အခန်း ၇၁
Vol. 8 Ch. 71
အခန်း (၇၁)
ကောင်းချိုး၏ မြေးဖြစ်နေခြင်း
မကြာမီပင် လဲ့ချင်းမေ ရောက်ရှိလာခဲ့လေသည်။ ကောင်းယွမ်သည် သူ၏ ရုံးခန်းအတွင်း၌ ထိုင်နေရင်း လဲ့ချင်းမေကို ကြည့်လိုက်လေ၏။
"အစ်မလဲ့... ကျွန်တော်တို့ ပြန်ဆုံကြပြန်ပြီနော်..."
"ဥက္ကဋ္ဌကောင်း... တွေ့ရတာ ဝမ်းသာပါတယ်ရှင်..."
လဲ့ချင်းမေသည် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကကဲ့သို့ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသော အမူအရာမျိုး မရှိ တော့ဘဲ အနည်းငယ် ရိုကျိုးနေခဲ့ပေသည်။ ကောင်းယွမ်ကို မြင်လိုက်ရသည့်အခါ သူမ၏ ပထမဆုံး အတွေးမှာ ကောင်းယွမ်၏ ဩဇာအာဏာကို အသုံးပြု၍ ချင်မိသားစုကို ဖိအားပေးရန် ဖြစ်၏။
အမှန်တကယ်တော့ နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ပြီ ဖြစ်သဖြင့် လဲ့ချင်းမေ၏ ချင်ကျွင်းအပေါ် ထားရှိသော အချစ်များမှာ ကြာမြင့်စွာကပင် မှေးမှိန်သွားခဲ့ပြီ ဖြစ်ပေသည်။ ယခုအခါ သူမ၏ စိတ်ထဲတွင် စွဲလမ်းမှု တစ်ခုသာ ကျန်ရှိတော့၏။ ၎င်းမှာ ချင်ကျွင်းနှင့် တစ်ရက်မျှဖြစ်စေ လက်ထပ်ရရန်ပင် ဖြစ်သည်။ ထိုသို့ ဖြစ်လာပါက သူမ၏ ဘဝမှာ ပြည့်စုံသွားပြီဟု မှတ်ယူနိုင်ပေလိမ့်မည်။
သို့သော်လည်း ထိုစဉ်က ကောင်းယွမ်မှာ သူမ၏ အကြံအစည်ထဲသို့ ပါမလာခဲ့ပေ။ နောက်ပိုင်းတွင် သူမ သည် ကောင်းယွမ်အကြောင်းကို စုံစမ်းကြည့်ခဲ့သော်လည်း သတိပေးခြင်း ခံလိုက်ရသည့်အခါတွင်တော့ ထိုကဲ့သို့သော အတွေးမျိုး လုံးဝ မတွေးဝံ့တော့ပေ။
လဲ့ချင်းမေသည် (၂၀၂၄) ကို တည်ထောင်ပြီးနောက် ကောင်းယွမ်အပေါ် အလွန်အမင်း ကြောက်ရွံ့အား နာစိတ်များ ဖြစ်ပေါ်လာခဲ့ရလေသည်။
ဤမျှကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားသူမှာ သူမ လက်လှမ်းမီနိုင်သော ပုဂ္ဂိုလ်မျိုး မဟုတ်ပေ။ ယခုအခါ ကောင်းယွမ်ကို မြင်တွေ့လိုက်ရခြင်းမှာပင် သူမအား ထိတ်လန့်မှုကို ခံစားရစေခဲ့ပေ၏။
"အစ်မလဲ့... ကြည့်ရတာ နည်းနည်း စိုးရိမ်နေပုံပဲ... ကျွန်တော်က ဘယ်သူလဲဆိုတာ သိလို့လား..."
လဲ့ချင်းမေသည် ခဏမျှ တွန့်ဆုတ်နေပြီးမှ...
"သိပါတယ်..."
"ဪ..."
ကောင်းယွမ် အနည်းငယ် အံ့ဩသွားခဲ့ရလေသည်။
"ပြောပြပါဦး..."
"သူဌေးကောင်းရဲ့ မျိုးရိုးအမည်က ကောင်း ဖြစ်နေပြီး အခုလိုမျိုးလည်း လူသိမခံဘဲ နေတတ်တာဆို တော့လေ... ကျွန်မ စဉ်းစားကြည့်သလောက် သူဌေးကောင်းလို ပုဂ္ဂိုလ်မျိုးကို မွေးထုတ်ပေးနိုင်တဲ့ မိသားစုဆိုလို့ လွန်ခဲ့တဲ့ နှစ်တစ်ရာက အရာရှိကောင်း ရဲ့ မိသားစုပဲ ရှိပါတယ်... သူက လက်ရှိ လူသား လောကရဲ့ စနစ်ကို အခြေခံ ချပေးခဲ့သူလေ..."
"ဟုတ်လို့လား... ဘယ်ကအရာရှိကောင်းလဲ..."
ကောင်းယွမ်က ပြုံးစိစိဖြင့် မေးလိုက်လေသည်။
သို့သော် သူ၏ စိတ်ထဲ၌မူ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့လေ၏။
*ငါ့ရဲ့ အဆင့်အတန်းက အတည်ဖြစ်သွားပြီလားမသိဘူး...*
"ဥက္ကဋ္ဌကောင်းက ကျွန်မကို စမ်းသပ်နေတာလားဟင်... ကျွန်မက အခုတော့ ရှေးဟောင်းပစ္စည်း ရောင်း တဲ့သူတစ်ယောက် ဖြစ်နေပေမဲ့ အထက်တန်းလွှာတွေအကြောင်းကိုတော့... နည်းနည်းတော့ နားလည် ပါတယ်... "
"အရာရှိကောင်း ဟာ (၁၉၂၀) ခုနှစ်မှာ လူသားဖယ်ဒရေးရှင်း ရဲ့ စီမံခန့်ခွဲရေး အထွေထွေအုပ်ချုပ်မှုဗျူရို ရဲ့ အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့ပြီး နှစ်ပေါင်း( ၂၀) ကြာ တာဝန်ထမ်းဆောင်ခဲ့သူပါ... သူဟာ တိကျပြတ် သားတဲ့ လုပ်ငန်းခွင် စည်းကမ်းတွေနဲ့ ဥပဒေများစွာကို ပြဋ္ဌာန်းခဲ့သူအဖြစ် လူသိများပါတယ်... "
"ဒါကပဲ လူတန်းစား ကွာဟမှုကို ချေဖျက်ပေးနိုင်ခဲ့တာပါ... အခုဆိုရင် အလတ်တန်းစား လူတန်းစားဟာ လွန်ခဲ့တဲ့ နှစ်တစ်ရာကထက် အဆပေါင်း နှစ်ဆယ်လောက် ပိုများလာသလို အလတ်တန်းစားကနေ ထိပ် တန်းပုဂ္ဂိုလ် ဖြစ်လာသူတွေတောင် ရှိနေပါပြီ... ဒါ့အပြင် အောက်ခြေလူတန်းစားတွေဟာ လွန်ခဲ့တဲ့ နှစ် (၁၀၀) ကထက် ပိုပြီး သက်သောင့်သက်သာ နေထိုင်လာနိုင်ကြတာဟာ အရာရှိကောင်း ချန်ထားခဲ့တဲ့ နိုင်ငံရေး အမွေအနှစ်တွေကြောင့်ပါပဲ..."
"နှမြောစရာ ကောင်းတာက အရာရှိကောင်း မတော်တဆမှု ဖြစ်ခဲ့တာပါပဲ... ဒါပေမဲ့ ကျွန်မ ကြားတာ ကတော့ အရာရှိကောင်းမှာ သားတစ်ယောက် ရှိပြီး သူကတော့ လူသိမခံဘဲ နေတတ်တယ်လို့ သိရပါ တယ်... သူကတော့ လူသားတွေအတွက် ပိုမိုကောင်းမွန်တဲ့ နေထိုင်ရာ နေရာတွေ ရရှိအောင် သိပ္ပံ အကယ်ဒမီ မှာ အမြဲတမ်း ကြိုးစားနေတာလို့ကြားဖူးပါတယ်..."
"ကျွန်မ ခန့်မှန်းတာ မမှားဘူးဆိုရင် သူဌေးကောင်းဟာ ကောင်းချိုး ရဲ့ မြေး ဖြစ်ရပါမယ်..."
ကောင်းယွမ်သည် ဤအချိန်တွင် အူအတောင့်တောင့် ဖြစ်နေသော မျက်နှာထား ဖြစ်သွားခဲ့ရလေသည်။
*ကောင်းချိုး... အဆင့်မြင့် ပုဂ္ဂိုလ်ကြီးလား...*
ထိုအမည်မှာ အမှန်တကယ်ပင် မှတ်ရလွယ်လှပေသည်။
လဲ့ချင်းမေ၏ အမြင်တွင် ကောင်းယွမ်၏ ထိုအမူအရာမှာ သူမ၏ ခန့်မှန်းချက်ကို အတည်ပြုပေးနေသ ကဲ့သို့ ဖြစ်နေခဲ့လေ၏။ ကောင်းယွမ်သည် ထိုအချက်ကို ငြင်းဆိုခြင်းလည်း မပြု၊ ဝန်ခံခြင်းလည်း မပြု ဘဲ တိတ်ဆိတ်နေခဲ့လေသည်။
"ကောင်းပါပြီ အစ်မလဲ့... အစ်မက ချင်ကန်းနဲ့ တွေ့ချင်နေတာ မဟုတ်လား... ကျွန်တော်နဲ့အတူ သွားတွေ့ ကြမလား..."
လဲ့ချင်းမေ၏ မျက်နှာတွင် ဝမ်းသာမှုများ ဖြစ်ပေါ်လာခဲ့လေတော့၏။
"တကယ်လားဟင်..."
"တကယ်ပါ..."
ကောင်းယွမ်သည် ဦးနှောက်ချိတ်ဆက်မှုကွန်ရက် မှတစ်ဆင့် ဝမ်ရိဖေးပင်းပင်းကို ဆက်သွယ်၍ ကလပ် အတွင်းရှိ ဆူးတိုက်၏ အခြေအနေကို မေးမြန်းလိုက်ရာ သူသည် ယခုအခါ မြင်းစီးကွင်း တွင် မြင်းများ ဖြင့် ဆော့ကစားနေကြောင်း သိလိုက်ရလေသည်။
အဆုံးတွင် ဆူးတိုက်မှာ အသက် (၅၀) ပင် မပြည့်သေးသော လူငယ်တစ်ဦး ဖြစ်သဖြင့် ပန်းမန်များနှင့် အပင်များအပေါ် စိတ်ဝင်စားမှု မရှိပေ။ ချင်ကန်းမှာမူ တောအုပ်ထဲရှိ သက်ကယ်တဲလေး ထဲတွင် တစ်ဦး တည်း ငေးငိုင်စွာ ထိုင်နေခဲ့လေသည်။
ကောင်းယွမ်နှင့် လဲ့ချင်းမေတို့သည် (၂၈) လွှာရှိ တောအုပ်ထဲရှိ သက်ကယ်တဲလေး ဆီသို့ တိုက်ရိုက် သွား လိုက်ကြရာ ဝမ်းနည်းပူဆွေးနေသော ချင်ကန်းကို ချက်ချင်း မြင်လိုက်ရလေ၏။ ပန်းကို အသက်ထက် မြတ်နိုးသူတစ်ဦးအတွက် သူ၏ ရှေ့တွင် ပန်းကို ခူးလိုက်ခြင်းမှာ သူ့ကို သတ်လိုက်သည်နှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။
ချင်ကန်းမှာ ယခုတိုင် စိတ်မကောင်း ဖြစ်နေဆဲ ဖြစ်ရပေမည်။
ရှားပါးသော သစ်ခွပန်းများမှာ လက်ရှိကမ္ဘာတွင်ပင် အလွန် အဖိုးတန်လှရာ အနာဂတ်ကမ္ဘာတွင်မူ ပြော နေစရာပင် မလိုတော့ပေ။ အနာဂတ်ကမ္ဘာတွင် ငွေလာပန်း ကဲ့သို့သော အပင်များမှာပင် အဖိုးတန်နေပြီ ဖြစ်ရာ သစ်ခွပန်းများမှာမူ ရတနာထဲက ရတနာပင် ဖြစ်ပေလိမ့်မည်။ အဘိုးအို ချင်သည် ဤကလပ်ကို သူ၏ အိမ်ကဲ့သို့ မှတ်ယူထားပြီး ပန်းမန်များကိုလည်း သူ၏ မိသားစုဝင်များကဲ့သို့ သဘောထားသူ ဖြစ်ချေ၏။
ယခုအခါ ဆူးတိုက် ရောက်ရှိလာပြီး သူ၏ မိသားစုဝင်များကို ဖျက်ဆီးပစ်လိုက်သဖြင့် ချင်ကန်းမှာ ဆူးတိုက်ကို သတ်ပစ်ချင်နေမည်မှာ သေချာလှပေသည်။ ထိုစဉ်မှာပင် ကောင်းယွမ်နှင့် လဲ့ချင်းမေတို့ သည် ချင်ကန်းဆီသို့ လျှောက်လှမ်းသွားလိုက်ကြလေသည်။
ချင်ကန်းသည် အသံကြားသဖြင့် မော့ကြည့်လိုက်၏။ သူသည် တစ်ချက် ကြည့်လိုက်ပြီးမှ ခေါင်းပြန်ငုံ့ သွားကာ (၁၀) စက္ကန့်ခန့် ကြာပြီးမှ တစ်ဖန် ပြန်လည် မော့ကြည့်လိုက်ပြန်လေသည်။
"လဲ့... လဲ့ချင်းမေ... မင်းက ဒီကို ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ..."
"ဦးလေးချင်... ကျွန်မတို့ ပြန်ဆုံကြပြန်ပြီနော်..."
"အေး..."
ချင်ကန်းသည် သူ၏ ချွေးမလောင်း ဖြစ်လုနီးပါး ဖြစ်ခဲ့သော အမျိုးသမီးကို ဧကန်မုချ မှတ်မိနေခဲ့ပေ သည်။
ကိစ္စများ မအောင်မြင်ခဲ့သဖြင့် သူတို့ ပြန်မဆုံဖြစ်ခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော် လည်း လဲ့ချင်းမေမှာ များစွာ ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သူ ချက်ချင်း မှတ်မိသွားခြင်းပင် ဖြစ်ပေ၏။
"သူက ဘယ်သူလဲ..."
ချင်ကန်းသည် ကောင်းယွမ်ကို ညွှန်ပြရင်း လဲ့ချင်းမေအား မေးလိုက်လေသည်။
လဲ့ချင်းမေသည် ခဏမျှ တွန့်ဆုတ်သွားပြီး ကောင်းယွမ်ကို တစ်ချက် ကြည့်လိုက်လေ၏။
ကောင်းယွမ်က ပြန်လည် ဖြေကြားမည့် အမူအရာ မရှိသည်ကို မြင်သည့်အခါမှသာ... ၊
"သူက ဤကလပ်ရဲ့ ပိုင်ရှင်လေ... ပြီးတော့ အရာရှိကောင်း ရဲ့ မြေးလည်း ဆိုလဲဟုတ်တယ်..."
ချင်ကန်းမှာ မှင်သက်သွားခဲ့ရလေ၏။
"အရာရှိကောင်း ဆိုတာဘယ်သူလဲ... လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်းမှာ ကောင်းချိုး တစ်ယောက်ပဲ အရာရှိ ကောင်း လို့ ခေါ်ခံခဲ့ရတာလေ... ဒါဆိုရင်..."
ချင်ကန်းသည် ကောင်းယွမ်ကို စိုက်ကြည့်နေမိရာ ကြည့်လေလေ ပို၍ တူလာလေလေပင် ဖြစ်၏။
"မင်းမှာ ဒီလောက်ကြီးမားတဲ့ ရည်မှန်းချက် ရှိနေတာ မဆန်းပါဘူးလေ... ဘယ်လိုလူမျိုးက ဒီလောက် ကြီးမားတဲ့ ကလပ်မျိုးကို တည်ထောင်နိုင်တဲ့ စွမ်းအားရှိသလဲဆိုတာ ငါ အမြဲတမ်း သိချင်နေခဲ့တာ... အခုတော့ အရာရှိကောင်းရဲ့ မြေးဖြစ်နေတာကိုး... ဒါဆိုရင်တော့ မအံ့ဩတော့ပါဘူး... အရာရှိကောင်း က ငါ့ရဲ့ အိုင်ဒေါလေ... ပြီးတော့ သိပ္ပံအကယ်ဒမီက ဥက္ကဋ္ဌကောင်း ကတော့ ခင်ဗျားရဲ့ ဖခင်ပေါ့... လွန်ခဲ့ တဲ့ အနှစ် (၃၀) တုန်းက ငါ သူနဲ့ တစ်ခါ ဆုံဖူးတယ်... သူက အလွန် ယဉ်ကျေးပြီး ခန့်ညားတဲ့သူပါ... ခင်ဗျား ကလည်း ခင်ဗျား ရဲ့ အဖေနဲ့ အဘိုးတို့လို အရည်အချင်းတွေ ရှိနေခဲ့တာပဲ..."
ချင်ကန်းသည် ကောင်းယွမ်၏ အဆင့်အတန်းကို မည်သို့မျှ သံသယ မရှိခဲ့ပေ။ အကယ်၍ ကောင်းယွမ် ကိုယ်တိုင်သာ ပြောခဲ့လျှင် ဤကလပ် ရှိနေသော်လည်း ချင်ကန်း သံသယ ရှိနေဦးမည် ဖြစ်သည်။
သို့သော်လည်း လဲ့ချင်းမေက ပြောလိုက်ခြင်းမှာမူ ယုံကြည်ရန် အလွန်ပင် လွယ်ကူသွားစေခဲ့ခြင်းဖြစ် လေ၏။ အဆုံးတွင် လဲ့ချင်းမေသည် မော့ကျင်းလဲ့မိသားစု၏ အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ထိပ်တန်း ပုဂ္ဂိုလ် များထဲတွင် ပါဝင်သူ ဖြစ်ပေသည်။
ကောင်းယွမ်သည် လက်ကို ကမ်းလိုက်ကာ၊
"အဘိုးချင်... ကျွန်တော် အလုပ်များနေတာကြောင့် အဘိုးဆီကို လာမတွေ့ဖြစ်တာ ခွင့်လွှတ်ပေးပါဦး..."
"ဟားဟား... ဒီကလပ်က ငါ့ကို ဘာလို့ အရင်ဆုံး ဖိတ်တာလဲလို့ ငါ တွေးနေတာ... အခုတော့ မင်း ဖြစ်နေ တာကိုး... ကောင်းမိသားစုမှာ ဆက်ခံမယ့်သူ ရှိနေပြီပဲ... ကလပ်ပိုင်ရှင်ရဲ့ နာမည်က ဘာဖြစ်လို့ နာမည် လေးလုံး ဖြစ်နေရတာလဲဆိုတာပြီး ငါ ထူးဆန်းနေခဲ့တာ... ကောင်းယွမ်ယွမ်ကောင်း ဆိုတာ မင်းရဲ့ နာမည်ဝှက် မဟုတ်လား..."
ကောင်းယွမ်က ပြုံး၍၊
"အဘိုးချင်... ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ပြီး မိတ်ဆက်ပါရစေ... ကျွန်တော့် နာမည်က ကောင်းယွမ် ပါ..."
"ကောင်းတယ်... ကောင်းတယ်... မဆိုးပါဘူး..."
ကောင်းယွမ်သည် ယခုအခါ လူသိရှင်ကြား ပေါ်ထွက်လာခဲ့ပြီဖြစ်ရာ ပထမဆုံးအဆင့်မှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ချင်ကန်းမှာလည်း သူ၏ အဆင့်အတန်းအပေါ် သံသယ မရှိတော့ပေ။
ထို့နောက်တွင်တော့ ချင်ကန်းကို အသုံးပြု၍ ဆူးတိုက်နှင့် တွေ့ဆုံနိုင်ပေလိမ့်မည်။ သူသည် ဆူးတိုက်ကို အသုံးပြု၍ မိမိကိုယ်မိမိ တရားဝင် အဆင့်အတန်း တစ်ခုကို ပေးအပ်လိုက်ပေမည်။
ထို့နောက် ထိုအဆင့်အတန်းကို အသုံးပြု၍ တကယ့် ကောင်းမိသားစုကို ရှာဖွေကာ သူတို့နှင့် ပူးပေါင်း ဆောင်ရွက်ပြီး နောက်ဆုံး အသွင်ကူးပြောင်းမှုကို ပြီးမြောက်စေမည် ဖြစ်သည်။ ထိုအချိန်မှစ၍ သူသည် ဤကမ္ဘာ၌ မည်သည့် ကန့်သတ်ချက်မျှ မရှိဘဲ လုပ်ဆောင်နိုင်သော တကယ့် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည် ဖြစ်ပြီး ၎င်းမှာ လက်ရှိကမ္ဘာတွင် အာဏာကို ကျင့်သုံးရန်အတွက် များစွာ အထောက်အကူ ဖြစ်စေပေလိမ့်မည်။
အနာဂတ်ကမ္ဘာ၏ အပြည့်အဝ ထောက်ခံမှုကို ရရှိပြီးသည်နှင့် ကောင်းယွမ်သည် လက်ရှိကမ္ဘာတွင် သူ ၏ စွမ်းဆောင်ရည်များကို အပြည့်အဝ ထုတ်ဖော်နိုင်ပေလိမ့်မည်။
"အဘိုးချင်... ဆူးမိသားစုက ဆူးတိုက် ဆိုတဲ့ လူငယ်လေး ဒီကို ရောက်နေတယ်လို့ ကျွန်တော် ကြား တယ်..."
ဆူးတိုက်အကြောင်း ပြောလိုက်သည်နှင့် ချင်ကန်းမှာ အံကြိတ်လိုက်မိလေ၏။
"အဲဒီကောင်က ဒီကို လာမယ်ဆိုတာ ဘယ်သူ သိမှာလဲ... သူက ကျုံးကျင်းမြို့ မှာပဲ အမြဲတမ်း နေနေကျ လေ... ဘယ်လို စိတ်ကူးပေါက်ပြီး လုံကျင်းကို ရောက်လာတာလဲ မသိဘူး..."
အနာဂတ်ကမ္ဘာတွင် လူသားမျိုးနွယ်မှာ အဓိကအားဖြင့် မြို့တော်ကြီး ရှစ်ခု တွင် စုဝေးနေကြပြီး ၎င်းတို့ မှာ လုံကျင်း၊ မော့ကျင်း၊ ဆန်းကျင်း၊ ကျုံးကျင်း၊ ရှင်ကျင်း၊ ယွဲ့ကျင်း၊ လင်ကျင်း နှင့် ကောင်းကျင်း တို့ ဖြစ်ကြပေသည်။
မြို့တော်ကြီး ရှစ်ခုတွင် လူဦးရေ၏ (၇၅) ရာခိုင်နှုန်း ရှိနေပြီး ကျန်ရှိသော (၅) ရာခိုင်နှုန်းမှာ အင်္ဂါဂြိုဟ်၊ ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစု နှင့် လကမ္ဘာ တို့တွင် ရှိနေကြသည်။ အခြား (၂၀) ရာခိုင်နှုန်းမှာမူ လူသား အခြေချ နေရာ (၁၀၈) ခု တွင် ပျံ့နှံ့နေကြခြင်းဖြစ်လေ၏။
ချင်ကန်းသည် ဆူးတိုက်ကို မုန်းတီးနေမည်ကို ကောင်းယွမ် ဧကန်မုချ သိရှိထားပေသည်။ ထို့ကြောင့်ပင် သူ ယခုအချိန်တွင် ရောက်လာခြင်း ဖြစ်၏။ အကယ်၍ ရက်အနည်းငယ်ကြာ၍ ချင်ကန်း၏ ဒေါသများ လျော့နည်းသွားခဲ့လျှင် သူ အလုပ်လုပ်ရန် ခက်ခဲသွားပေလိမ့်မည်။
"အဘိုးချင်... အမှန်တော့ ကျွန်တော်လည်း ဆူးတိုက်ကို သဘောမကျပါဘူး... ဒါပေမဲ့ သူနဲ့ တစ်ခါမှ မဆုံ ဖူးသေးဘူးလေ... အခု သူ ဒီကို ရောက်နေတာဆိုတော့ ကျွန်တော်က အိမ်ရှင်တစ်ယောက်အနေနဲ့ မျက်နှာမပြတာက မယဉ်ကျေးရာ ရောက်လိမ့်မယ်ထင်တယ်... အဘိုး ကျွန်တော့်ကို မိတ်ဆက်ပေးလို့ ရမလား..."