
မသေခင်တွင် သွေးပန်းထွက်သည့်လူများကို ရှာဖွေရသည်မှာ မလွယ်ကူပေ။ ထို့အပြင် မိသားစုဝင်များကလည်း ထိုသွေးကို ရောင်းချရန် စိတ်မပါခဲ့ကြပေ။
၎င်းသည် ရှာဖွေရန် မလွယ်ကူသောကြောင့်ပင် သူမ ဖော်ထုတ်တွေ့ရှိနိုင်ခဲ့ခြင်းဖြစ်သည်။
သွေးအား မရောင်းချရန် ငြင်းဆိုခဲ့သည့် ထိုမိသားစုများမှာ ယခုထိ ညည်းညူနေကြဆဲပင်။
ယွီရှန်း ယခုလောက်ဆိုလျှင် သဘောပေါက်ပြီဖြစ်၏။
တစ်စုံတစ်ယောက်သည် ယုတ်မာသောအတတ်ပညာများကိုသုံးနေသည်မှာ သေချာသည်မဟုတ်လော။
"မော့လင်းကျစ်ကို သွားမေးကြည့်မလား" သူမသည် ရှဲ့ဖင်းကန်းကို မျှော်လင့်တကြီး ကြည့်နေပြီး သူပြောလာမည့် စကားကို စောင့်နေလေသည်။
"ဟုတ်တယ် အခုတော့ ငါတို့ ဒါကို ရှာတွေ့ခဲ့ပြီဆိုတော့ သူမကို အနှောင့်အယှက်ပေးဖို့ အခွင့်အရေး ရရှိသွားပြီ" ရှဲ့ဖင်းကန်း ခေါင်းညိတ်လိုက်၏။ ယခင်ကဆိုလျှင် သဲလွန်စများ မရှိခဲ့သောကြောင့် အိမ်ရှေ့စံမင်းသားသည် သူ၏နှမတော်ကို အလွန်ပင်ကာကွယ်ပေးခဲ့ပြီး သူသည် ရှဲ့ချောင်အား အနှောင့်အယှက်ပေးမည်ကို စိုးရွံ့ခဲ့သည်။
•••••