← Chapters

အခန်း ၂၀၃

Vol. 21 Ch. 203

အခန်း ၂၀၃

Vol. 21 Ch. 203

အခန်း (၂၀၃) ကြက်သူခိုး

နွားတင်းကုပ်ကို ပြင်ဆင်ပြီးနောက် လီလန်သည် ကျန်းဝေ့ကော်နှင့် လျူဇီတို့ကို နေ့လယ်စာ ကျွေးမွေးခဲ့သည်။

သူတို့သုံးယောက်သည် အိမ်အမိုးစွန်းအောက်တွင် ထိုင်ကာ တစ်ယောက်တစ်လှည့်စီ အရိုးကြီးများကို ကိုက်ခဲနေကြ၏။

"လျူဇီ... ရိုးတွင်းခြင်ဆီ အရသာရှိရဲ့လား..." လီလန်က မေးလိုက်သည်။

"အရမ်းကောင်းတယ်... မွှေးနေတာပဲ..."

လျူဇီသည် ပါးစပ်တစ်ပြင်လုံး ဆီများပေကျံနေလျက် ပြုံးဖြီးဖြီးဖြင့် ပြောလိုက်လေသည်။

"ကြိုက်ရင် များများစား... အိုးထဲမှာ ကျန်သေးတယ်..."

လီလန်သည် အမဲသား နှစ်ကျင်းနှင့် အမဲရိုး ငါးကျင်းကို ဝယ်ယူခဲ့ပြီး စနစ်၏ နှစ်သစ်ကူးလက်ဆောင်ထုတ်မှ ရရှိထားသော အသားလက်မှတ်များကို တစ်ခါတည်း အကုန်သုံးပစ်ခဲ့သည်။

သူတို့သုံးယောက် အရိုးကြီးများကို ကိုက်ခဲနေကြစဉ် အမဲလိုက်ခွေးနှစ်ကောင်ဖြစ်သည့် ဟေးလုံနှင့် ပိုင်လုံတို့သည် ဘေးနားမှနေ၍ သွားရည်ကျကာ စောင့်ကြည့်နေကြတော့သည်။

"ဟေ့ ဟေးလုံ... ရော့... အရိုးတစ်ချောင်း ယူလိုက်..."

ကျန်းဝေ့ကော်သည် အရိုးကြီးတစ်ချောင်းကို ဟေးလုံထံသို့ ပစ်ပေးလိုက်သည်။

ထို့နောက် လီလန်သည်လည်း သူ၏လက်ထဲမှ အရိုးကြီးကို ပိုင်လုံထံသို့ ပစ်ပေးလိုက်လေသည်။

"အိုးထဲမှာ ကျန်သေးတယ်... မင်း ထပ်မစားတော့ဘူးလား..."

ကျန်းဝေ့ကော်က ခေါင်းခါပြလိုက်သည်။

"အစ်ကိုတို့ဘာသာပဲ စားကြပါတော့..."

အမဲသားသည် ဝက်သားထက်ပင် ဝယ်ရခက်ခဲသည်။ လီလန်၏ မိသားစုမှာ လူများပြားလှသဖြင့် ကျန်းဝေ့ကော်အနေဖြင့် အများကြီး မစားချင်ဘဲ အသားအရသာကိုသာ မြည်းစမ်းကြည့်လိုခြင်း းဖြစ်၏။

"အစ်ကိုလန်... ခင်ဗျားရဲ့ စက်ဘီးအသစ်လေးကို တစ်ပတ်လောက် နင်းကြည့်လို့ ရမလား..."

ကျန်းဝေ့ကော်သည် သူ၏လက်ပေါ်မှ ဆီများကို သုတ်ဖယ်ကာ ဆေးကြောလိုက်သည်။

"ရတယ်... နင်းလေ..."

လီလန်က ခေါင်းညိတ်ပြလိုက်သည်။

သူ၏ ညီအစ်ကိုက စက်ဘီးငှားစီးချင်သည်ဆိုလျှင် စီးခွင့်ပေးရမည်သာဖြစ်သည်။ လီလန်သည် မည်သည့်အခါမျှ ငြင်းဆန်မည်မဟုတ်ဘဲ သူသည် ထိုမျှလောက် ကပ်စေးနဲသူ မဟုတ်ပေ။

လျူဇီကမူ စက်ဘီးစီးရန် စိတ်မဝင်စားဘဲ လှေကားထစ်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ အမဲရိုးကြီးကိုသာ ဆက်လက် ကိုက်ခဲနေခဲ့သည်။

"ဖြည်းဖြည်းစားပါ... ဘယ်သူမှ မလုပါဘူး... မင်းက ငတ်ကြီးကျပြီး ဝင်စားတဲ့ သရဲကျနေတာပဲ..."

လီလန်က စိတ်ရှုပ်စွာဖြင့် ပြောလိုက်လေသည်။

လျူဇီ၏ စားသောက်ပုံမှာ အစာလုစားနေသော ဝက်တစ်ကောင်နှင့် အလားသဏ္ဌာန်တူနေ၏။

သို့သော် ဤသည်မှာ ပုံမှန်သာဖြစ်သည်။ ယခုခေတ်ကာလတွင် အခြေအနေများမှာ ခက်ခဲကြမ်းတမ်းလှပြီး အစားအသောက် ရှားပါးသောနှစ် ဖြစ်သောကြောင့် လူအများစုမှာ နှစ်ဝက်ကျော်မျှ အသားမစားရခြင်းမျိုး မကြာခဏ ဖြစ်တတ်လေသည်။

ယခုအခါ လျူဇီသည် အသားစားရသည့် အခွင့်အရေးကို ရရှိထားသဖြင့် သဘာဝကျစွာပင် လောဘတကြီး စားသောက်နေခြင်း ဖြစ်တော့သည်။

လီလန်သည် လျူဇီ အသားစားနေသည်ကို ကြည့်ရင်း မနေ့က မြို့ပေါ်တွင် ဝယ်လာခဲ့သော စက္ကူနီများကို ရုတ်တရက် သတိရသွားသည်။

"လျူဇီ... မင်းရဲ့အဘိုးဟွမ် အိမ်မှာရှိလား..."

အဘိုးဟွမ်၏ နာမည်ရင်းမှာ ဟွမ်ကွမ်းဖြစ်သည်။ သူသည် လျူဇီ၏ အိမ်နီးချင်းဖြစ်ပြီး ကျောက်ထျဲ့ကျွင်း၏ မိတ်ဆွေဟောင်းတစ်ဦးလည်း ဖြစ်၏။ သူသည် အရင်က မြို့ပေါ်ရှိ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းတွင် တရုတ်စာပေများကို သင်ကြားပေးခဲ့သော ဆရာတစ်ဦးဖြစ်ကာ အလွန်လက်ရေးလှသူ တစ်ယောက် ဖြစ်သည်။

ရွာထဲတွင် နွေဦးပွဲတော်ကာလအတွင်း မင်္ဂလာဆောင်နှင့် နာရေးကိစ္စများအတွက် ဖိတ်စာများကို အဘိုးဟွမ်ထံတွင် ရေးခိုင်းလေ့ရှိကြသည်။

အဘိုးဟွမ်သည် လက်ရေးဆက်၊ လက်ရေးမှန်နှင့် လက်ရေးချော ရေးသားခြင်းတို့တွင် ကျွမ်းကျင်သူ ဖြစ်သည်။ သူ၏ စာလုံးများမှာ လှပပြီး သပ်ရပ်လှ၏။ ဤဂုဏ်သတင်းမှာ ပြန့်နှံ့သွားခဲ့ပြီး နှစ်သစ်ကူးကာလရောက်တိုင်း လူအများသည် အဘိုးဟွမ်၏အိမ်သို့ စက္ကူနီများ ယူလာကာ သူတို့အတွက် ကဗျာစာတန်းများ ရေးပေးရန် တောင်းဆိုလေ့ရှိကြသည်။

သေချာသည်မှာ အဘိုးအိုသည် ကဗျာစာတန်းများကို အလကား ရေးပေးခြင်း မဟုတ်ပေ။ လူအများက ကျေးဇူးဆပ်သည့်အနေဖြင့် သူ့ကို ငွေ၊ ကောက်နှံ သို့မဟုတ် အသားများကို ပေးလေ့ရှိကြသည်။

အဘိုးဟွမ်မှာ လျူဇီ၏အိမ်ဘေးတွင် နေထိုင်သူဖြစ်သောကြောင့် လီလန်သည် လျူဇီကို မေးရန် သတိရသွားခြင်း ဖြစ်လေသည်။

"ကျွန်တော် မထွက်လာခင်ကတော့ အဘိုးဟွမ်ရဲ့ တံခါး ပိတ်ထားတုန်းပဲ... သူ မနိုးသေးတာ ဖြစ်မယ်..."

လျူဇီသည် ခေါင်းပင်မမော့ဘဲ အမဲရိုးကို ကိုက်ရင်း ပြန်ဖြေလိုက်သည်။

"မွန်းတည့်နေပြီပဲ... သူတို့ နိုးနေလောက်ပါပြီ..."

"ငါတို့ စားပြီးရင် ငါ့ကို အဘိုးဟွမ်ဆီ ခေါ်သွားပေး... ငါ့အတွက် ကဗျာစာတန်း နှစ်စောင်လောက် ရေးခိုင်းချင်လို့..."

"ဟုတ်..."

အစ်ကိုလန် အလုပ်ကိစ္စရှိသည်ဟု ကြားလိုက်ရသောအခါ လျူဇီသည် အလျင်အမြန် စားသောက်လိုက်ပြီး အချိန်တိုအတွင်းမှာပင် အရိုးကြီးကို ကုန်စင်အောင် စားပစ်လိုက်တော့သည်။

"နောက်ထပ် တစ်ချောင်း ထပ်စားဦးမလား..."

"တော်ပြီ... မစားတော့ဘူး..."

လျူဇီက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

ယခုလေးတင် သူသည် အမဲရိုး သုံးချောင်းတိတိ စားထားခဲ့ရာ အစ်ကိုလန်နှင့် ဝေ့ကော်တို့ နှစ်ယောက်ပေါင်း စားထားသည်ထက်ပင် ပိုများနေလေပြီ။

"ကောင်းပြီ... ငါ့ကို ခဏစောင့်..."

လီလန်က အိမ်ထဲသို့ ပြန်ဝင်သွားခဲ့သည်။

ပြန်ထွက်လာချိန်တွင် သူ၏လက်ထဲ၌ စက္ကူနီ နှစ်ရွက် ပါလာခဲ့သည်။

"သွားကြစို့..."

"ဝေ့ကော်... မင်း အိမ်မှာနေပြီး စက်ဘီးစီး လေ့ကျင့်နေခဲ့... ငါ လျူဇီနဲ့ အပြင်သွားလိုက်ဦးမယ်..."

လီလန်သည် စက်ဘီးစီးနေသော ကျန်းဝေ့ကော်ကို လှမ်းအော်ပြောလိုက်သည်။

"သတိထားစီး... မလဲစေနဲ့... အဲဒါ ငါ အခုလေးတင် ဝယ်လာတဲ့ စက်ဘီးအသစ်စက်စက်နော်..."

ယိမ်းထိုးစွာ စီးနင်းနေသော ကျန်းဝေ့ကော်ကို လီလန်က သတိပေးလိုက်သည်။

"မလဲပါဘူး... ကျွန်တော့် စက်ဘီးစီးစွမ်းရည်က အမြင့်ဆုံးအဆင့်မှာရှိတယ်... ဒါကြောင့် စိတ်မပူပါနဲ့ အစ်ကိုလန်..."

"ဘာလို့ ငါ မယုံရတာပါလိမ့်..."

လီလန်က ကျန်းဝေ့ကော်ကို မျက်စောင်းထိုးကြည့်လိုက်သည်။

လျူဇီ၏အိမ်မှာ သိပ်မဝေးလှဘဲ ရွာ၏ အရှေ့ဘက်အစွန်တွင်ရှိကာ လမ်းလျှောက်သွားလျှင် ဆယ်မိနစ်ခန့်သာ ကြာလေသည်။

"လျူဇီ... တံခါးခေါက်လိုက်..."

လီလန်သည် လျူဇီ၏အိမ်သို့ ရောက်သောအခါ ခြံဝင်းထဲသို့ မဝင်ဘဲ ဘေးအိမ်ဖြစ်သော အဘိုးဟွမ်ကွမ်း၏ အိမ်သို့ သွားခဲ့သည်။

လျူဇီသည် အနည်းငယ် ရိုးအတတ်သော်လည်း လီလန် ခိုင်းသမျှကို တုံ့ဆိုင်းခြင်းမရှိဘဲ လုပ်ဆောင်တတ်လေသည်။

လျူဇီသည် ဘေးအိမ်၏ တံခါးကို ခေါက်ကာ ခြံထဲသို့ လှမ်းအော်လိုက်သည်။

"အဘိုးဟွမ်... အိမ်မှာရှိလား..."

"ဘယ်သူလဲ..."

မိနစ်အနည်းငယ်အကြာတွင် အက်ကွဲကွဲ အသက်ကြီးကြီး အသံတစ်ခုက အိမ်ထဲမှ ထွက်ပေါ်လာသည်။

အသက် ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်အရွယ်ခန့်ရှိသော အဘိုးအိုတစ်ဦးသည် တံခါးဖွင့်ရန် အိမ်ထဲမှ ထွက်လာခဲ့သည်။

အဘိုးအို၏ ဆံပင်များမှာ ဖြူဖွေးနေပြီး မုတ်ဆိတ်မွေးများလည်း ဖြူနေကာ အလွန်ပိန်လှီနေသော်လည်း ကျောပြင်ကမူ မတ်မတ်ရပ်နေဆဲဖြစ်သည်။ သူသည် ပိန်ပါးသော်လည်း အင်အားနှင့် စိတ်ဓာတ်ခွန်အား အပြည့်ရှိကာ ရှေးခေတ်က ပညာရှိတစ်ဦး၏ အသွင်အပြင်မျိုး ရှိနေသည်။

သူသည် ကဗျာနှင့် စာပေများကို ကျွမ်းကျင်စွာ တတ်မြောက်ထားသည့် ယဉ်ကျေးသိမ်မွေ့သူတစ်ဦးနှင့် တူလှပေသည်။

"အိုး... လျူဇီပဲ... အဘိုးဟွမ်နဲ့ တွေ့စရာရှိလို့လား..."

အဘိုးအိုသည် တံခါးဖွင့်လိုက်ပြီး ဘေးအိမ်မှ မြေးဖြစ်သူကို မှတ်မိသွားသည်။

"အဘိုးဟွမ်... ကျွန်တော် လာရှာတာ မဟုတ်ဘူး... ကျွန်တော့်အစ်ကို လာရှာတာ..."

လျူဇီက ခေါင်းခါလိုက်သည်။

ထိုအခါ အဘိုးအိုသည် လီလန်ကို ကြည့်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် နားမလည်နိုင်မှုများ ပြည့်နှက်နေကာ မေးလိုက်၏။

"မင်းက ဘယ်သူလဲ..."

အဘိုးအိုသည် လီလန်ကို မမှတ်မိပေ။

"အဘိုးဟွမ်... ကျွန်တော်က လီပိုင်ရှန်းရဲ့မြေး ရှောင်လန်ပါ..."

လီလန်က သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

လီပိုင်ရှန်းဆိုသည်မှာ သူ၏အဘိုးအမည် ဖြစ်သည်။

ထိုအမည်ကို ကြားလိုက်ရသောအခါ အဘိုးအိုသည် ခေတ္တရပ်တန့်သွားပြီး သူ၏မျက်နှာပေါ်တွင် အတိတ်ကို ပြန်လည်သတိရသွားသည့် အမူအရာတစ်ခု ချက်ချင်းပင် ပေါ်ထွက်လာတော့သည်။

"ပိုင်ရှန်းရဲ့မြေး... အိုး... ပိုင်ရှန်း..."

အဘိုးအိုသည် လီလန်ကို ကြည့်ကာ သူ၏ မိတ်ဆွေဟောင်းကို သတိရသွားသည်။

လီလန်သည် သူ၏ရှေ့မှ အဘိုးအိုကို ကြည့်ရင်း ဆွေမျိုးသားချင်းကဲ့သို့ ရင်းနှီးမှုကို ခံစားလိုက်ရသည်။ ဤသူမှာ သူ၏အဘိုးနှင့် ခေတ်ပြိုင်လူတစ်ဦး ဖြစ်လေသည်။

အဘိုးသက်ရှိထင်ရှားရှိစဉ်က သူတို့မိသားစုနှစ်ခုမှာ အလွန်ရင်းနှီးကြပြီး အချင်းချင်း မကြာခဏ အလည်အပတ် သွားလေ့ရှိကြသည်။ သူ့ကို ကြည့်ရသည်မှာ မိမိ၏ အဘိုးအရင်းကို မြင်ရသည်နှင့် တူနေတော့သည်။

"အထဲဝင်ပြီးမှ စကားပြောကြတာပေါ့... အပြင်မှာ ချမ်းတယ်..."

အဘိုးအိုက လက်ယပ်ခေါ်လိုက်သည်။

ထို့နောက် လီလန်သည် စက္ကူနီများကို ယူကာ အဘိုးအိုနောက်မှနေ၍ အိမ်ထဲသို့ လိုက်ဝင်သွားခဲ့သည်။

အိမ်ထဲတွင် မီးဖိုမှာ တောက်လောင်နေသဖြင့် နွေးထွေးပြီး သက်တောင့်သက်သာ ရှိလှသည်။

လီလန်သည် စက္ကူနီများကို စားပွဲပေါ်တွင် တင်လိုက်ပြီး အခန်းတွင်းရှိ အပြင်အဆင်များကို ပေါ့ပေါ့ပါးပါးပင် လိုက်ကြည့်လိုက်သည်။

အခန်းမှာ ရိုးရှင်းသန့်ရှင်းနေပြီး နံရံများတွင် လက်ရေးအလှစာလုံးများနှင့် ပန်းချီကားများကို ချိတ်ဆွဲထားသည်။ ဘေးနားတွင် စားပွဲတစ်လုံးရှိပြီး စာအုပ်ဟောင်းများနှင့် သတင်းစာများဖြင့် ပြည့်နှက်နေကာ လက်ရေးအလှရေးသည့် စုတ်တံများထည့်ထားသော ကလောင်တံထည့်ခွက်တစ်ခုလည်း ရှိသည်။ စားပွဲပေါ်တွင်မူ သန့်ရှင်းဖြူစင်သော ရွှမ်းစက္ကူအထပ်လိုက်ကြီး ရှိနေလေသည်။

ဤအခန်းမှာ အလွန်ကြော့ရှင်းပြီး ပညာရှင်တစ်ဦး၏ အခန်းနှင့် တူလှပေသည်။

"ထိုင်ပါဦး... ဘယ်လို လက်ဖက်ရည်မျိုး သောက်ချင်လဲ... အဘိုးဆီမှာ ကျောက်ဘိုင်တောင်တန်းက တောလက်ဖက်ရည်ရှိသလို ယူနန်က ပူအာလက်ဖက်ရည်နဲ့ အန်းဟွေးက မောင်ဖန်းလက်ဖက်ရည်လည်း ရှိတယ်..."

"မလိုပါဘူး အဘိုးဟွမ်... အလုပ်မရှုပ်ပါနဲ့... ထိုင်ပြီး စကားပဲ ပြောကြတာပေါ့..."

လီလန်က အဘိုးအိုကို တားလိုက်သည်။

သူသည် ဧည့်သည်တစ်ယောက်အနေဖြင့် လာခြင်းမဟုတ်ဘဲ သူတို့ထံမှ အကူအညီတစ်ခု လိုအပ်နေခြင်းဖြစ်သည်။

လီလန်သည် နံရံပေါ်ရှိ ရှုခင်းပန်းချီကားကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်၏။

"အဘိုးဟွမ်... နှစ်သစ်ကူးရောက်နေပြီကို အဘိုး တစ်ယောက်တည်းပဲလား..."

လွန်ခဲ့သောနှစ်အနည်းငယ်က အဘိုးအို၏ ဇနီးဖြစ်သူ ကွယ်လွန်သွားခဲ့သော်လည်း သူ့တွင် ခရိုင်မြို့သို့ အိမ်ထောင်ကျသွားသော သမီးနှစ်ယောက်ရှိသည်ကို လီလန် သတိရလိုက်သည်။

"အဘိုးက အေးအေးချမ်းချမ်း နေရတာကို ကြိုက်တယ်... ဆူညံတာကို မကြိုက်ဘူး... သူတို့က အဘိုးကို ခရိုင်မြို့မှာ နှစ်သစ်ကူး လာဖြတ်သန်းဖို့ ဖိတ်ပေမယ့် အဘိုးက သွားရမှာ ပျင်းလို့ပါ..."

အဘိုးအိုက လက်ကိုဝှေ့ယမ်းကာ ရှင်းပြလိုက်သည်။

"အဘိုးက နှစ်သစ်ကူးပွဲတော်ကို အိမ်မှာ တစ်ယောက်တည်း ဖြတ်သန်းရမှာဆိုတော့ ဘယ်လောက်တောင် အထီးကျန်နေလိုက်မလဲ..."

"ရပါတယ်... ရပါတယ်... အဘိုးက နှစ်တွေကြာလာတော့လည်း ကျင့်သားရနေပါပြီ..."

အဘိုးအိုက ထပ်မံ၍ လက်ဝှေ့ယမ်းပြလိုက်သည်။

သူသည် လှည့်၍ စားပွဲပေါ်ရှိ စက္ကူနီများကို တစ်ချက်ကြည့်လိုက်သည်။

"ရှောင်လန်... မင်းက... အဘိုးကို ကဗျာစာတန်း ရေးခိုင်းမလို့လား..."

"ဟုတ်ပါတယ် အဘိုးဟွမ်..."

လီလန်က ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူက ဆက်ပြောလိုက်၏။

"စိတ်မပူပါနဲ့... အဘိုးကို အလကား မရေးခိုင်းပါဘူး... ကျွန်တော် ပိုက်ဆံပေးပါ့မယ်..."

မထင်မှတ်ထားဘဲ အဘိုးအိုက ခေါင်းရမ်းလိုက်သည်။

"ပိုက်ဆံမလိုပါဘူး... အဘိုးက မင်းဆီကနေ အကူအညီတစ်ခု တောင်းချင်လို့ပါ..."

"ဘယ်လို အကူအညီမျိုးလဲ..."

လီလန်က အံ့သြသွားကာ စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

"အဘိုးတို့အိမ် ဖောက်ထွင်းခံရပြီး ပစ္စည်းတွေ ခဏခဏ ပျောက်နေလို့လေ..."

All Chapters