← Chapters

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း (၂၀၉) အစင်းကျားပါ

သောကြောင်တစ်ကောင်ထက် ပိုအသုံးဝင်ခြင်း၊ ကြွက်ကြီးကို ဖမ်းဆီးကာ ဟွမ်တာ့ရှန်းက သူ၏ စွမ်းရည်ကို စမ်းသပ်ပြသလေသည်

"သွေးတိုးကျအောင်လို့လား..."

မြေမြှုပ်မိုင်းကြီးနှင့်တူသော ကျန်းတယ်ကျွင်းမှာ အံ့အားသင့်သွားတော့သည်။

"အစ်ကိုလီလန် မင်းဆီမှာ သွေးတိုးကျဆေး ရှိနေလို့လား..."

ကျန်းတယ်ကျွင်းသည် အဘိုးဝမ်၏ သမက်အကြီးဆုံးသာ ဖြစ်သော်လည်း သူသည် ရိုးသားပြီး မိဘအပေါ် သိတတ်သူဖြစ်သည်။ သူ၏ ယောက္ခမ သွေးတိုးနေကြောင်း ကြားလိုက်ရသောအခါ သူသည် စက်ဘီးကို ချက်ချင်းနင်း၍ သူ၏ဇနီးဖြစ်သူကို မိဘအိမ်သို့ ပြန်ခေါ်လာခဲ့လေသည်။

နှစ်သစ်ကူးပွဲတော်ကလည်း နီးကပ်လာပြီဖြစ်ကာ မြို့ထဲတွင်လည်း အလုပ်များစွာ ရှိနေသော်လည်း ယခုအချိန်တွင် ထိုအရာများကို သူ ဂရုမစိုက်နိုင်တော့ပေ။ အဘိုးအို၏ နေမကောင်းဖြစ်မှုကသာ ပထမဦးစားပေး ဖြစ်နေ၏။

“ငါ့ဆီမှာ အဲဒါမျိုး မရှိပါဘူး..."

လီလန်က ခေါင်းခါလိုက်သည်။

သွေးတိုးကျဆေးဆိုသည်မှာ အလွန်တန်ဖိုးကြီးလှပြီး ပြည်နယ်မြို့တော်ရှိ ဆေးရုံကြီးများ၏ ဆေးဆိုင်များသို့ သွားရောက်ဝယ်ယူမှသာ ရနိုင်မည်ဖြစ်ကာ သာမန်မြို့ထဲတွင် ဝယ်ယူ၍ မရနိုင်ပါချေ။

"ဦးလေးက ကြွက်တွေ ကောက်နှံတွေကို ဖျက်ဆီးသွားလို့ စိတ်ပူနေတာ မဟုတ်ဘူးလား... အဲဒီတော့ ငါက ဒီနေ့ ဦးလေးအတွက် သီးသန့် ကြွက်လာဖမ်းပေးတာလေ..."

လီလန်သည် သူ၏ ပခုံးကို ပုတ်လျက် ပြောလိုက်သည်။

စိတ်ပိုင်းဆိုင်ရာ ဖျားနာမှုအတွက် စိတ်ပိုင်းဆိုင်ရာ ကုသမှုသာ လိုအပ်ပေသည်။ ကြွက်များက ကောက်နှံများကို ခိုးယူသွားသောကြောင့် အဘိုးအိုမှာ သွေးတိုးရောဂါ ဖြစ်လာခဲ့ရခြင်း ဖြစ်၏။

အဘိုးအို၏ သွေးတိုးကို ကျစေချင်လျှင် ဤရွံစရာကောင်းသော ကြွက်ကို နှိမ်နင်းပစ်ရန် လိုအပ်လေသည်။

"ရွှေရောင်မြွေပါလား..."

ကျန်းတယ်ကျွင်းသည် လီလန်၏ ပခုံးပေါ်မှနေ၍ ကျော်ကြည့်လိုက်ရာ မတ်တတ်ရပ်နေသော အဝါရောင်အမွေးများနှင့် သားရဲငယ်လေးကို မြင်လိုက်ရသဖြင့် လန့်ဖျပ်သွားတော့သည်။

"အစ်ကိုလီလန်... ဒီရွှေရောင်မြွေပါကို မင်း မွေးထားတာလား..."

"ဟုတ်တယ်... ငါ မကြာသေးခင်ကမှ ရထားတာ..."

လီလန်က ခေါင်းညိတ်လိုက်၏။

"ဒီကောင်လေးရဲ့ အဓိကကျွမ်းကျင်မှုက ကြွက်ဖမ်းတာလေ... ဦးလေးတို့အိမ်မှာ ကြွက်တွေ သောင်းကျန်းနေတယ်ဆိုလို့ ငါ စမ်းကြည့်ဖို့ ယူလာခဲ့တာ..."

"မြန်မြန်... အထဲဝင်ခဲ့ပါအုံး..."

ကျန်းတယ်ကျွင်းသည် လီလန်ကို အိမ်ဝိုင်းထဲသို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်လေသည်။

သူသည် လျှပ်စစ်ကျွမ်းကျင်သူတစ်ဦးသာ ဖြစ်သော်လည်း မုဆိုးမိသားစုတစ်ခု၏ သမက်လည်း ဖြစ်သောကြောင့် ရွှေရောင်မြွေပါများ၏ ကြွက်ဖမ်းနိုင်စွမ်းကို သဘာဝကျစွာပင် ကြားဖူးထားလေသည်။

ကြွက်ဖမ်းရန်အတွက် အသုံးအများဆုံး နည်းလမ်း အနည်းငယ်သာ ရှိသည်။ ပထမမှာ ကြွက်သတ်ဆေး၊ ဒုတိယမှာ ကြွက်ထောင်ချောက်၊ တတိယမှာ ကြွက်များ၏ သဘာဝရန်သူဖြစ်သော ကြောင်များပင် ဖြစ်၏။

ကျန်းတယ်ကျွင်းသည် သူ၏ယောက္ခမအိမ်တွင် ကြွက်များသောင်းကျန်းနေကြောင်း ကြားလိုက်ရသောကြောင့် နှစ်သစ်ကူးပွဲတော်အပြီးတွင် ယောက္ခမအတွက် အစင်းကျားပါသောကြောင်တစ်ကောင်ကို ရှာပေးရန် စီစဉ်ထားခဲ့သည်။

ထိုအစင်းကျားကြောင်သည် ကြွက်များ၏ သဘာဝရန်သူပင် ဖြစ်သည်။

အစင်းကျားကြောင်များအပြင် ရွှေရောင်မြွေပါများသည်လည်း ကြွက်များ၏ သဘာဝရန်သူများထဲမှ တစ်ကောင် အပါအဝင် ဖြစ်လေသည်။ (အစင်းကျားပါတဲ့ကြောင်ကို ‌ကျားကြောင်လို့လည်းခေါ်တယ်တဲ့။ မြန်မာနိုင်ငံမှာ အတွေ့ရ‌ဆုံးကြောင်တွေဖြစ်ပြီး စာရေးသူမှာလည်း တစ်ကောင်ရှိတယ်။ နာမည်က “ပိစိမ”တဲ့… ဟီးး)

ယနေ့တွင် လီလန်က ရွှေရောင်မြွေပါတစ်ကောင်ကို သူတို့အိမ်တံခါးဝအထိ ယူဆောင်လာပေးခြင်းမှာ ယုံမှားသံသယဖြစ်ဖွယ်မရှိဘဲ အချိန်ကိုက် အကူအညီတစ်ခုပင် ဖြစ်တော့သည်။

သူတို့နှစ်ဦးသည် အိမ်ဝိုင်းကို ဖြတ်သန်းသွားကာ လှေကားထစ်များကို တက်၍ အိမ်ထဲသို့ ဝင်ရောက်သွားကြသည်။

"အစ်ကိုလီလန်... အထဲမှာ နွေးတယ်... ဝင်လာခဲ့ပြီးမှ စကားပြောကြတာပေါ့..."

ကျန်းတယ်ကျွင်းသည် လိုက်ကာကို ဆွဲဖယ်၍ လီလန်ကို အထဲသို့ ဝင်ခွင့်ပြုလိုက်၏။

အတွင်းခန်းထဲသို့ ဝင်ရောက်သွားသောအခါ မီးဖိုထဲရှိ မီးမှာ တောက်လောင်နေပြီး ၎င်းအပေါ်တွင် ရေနွေးအိုးတစ်လုံးကို တင်ထားကာ ရေနွေးငွေ့များ ထွက်ပေါ်နေလေသည်။

ဧည့်ခန်းမှာ မကြီးမားလှဘဲ စတုရန်းမီတာ အနည်းငယ်မျှသာ ကျယ်ဝန်းသည်။

အဘိုးဝမ်သည် ဂွမ်းစောင်ကို ခြုံလျက် အပူပေးထားသော ကန်းပေါ်တွင် မှီထိုင်နေ၏။ သူသည် လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တွင် တင်ထားပြီး မျက်နှာမှာ အနည်းငယ် ဖြူရော်နေလေသည်။

လွန်ခဲ့သော ရက်အနည်းငယ်က တက်ကြွနေခဲ့သော သူ၏ပုံစံနှင့် နှိုင်းယှဉ်ပါက ယခုအခါ အဘိုးဝမ်သည် နှစ်အနည်းငယ်မျှ ပိုမိုအိုမင်းသွားပုံရပြီး ကျန်းမာရေး ကောင်းမွန်ပုံ မပေါ်ပါချေ။

"လီလန်... မင်းရောက်လာတာကိုး... ထိုင်ပါကွယ်... ထိုင်ပြီးမှ စကားပြောကြတာပေါ့..."

အဘိုးဝမ်သည် မျက်စိမှိတ်၍ အနားယူနေစဉ် အသံကြားလိုက်ရသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ လီလန်ဖြစ်နေသည်ကို မြင်သောအခါ ချက်ချင်းပင် ထိုင်ရန် ဖိတ်ခေါ်လိုက်လေသည်။

"လီလန်... ထိုင်ပါအုံး..."

လှပပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးက လီလန်အတွက် ကုလားထိုင်တစ်လုံးကို ယူလာပေး၏။

ထိုအမျိုးသမီးမှာ အဘိုးဝမ်၏ သမီးအကြီးဆုံး ဝမ်ဖန်းဖြစ်ပြီး ကျန်းတယ်ကျွင်း၏ ဇနီးလည်း ဖြစ်သည်။

"ကျေးဇူးပါ အစ်မ..."

လီလန်သည် သူမထက် တစ်နှစ်ပိုကြီးသော်လည်း ဝါစဉ်အရ ထိုသို့ခေါ်ဝေါ်ခြင်းမှာ သင့်လျော်ပေသည်။

လီလန်က ကုလားထိုင်ကို ဆွဲယူ၍ ထိုင်လိုက်သည်။

"အဘိုး... ဘာတွေဖြစ်ခဲ့လို့လဲ..."

လီလန်သည် ပိန်ချုံးနေသော အဘိုးဝမ်ကိုကြည့်ကာ စိုးရိမ်တကြီး မေးလိုက်၏။

"ဟူး... ပြောရမယ်ဆိုရင်တော့ ဇာတ်လမ်းက ရှည်ပါတယ်ကွာ..."

အဘိုးဝမ်သည် အပူပေးထားသော ကန်းပေါ်တွင် ထိုင်လျက် မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်လေသည်။

ဝမ်ဖန်းက ဘေးမှနေ၍ ဝင်ရောက်ဆူပူလိုက်သည်။

"ကျွန်မအဖေက ကြွက်တွေ ဖျက်ဆီးသွားတဲ့ မုန့်ညက်ငါးကျင်းအတွက် စိတ်ဆိုးနေတာပါ..."

"အဖေ... သမီးက မကောင်းပြောတာမဟုတ်ပါဘူး... မုန့်ညက်တွေ ကြွက်ချေးပေသွားတော့ ဘာဖြစ်လဲ... သမီးတို့ ထပ်ဝယ်လို့ ရတာပဲဟာကို... တိရစ္ဆာန်တွေအတွက်နဲ့ ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ..."

"အခုတော့ အဖေ့ကိုယ်အဖေ ဒေါသထွက်ပြီး နာမကျန်းဖြစ်အောင် လုပ်လိုက်ပြီလေ... သမီး ဘယ်နှစ်ခါပြောဖူးလဲ ဒါပေမဲ့ အဖေက တစ်ခါမှ နားမထောင်ဘူး..."

ဝမ်ဖန်းသည် သူမ၏အဖေကို စိတ်ပျက်လက်ပျက်ဖြင့်ကြည့်ကာ ပြောလိုက်၏။

အဘိုးအို၏ မျက်နှာမှာ အလွန်ဖြူရော်နေပြီး တိတ်ဆိတ်စွာသာ နေလေသည်။

"မိန်းမ... စကားကို လျှော့ပြောပါ... မဟုတ်ရင် အဖေ စိတ်ဆိုးသွားလိမ့်မယ်..."

ကျန်းတယ်ကျွင်းက ဝမ်ဖန်း၏ အင်္ကျီလက်ကို ဆွဲကာ ပြောလိုက်သည်။

"အဖေ့ရဲ့ သွေးတိုးက မကျသေးဘူးလေ... အရမ်းဒေါသထွက်ပြီး ကျန်းမာရေး ထိခိုက်သွားရင် မကောင်းဘူး..."

သူ၏ဇနီးမှာ နားမထောင်သည်ကို မြင်သောအခါ ကျန်းတယ်ကျွင်းသည် သူမကို အကြည့်တစ်ချက်ပေး၍ အသံကို နှိမ့်ကာ ပြောလိုက်၏။

လီလန်သည် အကြောင်းရင်းနှင့် အကျိုးဆက်ကို နောက်ဆုံးတွင် နားလည်သွားတော့သည်။

အဘိုးဝမ်မှာ သူ၏ ချွေတာတတ်မှုကြောင့် ရွာထဲတွင် နာမည်ကြီးလေသည်။ ထိုအာဟာရဖြည့်မုန့်ညက်ငါးကျင်းမှာ ခက်ခက်ခဲခဲ ရှာဖွေထားရခြင်းဖြစ်ပြီး ကြွက်များက ဖျက်ဆီးပစ်လိုက်သောကြောင့် သူ ဒေါသထွက်သွားသည်မှာ သဘာဝပင် ဖြစ်၏။

ဒေါသထွက်သောအခါ သွေးတိုးတက်လာပြီး သဘာဝကျစွာပင် ဖျားနာလာတော့သည်။

"ဒေါသက ခန္ဓာကိုယ်ကို ဒုက္ခပေးတယ်" ဟူသော ဆိုရိုးစကားက ဤအချက်ကို မီးမောင်းထိုးပြနေလေသည်။

"အဘိုး... အိမ်မှာ ကြွက်တွေ အများကြီးရှိလား..."

လီလန်က မေးလိုက်သည်။

"အများကြီးလား... သေချာပေါက် အများကြီးရှိတာပေါ့... ညဘက်ဆိုရင် အိမ်ထဲက ကြွက်တွေက ဘယ်သူ့ကိုမှ မကြောက်ဘဲ နေရာအနှံ့ ပြေးလွှားနေကြတာ... ပိုရဲတင်းတဲ့ကောင်တွေဆိုရင် ငါ့ရဲ့ ကန်းပေါ်ကိုတောင် တက်လာရဲကြတယ်..."

လီလန်က ကြွက်များအကြောင်းကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အဘိုးဝမ်သည် ထပ်မံ၍ ဒေါသထွက်လာကာ သူ၏ မျက်နှာမှာ ဒေါသကြောင့် နီရဲလာတော့သည်။

"အဖေ... စကားကို လျှော့ပြောပါအုံး... နေကောင်းသေးတာ မဟုတ်ဘူးလေ..."

အဘိုးအို၏ သွေးတိုး ထပ်တက်လာမည်ကို စိုးရိမ်သဖြင့် ကျန်းတယ်ကျွင်းသည် အလျင်အမြန် အကြံပေးလိုက်၏။

“အစ်ကိုလီလန်... အဖေက ကျန်းမာရေး သိပ်မကောင်းသေးဘူး... ဒါကြောင့် သူ့ရှေ့မှာ ဒီကိစ္စကို မပြောဖို့ ကြိုးစားပေးပါ..."

ကျန်းတယ်ကျွင်းက သူ့ကို သတိပေးလိုက်လေသည်။

လီလန်က ခေါင်းညိတ်လိုက်သည်။

"အဘိုး... ဒီနေ့ ကျွန်တော် လာခဲ့တာက အဘိုးရဲ့ သွေးတိုးကျအောင်လို့ သီးသန့် လာခဲ့တာ... ဒါက ဘာလဲဆိုတာ ကြည့်လိုက်ပါအုံး..."

လီလန်သည် သူ၏ပခုံးကို လှုပ်လိုက်ရာ အဝါရောင်အမွေးများရှိသော သေးသွယ်ရှည်လျားသည့် သားရဲလေးတစ်ကောင်သည် သူ၏ ခန္ဓာကိုယ်ပေါ်မှ ဆင်းလာပြီး ကန်းပေါ်သို့ ခုန်တက်သွားလေသည်။

"အိုကွယ်... ဒီအကောင်က ဟွမ်တာ့ရှန်းလား..."

ကန်းပေါ်တွင် မတ်တတ်ရပ်နေသော သားရဲငယ်လေးကို ကြည့်ရင်း အဘိုးဝမ်က မျက်လုံးများကို ပွတ်သပ်လိုက်၏။

သူသည် မိမိမျက်စိကိုပင် မယုံနိုင်ဖြစ်ကာ မျက်လုံးများကို အကြိမ်အနည်းငယ် ထပ်၍ ပွတ်သပ်လိုက်လေသည်။

"ဒါက တကယ့်ကို မယုံနိုင်စရာပဲ..."

"လီလန်... ဒီဟွမ်တာ့ရှန်းကို မင်း ဘယ်ကနေ ရလာတာလဲ..."

အဘိုးဝမ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဒီအကောင်က မနေ့က အဘိုးဟွမ်အိမ်ကို ကြက်သွားခိုးလို့ ကျွန်တော် ဖမ်းမိထားတာ..."

လီလန်က ပြုံးလျက် ပြန်ဖြေလိုက်၏။

"ဒီအကောင်က ကြက်ခိုးတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်သလို ကြွက်ဖမ်းတဲ့နေရာမှာလည်း မဆိုးဘူးလေ..."

"အဘိုးအိမ်က ကြွက်တွေကို သူ ရှင်းပေးလိမ့်မယ်..."

"သူက ကြွက်ဖမ်းနိုင်လို့လား..."

အဘိုးဝမ်က အံ့အားသင့်စွာဖြင့် မေးလိုက်လေသည်။

"ဘာလို့ မရရမှာလဲ... သူက ကြွက်ဖမ်းတဲ့နေရာမှာ တကယ့်ကို တော်တာဗျ... စောင့်သာ ကြည့်နေလိုက်..."

လီလန်သည် ရွှေရောင်မြွေပါကို အကြည့်တစ်ချက် ပေးလိုက်၏။

"သွားတော့..."

ရွှေရောင်မြွေပါနှင့် လီလန်တို့သည် စိတ်သဘောထားချင်း တိုက်ဆိုင်နေကြပြီး ရွှေရောင်မြွေပါသည် လီလန်၏ စကားများကို နားလည်နိုင်စွမ်း ရှိလေသည်။

လီလန်က အမိန့်ပေးလိုက်ပြီးနောက် ၎င်းသည် အပူပေးထားသော ကန်းပေါ်မှ ချက်ချင်း ခုန်ဆင်းသွားပြီး ဧည့်ခန်းကြမ်းပြင်ပေါ်တွင် မတ်တတ်ရပ်ကာ လေထဲရှိ ကြွက်များ၏ အနံ့ကို ရှူရှိုက်လိုက်တော့သည်။

"ရွီး..."

"ရွီး…ရွီး”

မီးဖိုချောင်ဘက်သို့ မျက်နှာမူလိုက်ပြီးနောက် ရွှေရောင်မြွေပါသည် အလျင်အမြန်ပင် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားလေသည်။

"ကြွက်တွေဆီက အနံ့ဆိုးတွေကို သူ ရသွားပြီ..."

လီလန်က ပြုံးလျက် ပြောလိုက်သည်။

အဘိုးဝမ်နှင့် ကျန်းတယ်ကျွင်းတို့ အုပ်စုမှာ သံသယဖြစ်နေကြသော်လည်း ထိုသေးသွယ်သော သားရဲငယ်လေးကိုမူ အာရုံစိုက်ကာ စိုက်ကြည့်နေကြ၏။

ရွှေရောင်မြွေပါသည် အသံတစ်ချက်ပေးလိုက်ပြီး မီးဖိုချောင်ထဲသို့ အလျင်အမြန် ပြေးဝင်သွားတော့သည်။

"ဒီမြွေပါက တကယ်ပဲ ကြွက်ဖမ်းနိုင်လို့လား..."

ဝမ်ဖန်းက သံသယဖြစ်နေသော အကြည့်ဖြင့် မေးလိုက်လေသည်။

"အစ်မဝမ်ဖန်း... မိနစ်အနည်းငယ်လောက်နေရင် သိရမှာပေါ့..."

လီလန်က အနည်းငယ် ပြုံးလျက် ပြောလိုက်သည်။

အချိန်တိုလေးအကြာတွင် သုံးမိနစ်ခန့် ကုန်လွန်သွားပြီး မီးဖိုချောင်ထဲမှ လှုပ်ရှားမှုအချို့ ထွက်ပေါ်လာပုံရ၏။

"ရွီး..."

"ကျွိ... ကျွိ... ကျွိ..."

လူတိုင်း၏ အံ့ဩမှင်တက်နေသော အကြည့်များကြားတွင် ရွှေရောင်မြွေပါသည် မိမိကိုယ်ထက်ပင် ပိုကြီးသော ကြွက်တစ်ကောင်ကို ပါးစပ်တွင် ကိုက်ချီလျက် မီးဖိုချောင်ထဲမှ ထွက်လာလေသည်။

"ဘုရားရေ... ကြွက်ကြီးက အကြီးကြီးပဲ..."

"အဖေ... ကြည့်ပါအုံး... ကျွန်မတို့အိမ်မှာ ဒီလောက်ကြီးတဲ့ ကြွက်ကြီး ရှိနေတာတဲ့..."

အဘိုးဝမ်သည် မနည်းရုန်းကန်၍ ထိုင်လိုက်ပြီး မြေပြင်ပေါ်သို့ ငုံ့ကြည့်လိုက်၏။ ရွှေရောင်မြွေပါ၏ ပါးစပ်ထဲတွင် ကိုက်ချီထားသော ကြွက်ကြီးကို မြင်လိုက်ရသောအခါ သူသည် အလွန်အမင်း စိတ်လှုပ်ရှားလာတော့သည်။

"အဲ့ဒါပဲ..."

"အဲ့အကောင်ပဲ... အဲ့အကောင်က ငါဝယ်ထားတဲ့ အာဟာရဖြည့်မုန့်ညက်တွေကို ခိုးသွားတာ..."

All Chapters