← Chapters

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း (၂၀၅) အရှေ့မြောက်ပိုင်း မသေမျိုးငါးပါး ဟွမ်တာ့ရှန်း

"အဘိုးဟွမ်... လျူဇီ့အိမ်ကို သွားနေပါ... ကျွန်တော် နောက်မှ လှမ်းခေါ်လိုက်မယ်..."

"ကောင်းပြီ..."

"လီလန်... ဂရုစိုက်နော်..."

အဘိုးအိုသည် တံခါးဖွင့်၍ ထွက်သွားလေရာ အခန်းထဲတွင် လီလန်တစ်ယောက်တည်း ကျန်ရစ်ခဲ့တော့သည်။

လီလန်သည် မိုးပျံနဂါးကို ကိုင်ဆောင်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။

သူသည် မီးဖိုချောင်ထဲမှ ဓားတစ်လက်ကို ယူ၍ မိုးပျံနဂါး၏ လည်ပင်းကို အနည်းငယ် လှီးဖြတ်လိုက်သည်။

ထို့နောက် ခြံဝင်းအတွင်းသို့ ထွက်သွားကာ မိုးပျံနဂါးကို ခေါင်းစိုက်ချ၍ သွေးများကို ခြံထဲတွင် ဖြန်းပက်လိုက်တော့သည်။

ထို့နောက် ပြတင်းပေါက်ဆီသို့ သွားကာ ပြတင်းပေါက်စက္ကူပေါ်တွင် ကြက်သွေးအချို့ကို သုတ်လိမ်းလိုက်ပြီး ကြက်မွှေးအနည်းငယ်ကို နှုတ်၍ ပြတင်းပေါက်ပေါ်တွင် တင်ထားလိုက်လေသည်။

ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက် လီလန်သည် မီးဖိုချောင်ထဲသို့ ပြန်ဝင်လာကာ မိုးပျံနဂါးကို ကြမ်းပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချထားလိုက်သည်။

"မင်းအပေါ်မှာပဲ မူတည်တော့တယ်..."

"ဖမ်းမိရင် မနက်ဖြန် မင်းအတွက် စွပ်ပြုတ်လုပ်ပေးမယ်..."

လီလန်သည် တောကြောင်ရိုင်းလေး၏ ခေါင်းကို ပွတ်သပ်ရင်း ပြောလိုက်သည်။

အကောင်ပေါက်လေးသည် တိုးညှင်းစွာ အော်မြည်ရင်း ၎င်း၏ အမြီးလေးကို ခါယမ်းပြလေသည်။

"ကောင်းပြီ... ဒါဆိုရင် မင်း ဒီနေရာမှာပဲ ပုန်းနေတော့..."

လီလန်သည် တောကြောင်ရိုင်းလေးအတွက် လုံခြုံသော နေရာတစ်ခုကို ရှာဖွေပေးလိုက်သည်။

သူသည် ယုန်လာတိုးမည့်အချိန်ကို စောင့်ဆိုင်းရန် စီစဉ်ထားခြင်း ဖြစ်သည်။

ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက် လီလန်သည် အိမ်ထဲသို့ ပြန်ဝင်လာပြီး အဝတ်အစားမချွတ်ဘဲ အဘိုးဟွမ်၏ ကန်းပေါ်တွင် လှဲလျောင်းနေလိုက်လေသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်နှင့်အမျှ လီလန်သည် သူ၏လက်ပတ်နာရီကိုသာ စိုက်ကြည့်နေတော့သည်။

မကြာမီမှာပင် နောက်ထပ် ငါးနာရီ ခြောက်နာရီခန့် ကုန်လွန်သွားခဲ့လေသည်။

သန်းခေါင်ယံအချိန်သို့ ရောက်ရှိလာပြီဖြစ်သည်။

ညဉ့်နက်သန်းခေါင်အချိန်။

လီလန်သည် ရေနံဆီမီးခွက်ကို မထွန်းထားသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်အတိ ကျဆင်းနေသည်။ တံခါးကြားမှ ဝင်ရောက်လာသော လရောင်ကြောင့် ကြမ်းပြင်ပေါ်တွင် လရောင်အနည်းငယ် ကျရောက်နေသည်ကိုသာ သူ မြင်တွေ့နိုင်လေသည်။

ရုတ်တရက် အပြင်ဘက်မှ အလွန်တိုးညှင်းသော ခြေသံများ ထွက်ပေါ်လာ၏။

နှင်းပေါ်သို့ နင်းလျှောက်လိုက်သည့်အခါ "ရှပ်... ရှပ်..." ဟူသော အလွန်တိုးညှင်း၍ ဖွဖွလေးဖြစ်သော အသံများ ထွက်ပေါ်လာလေသည်။

လီလန်သည် အလွန်ကောင်းမွန်သော အကြားအာရုံရှိသဖြင့် ထိုအသံကို ကြားလိုက်ရသည်။

"ရောက်လာပြီ..."

လီလန်၏ ရင်ခုန်သံမှာ မြန်ဆန်သွားတော့သည်။ သူသည် ကန်းပေါ်တွင် လှဲလျောင်းကာ အိပ်ချင်ယောင်ဆောင်နေပြီး တမင်သက်သက်ပင် ဟောက်သံများ ပြုလုပ်နေလိုက်သည်။

သို့သော်လည်း သူ၏ နားတစ်ဖက်မှာမူ မီးဖိုချောင်ဘက်သို့ လှည့်ထားကာ အတွင်းမှ ထွက်ပေါ်လာမည့် အသံများကို အာရုံစိုက် နားထောင်နေလေသည်။

မီးဖိုချောင် ပြတင်းပေါက်မှ တရှပ်ရှပ်မြည်သံများ ထွက်ပေါ်လာသည်။ ထိုကြက်သူခိုးသည် ပြတင်းပေါက်မှတစ်ဆင့် တွယ်တက်လာကာ ပြတင်းပေါက်စက္ကူကို ကိုက်ဖြဲ၍ မီးဖိုချောင်အတွင်းသို့ ခိုးဝင်ရန် ယခင်က လုပ်ရပ်အတိုင်း ထပ်မံလုပ်ဆောင်နေခြင်း ဖြစ်သည်။

လီလန် နားထောင်နေစဉ်မှာပင် မကြာမီ မီးဖိုချောင်အတွင်းမှ အိုးခွက်ပန်းကန်များ ပြုတ်ကျကာ ဝုန်းဒိုင်းကျဲနေသော အသံများ ထွက်ပေါ်လာတော့သည်။

လီလန်က "အဘိုးအို မျက်နှာဖြူရော်သွားတဲ့အထိ ကြောက်လန့်သွားတာ အံ့သြစရာမရှိပါဘူးလေ... ညဘက် အမှောင်ထဲမှာ မီးဖိုချောင်ထဲကနေ ထူးဆန်းတဲ့ အသံတွေ ထွက်လာတာကိုး... သန်းခေါင်ယံအချိန်မှာ အဲဒီအသံတွေကို ကြားရရင် ဘယ်သူက မကြောက်ဘဲ နေမှာလဲ..." ဟု စိတ်ထဲမှ တွေးလိုက်သည်။

အိုးခွက်ပန်းကန်များ ကျကွဲသံများ ဆက်တိုက်ထွက်ပေါ်နေပြီး စီစီညံညံ အသံများကိုပါ လီလန် ကြားလိုက်ရလေသည်။

"အဲဒီအသံက... ကြွက်သံနဲ့ နည်းနည်းတူနေသလားလို့..."

"အဲ့လောက် ကြီးမားသည့် ကြွက်ကြီးလား..."

လီလန်က မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။

ဤကြက်သူခိုး၏ အော်သံမှာ ကြွက်တစ်ကောင်၏ အသံနှင့် အတိအကျပင် တူညီနေလေသည်။

မီးဖိုချောင်ထဲတွင် ထိုကြက်သူခိုးသည် မိုးပျံနဂါးကို မြင်တွေ့သွားဟန်တူပြီး ၎င်း၏ အော်သံများမှာ စိတ်လှုပ်ရှားစွာဖြင့် မြန်ဆန်လာတော့သည်။

ရုတ်တရက်ပင်။

“ဂီး..”

ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာလေသည်။

တောကြောင်ရိုင်းလေး လှုပ်ရှားလိုက်ပြီဖြစ်သည်။

အော်သံမှာ ရုတ်တရက် ပို၍ မြန်ဆန်လာပြီး စူးရှသွားတော့၏။

ထို့နောက် မီးဖိုချောင်အတွင်းမှ ခလွမ်ခလွမ်မြည်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး တောကြောင်ရိုင်းလေး၏ ဟိန်းဟောက်သံများလည်း ရောနှောပါဝင်နေလေသည်။

အတန်ကြာပြီးနောက် ထိုအသံများ ရပ်တန့်သွားတော့သည်။

"ပြီးသွားပြီလား..."

“မြောင်…”

"တကယ်ကြီး အောင်မြင်သွားပြီပဲ... ငါတို့ ဖမ်းမိသွားပြီ..."

လီလန်သည် ကန်းပေါ်မှ အလျင်အမြန် ခုန်ဆင်းလိုက်ပြီး ဖိနပ်ပင်မစီးဘဲ မီးဖိုချောင်ဆီသို့ ပြေးသွားလိုက်သည်။

မီးဖိုချောင်တစ်ခုလုံးမှာ ဗြောင်းဆန်နေပြီး အိုးခွက်ပန်းကန်များမှာ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေကာ တောကြောင်ရိုင်းလေးကမူ သေးသွယ်သော သားရဲတိရစ္ဆာန်ငယ်တစ်ကောင်ကို ကိုက်ထားလေသည်။

ထိုသားရဲတိရစ္ဆာန်ငယ်မှာ ကြွက်နှင့်လည်းတူ မြွေပါနှင့်လည်းတူပြီး တစ်ကိုယ်လုံးတွင် အဝါရောင်အမွှေးများ ဖုံးလွှမ်းနေ၏။

"ဟွမ်တာ့ရှန်းလား..."

ထိုသားရဲတိရစ္ဆာန်ငယ်ကို မြင်လိုက်ရသောအခါ လီလန် အနည်းငယ် အံ့သြသွားတော့သည်။

ထိုကြက်သူခိုးမှာ အရှေ့မြောက်ပိုင်း မသေမျိုးငါးပါးထဲမှ တစ်ပါးဖြစ်သော ဟွမ်တာ့ရှန်း ဖြစ်နေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ဟွမ်တာ့ရှန်း.. အဝါရောင်မြွေပါမြီးတို။

"အစကတည်းက ဒီကောင် ဖြစ်နေတာကိုး..."

အဘိုးဟွမ်အား အချိန်အတော်ကြာ ဒုက္ခပေးနေခဲ့သော တရားခံကို နောက်ဆုံးတွင် ဖမ်းဆီးရမိသွားပြီဖြစ်သည်။

အဝါရောင် မြွေပါမြီးတို။

"ဒီအကောင်က ကြက်တွေကို ခိုးတာ အံ့သြစရာ မဟုတ်တော့ပါဘူးလေ..."

အဝါရောင် မြွေပါမြီးတိုများသည် ကြက်သားကို အလွန်နှစ်သက်ကြသည်ဟု နာမည်ကြီးလေသည်။

အခြားအရာတစ်ခုမှာ ရိုးရာဒဏ္ဍာရီများနှင့် သက်ဆိုင်နေသည်။ ယင်းမှာ ဟွမ်တာ့ရှန်းက တရားဝင် ရာထူးတောင်းခံခြင်းပင် ဖြစ်သည်။

ရွာထဲရှိ လူကြီးများ၏ အဆိုအရ တစ်စုံတစ်ယောက်သည် ညဉ့်နက်ချိန် ခရီးသွားနေစဉ် လူသူကင်းမဲ့သော လမ်းပေါ်၌ ဟွမ်တာ့ရှန်းတစ်ကောင်နှင့် ဆုံတွေ့ခဲ့ဖူးသည်ဟု ဆိုကြသည်။

ဟွမ်တာ့ရှန်းသည် လူများကို မြင်သောအခါ ထွက်မပြေးဘဲ မတ်တတ်ရပ်ကာ လူတစ်ယောက်ကဲ့သို့ စတင်လမ်းလျှောက်လာခဲ့လေသည်။

ထိုသူမှာ အလွန်ကြောက်လန့်သွားပြီး အစွမ်းကုန် ပြေးလွှားရာ ဟွမ်တာ့ရှန်းက သူ၏နောက်မှ လိုက်လာခဲ့တော့သည်။

မည်သူမျှ အဝါရောင်မြွေပါမြီးတိုထက် ပို၍ မြန်မြန်မပြေးနိုင်ပေ။

သူတို့သည် အချိန်တိုအတွင်းမှာပင် အမီလိုက်ခံလိုက်ရပြီး ထူးဆန်းသည်မှာ ဟွမ်တာ့ရှန်းက အမှန်တကယ်ပင် စကားပြောဆိုလာခြင်း ဖြစ်သည်။

"မိတ်ဆွေ... ငါက လူနဲ့ ပိုတူသလား နတ်ဘုရားနဲ့ ပိုတူသလား..."

ထိုအသံမှာ တစ္ဆေသရဲများ၏ ငိုကြွေးသံကဲ့သို့ဖြစ်နေပြီး ကျောချမ်းဖွယ်ရာ ကောင်းလှသည်။

အကယ်၍ နတ်ဘုရားနှင့် တူသည်ဟု ပြောလိုက်ပါက ၎င်းသည် သင့်ထံမှ ကံကောင်းခြင်းများ အားလုံးကို စုပ်ယူသွားပြီး ၎င်းကိုယ်တိုင် မသေမျိုးဖြစ်လာစေရန် အထောက်အကူပြုသွားမည်ဖြစ်သည်။

အကယ်၍ လူနှင့်တူသည်ဟု ပြောလိုက်ပါက ၎င်း၏ စွမ်းအားများ ပျောက်ကွယ်သွားပြီး သာမန်တောရိုင်းတိရစ္ဆာန်တစ်ကောင် ဖြစ်သွားမည်ဖြစ်ကာ သင့်အား နေ့စဉ်ရက်ဆက် မျိုးဆက်ပေါင်းများစွာတိုင်အောင် ခြောက်လှန့်နေမည်ဖြစ်သည်။

ဤ မြွေပါမြီးတိုဆိုသည်မှာ အရှေ့မြောက်ပိုင်း ပြည်နယ်သုံးခု ဒေသရှိ ရိုးရာဓလေ့တစ်ခုဖြစ်ပြီး အလွန်ထူးဆန်းကာ ကြောက်မက်ဖွယ်ကောင်းလှသည်။

သို့သော်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်ပြီးနောက်ပိုင်းတွင် သဘာဝလွန် ဖြစ်ရပ်များကို တားမြစ်ပိတ်ပင်ခဲ့သည်။ ယခုအခါတွင် သူတို့သည် ဥပဒေဖြင့် အုပ်ချုပ်သော လူ့အဖွဲ့အစည်းတစ်ခုတွင် နေထိုင်နေကြပြီဖြစ်သည်။ ဤရိုးရာဓလေ့များသည် ရိုးရာဓလေ့များမျှသာဖြစ်ပြီး အလွန်ဆုံး သဘာဝလွန်နှင့် ဒဏ္ဍာရီလာ အငွေ့အသက်အချို့ ပါဝင်နေရုံသာ ဖြစ်ပေသည်။

ထိုအရာက တရုတ်ရိုးရာ ထူးဆန်းသော ပုံပြင်များထဲမှ သရဲတစ္ဆေပုံပြင်များ၊ မြေခွေးနတ်ဆိုးများ၏ အကြောင်းအရာများနှင့် ဆင်တူလေသည်။

မည်သို့ပင်ဆိုစေကာမူ ရွှမ်းရွှေရွာရှိ မည်သူကမျှ ဟွမ်တာ့ရှန်းက တရားဝင် ရာထူးတောင်းခံသည်ကို ကိုယ်တိုင်ကိုယ်ကျ မတွေ့မြင်ဖူးကြပေ။ သူတို့သည် လူကြီးများ ပြောပြသည်ကိုသာ ကြားဖူးကြခြင်း ဖြစ်သည်။

လူကြီးများ ပြောခဲ့သော စကားများမှာ အမှန်လား အမှားလားဆိုသည်ကို ကျွန်ုပ်တို့ မသိနိုင်ဘဲ အတည်ပြုနိုင်ရန် နည်းလမ်းလည်း မရှိပေ။

သို့သော် အသေအချာ တစ်ခုရှိသည်မှာ ဟွမ်တာ့ရှန်းသည် လူတစ်ယောက်ကဲ့သို့ လမ်းလျှောက်ရန် သင်ယူနိုင်ခြင်းပင်ဖြစ်သည်။ ထိုတောရိုင်းတိရစ္ဆာန်များသည် အလွန်ထက်မြက်ကြပြီး အတုခိုးနိုင်စွမ်း အလွန်အားကောင်းကြပေသည်။

အဘိုးဟွမ်၏ အိမ်တွင် ထိုမျှလောက် ပြဿနာများ ဖန်တီးခဲ့သော တရားခံမှာ အဝါရောင် မြွေပါမြီးတို ဖြစ်နေမည်ဟု လီလန် လုံးဝ မျှော်လင့်မထားခဲ့ပေ။

"ရွီး.."

"ရွီး... ရွီး.."

အဝါရောင် မြွေပါမြီးတိုသည် တောကြောင်ရိုင်းလေး၏ ပါးစပ်ထဲတွင် မိနေသဖြင့် မလှုပ်ရှားနိုင်တော့ဘဲ ရူးသွပ်စွာ ရုန်းကန်ကာ စူးရှသော အော်သံများကို ထုတ်လွှတ်နေတော့သည်။

"တော်တယ်... မနက်ဖြန် မင်းကို ကြက်ပေါင်တစ်ချောင်း ပိုကျွေးမယ်..."

တောကြောင်ရိုင်းလေးသည် အဝါရောင် မြွေပါမြီးတိုကို ပါးစပ်တွင် ကိုက်ထားရင်း တိုးညှင်းစွာ အော်မြည်လိုက်လေသည်။

ထို့နောက် လီလန်သည် တံခါးကို ဖွင့်ကာ အပြင်သို့ထွက်လာပြီး ခြံထဲတွင် မတ်တတ်ရပ်၍ လျူဇီ့အိမ်ဘက်သို့ လှမ်းအော်လိုက်သည်။

"အဘိုးဟွမ်... ကြက်သူခိုးကို ဖမ်းမိပြီ... အဘိုး အိမ်ပြန်လာလို့ ရပြီ..."

"အေးအေး..."

ဘေးအိမ်ခြံဝင်းထဲမှ လျင်မြန်သော အဖြေစကား ထွက်ပေါ်လာသည်။

ခဏအကြာတွင် အဘိုးဟွမ်သည် ခြံဝင်းအတွင်းသို့ အလျင်အမြန် ဝင်ရောက်လာလေသည်။

သူ၏နောက်တွင် လျူဇီနှင့် သူ၏အဘိုး ကျောက်ထျဲ့ကျွင်းတို့လည်း ပါလာကြသည်။

"လီလန်... ကြက်သူခိုးကို မင်း ဖမ်းမိပြီလား... ဘာအကောင်လဲ..”

အဘိုးဟွမ်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

"အဘိုးဟွမ်... ဖြည်းဖြည်းလာပါ... လမ်းက ချော်တယ်... ချော်လဲဦးမယ်..."

လီလန်က အလျင်အမြန် သတိပေးလိုက်လေသည်။

"လီလန်... မင်းရဲ့အဘိုးဟွမ်အိမ်ကို ဒီလောက် ဗြောင်းဆန်အောင် လုပ်နေတဲ့ ကြက်သူခိုးက ဘာအကောင်ကြီးလဲကွ..."

ကျောက်ထျဲ့ကျွင်းသည် သိချင်စိတ် ပြင်းပြစွာဖြင့် စိတ်မရှည်စွာ မေးလိုက်သည်။

လီလန်သည် မည်သည့်စကားမျှမဆိုဘဲ မီးဖိုချောင်ဘက်သို့သာ လှမ်းအော်လိုက်လေသည်။

ခဏအကြာတွင် တောကြောင်ရိုင်းလေးသည် အဝါရောင်ရှိသော ရှည်လျားသေးသွယ်သည့် တိရစ္ဆာန်တစ်ကောင်ကို ပါးစပ်ဖြင့် ကိုက်ချီကာ ခေါင်းမော့၍ မီးဖိုချောင်ထဲမှ ထွက်လာတော့သည်။

အဝါရောင် အရေခွံနှင့် ထိုသားရဲတိရစ္ဆာန်ငယ်ကို မြင်လိုက်ရသည်နှင့် အဘိုးဟွမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားတော့၏။

"အလိုလေး... အဲဒီကြက်သူခိုးက အဝါရောင် မြွေပါမြီးတိုပဲ..."

ကျောက်ထျဲ့ကျွင်းသည်လည်း အလွန်အံ့သြသွားလေသည်။

"ဟွမ်တာ့ရှန်းလား..."

"အခုရက်ပိုင်း မင်းရဲ့အဘိုးဟွမ်အိမ်ကို ဒုက္ခပေးနေတဲ့ သူခိုးက ဟွမ်တာ့ရှန်းလား..."

ဟွမ်တာ့ရှန်းကို အဘိုးကျောက်နှင့် အဘိုးဟွမ်တို့ အဘိုးအိုနှစ်ဦးစလုံးက သဘာဝအရ ရင်းနှီးပြီးသား ဖြစ်ကြသည်။

နာမည်ကြီး အရှေ့မြောက်ပိုင်း မသေမျိုးငါးပါးထဲမှ တစ်ပါးပင်။

အရှေ့မြောက်ပိုင်း မသေမျိုးငါးပါး - အဝါရောင် မသေမျိုး၊ အဖြူရောင် မသေမျိုး၊ မီးခိုးရောင် မသေမျိုး၊ မိုးမခ မသေမျိုးနှင့် မြေခွေး မသေမျိုးတို့ ဖြစ်ကြသည်။

ဤအရှေ့မြောက်ပိုင်း မသေမျိုးငါးပါးကို နတ်ဝင်သည်ဝိညာဉ်များဟုလည်း ခေါ်ဆိုကြလေသည်။

အရှေ့မြောက်ဒေသတွင် နတ်ဝင်သည်များနှင့် ပတ်သက်၍ ဆိုရိုးစကားတစ်ခု ရှိသည်။ "မသေမျိုးများနှင့် တစ္ဆေများပင် မြစ်ကို မဖြတ်ကူးနိုင်သကဲ့သို့ မသေမျိုးငါးပါးသည်လည်း ရှန်ဟိုင်းကွမ်ဂိတ်ကို မဖြတ်ကျော်နိုင်ပေ..." ဟူ၍ ဖြစ်သည်။

ဤမြွေပါမြီးတို ဟွမ်တာ့ရှန်းကို တုံရှန်းပြည်နယ်တွင် ရှေးရိုးရာ ဘုရားကျောင်းတစ်ခု၌ နတ်ဘုရားတစ်ပါးအဖြစ် ကိုးကွယ်ကြလေသည်။

All Chapters