အခန်း ၂၀၄
Vol. 21 Ch. 204
အခန်း (၂၀၄) မိုးပျံနဂါးကို သားကောင်အဖြစ် အသုံးပြု၍ ယုန်လာတိုးမည့်အချိန်ကို စောင့်ဆိုင်းခြင်း
လွန်ခဲ့သောရက်အနည်းငယ်မှစ၍ အဘိုးဟွမ်သည် ကောင်းစွာ အိပ်မပျော်ခဲ့ပေ။
သန်းခေါင်ယံအချိန်များတွင် အံဆွဲများနှင့် ဗီရိုများအား တစ်စုံတစ်ရာက လာရောက်မွှေနှောက်နေသည့် အသံများကို မကြာခဏ ကြားနေရလေသည်။
လွန်ခဲ့သောနှစ်ရက်ခန့်က သူ၏သမီးနှစ်ယောက်သည် ယောကျ်ားဖြစ်သူများနှင့်အတူ ရွာသို့ပြန်လာကာ သူ့အတွက် ကြက်သားနှင့် ဝက်သားများ ဝယ်လာခဲ့ကြသည်။
အဘိုးအိုသည် ကြက်များကို မီးဖိုချောင်ထဲတွင် ထားသော်လည်း မနေ့က သွားရောက်ကြည့်ရှုချိန်၌ ကြက်များ ပျောက်ဆုံးနေပြီး ကြက်မွှေးများသာ ကျန်ရစ်နေခဲ့တော့သည်။
ယနေ့ ထပ်မံသွားရောက် ကြည့်ရှုသည့်အခါတွင်လည်း အသားများအားလုံး ပျောက်ဆုံးနေပြီး အရေခွံများသာ ကျန်ရှိနေတော့၏။
အဘိုးအို၏ စကားများကို နားထောင်ပြီးနောက် လီလန်သည် တွေးတောနေဟန်ဖြင့် မေးစေ့ကို ပွတ်သပ်လိုက်သည်။
"ဘာအကောင်လဲဆိုတာ အဘိုး မမြင်လိုက်ဘူးလား..."
"မမြင်လိုက်ရဘူးလေ..."
"မီးခိုးရောင်တစ္ဆေများလား..."
မီးခိုးရောင်တစ္ဆေဆိုသည်မှာ ကြွက်ကို ဆိုလိုခြင်းဖြစ်သည်။
(မီးခိုးရောင်တစ္ဆေ/ မီးခိုးရောင်မသေမျိုးက ကြွက်ကိုပြောတာပါ။ အဝါရောင်မသေမျိုးက အဝါရောင်မြွေပါကိုပြောတာပါ။ တရုတ်မှာက ကြွက်က စည်းစိမ်ဥစ္စာနဲ့ ဉာဏ်ပညာကို ဖော်ဆောင်တယ်လို့ ယုံကြည်ကြပါတယ်။ အဝါရောင်မြွေပါကိုတော့ စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ ဆက်သွယ်နိုင်စွမ်းနဲ့ အနာရောဂါငြိမ်းချမ်းစေနိုင်တဲ့ စွမ်းအားရှိတယ်လို့ ယုံကြည်ကြပါတယ်)
"ကြွက်က ကြက်ကို ခိုးနိုင်လို့လား..."
"ထူးဆန်းတယ်နော်... အိမ်ထဲကို သူခိုးဝင်လာတယ်ဆိုရင်တောင် အဘိုး မြင်ရမှာပေါ့..."
ကြက်နှင့်အသားများကို ခိုးယူရန် ဝင်ရောက်လာသော လူကြီးတစ်ယောက်ဖြစ်ပါက အဘိုးအိုသည် အသက်ခုနစ်ဆယ်ကျော်နေပြီဖြစ်သော်လည်း နားပင်းနေခြင်း၊ မျက်စိကန်းနေခြင်း မရှိပေ။ သူခိုးဝင်လာ၍ အသံထွက်လာပါက သူ သတိပြုမိသင့်လှ၏။
လူမဟုတ်လျှင်မူ တောင်ပေါ်မှ ဆင်းလာသော တောရိုင်းတိရစ္ဆာန်တစ်ကောင်ကောင်သာ ဖြစ်ရပေမည်။
"ရှောင်လန်... အဲဒီကြက်သူခိုးက ဘာအကောင်ဖြစ်မယ်လို့ မင်း ထင်လဲ..."
အဘိုးဟွမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
လွန်ခဲ့သောရက်အနည်းငယ်အတွင်း သူခိုးများသည် သူ၏အိမ်သို့ ဆက်တိုက် ဖောက်ထွင်းဝင်ရောက်လာကာ ညနက်ပိုင်းတွင် အသံများမြည်စေပြီး ပစ္စည်းများကို ခိုးယူသွားခဲ့ကြသည်။ ထိုကိစ္စကြောင့် သူသည် ကြောက်ရွံ့ခြင်း၊ ဒေါသထွက်ခြင်းများ ဖြစ်ပေါ်ကာ ညဘက်များတွင် ကောင်းစွာ အိပ်မပျော်နိုင်ခဲ့ပေ။ စိတ်ဖိစီးမှုများစွာ ခံစားနေရသဖြင့် ကျန်းမာရေးချို့တဲ့ကာ ပင်ပန်းနွမ်းနယ်နေတော့သည်။
"တောင်ပေါ်က ဆင်းလာတဲ့ တောရိုင်းတိရစ္ဆာန် ဖြစ်ဖို့များတယ်..."
လီလန်က မီးဖိုချောင်ဘက်သို့ တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။
သို့သော်လည်း ကြက်နှင့်အသားများကို ခိုးယူသွားသော သူခိုးမှာ အသားစားသတ္တဝါဖြစ်သည်မှာ ထင်ရှားနေသဖြင့် သူ အနည်းငယ် စိုးရိမ်မိသွားလေသည်။
အသားစားသတ္တဝါဖြစ်သောကြောင့် တောင်ပေါ်မှဆင်းလာသည့် သားရဲတိရစ္ဆာန်ဖြစ်ရန် အလွန်သေချာနေသည်။
"တောကြောင်ရိုင်းလေးရဲ့ အဖေများ ဖြစ်နေမလား..."
အထီးတောကြောင်ရိုင်းသည် တောင်ပေါ်မှ ရွာထဲသို့ မကြာခဏ ခိုးဆင်းလာတတ်ပြီး ထိုဒေသနှင့် အလွန်ရင်းနှီးနေပြီဖြစ်သည်။ ထို့အပြင် ၎င်းသည် လျင်မြန်ဖြတ်လတ်ကာ ခြံစည်းရိုးများ၊ တံခါးများနှင့် နံရံများကို အလွယ်တကူ ကျော်ဖြတ်၍ ခြံဝင်းအတွင်းသို့ ဝင်ရောက်နိုင်ပေသည်။
လီလန်သည် အမှန်တကယ်ပင် အကျပ်ရိုက်သွားတော့၏။ ကြက်သူခိုးမှာ အထီးတောကြောင်ရိုင်းသာ ဖြစ်နေပါက ကြက်နှင့်အသားများအတွက် သူ လျော်ကြေးပေးရမည် မဟုတ်ပါလော။
"အဘိုးဟွမ်... ကြက်တွေ ဘယ်နေရာကနေ ပျောက်သွားတာလဲ... ကျွန်တော့်ကို အဲဒီနေရာ ခေါ်သွားပေးပါလား..."
ထို့နောက် အဘိုးဟွမ်သည် လီလန်အား မီးဖိုချောင်သို့ ခေါ်ဆောင်သွားလေသည်။
"ဒီဗီရိုအောက်ကပဲ..."
အဘိုးအိုသည် သစ်သားဗီရိုတစ်ခုကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
"ကြက်တွေက အရှင်တွေလား..."
လီလန်က မေးလိုက်သည်။
"အရှင်တွေပေါ့... သတ်ဖို့တောင် အချိန်မရလိုက်ဘူးလေ..."
အဘိုးဟွမ်က ပြန်ဖြေသည်။
လီလန်သည် ဗီရိုအောက်သို့ စစ်ဆေးကြည့်လိုက်ရာ သွေးကွက်အချို့နှင့် ကြက်မွှေးအချို့ကို အမှန်တကယ်ပင် တွေ့ရှိလိုက်ရသည်။
သူသည် ကြက်မွှေးကို ကောက်ယူလိုက်ပြီး မတ်တတ်ရပ်ကာ ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။
အနီးကပ် သေချာစွာ ကြည့်ရှုလိုက်သည့်အခါ ပြတင်းပေါက်တွင် အပေါက်တစ်ပေါက် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ဤခေတ်ကာလ ကျေးလက်ဒေသများရှိ အိမ်များတွင် ပြတင်းပေါက်များကို သတင်းစာစက္ကူများဖြင့် ဖုံးအုပ်ထားလေ့ရှိပြီး မြို့ပြများတွင်သာ မှန်ပြတင်းပေါက်များကို တပ်ဆင်နိုင်ကြသည်။
"ဒီကနေ ဝင်လာတာပဲ..."
လီလန်သည် ကိုက်ဖြဲခံထားရသော ပြတင်းပေါက်ကို လက်ညှိုးထိုးပြရင်း အဘိုးအိုအား ပြောလိုက်သည်။
"အလိုလေး... တကယ်ပဲကိုး..."
အဘိုးဟွမ်က အနီးကပ်ကြည့်ရှုရင်း အံ့သြတကြီး ရေရွတ်လိုက်သည်။
ကိုက်ဖြဲခံထားရသော ပြတင်းပေါက်ရှိ အပေါက်မှာ အတော်အတန် ကြီးမားကာ တစ်ဝက်ခန့်မှာ စုတ်ပြတ်နေပြီး သွေးများလည်း ပေကျံနေလေသည်။
ကြက်သူခိုးသည် ပြတင်းပေါက်မှတစ်ဆင့် မီးဖိုချောင်ထဲသို့ ဝင်ရောက်လာကာ ကြက်ကို ဖမ်းယူပြီးနောက် ပြတင်းပေါက်မှပင် ပြန်လည်ထွက်ပြေးသွားခြင်းဖြစ်ရမည်။ ထို့ကြောင့်သာ ပြတင်းပေါက်စက္ကူပေါ်တွင် သွေးများ ပေကျံနေခြင်း ဖြစ်ပေသည်။
"ကြက်နဲ့အသားတွေကလွဲရင် တခြားဘာတွေ ပျောက်သွားသေးလဲ..."
လီလန်က မေးလိုက်သည်။
"ကြက်ဥတချို့လည်း အခိုးခံလိုက်ရတယ်... ပြီးတော့ ဂေါ်ဖီထုပ်လည်း အကိုက်ခံထားရသေးတယ်... ဒီကြက်သူခိုးက အကုန်စားတာပဲ... ငါ့သမီး ဝယ်ပေးထားတဲ့ နှစ်သစ်ကူးပစ္စည်းတွေအကုန် ဖျက်ဆီးပစ်လိုက်ပြီ..."
အဘိုးအိုက ဒေါသတကြီးဖြင့် ပြောလေသည်။
"ဂေါ်ဖီထုပ်လည်း စားတယ်ဟုတ်လား..."
လီလန်က အနည်းငယ် အံ့သြသွားတော့သည်။
သူခိုးသည် ဂေါ်ဖီထုပ်ကို စားပါက အထီးတောကြောင်ရိုင်းအား သံသယစာရင်းမှ ဖယ်ထုတ်ပစ်နိုင်ပြီဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ တောင်ပေါ်ရှိ တောကြောင်ရိုင်းများသည် အသားစားသတ္တဝါများဖြစ်ကြပြီး ဂေါ်ဖီထုပ်မှာ ၎င်းတို့၏ အစားအစာစာရင်းတွင် မပါဝင်ပေ။
"ဒါဆိုရင်တော့ တောကြောင်ရိုင်းလေးရဲ့ အဖေ မဟုတ်ဘူးပေါ့..."
လီလန်က သက်ပြင်းတစ်ချက် ချလိုက်လေသည်။
ကြက်သူခိုးမှာ အထီးတောကြောင်ရိုင်း မဟုတ်သရွေ့ အဘိုးဟွမ် ဆုံးရှုံးသွားသော ကြက်နှင့်အသားများအတွက် သူ့အပေါ် အပြစ်တင်နိုင်မည် မဟုတ်ပေ။
"ရှောင်လန်... ဘာအကောင်လဲဆိုတာ မင်း သိလား..."
အဘိုးအိုက မေးလိုက်သည်။
"ကျွန်တော်လည်း မပြောတတ်သေးဘူး..."
လီလန်က ခေါင်းယမ်းလိုက်သည်။
"ဒါပေမဲ့ အဘိုးဟွမ် စိတ်မပူပါနဲ့... ဒီကိစ္စကို ကျွန်တော် ရှင်းပေးမယ်... ဒီညပဲ ကြက်သူခိုးကို ဖမ်းပေးမယ်ဗျာ..."
လီလန်သည် သူ၏ရင်ဘတ်ကို ပုတ်ကာ အဘိုးအိုအား အာမခံလိုက်သည်။
အဘိုးဟွမ်မှာ သူ၏အဘိုးအရွယ် မျိုးဆက်မှဖြစ်သည်။ သူသည် ယခုအခါ တစ်ယောက်တည်း နေထိုင်ပြီး အားကိုးရာမရှိပေ။ နှစ်သစ်ကူးကာလ နီးကပ်လာချိန်တွင် ဤကဲ့သို့သော ကိစ္စမျိုးနှင့် ကြုံတွေ့ရသဖြင့် သူ ညဘက်များတွင် ကောင်းစွာ အိပ်မပျော်နိုင်ဖြစ်နေရသည်။
လီလန်သည် ကဗျာစာတန်းများ ရေးသားရန် သူ၏အကူအညီကို လိုအပ်နေချိန်ဖြစ်သဖြင့် ဤတာဝန်ကို ကိုယ်တိုင်ရယူကာ အဘိုးအိုအတွက် ထိုညတွင်ပင် ဖြေရှင်းပေးရန် ဆုံးဖြတ်လိုက်လေသည်။
လီလန်က ပြဿနာကို ဖြေရှင်းပေးမည်ဟု ကြားလိုက်ရသည့်အခါ အဘိုးအို၏ မျက်မှောင်ကြုတ်ထားမှုမှာ အတော်လေး ပြေလျော့သွားတော့သည်။
"ရှောင်လန်... မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ..."
အဘိုးအိုက မေးလိုက်သည်။
"အဘိုးဟွမ် စိတ်မပူပါနဲ့... ဒီညကျရင် အဘိုး သိရမှာပါ..."
"မှောင်သွားတာနဲ့ လျူဇီ့အိမ်ကို ခဏသွားနေပါ... ကျွန်တော် မခေါ်မချင်း အိမ်ထဲ မဝင်လာနဲ့နော်..."
"ကောင်းပါပြီလေ..."
"အဘိုးဟွမ်... ဒီကဗျာစာတန်းက..."
"ပြဿနာမရှိပါဘူး... ငါ အခုပဲ မင်သွေးပြီး မင်းအတွက် ရေးပေးမယ်..."
အဘိုးအိုသည် လက်တွေ့လုပ်ဆောင်တတ်သူဖြစ်ပြီး အလုပ်တွင် အလွန်သွက်လက်လေသည်။ သူသည် ချက်ချင်းပင် မင်သွေးကာ စုတ်တံတစ်ချောင်းကို ရွေးချယ်ပြီး စားပွဲပေါ်တွင် စက္ကူနီကို ဖြန့်ခင်းလိုက်သည်။ ထို့နောက် စုတ်တံကို မင်ရည်စိမ်ကာ လီလန်အတွက် ကဗျာစာတန်းများကို စတင်ရေးသားတော့သည်။
အဘိုးအိုသည် စုတ်တံကို ကိုင်လိုက်သည့်အချိန်တွင် သူ၏အသွင်အပြင်မှာ ပြောင်းလဲသွားပြီး လက်ရေးလှပညာရှင်တစ်ဦးအဖြစ်သို့ ကူးပြောင်းသွားလေသည်။
ကြီးကျယ်ခမ်းနားလှသော ဟန်ပန်ဖြင့် စုတ်တံသည် နဂါးများနှင့် မြွေများပမာ ရွေ့လျားသွားကာ စက္ကူပေါ်တွင် မင်ရည်များက တိမ်တိုက်များ လွင့်မျောခြင်းနှင့် ရေစီးဆင်းခြင်းတို့ကဲ့သို့ ပျံ့နှံ့သွားတော့၏။
"ပြီးပြီ... လာကြည့်ဦး... ဒီကဗျာစာတန်းကို ဘယ်လောက်ကောင်းအောင် ရေးထားလဲဆိုတာ..."
အဘိုးအိုသည် စုတ်တံကို ဘေးသို့ချထားရင်း ပြောလိုက်သည်။
လီလန်သည် အနီးသို့ တိုးသွားကာ သေချာစွာ ကြည့်ရှုလိုက်သည်။
ကဗျာစာတန်း၏ ပထမဆုံးစာကြောင်းမှာ ပန်းများပွင့်လန်းကာ ကြွယ်ဝချမ်းသာမှုနှင့် ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးပါစေ ဟူ၍ဖြစ်သည်။
ဒုတိယစာကြောင်းမှာ စကြဝဠာကို လှည့်လည်ကာ တစ်ဆင့်ပြီးတစ်ဆင့် ပို၍မြင့်မားစွာ တက်လှမ်းနိုင်ပါစေ ဟူ၍ဖြစ်သည်။
ဤအဘိုးအိုသည် လက်ရေးလှပရုံသာမက စာပေဘက်တွင်လည်း အတော်လေး ကျွမ်းကျင်သူဖြစ်ပေသည်။
"လှပတဲ့ လက်ရေးနဲ့ သပ်ရပ်တဲ့ အရေးအသားပဲ..."
"အို... ငါ မေ့တော့မလို့... ဆိုင်းဘုတ်တစ်ခုလည်း ကျန်သေးတယ်..."
အဘိုးအိုသည် စုတ်တံကို ထပ်မံကောက်ယူ၍ မင်ရည်စိမ်ကာ စာလုံးကြီးလေးလုံးကို ရေးသားလိုက်လေသည်။
ရာသီလေးပါးလုံးတွင် ငြိမ်းချမ်းရေးနှင့် ဘေးကင်းလုံခြုံမှု ရှိပါစေ။
ထိုသို့ဖြင့် ကဗျာစာတန်းမှာ ပြီးမြောက်သွားတော့သည်။
လီလန်သည် ကဗျာစာတန်းကိုကြည့်ကာ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
သူသည် ပြန်လည်မွေးဖွားလာခဲ့ပြီး သူ၏ဖခင်နှင့် ညီမငယ်နှစ်ယောက်တို့လည်း သက်ရှိထင်ရှား ရှိနေဆဲဖြစ်သည်။ မိသားစုမှာ ဘေးကင်းလုံခြုံကာ ကောင်းမွန်သော ဘဝတစ်ခုကို ဖြတ်သန်းနေရသည်။ ထိုအရာကပင် သူ့အတွက် လုံလောက်နေပြီဖြစ်သည်။
သူသည် အခြေအနေနှင့် အလွန်လိုက်ဖက်လှသော ထိုကဗျာစာတန်းကို အလွန်သဘောကျ ကျေနပ်နေမိ၏။
"အဘိုးဟွမ်... ကျေးဇူးတင်ပါတယ်..."
လီလန်သည် ကဗျာစာတန်းများပေါ်ရှိ စာလုံးများ ခြောက်သွေ့သွားသည်အထိ စောင့်ဆိုင်းပြီးမှသာ သိမ်းဆည်းလိုက်သည်။
"ရပါတယ်ကွာ..."
အဘိုးအိုက ခေါင်းယမ်းလိုက်သည်။
"ကျွန်တော် အရင်ပြန်ပြီး ပစ္စည်းတစ်ခု သွားယူလိုက်ဦးမယ်... မမှောင်ခင် ပြန်လာခဲ့မယ်..."
"ကောင်းပြီလေ..."
လီလန် ပြန်သွားပြီး သုံးလေးနာရီခန့်အကြာတွင် မှောင်မိုက်လာတော့သည်။
အရှေ့မြောက်ပိုင်း ပြည်နယ်သုံးခုတွင် ဆောင်းရာသီ၌ အမှောင်ကျလွယ်ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်အတိ ကျဆင်းသွားတော့၏။
လီလန်သည် အဘိုးဟွမ်၏ အိမ်သို့ ထပ်မံရောက်ရှိလာခဲ့သည်။
ဤတစ်ကြိမ်တွင် သူသည် လက်ချည်းသက်သက် လာခဲ့ခြင်းမဟုတ်ဘဲ အမွှေးမနှုတ်ရသေးသော မိုးပျံနဂါးတစ်ကောင်နှင့် ကြောင်နှင့်လည်းတူ ကျားသစ်နှင့်လည်းတူသော သားရဲတိရစ္ဆာန်ငယ်တစ်ကောင်ကို သယ်ဆောင်လာခဲ့သည်။
"ရှောင်လန်... ဒါက ဘာကြီးလဲ..."
အဘိုးအိုသည် လီလန်၏ လက်ထဲမှ မိုးပျံနဂါးကို ချက်ချင်း သတိပြုမိသွားပြီး နားမလည်နိုင်သော အကြည့်ဖြင့် မေးလိုက်သည်။
"ဒါက သားကောင်လေ... မကြာခင် အဘိုး သိရမှာပါ..."
လီလန်သည် မျက်လုံးများကို ကျဉ်းကာ လူတိုင်းကို စိတ်လှုပ်ရှားစေရန် ဆိုင်းငံ့ထားလိုက်သည်။
အဘိုးအိုက "အော်..." ဟု ရေရွတ်လိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ ကြောင်တစ်ကောင်၊ ကျားသစ်တစ်ကောင်နှင့် တူသော တောရိုင်းတိရစ္ဆာန်တစ်ကောင်ကို မြင်လိုက်ရသဖြင့် လန့်ဖျပ်သွားတော့သည်။
"ဒါ... ဒါက..."
ကြောင်နှင့်လည်းတူ၊ ကျားသစ်နှင့်လည်းတူသော ဤသားရဲတိရစ္ဆာန်မှာ အရွယ်မရောက်သေးသော်လည်း ကြမ်းတမ်းခက်ထန်သော အသွင်အပြင်ရှိကာ မူလတောရိုင်းစရိုက်များဖြင့် ပြည့်နှက်နေလေသည်။
ဤအရာမှာ အိမ်မွေးကြောင် လုံးဝ မဟုတ်ပေ။
"အဘိုးဟွမ်... မကြောက်ပါနဲ့... ဒါက ကျွန်တော့်ရဲ့ တောကြောင်ရိုင်းလေးပါ..."
"သူက အရမ်း လိမ္မာတယ်... မကိုက်တတ်ဘူး... ဒီနေ့ ကြက်သူခိုးဖမ်းဖို့ သူ့ကို လိုအပ်သေးတယ်..."