← Chapters

အခန်း ၂၁၀

Vol. 21 Ch. 210

အခန်း ၂၁၀

Vol. 21 Ch. 210

အခန်း (၂၁၀) ကြွက်နှိမ်နင်းရေး ကျွမ်းကျင်သူ၊ ဝက်သားခြောက်ကျင်း၊ ပထမဆုံးအလုပ်မှ ငါးယွမ်ရရှိခြင်း

"အဲ့ခွေးသူတောင်းစားကြွက်စုတ်ပဲ..."

အဘိုးဝမ်သည် သူ၏ဖူချန်မုန့်ညက်ကို ခိုးသွားသော တရားခံကို မှတ်မိသွားလေသည်။

"သတ်ပစ်စမ်း..."

သူသည် စကားပြောရင်း ပို၍ ဒေါသထွက်လာကာ ကန်းပေါ်မှ ခုန်ဆင်းပြီး ခွေးခြေခုံကို ယူ၍ ကြွက်ကို ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

သွေးများ နေရာအနှံ့ ပန်းထွက်သွားပြီး တစ်စစီ ကြေမွသွားတော့၏။

"အဖေ စိတ်လှုပ်ရှားလွန်းနေပြီ ဟွမ်တာ့ရှန်းကို မှားရိုက်မိရင် ဘယ်လိုလုပ်မလဲ..."

ဝမ်ဖန်းက သတိပေးလိုက်သည်။

"အဖေ စိတ်လျှော့ပါ ကိုယ့်ကိုယ်ကိုယ် ဒေါသမထွက်ပါနဲ့..."

ကျန်းတယ်ကျွင်းသည် အဘိုးအိုကို ထိန်းကိုင်ရန် အမြန်သွားလိုက်ပြီး ကျန်းမာရေးဂရုစိုက်ရန် ပြောလိုက်သည်။

"ငါ ဘာမှမဖြစ်ဘူး..."

အဘိုးအိုသည် သူ၏ သမက်ဖြစ်သူကို တွန်းဖယ်လိုက်သည်။

အဘိုးအိုသည် ခါးကို ဆန့်တန်းလိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်လေသည်။ အစားအစာများကို ခိုးစားသွားသော ကြွက်ကို သတ်လိုက်ရပြီးနောက် အဘိုးအို၏ စိတ်ထဲတွင် လုံးဝ လန်းဆန်းသွားပြီး ပေါ့ပါးသွားတော့သည်။

စိတ်ရောဂါကို စိတ်ဖြင့်သာ ကုသရမည်ဖြစ်ရာ အဘိုးအို၏ အခြေအနေကို ကြည့်ခြင်းအားဖြင့် ဤခရီးစဉ်မှာ အကျိုးနပ်ကြောင်း လီလန် သိလိုက်လေသည်။

"အဘိုး နေလို့ကောင်းသွားပြီလား..."

"ကောင်းသွားပြီ..."

"ငါ ဒီကြွက်စုတ်ကို သည်းခံနေရတာ ကြာပြီ၊ ကြွက်ဆိပ်တောင် သုံးခဲ့သေးတယ် ဒါပေမဲ့ ဒီအကောင်က ကောက်ကျစ်တော့ အဆိပ်မမိဘူး..."

"နောက်တစ်ကြိမ် ထပ်လုပ်ချင်သေးလား..."

လီလန်က ပြုံးလျက် မေးလိုက်သည်။

အဘိုးဝမ်က အံ့သြသွားပြီး မေးလိုက်သည်။

"ထပ်လုပ်လို့ ရသေးတာလား..."

"ရတာပေါ့ လွယ်လွယ်လေးပါ..."

လီလန်က လက်ဖျောက်တီးလိုက်သည်။

အချက်ပြမှုကို ရရှိသွားသောအခါ မြွေပါသည် မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားလေသည်။ ခဏအကြာတွင် ကြွက်ကြီးတစ်ကောင်ကို ကိုက်ချီလျက် ပြန်ထွက်လာတော့သည်။

ဤကြွက်မှာ ယခင်ကောင်ထက် အနည်းငယ် သေးငယ်သော်လည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားနေဆဲ ဖြစ်၏။

"အံ့သြစရာပဲ နောက်တစ်ကောင် တကယ် ထပ်ဖမ်းမိလာတယ်..."

အဘိုးဝမ်က အံ့ဩတကြီး ရေရွတ်လိုက်သည်။

"ရော့ အဘိုး..."

လီလန်သည် ခွေးခြေခုံကို ကောက်ယူကာ အဘ်ုးဝမ်အား ကမ်းပေးလိုက်သည်။

အဘိုးဝမ်သည် ၎င်းကို ဆွဲယူကာ အားကုန်သုံး၍ ကြွက်ကြီးပေါ်သို့ ရိုက်ချလိုက်လေသည်။ ထပ်မံ၍ တစ်စစီ ကြေမွသွားပြန်သည်။

"ကျေနပ်သွားပြီ..."

"ဒီလို အန္တရာယ်ပေးတဲ့ ကြွက်တွေ အကုန်လုံးကို မျိုးဖြုတ်ပစ်ရမယ်..."

ထို့နောက်တွင် မြွေပါသည် မီးဖိုချောင်ထဲမှ ကြွက်ကြီး လေးငါးကောင်ခန့်ကို ထပ်မံဖမ်းဆီးလာခဲ့ပြီး အဘိုးဝမ်က ခွေးခြေခုံဖြင့် အကုန်ရိုက်သတ်လိုက်ရာ အလွန်ပင် ကျေနပ်အားရသွားတော့သည်။

အဘိုးအိုသည် သူ၏ဒေါသများကို ပေါက်ကွဲထုတ်ပစ်လိုက်သဖြင့် သွေးပေါင်ချိန် တဖြည်းဖြည်း ကျဆင်းလာကာ ကျန်းမာရေးလည်း တဖြည်းဖြည်း ကောင်းမွန်လာခဲ့သည်။

ကျန်းတယ်ကျွင်းနှင့် ဝမ်ဖန်း ဇနီးမောင်နှံတို့မှာ ဘေးမှကြည့်နေရင်း ပို၍ပို၍ အံ့အားသင့်လာကြသည်။

"ဒီဟွမ်တာ့ရှန်းက အရမ်း အံ့သြဖို့ကောင်းတာပဲ..."

ဝမ်ဖန်းသည် မျက်လုံးပြူးကာ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။ သူမသည် လူအမိုက်မဟုတ်ပေ။ ဖခင်ဖြစ်သူ ဒေါသထွက်ခွင့်ရပြီးနောက် ကျန်းမာရေး တဖြည်းဖြည်း ကောင်းမွန်လာသည်ကို သဘာဝကျကျပင် သိမြင်နိုင်လေသည်။

"ဟွမ်တာ့ရှန်းရဲ့ ကြွက်ဖမ်းစွမ်းရည်က တကယ့်ကို ထူးခြားတာပဲ..."

ဝမ်ဖန်းသည် ပိန်ပါးသော သတ္တဝါလေးကို လေးစားစွာ ကြည့်ရင်း ပြောလိုက်သည်။

"ဟွမ်တာ့ရှန်းက အံ့သြဖို့ကောင်းတာ မဟုတ်ဘူး လီလန်ကသာ အံ့သြဖို့ကောင်းတာပါ..."

ကျန်းတယ်ကျွင်းက အမြန် ခေါင်းခါပြလိုက်သည်။

"အစ်ကိုလီလန်က အဖေ့ရောဂါရဲ့ အကြောင်းရင်းကို ရှာတွေ့ခဲ့တာပဲ၊ အဖေက ရင်ထဲမှာ မြိုသိပ်ထားတဲ့ ဒေါသတွေ အကုန်လုံးကို ဖွင့်ထုတ်လိုက်တော့ သူ့ရောဂါလည်း သဘာဝကျကျ သက်သာသွားတာပေါ့..."

"ဟုတ်တယ် မောင်လေးလီလန်ကို ကျေးဇူးတင်ရမယ်..."

ဝမ်ဖန်းသည် ခင်ပွန်းဖြစ်သူ၏ စကားကို ကြားသောအခါ အပြည့်အဝ သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်သည်။

"ကျွင်းဇီ... အခုတစ်ခေါက် အဖေ သက်သာသွားတာ မောင်လေးလီလန်ကြောင့်ပဲ၊ နောက်ကျရင် သူ့ကို တစ်ခုခု ပေးရမယ်၊ သူ့ကို အားနာအောင် လုပ်လို့မဖြစ်ဘူး..." (လီလန်က သူ့ထက် တစ်နှစ်ကြီးတယ်ဆိုပေမယ့် ဝါစဉ်အရ မောင်လေးလို့ခေါ်တာပါနော်၊ စာရေးသူမှာလည်း ကိုယ့်ထက်အသက်ငယ်တဲ့ ဦးလေးတွေ၊ အဒေါ်တွေရှိတယ် အဲ့အတိုင်းပဲခေါ်ရတယ်)

ဝမ်ဖန်းက ကျန်းတယ်ကျွင်းကို အကြည့်တစ်ချက် ပေးလိုက်သည်။

"မိန်းမရေ... အဲဒီအတွက် စိတ်မပူပါနဲ့ ကိုယ် စီစဉ်ထားပြီးပါပြီ..."

ကျန်းတယ်ကျွင်းက ပြုံးလျက် ရင်ဘတ်ကိုပုတ်ကာ အာမခံလိုက်သည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင် ဟွမ်တာ့ရှန်းသည် မီးဖိုချောင်ထဲရှိ ကြွက်အားလုံးကို ရှင်းလင်းပစ်လိုက်လေပြီ။

"အဘိုး... ကြွက်တွေ ကုန်သွားပြီ၊ အကုန်လုံး ဒီမှာပဲ..."

လီလန်က သူ၏ ခြေရင်းရှိ သေနေသော ကြွက်များကို လက်ညှိုးထိုးပြလိုက်သည်။ တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်မှသည် ဆယ်ကောင်အထိပင်ဖြစ်၏။

ဤအကြိမ်တွင် ကြွက်စုစုပေါင်း ဆယ်ကောင် ဖမ်းမိခဲ့လေသည်။

"ကောင်းတယ်... ကောင်းတယ်... ပင်ပန်းသွားပြီ ဟွမ်တာ့ရှန်းရေ..."

အဘိုးဝမ်မှာ သိသိသာသာ ဝမ်းသာကျေနပ်နေသည်။

"လီလန်... မင်းကိုလည်း ကျေးဇူးတင်ပါတယ်ကွာ..."

"ရပါတယ်... ကျွန်တော်တို့က အိမ်နီးချင်းတွေပဲလေ၊ တစ်ယောက်ကိုတစ်ယောက် ကူညီရမှာပေါ့... အဘိုး မေ့နေပြီလား... ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော့်အိမ်ကို လျှပ်စစ်မီးရအောင် လုပ်ပေးတာ အဘိုးရဲ့ ကျွင်းဇီ ကျေးဇူးကြောင့်လေ..."

လီလန်က ခေါင်းခါလျက် ပြောလိုက်သည်။

လွန်ခဲ့သော အချိန်အနည်းငယ်က သူတို့အိမ်တွင် လျှပ်စစ်မီးကြိုးများ တပ်ဆင်ခဲ့ရာ ကျန်းတယ်ကျွင်းနှင့် သူ၏လုပ်ဖော်ကိုင်ဖက်များက ကူညီပေးခဲ့ခြင်း ဖြစ်သည်။

လီလန်သည် ထိုကျေးဇူးကို ရင်ထဲတွင် မှတ်ထားခဲ့သည်။ မနေ့က အဘိုးဝမ်၏ အိမ်တွင် ကြွက်တွေ သောင်းကျန်းနေကြောင်း ဖခင်ဖြစ်သူထံမှ ကြားသိရသဖြင့် ယနေ့ နံနက်စောစောတွင် ကြွက်များဖမ်းရန် မြွေပါကို ခေါ်လာခဲ့ခြင်း ဖြစ်၏။

"ဒီကိစ္စနှစ်ခု တခြားစီပါ..."

အဘိုးဝမ်က ခေါင်းခါလိုက်သည်။

"ကျွင်းဇီ... ငွေရှင်းပေးလိုက် လီလန်ကို အလကား အပင်ပန်းမခံစေနဲ့..."

"အဖေ... ကျွန်တော် ပိုက်ဆံ ပြင်ဆင်ထားပြီးပါပြီ..."

ကျန်းတယ်ကျွင်းသည် သူ၏အိတ်ကပ်ထဲမှ ငွေစက္ကူငယ် ငါးရွက်ကို ထုတ်၍ လီလန်အား ကမ်းပေးလိုက်သည်။ ဤငွေစက္ကူငယ်များမှာ တစ်ရွက်လျှင် တစ်ယွမ်တန်များ ဖြစ်သည်။

ငါးရွက်ဆိုလျှင် ငါးယွမ် ဖြစ်၏။

ငါးယွမ်ဆိုသည်မှာ ကြွက်နှိမ်နင်းခြင်းအတွက် တန်ဖိုးရှိသော ဆုလာဘ်တစ်ခုပင်ဖြစ်သည်။ မြို့ပေါ်ရှိ စားနပ်ရိက္ခာရုံတွင် ဝက်သားတစ်ပေါင်လျှင် ရှစ်ဆယ်ဆင့်သာ ရှိသဖြင့် ငါးယွမ်ဆိုလျှင် ဝက်သား ခြောက်ကျင်းကျော် ဝယ်၍ရနိုင်သည်။

"အဘိုး... ပိုက်ဆံတွေ အရမ်းများလွန်းတယ်၊ ကျွန်တော် လက်မခံနိုင်ဘူး..."

ငါးယွမ်ဖြစ်နေသည်ကို မြင်သောအခါ လီလန်က အမြန် ခေါင်းခါလိုက်သည်။

ဘာကြောင့် လက်မခံနိုင်ရမည်နည်း။

"ငါ ယူဆို ယူလိုက်စမ်းပါ ဘာလို့ စကားတွေ အများကြီး ပြောနေတာလဲ..."

ဒေါသထွက်လွယ်သော အဘိုးဝမ်က လီလန်အား အမြန်ယူရန် တိုက်တွန်းလိုက်သည်။

"မောင်လေးလီလန်... မင်း ဒီပိုက်ဆံကို လက်ခံလိုက်ပါ..."

"မကြာသေးခင်က ဒီကြွက်ကြီးတွေကြောင့် အဖေ အတော်လေး ဒုက္ခရောက်ခဲ့ရပြီး အသက်ပိုကြီးသွားသလိုတောင် ဖြစ်သွားတယ်... မင်းက ဟွမ်တာ့ရှန်းကို ခေါ်လာပြီး အကုန်ရှင်းလင်းပေးလိုက်တော့ သူ့ကို အကူအညီကြီးတစ်ခု ပေးလိုက်သလိုပါပဲ..."

"ဒီငါးယွမ်ကို ယူထားလိုက်ပါ ပြီးတော့ ဟွမ်တာ့ရှန်းကို အားရှိသွားအောင် ကြက်ဖကြီးတစ်ကောင် ဝယ်ကျွေးလိုက်ဦး..."

ဝမ်ဖန်းသည် အနားသို့ လျှောက်လာကာ ငွေစက္ကူငယ် ငါးရွက်ကို ယူ၍ လီလန်၏ အင်္ကျီအိတ်ကပ်ထဲသို့ ထည့်ပေးလိုက်သည်။ ထိုမျှလောက် ကောင်းမွန်သော ကမ်းလှမ်းမှုကို မငြင်းဆန်နိုင်သဖြင့် လီလန်သည် လက်ခံရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

"အဘိုး... နောက်ပိုင်း ကြွက်တွေ ရှိလာသေးရင် ကျွန်တော့်ကိုသာ ပြောလိုက်ပါ ကျွန်တော် ဟွမ်တာ့ရှန်းကို လာဖမ်းခိုင်းပေးပါ့မယ်..."

"ကောင်းပြီ..."

"ဒါနဲ့ မင်းရဲ့ မြွေပါက တကယ်တော်တာပဲနော်..."

"ဟေ့... လီလန်... မင်းဆီမှာ မြွေပါတွေ ကျန်သေးလား အိမ်မှာ ကြွက်ဖမ်းဖို့အတွက် ကြောင်တစ်ကောင်လို မွေးထားချင်လို့..."

အဘိုးဝမ်သည် လီလန်၏ ပခုံးပေါ်ရှိ မြွေပါကို အားကျသော အကြည့်ဖြင့် စိုက်ကြည့်နေလေသည်။

"မရှိတော့ဘူး... ဒီတစ်ကောင်ပဲရှိတာ၊ ကျွန်တော် တစ်ကောင်တည်းပဲ မွေးထားတာပါ..."

ဟွမ်တာ့ရှန်းဆိုသည်မှာ မွေးမြူရန် သိပ်လွယ်ကူလှသည် မဟုတ်ပေ။ လီလန်က ၎င်းကို မွေးမြူနိုင်ပြီး သူ့စကားကို နားထောင်စေခြင်းမှာ စာချုပ်ကတ်ကြောင့်သာ ဖြစ်သည်။

လူနှင့် သားရဲတို့သည် သခင်နှင့် ကျေးကျွန် စာချုပ်ချုပ်ဆိုထားပြီး စိတ်သဘောထား တူညီကြသောကြောင့် ဤရလဒ်မျိုးကို ရရှိခဲ့ခြင်း ဖြစ်၏။

သာမန်မိသားစုများအတွက်မူ မြွေပါကို မွေးမြူရန်ဆိုသည်မှာ ရွေးချယ်စရာ မဟုတ်ပေ။ မည်သည့်နည်းလမ်းကို သုံးသည်ဖြစ်စေ အဆင်ပြေမည် မဟုတ်ချေ။ အဖမ်းခံထားရသော မြွေပါသည် အလွန်အမင်း ဉာဏ်ကောင်းပြီး နားလည်နိုင်စွမ်း မရှိလျှင်တော့ ဖြစ်နိုင်မည် မဟုတ်ပေ။

သို့မဟုတ်ပါက ရက်အနည်းငယ် အကြာတွင် မြွေပါသည် ထွက်ပြေးသွားလိမ့်မည် ဖြစ်သည်။

"ဪ... ဒါဆိုလည်း ထားလိုက်ပါတော့လေ..."

အဘိုးဝမ်က စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။

"ကဲ... အဘိုး... ဘာမှမရှိတော့ဘူးဆိုရင် ကျွန်တော် ပြန်လိုက်ပါဦးမယ်..."

"ဒါနဲ့ စကားမစပ်... ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စကို သတင်းဖြန့်ပေးဖို့ မမေ့နဲ့ဦးနော်... နှစ်သစ်ကူးဖို့ နှစ်ရက်ပဲ လိုတော့တယ်၊ နှစ်သစ်ကူးမတိုင်ခင် အချိန်က ကြွက်တွေ အသောင်းကျန်းဆုံး အချိန်ပဲ၊ ရွာထဲက တစ်ယောက်ယောက်များ ကြွက်ဖမ်းချင်ရင် ကျွန်တော့်အိမ်ကို လာခဲ့ဖို့ ပြောလိုက်ပါဦး..."

လီလန်သည် တစ်ခုခုကို သတိရသွားကာ မထွက်ခွာမီ အမြန်ပြောလိုက်သည်။

နှစ်ကုန်ပိုင်းသို့ ရောက်လာသည်နှင့်အမျှ ရွှမ်းရွှေကွန်မြူနစ်အဖွဲ့မှ အလုပ်မှတ်များ ရှင်းလင်းပေးခဲ့ရာ အိမ်ထောင်စုတိုင်း ငွေကြေးနှင့် စားနပ်ရိက္ခာလက်မှတ်များ ရရှိခဲ့ကြသဖြင့် မြို့ပေါ်သို့ သွားရောက်ကာ လိုအပ်သော ပစ္စည်းများနှင့် နှစ်သစ်ကူးပစ္စည်းများကို ဝယ်ယူနိုင်ကြလေပြီ။

နှစ်သစ်ကူးပစ္စည်းများကို ဝယ်ယူပြီးနောက် အိမ်ပြန်ရောက်သောအခါ မီးဖိုချောင်ထဲတွင် ထားသိုကြသည်။ ဂျုံဖြူ၊ ဆန်၊ အသား၊ ငါး၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ် အစရှိသည်တို့မှာ အိမ်ထဲရှိ ကြွက်များအတွက် နတ်ပြည်တစ်မျှပင် ဖြစ်တော့သည်။

ထို့ကြောင့် လဆန်းနှစ်သစ်ကူးမတိုင်မီနှင့် အပြီးကာလများမှာ ရွာထဲတွင် ကြွက်များ အသောင်းကျန်းဆုံး အချိန်ပင်ဖြစ်၏။ ဟွမ်တာ့ရှန်းသည် ကြွက်များ နှိမ်နင်းရာတွင် အလွန်ထိရောက်မှုရှိပြီး ငွေကြေးပင် ရရှိနိုင်သောကြောင့် ဤအခွင့်အရေးကို အသုံးချကာ အိမ်အနည်းငယ်သို့ ထပ်မံစေလွှတ်၍ ကြွက်ဖမ်းခိုင်းကာ ငွေရှာပြီး စည်ကားသိုက်မြိုက်သော နှစ်သစ်ကူးပွဲတော်ကို ကျင်းပရန် လီလန် စဉ်းစားလိုက်လေသည်။

"ရွာသားတွေက မင်းကို တွက်ချက်တတ်တဲ့လီလို့ နာမည်ပြောင် ပေးထားတာ မဆန်းပါဘူး... မင်းက တကယ့်ကို ပိုက်ဆံမက်တာပဲ၊ တရုတ်နှစ်သစ်ကူး ရောက်တော့မှာတောင် ပိုက်ဆံရှာဖို့ စဉ်းစားနေတုန်းပဲ..."

"ကောင်းပါပြီ... ကောင်းပါပြီ... အခု ပြန်တော့၊ ဒီကိစ္စကို ငါ တာဝန်ယူပါတယ်... ကြွက်ဖမ်းတဲ့ နေရာမှာ မင်း နာမည်ကြီးသွားအောင် ငါ လုပ်ပေးပါ့မယ်..."

"အဘိုးကို အရမ်းကျေးဇူးတင်ပါတယ်ဗျာ..."

All Chapters