အခန်း ၂၀၇
Vol. 21 Ch. 207
အခန်း (၂၀၇) အိမ်မွေးတိရစ္ဆာန် တစ်ကောင်တိုးလာခြင်း၊ အိမ်ထဲတွင် ကြွက်ကြီးရှိနေသလား၊ မစိုးရိမ်နှင့် အဝါရောင် မသေမျိုးက မီးခိုးရောင် မသေမျိုးကို နှိမ်နင်းပေးလိမ့်မယ်
"ဟုတ်ကဲ့ပါ..."
အဘိုးဟွမ်က သူ၏ အဘိုးအကြောင်းကို ထည့်သွင်းပြောဆိုသွားသောအခါ လီလန်၏ စိတ်ထဲတွင် များစွာထိရှသွားခဲ့လေသည်။
နောက်ဆုံးတွင် သူသည် လက်လှမ်းကာ သစ်ခွနှင့်မြက်ပင် ပန်းချီကားကို လက်ခံယူလိုက်လေသည်။
ပန်းချီကားလိပ်ကို ကိုင်ဆောင်ထားရသည်မှာ ဆယ်စုနှစ်များစွာ တည်တံ့ခဲ့သော သံယောဇဉ်တစ်ခုကို သယ်ဆောင်ထားရသကဲ့သို့ လေးလံနေသည်ဟု သူ ခံစားလိုက်ရသည်။
သူ ခေါင်းငုံ့ကြည့်လိုက်သောအခါ မင်နံ့သင်းသင်းလေးက သူ၏ဆီသို့ လွင့်ပျံလာတော့သည်။
"သွားတော့လေ အပြန်လမ်းမှာ ဂရုစိုက်ပြန်ဦး..."
အဘိုးဟွမ်သည် လက်ကိုဝှေ့ယမ်းပြလိုက်ပြီး သူ၏ တွန့်ချိုးနေသော မျက်ခုံးများမှာ သူ အလိုရှိရာကို ရရှိသွားသည့်အလား သိသိသာသာ ပြေလျော့သွားလေသည်။
"အဘိုးဟွမ် ကျွန်တော့်အဘိုးကိုယ်စား ဒီလက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်..."
လီလန်သည် တံခါးခုံနားသို့ လျှောက်သွားပြီးနောက် ရုတ်တရက် လှည့်ကာ အဘိုးဟွမ်ကို ဦးညွှတ်အရိုအသေပေးလိုက်သည်။
အဘိုးအိုမှာ မည်သည့်စကားမျှမဆိုဘဲ လီလန်၏ ကျောပြင်ကိုသာ ငေးမောကြည့်နေလေသည်။ နောက်ဆုံးတွင် သူသည် ခေါင်းကိုမော့ကာ ခပ်ဖွဖွယမ်းလိုက်ပြီး လီလန် ပန်းချီကားလိပ်ကို ယူဆောင်၍ ထွက်ခွာသွားသည်ကို ကြည့်နေတော့သည်။
"အဘိုးဟွမ် ခင်ဗျားက တကယ့်ကို သဘောထားကြီးတာပဲ အဲ့ပန်းချီကားက အခုဆိုရင် အဆပေါင်းများစွာ တန်ကြေးရှိနေလောက်ပြီ..."
ကျောက်ထျဲ့ကျွင်းသည် အနီးသို့ တိုးကပ်လာပြီး အဘိုးအို၏ ဘေးတွင် ရပ်လိုက်သည်။
လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်က ထိုအရာရှိသည် သစ်ခွနှင့်မြက်ပင် ပန်းချီကားအတွက် ယွမ်ငါးရာဟူသော ကြီးမားလှသည့် ဈေးနှုန်းကို တောင်းဆိုခဲ့ဖူးသည်။
ယခုအခါတွင်မူ ၎င်းသည် အနည်းဆုံး အဆပေါင်းများစွာ သို့မဟုတ် ဆယ်ဆထက်မကပင် ဈေးတက်နေလောက်ပြီ ဖြစ်သည်။
"အဲ့ကောင်လေးက တကယ့်ကို ကံကောင်းတာပဲ..."
လီလန် ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ကျောက်ထျဲ့ကျွင်းက မနာလိုဟန်ဖြင့် ပြောလိုက်သည်။
လီလန်သည် ပန်းချီကားလိပ်ကို အိတ်ထဲသို့ထည့်၍ ဟွမ်အိမ်တော်မှ ထွက်ခွာလာခဲ့သည်။
ရွာအဝင်လမ်းတစ်လျှောက် လမ်းလျှောက်လာရင်း သူ၏ လက်ထဲရှိ ပန်းချီကားလိပ်ကို ငုံ့ကြည့်လိုက်သည်။
"အဘိုးကျောက် ပြောသွားတဲ့စကားတွေအရဆိုရင် ဒီသစ်ခွနဲ့မြက်ပင် ပန်းချီကားက အတော်လေး တန်ကြေးရှိရမယ်..."
မြို့ပေါ်ရှိ အဆင့်မြင့် အရာရှိတစ်ဦး၏ မျက်စိကျခြင်းကို ခံရသည်အထိ ဤပန်းချီကားမှာ အလွန်အမင်း တန်ဖိုးကြီးမားရမည် ဖြစ်သည်။
"ယွမ်ငါးရာထက်တောင် ပိုတန်ချင် တန်နေလိမ့်မယ်..."
သူတို့သည် ကြက်သူခိုးကို ဖမ်းဆီးရင်းနှင့် ယွမ်ငါးရာတန် ပန်းချီကားတစ်ချပ်ကိုပါ ရရှိခဲ့လေသည်။
ဤခရီးစဉ်က တကယ့်ကို တန်လွန်းလှသည်။
"ဖြည်းဖြည်းလုပ်ပါ ငွေတွင်းကြီးကို အရမ်းနာအောင် မကိုက်နဲ့ဦး..."
တောကြောင်ရိုင်း၏ ပါးစပ်ထဲတွင် ရုန်းကန်နေသော မြွေပါကိုကြည့်ရင်း လီလန်က သတိပေးလိုက်သည်။
တောကြောင်ရိုင်းလေးမှာ နားမလည်နိုင်စွာဖြင့် ပါးစပ်ထဲမှ မြွေပါကို ကိုက်ထားလျက် အသံများ ထွက်ပေါ်နေလေသည်။
"လွှတ်မပေးနဲ့ဦး သူက အသုံးဝင်သေးတယ်..."
တောကြောင်ရိုင်းလေးသည် မြွေပါကို ကိုက်သတ်ချင်နေသော်လည်း လီလန်က သဘောမတူခဲ့ပေ။
"ရွီး..."
"ရွီး.."
မြွေပါမှာ ကြောက်လန့်တကြားဖြင့် တောကြောင်ရိုင်းလေး၏ အစွယ်များကြားမှ ရုန်းမထွက်နိုင် ဖြစ်နေတော့သည်။ (မြွေပါအော်သံမကြားဖူးလို့ ဒီတိုင်းလေးပဲရေးလိုက်ပါတယ်)
လီလန်က ၎င်းကို ဂရုမစိုက်သလို တစ်ချက်ကြည့်လိုက်သည်။ သို့သော် သူ၏ စိတ်ထဲတွင်မူ တွေးတောနေခဲ့၏။
"အဖေပြောတာတော့ အခုရက်ပိုင်း အိမ်ထဲမှာ ကြွက်တွေ အရမ်းသောင်းကျန်းနေတယ်တဲ့၊ နေ့ခင်းကြောင်တောင်တောင် ပြောင်ပြောင်တင်းတင်း ထွက်လာရဲကြတယ်ဆိုတော့ ဒီကောင်လေးကို စမ်းကြည့်ခိုင်းရရင် မကောင်းဘူးလား..."
မြွေပါဆိုသည်မှာ ကြွက်များကို နှိမ်နင်းရာတွင် ဆရာတစ်ဆူဖြစ်ပြီး ကြွက်များ၏ သဘာဝရန်သူလည်းဖြစ်သည်။
လီလန်သည် သူ၏ အိမ်ရှိ ကြွက်များကို အမြစ်ပြတ်ရှင်းလင်းရန် ရေရှည်အသုံးချနိုင်ရန်အတွက် မြွေပါကို အရှင်ထားရန် ဆုံးဖြတ်လိုက်သည်။
မီးခိုးရောင် မသေမျိုးကို နှိမ်နင်းရန် အဝါရောင် မသေမျိုးကို အသုံးပြုခြင်းက အတော်လေး ထိရောက်မှု ရှိနိုင်လေသည်။
သို့သော် မြွေပါကို စကားနားထောင်အောင် လုပ်ရန်မှာ ထိုမျှမလွယ်ကူပေ။
တောကြောင်ရိုင်းလေးက ဟွမ်တာ့ရှန်းကို လွှတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းက သေချာပေါက် ထွက်ပြေးသွားမည်သာ ဖြစ်သည်။
ရွာလမ်းတစ်လျှောက်တွင် ပေါင်းပင်များဖြင့် ပြည့်နှက်နေပြီး မြွေပါသာ လွတ်သွားပါက မျက်စိတစ်မှိတ်အတွင်း မြက်ခင်းထဲသို့ ပျောက်ကွယ်သွားမည် ဖြစ်သည်။
ခေတ္တမျှ တွေးတောပြီးနောက် လီလန်သည် လက်ကောက်ဝတ်ကို လှည့်လိုက်ရာ ငွေရောင် တောက်ပနေသော ကတ်ပြားတစ်ခု ထွက်ပေါ်လာလေသည်။
၎င်းမှာ ယခင်က အဆင့် ၂ လျှို့ဝှက်သေတ္တာမှ ရရှိထားသော စာချုပ်ကတ်ဖြစ်သည်။
ဤကတ်ကို သားရဲတိရစ္ဆာန်တစ်ကောင်အပေါ်တွင် အသုံးပြုပါက ၎င်းနှင့် စာချုပ်ချုပ်ဆိုနိုင်ပြီး အိမ်မွေးတိရစ္ဆာန်အဖြစ် ယဉ်ပါးအောင် မွေးမြူနိုင်မည် ဖြစ်သည်။
"သွားစမ်း..."
လီလန်သည် လက်ကောက်ဝတ်ကို လှုပ်ခါ၍ ငွေရောင်ကတ်ပြားကို ပစ်လွှတ်လိုက်သည်။
ထိုကတ်ပြားမှာ ကွဲကြေသွားပြီး ကြယ်ရောင်အမှုန်အမွှားလေးများအဖြစ် ပြောင်းလဲကာ သွယ်လျသော သားရဲငယ်လေး၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားလေသည်။
ရူးသွပ်စွာ ရုန်းကန်နေသော မြွေပါမှာ ရုတ်တရက် ငြိမ်သက်သွားပြီး လီလန်ကိုသာ မော့ကြည့်နေတော့ရာ ၎င်း၏ မျက်လုံးများမှာ သိသိသာသာ ယဉ်ကျေးလာလေသည်။
"လွှတ်ပေးလိုက်တော့..."
လီလန်က တောကြောင်ရိုင်းလေးကို ညင်သာစွာ ပြောလိုက်သည်။
တောကြောင်ရိုင်းလေးသည် ခေါင်းစောင်းကာ နားမလည်နိုင်စွာဖြင့် မျက်လုံးပြူးကြည့်လာသည်။
"မြောင်..."
"မပူပါနဲ့ သူ ထွက်မပြေးတော့ပါဘူး..."
လီလန်က ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါ တောကြောင်ရိုင်းလေးသည် ပါးစပ်ကို အနည်းငယ်ဟလိုက်ရာ သွယ်လျသော သတ္တဝါငယ်လေးမှာ အောက်သို့ ပြုတ်ကျသွားတော့သည်။
အံ့သြစရာကောင်းသည်မှာ လွန်ခဲ့သော စက္ကန့်အနည်းငယ်ကမှ ထွက်ပြေးရန် ကြံစည်နေသော မြွေပါမှာ အချုပ်အနှောင်မှ လွတ်ကင်းသွားသည်နှင့် တစ်ပြိုင်နက် ထွက်ပြေးရန် မကြိုးစားတော့ခြင်းပင် ဖြစ်သည်။
၎င်းသည် ထိုနေရာတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေပြီး လီလန်ကို အံ့သြတွေဝေမှုနှင့် ကြည်လင်မှု ရောယှက်နေသော အကြည့်တို့ဖြင့် စိုက်ကြည့်နေလေသည်။
"ဒီနေရာကို လာခဲ့..."
လီလန်က လက်ယပ်ခေါ်လိုက်သည်။
"ရွီး... ရွီး."
"ရွီး.."
မြွေပါသည် လူစကားကို နားလည်နေသည့်အလား လီလန်ထံသို့ ပြေးလာတော့သည်။
၎င်း၏ အမြန်နှုန်းမှာ အလွန်တရာ မြန်ဆန်လှပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လီလန်၏ ဘောင်းဘီခြေထောက်မှတစ်ဆင့် ပခုံးပေါ်အထိ တက်လာခဲ့လေသည်။
မြွေပါ၏ အပြုအမူကို ကြည့်ခြင်းအားဖြင့် လီလန်သည် ၎င်းကို ယဉ်ပါးအောင် မွေးမြူနိုင်ပြီး အိမ်မွေးတိရစ္ဆာန်အဖြစ် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိလိုက်သည်။
တောကြောင်ရိုင်းလေး အပါအဝင် ယခုအခါ သူ၏ ထံတွင် အိမ်မွေးတိရစ္ဆာန်နှစ်ကောင် ရှိနေပြီဖြစ်သည်။
"သူ ဒဏ်ရာမရသွားတာ ကံကောင်းတယ်..."
မြွေပါ၏ ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် လီလန်က သက်ပြင်းချလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် သူက တောကြောင်ရိုင်းလေးကို ကြိုတင်သတိပေးထားခဲ့၍သာ တော်တော့သည်။ သို့မဟုတ်ပါက တောကြောင်ရိုင်းလေးသာ အားမနာတမ်း ကိုက်ဖြတ်လိုက်မည်ဆိုလျှင် မြွေပါမှာ သေချာပေါက် ပျက်စီးသွားမည် ဖြစ်သည်။
မြွေပါသာ သေဆုံးသွားပါက သူတို့လည်း သဘာဝအလျောက် ကြွက်များကို ဖမ်းနိုင်တော့မည် မဟုတ်ပေ။
"ငါ ပြောတာကို မင်း နားလည်လား..."
လီလန်က မြွေပါကို ကြည့်ကာ မေးလိုက်သည်။
"ရွီး..."
သွယ်လျသော သားရဲငယ်လေးသည် သူ၏ ပခုံးပေါ်တွင် မတ်တတ်ရပ်လျက် ခေါင်းကို အကြိမ်အနည်းငယ် ညိတ်ပြလေသည်။
ဤအသွင်အပြင်မှာ အလွန်ထူးဆန်းနေပြီး မြွေပါ၏ နာမည်ကျော်ကြားမှုကိုပင် ပြန်လည်အမှတ်ရစေသည်။
သို့သော် ဤအရာအားလုံးမှာ စာချုပ်ကတ်၏ အကျိုးသက်ရောက်မှုကြောင့်ဖြစ်ကြောင်းကိုမူ လီလန် သိနေခဲ့သည်။
စာချုပ်ကတ်များသည် အိမ်မွေးတိရစ္ဆာန်များကို သခင်ဖြစ်သူအပေါ် နာခံစေခြင်း၊ သူတို့၏ အတွေးများကို နားလည်စေခြင်း၊ စကားသံများကို ကြားစေခြင်းနှင့် ညွှန်ကြားချက်များကို သိရှိစေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်သည်။
"သူများကြက်ကို ခိုးဖို့ ဘယ်လိုဖြစ်လို့ တွေးမိရတာလဲ ညကြီးမင်းကြီး မီးဖိုချောင်ထဲ ခိုးဝင်လာတော့ လူတွေတောင် သေမတတ် လန့်သွားတာပဲ..."
လီလန်သည် မြွေပါ၏ ချောမွေ့နေသော အမွှေးများကို သပ်ပေးရင်း လက်မှိုင်ချစွာဖြင့် ပြောလိုက်သည်။
မြွေပါဆိုသည်မှာ ရတနာသိုက်ကြီးတစ်ခုပင်ဖြစ်ပြီး အထူးသဖြင့် ၎င်း၏ အမြီးဖြစ်သည်။ အမြီးမှ အမွှေးများကို စုတ်တံပြုလုပ်ရာတွင် အသုံးပြုနိုင်ပြီး စာရေးရာတွင် အလွန်ချောမွေ့စေသည်။
သို့သော် လီလန်သည် မြွေပါကို အိမ်မွေးတိရစ္ဆာန်အဖြစ် ယဉ်ပါးအောင် မွေးမြူထားပြီဖြစ်ရာ ၎င်းကို စုတ်တံပြုလုပ်ရန်အတွက် အသုံးပြုမည် မဟုတ်သည်မှာ သေချာလှသည်။ ထို့ပြင် ၎င်းတွင် အခြားသော အသုံးဝင်သည့် အချက်များစွာလည်း ရှိသေးသည်။
"ရွီး... ရွီး.."
မြွေပါသည် မတ်တတ်ရပ်ကာ ၎င်း၏ လက်ဖဝါးသေးသေးလေးများကို မြှောက်၍ တောင်ထိပ်ဆီသို့ လက်ညှိုးထိုးပြပြီးနောက် ၎င်းကိုယ်၎င်း ပြန်လည်ညွှန်ပြလေသည်။
"ဂူထဲက အစာတွေ ကုန်သွားလို့ ဆာလောင်မှုကို မခံနိုင်တော့တာနဲ့ ရွာထဲဆင်းပြီး ကြက်လာခိုးတာလို့ မင်းက ပြောချင်တာလား..."
လီလန်သည် မြွေပါ၏ အသံနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သွားခဲ့သည်။
အမှန်တကယ်တော့ ထိုမြွေပါမှာ မောင်းအာတောင်မှ တောရိုင်းတိရစ္ဆာန် တစ်ကောင်ဖြစ်သည်။ ၎င်းသည် ဆောင်းရာသီမတိုင်မီ အစာများကို အလုံအလောက် စုဆောင်းထားခဲ့သော်လည်း ခွေးတူဝက်တူတစ်ကောင်က ၎င်း၏ ဂူထဲသို့ ဝင်ရောက်လာပြီး အစာများအားလုံးကို စားသောက်ပစ်ခဲ့ခြင်း ဖြစ်သည်။
မြွေပါမှာ ဆာလောင်မွတ်သိပ်နေပြီး အခြားရွေးချယ်စရာ မရှိတော့သဖြင့် တောင်ပေါ်မှဆင်းကာ ရွာထဲရှိ ကြက်များကို ခိုးယူစားသောက်ရန် ကြံစည်ခဲ့ရခြင်းပင် ဖြစ်သည်။
အဘိုးဟွမ်၏ အိမ်မှာ မောင်းအာတောင်၏ အခြားတစ်ဖက်၊ တောင်နှင့်နီးကပ်စွာ တည်ရှိနေသဖြင့် သဘာဝအလျောက်ပင် ပထမဆုံး ပစ်မှတ်ဖြစ်လာခဲ့လေသည်။
လီလန်က ပြုံး၍ ပြောလိုက်သည်။
"ငါနဲ့ တွေ့သွားလို့ တော်သေးတာပေါ့၊ အခြားသူတစ်ယောက်ယောက်နဲ့သာဆိုရင် မင်း ဒီနေ့ သေနေလောက်ပြီ..."
"လာခဲ့…ငါ့အိမ်ကို လိုက်ခဲ့ မင်း နောက်ထပ် အစာမငတ်စေရဘူးလို့ ငါ ကတိပေးတယ်..."
မြွေပါသည် လီလန်၏ ပခုံးပေါ်တွင် ရပ်လျက် သူ၏ အိမ်သို့ လိုက်ပါသွားတော့သည်။
"အဖေ ကျွန်တော် ပြန်လာပြီ..."
လီလန်သည် ထူထဲသော လိုက်ကာကြီးကို ဆွဲဖယ်ကာ အတွင်းခန်းဆီသို့ ဝင်ရောက်သွားလေသည်။
"ပြန်လာပြီလား အဘိုးဟွမ်အိမ်က ကြက်သူခိုးကိုကော ရှာတွေ့ခဲ့လား..."
မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင် လီတာ့ဟိုင်သည် နှစ်သစ်ကူးပွဲတော်အတွက် ကပ်ထားသော အလှဆင်ပုံစံများကို ကတ်ကြေးဖြင့် ညှပ်နေလေသည်။
"ရှာတွေ့ခဲ့တယ် ကျွန်တော်နဲ့အတူ ပြန်ခေါ်လာခဲ့တယ်..."
လီလန်က ခေါင်းညိတ်ပြလိုက်သည်။
"ဘာ…ပြန်ခေါ်လာခဲ့တယ် ဟုတ်လား…ဘယ်မှာလဲ..."
လီတာ့ဟိုင်သည် အံ့အားသင့်စွာဖြင့် ကတ်ကြေးကို အောက်ချလိုက်သည်။
"ဒီမှာလေ..."
လီလန်က သူ၏ ပခုံးကို ပုတ်ပြလိုက်သည်။
လီတာ့ဟိုင် အနီးကပ် ကြည့်လိုက်သောအခါ သွယ်လျပြီး အမွှေးဝါရောင်ရှိသော သားရဲငယ်လေးတစ်ကောင် သူ၏ ပခုံးပေါ်တွင် နားခိုနေသည်ကို တွေ့လိုက်ရသည်။ ကြွက်နှင့်လည်းတူ၊ မြွေပါနှင့်လည်းတူသော ထိုသားရဲငယ်လေးမှာ မတ်တတ်ရပ်လျက် ၎င်း၏ မျက်လုံးသေးသေးလေးများဖြင့် သူ့ကို စိုက်ကြည့်နေလေသည်။
"ဟင်… ဒီအကောင်က မြွေပါပဲ..."
လီတာ့ဟိုင်က ထိုသားရဲငယ်လေးကို မှတ်မိသွားသည်။
မြွေပါဆိုသည်မှာ အရှေ့မြောက်ပိုင်း မသေမျိုးငါးပါးထဲမှ တစ်ပါးအပါအဝင်ဖြစ်သော အဝါရောင် မသေမျိုးပင် ဖြစ်သည်။ ကျောက်ဘိုင်တောင်တန်းတွင် ကြီးပြင်းလာခဲ့သည့် မုဆိုးကြီး လီတာ့ဟိုင်အနေဖြင့် ၎င်းနှင့် ရင်းနှီးကျွမ်းဝင်နေသည်မှာ သဘာဝပင် ဖြစ်၏။
"မင်းရဲ့ အဘိုးဟွမ်အိမ်က ကြက်ကို ခိုးသွားတဲ့ အကောင်လေးက သူလား..."
"ဟုတ်တယ်..."
လီလန်က ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို ဘာလို့ ပြန်ခေါ်လာခဲ့တာလဲ ဒီအကောင်က ကြက်သူခိုးပဲကို..."
လီတာ့ဟိုင်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"ပြီးတော့ ဒီမြွေပါက အရမ်းထူးဆန်းတယ်၊ စကားအရမ်းနားထောင်ပြီး မင်းနဲ့အတူ အိမ်အထိ လိုက်လာတာပဲ..."
လီတာ့ဟိုင်က သူ၏ သံသယများကို ထုတ်ဖော်ပြောဆိုလိုက်သည်။
"ဒီကောင်လေးက အတော်လေး အကင်းပါးတယ် ကျွန်တော် ခေါ်လိုက်တာနဲ့ ချက်ချင်း လိုက်လာတာပဲ..."
လီလန်က သူ၏ အဖေကို ပေါ့ပေါ့ပါးပါးပင် အကြောင်းပြလိုက်သည်။
"အဖေ အိမ်ထဲမှာ ကြွက်တွေ အရမ်းများနေတယ်လို့ ပြောထားတယ် မဟုတ်လား ဒီအကောင်လေးကို ဖမ်းခိုင်းကြည့်ရအောင်လေ..."
"သွားစမ်း..."
လီလန်က သူ၏ ပခုံးပေါ်ရှိ မြွေပါကို ပုတ်လိုက်သည်။
အဝါရောင် သားရဲငယ်လေးမှာ အသံအနည်းငယ် ပြုလိုက်ပြီးနောက် လီလန်၏ အပေါ်မှ မျက်စိတစ်မှိတ်အတွင်း ပြေးဆင်းသွားတော့သည်။
၎င်းသည် ဧည့်ခန်း၏ ကြမ်းပြင်ပေါ်တွင် မတ်တတ်ရပ်ကာ လေထဲမှ အနံ့ခံလိုက်သည်။ ထို့နောက် မီးဖိုချောင်ထဲသို့ ချက်ချင်း ပြေးဝင်သွားလေသည်။
ခဏအကြာတွင် ၎င်းသည် ပါးစပ်ထဲ၌ ကြွက်ကြီးတစ်ကောင်ကို ကိုက်ချီလျက် ထွက်လာခဲ့သည်။
"အဖေ မီးခိုးရောင်မသေမျိုးကို နှိမ်နင်းဖို့ ကျွန်တော့်ရဲ့ အဝါရောင်မသေမျိုးက ဘယ်လိုလဲ..."
"ငါ့သားက တကယ်တော်တယ်..."
စက္ကူညှပ်နေသော လီတာ့ဟိုင်က လီလန်ကို လက်မထောင်ပြလိုက်တော့သည်။