အခန်း ၇၃
Vol. 8 Ch. 73
အခန်း (၇၃)
နောက်တစ်ယောက်က ခင်ဗျားပဲ
ဆူးတိုက်၏ ကိစ္စကို ယာယီအားဖြင့် ဖြေရှင်းပြီးသည့်နောက်၌... ကောင်းယွမ်သည် ကလပ်မှ ထွက်ခွာ လာခဲ့လေသည်။ သူသည် ဝမ်ရိဖေးပင်းပင်းကို သူဝယ်ယူထားသော ပစ္စည်းအားလုံးအား ကလပ်၏ ဂိုဒေါင်သို့ ပို့ဆောင်ရန် ညွှန်ကြားလိုက်လေ၏။
ထို့နောက်တွင်တော့ ကောင်းယွမ်သည် စက်ရုပ်တစ်ရုပ်အား ထိုပစ္စည်းများကို လက်ရှိကမ္ဘာရှိ ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ လျှို့ဝှက်ဂိုဒေါင်သို့ ပို့ဆောင်စေခဲ့လေသည်။
ထို့နောက် ကောင်းယွမ်သည် ကမ္ဘာကူးတံခါးကို ဖြတ်ကျော်ကာ လက်ရှိကမ္ဘာသို့ ပြန်လည်ရောက်ရှိ လာခဲ့တော့သည်။
လုံခြုံရေး ပစ္စည်းများကို ကလပ်မှ ပေးအပ်သော တာဝန်များမှတစ်ဆင့် ဝယ်ယူခဲ့ခြင်း ဖြစ်ပေသည်။ ဤ ကဲ့သို့သော ရိုးရှင်းသည့် တာဝန်များသည် ရမှတ်များသာမက ငွေကြေးပါ ရရှိနိုင်သဖြင့် ကြေးအဆင့် အသင်းဝင်များမှာ ထိုတာဝန်များကို ရယူရန် အလွန်ပင် စိတ်အားထက်သန်နေခဲ့ကြလေသည်။
မည်သူက ထိုတာဝန်ကို ရယူရမည်ဆိုသည်မှာ ဝမ်ရိဖေးပင်းပင်း၏ ရွေးချယ်မှုသာ ဖြစ်၏။ ထို့ကြောင့် ပင် လဲ့ချင်းမေသည် ဝမ်ရိဖေးပင်းပင်းနှင့် ရင်းနှီးမှု ရရှိရန် အစဉ်တစိုက် ကြိုးပမ်းနေခြင်း ဖြစ်ပေသည်။
ချင်းမူကုထန်းသည်လည်း ထိုအလုပ်ကို ရယူလိုခဲ့သော်လည်း သူသည် ဝမ်ရိဖေးပင်းပင်းနှင့် သိပ်မရင်းနှီး လှပေ။ သူသည် ဝမ်ရိဖေးပင်းပင်းနှင့် ရင်းနှီးအောင် ကြိုးစားလိုသော်လည်း နားလည်မှုလွဲမည်ကို စိုးရိမ် နေခဲ့ရလေသည်။ သူသည် ကောင်းယွမ်ကို တိုက်ရိုက် ဆက်သွယ်ချင်သော်လည်း မဝံ့မရဲ ဖြစ်နေခဲ့ရ၏။
အဆုံးတွင် ချင်းမူကုထန်း၏ စိတ်ထဲ၌ ကောင်းယွမ်သည် မူလကတည်းက ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ် ပေသည်။ ယခင်က ကောင်းယွမ်နှင့် ပူးပေါင်းဆောင်ရွက်ခွင့် ရခဲ့ခြင်းမှာပင် သူ၏ ကံကောင်းမှုဟု မှတ်ယူထားသူ ဖြစ်၏။ ယခုအခါ ချင်းမူကုထန်းသည် စီးကရက်များကြောင့် လုံကျင်းမြို့၌ အတော်အ တန် အဆင့်အတန်း မြင့်မားလာခဲ့ပြီ ဖြစ်ရာ အဆင့်မြင့် ပုဂ္ဂိုလ်ကြီးတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံနေရ ပြီ ဖြစ်ပေသည်။
လဲ့ချင်းမေ စီစဉ်ပေးသော လုံခြုံရေး ပစ္စည်းများမှာ အစိုးရအရာရှိများသာ သုံးစွဲနိုင်သည့် အဆင့်မြင့် ပစ္စည်းများ ဖြစ်ကြပြီး ကောင်းယွမ် ယခင်က ဝယ်ယူခဲ့သည့် ပစ္စည်းများထက် များစွာ ပိုမို ကောင်းမွန် လှပေသည်။
ကောင်းယွမ်သည် ဂိုဒေါင်သို့ အရင်ဆုံး သွားရောက်ခဲ့လိုက်လေသည်။
လုံခြုံရေး စက်ရုပ်များကို စတင် အသက်သွင်းလိုက်လေသည်။ လုံခြုံရေး စက်ရုပ် စုစုပေါင်း (၁၀) ရုပ် ရှိသည့်အနက် နှစ်ရုပ်မှာ သူ့နောက်သို့ အနီးကပ် လိုက်ပါ စောင့်ရှောက်မည် ဖြစ်ပေ၏။ ဤစက်ရုပ်များ သည် အလွန်ပင် စွမ်းဆောင်ရည် မြင့်မားလှပေသည်။ ရိုးရှင်းသော ရုပ်ဖျက်ခြင်းထက် ပိုမို လုပ်ဆောင် နိုင်စွမ်း ရှိကြရာ အန်းရီသည် လီကျန်းကျီ အဖြစ်ပင် ဟန်ဆောင်နိုင်ခဲ့သည် မဟုတ်လား...။
သို့သော်လည်း ယခု စက်ရုပ်အသစ်များသည် အခြားသူများအဖြစ် ပြောင်းလဲနိုင်ရုံတင် မကဘဲ ကျား၊ မ ပုံသဏ္ဍာန်၊ ခန္ဓာကိုယ် တည်ဆောက်ပုံနှင့် အိမ်မွေးခွေးကလေးများ အဖြစ်ပင် ပြောင်းလဲနိုင်ကြပေသည်။ ကာကွယ်ရေး ကဏ္ဍတွင်လည်း လေဆာသေနတ်များ ပါဝင်ရုံတင် မကဘဲ အကာအကွယ် ဒိုင်းများလည်း ပါရှိကြလေ၏။
ထိုဒိုင်းများသည် လေဆာတန်းများကို ဟန့်တားနိုင်သည့်အပြင် မီတာ တစ်ရာအတွင်း ပစ်ခတ်သော စက် သေနတ် ကျည်ဆန်များကိုပါ ရပ်တန့်နိုင်သည့် စွမ်းအင်မြင့် သံလိုက်စက်ကွင်းများ ဖြစ်ကြပေသည်။ ၎င်း တို့၏ ဖျက်ဆီးနိုင်စွမ်းမှာလည်း အလွန်ပင် ပြင်းထန်လှပေ၏။
ကောင်းယွမ်သည် စက်ရုပ်နှစ်ရုပ်ကို ရွေးချယ်ကာ 'အန်းဆန်း' နှင့် 'အန်းစစ်' ဟု အမည်ပေးလိုက်ပြီး သူ့ နောက်သို့ လိုက်ပါရန် ညွှန်ကြားလိုက်လေသည်။ ကျန်ရှိသော ရှစ်ရုပ်မှာမူ သိပ္ပံနှင့် နည်းပညာဥယျာဉ်၏ ထောင့်တစ်နေရာတွင် ပုန်းကွယ်နေကြမည် ဖြစ်၏။
အကယ်၍ သူ အပြင်ထွက်မည် ဆိုပါက ထိုရှစ်ရုပ်မှာ သူ့အနီးအနားတွင် ပုန်းကွယ်၍ လိုက်ပါလာကြ မည် ဖြစ်ချေသည်။ ၎င်းတို့မှာ လမ်းသွားလမ်းလာများ သို့မဟုတ် လေလွင့်ခွေးများအဖြစ် ရှိနေကြမည် ဖြစ်ပြီး ကောင်းယွမ် အန္တရာယ်နှင့် ကြုံတွေ့ရမှသာ ပေါ်ထွက်လာကြမည် ဖြစ်ပေသည်။
လုံခြုံရေး စက်ရုပ် များအပြင် ကောင်းယွမ်သည် မိမိကိုယ်တိုင်အတွက် အကာအကွယ် စက်လုံး တစ်ခု ကိုလည်း တပ်ဆင်ထားလိုက်သည်။ ၎င်းမှာ အကာအကွယ် မလုပ်ထားသည့် အချိန်တွင် လက်သီးဆုပ် ခန့်သာ ရှိပြီး ကိုယ်ပေါ်တွင် ဝတ်ဆင်ထားနိုင်ပေသည်။ အန္တရာယ်ရှိပါက ၎င်းကို ဖွင့်လိုက်သည်နှင့် သုံးမီ တာ အချင်းရှိသော စက်လုံးကြီးအဖြစ် ချက်ချင်း ပြောင်းလဲသွားကာ ကောင်းယွမ်ကို အတွင်း၌ ငုံ့လျှိုး သွားစေမည် ဖြစ်၏။
ထိုစက်လုံးသည် မီတာ ထောင်ပေါင်းများစွာ အမြင့်မှ ပြုတ်ကျလာခြင်းနှင့် ဒီဂရီ တစ်ထောင်ကျော်သော အပူ ရှိန်ကိုပါ ခံနိုင်ရည် ရှိပေသည်။ ၎င်းတွင် ကိုယ်ပိုင် အသက်ရှူအထောက်အကူပြုစနစ် ပါဝင်ပြီး အတွင်းရှိ အောက်ဆီဂျင်မှာ ကောင်းယွမ်အား အကာအကွယ် စက်လုံး အတွင်း ခုနစ်ရက်တိုင်တိုင် အသက်ရှင်သန်စေနိုင်ပေသည်။
ထို့ပြင် လက်နက်တပ်ဆင်ထားသော ကိုယ်ပိုင်ကာကွယ်ရေး ကင်းထောက်ဒရုန်း လည်း ရှိနေသေးသည်။ ကောင်းယွမ်သည် ၎င်းကို ကိုယ်ပျောက်စနစ်တွင် ထားရှိကာ မိမိ၏ ဦးနှောက်လှိုင်းများနှင့် ချိတ်ဆက် ထားလိုက်လေ၏။ ထိုဒရုန်း သူ့နောက်သို့ အမြဲတစေ လိုက်ပါနေမည် ဖြစ်သည်။
အကယ်၍ အန္တရာယ်ရှိသော အခြေအနေကို တွေ့ရှိပါက လုံခြုံရေး စက်ရုပ် ထံသို့ သတင်းအချက် အလက်များကို ချက်ချင်း ဝေမျှပေးမည် ဖြစ်၏။
ဤအရာအားလုံးကို ပြင်ဆင်ပြီးသည့်အခါ ကောင်းယွမ်သည် အမေရိကန် သမတ္တကြီးထက်ပင် ပို၍ ဘေးကင်းသည်ဟု ခံစားလိုက်ရလေသည်။ လေယာဉ် ပြန်ပေးဆွဲမှုကဲ့သို့ ဖြစ်ရပ်မျိုး နောက်ထပ် မကြုံ တွေ့လိုတော့သဖြင့် ယခုအခါမှသာ သူ စိတ်အေးသွားခဲ့ရလေတော့၏။
ပြင်ဆင်မှုများ ပြီးဆုံးသည့်အခါ ကောင်းယွမ်သည် သူ၏ ရုံးခန်းသို့ သွားလိုက်လေသည်။
ထိုစဉ် ရူရူ ဝင်လာခဲ့၏။
"ဥက္ကဋ္ဌ... ဒုဥက္ကဋ္ဌကျန်းက ရှာနေပါတယ်..."
"ဘယ်မှာလဲ..."
"အစည်းအဝေးခန်းမမှာပါ... ကြယ်ကိုးစင်း က ကိုယ်စားလှယ်တွေ ရောက်နေကြပါပြီ..."
ကောင်းယွမ်မှာ အနည်းငယ် အံ့ဩသွားခဲ့ရလေသည်။ သူတို့ ရောက်လာသည့် အချိန်မှာ ကွက်တိပင် ဖြစ်ပေသည်။ သူသည် ကျင်းတစ်ခုကို တူးထားပြီး ဖြစ်ကာ ၎င်းတို့ ခုန်ဆင်းလာမည်ကိုသာ စောင့်နေ ခြင်း ဖြစ်လေ၏။ ထို့အပြင် ဤတစ်ကြိမ်တွင် အနာဂတ်ကမ္ဘာမှ ဆူးတိုက်ကို ပညာပေးရန်အတွက် ကြယ်ကိုးစင်း ၏ အကူအညီမှာ လိုအပ်နေသေးသည် မဟုတ်လား...။
ကြယ်ကိုးစင်း သည် ကုမ္ပဏီအမည်ခံထားသော နိုင်ငံတစ်ခုကဲ့သို့ ဖြစ်သည်ဟု အွန်လိုင်းတွင် ကောလ ဟာလများ ရှိနေခဲ့ပေသည်။ ကြယ်ကိုးစင်း ၏ စီးပွားရေး လုပ်ငန်းများမှာ အလွန်ပင် ကျယ်ပြန့်လှပြီး တောင်ပိုင်းမင်းဆက် ရှိ လူဦးရေ ထက်ဝက်နီးပါးမှာ ကြယ်ကိုးစင်း ကို အားကိုး၍ အသက်မွေးနေကြရ ခြင်း ဖြစ်ပေသည်။ (၇၀) ရာခိုင်နှုန်းကျော်မှာ ကြယ်ကိုးစင်း နှင့် တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေ ကြပေသည်။
ကောင်းယွမ်သည် တောရိုင်းတိရစ္ဆာန်များကို မည်သည့်နေရာမှ ရနိုင်မည်နည်းဟု အစောပိုင်းက စဉ်းစား နေခဲ့ခြင်း ဖြစ်လေ၏။
အရှေ့အလယ်ပိုင်းမှ သူဌေးကြီးများထံမှ ဝယ်ယူရန်ပင် သူ စဉ်းစားခဲ့သေးသည်။ သို့သော် မထင်မှတ်ဘဲ ကြယ်ကိုးစင်း က အိမ်ပေါက်ဝအထိ လာရောက်ပေးခဲ့လေပြီဖြစ်တော့၏။
*ငါက သူတို့ဆီကနေ အမှာစာ အကြီးကြီးကို လက်ခံလိုက်တာဆိုတော့ သူတို့ဘက်က င့ါဆီကို တိရစ္ဆာန်ရုံ တစ်ခုလောက် ပို့ပေးတာကလည်း မဆိုးပါဘူးလေ... *
ကောင်းယွမ်သည် အစည်းအဝေးခန်းမသို့ ချက်ချင်း မသွားသေးပေ။
၎င်းအစား သူသည် တောင်ပိုင်းမင်းဆက် ရှိ ကြယ်ကိုးစင်း ရုံးချုပ်သို့ ရောက်ရှိနေသော အန်းရီ နှင့် အန်းအာ့ တို့အား စတင် ဆက်သွယ်လိုက်လေသည်။
ကောင်းယွမ်သည် အန်းရီ နှင့် အန်းအာ့ တို့အား ကြယ်ကိုးစင်း ၏ ထိပ်တန်းလျှို့ဝှက်ချက်များနှင့် အဓိက နည်းပညာများကို ခိုးယူရန် တာဝန်ပေးထားခြင်း ဖြစ်ပေသည်။ ၎င်းတို့တွင် ထိုနည်းပညာများ မလိုအပ် သော်လည်း ဂျပန် ကုမ္ပဏီများကဲ့သို့ စိတ်ဝင်စားမည့် အခြားသော ကုမ္ပဏီများထံသို့ ပြန်လည် ရောင်းချ ၍ရနိုင်ပေသေးသည်။
အန်းရီ နှင့် အန်းအာ့ တို့မှာ စက်ရုပ်များ ဖြစ်ကြပေရာ ကြယ်ကိုးစင်း ၏ လုံခြုံရေးစနစ်မှ မသိနိုင်အောင် ဒေတာများကို ခိုးယူနိုင်မည့် နည်းလမ်းပေါင်း ထောင်သောင်းချီ၍ ရှိနေကြပေ၏။
ထို့အပြင် တစ်စုံတစ်ယောက်က ထူးခြားမှုကို သတိပြုမိလျှင်ပင် 'လီကျန်းကျီ' ကိုတော့ ဧကန်မုချ သံသယ ရှိကြမည် မဟုတ်ပေ။
လီကျန်းကျီ အဖြစ် ရုပ်ဖျက်ထားသော အန်းရီသည် ကြယ်ကိုးစင်း ရှိ လီဘင်းရှီး ကို စိတ်အေးအောင် လုပ်ပေးနိုင်ရုံတင်မကဘဲ အရေးကြီးသော အချိန်များတွင်လည်း များစွာ အသုံးဝင်နိုင်ပေလိမ့်မည်။
ကောင်းယွမ်သည် အန်းရီ၏ အစီရင်ခံမှုကို နားထောင်နေခဲ့လေသည်။
အန်းရီသည် လီဘင်းရှီး၏ အစီအစဉ်များနှင့် မိန့်ခွန်းများသာမက မော်ဂန်ငယ် နှင့် ပြောဆိုခဲ့သော စကား များကိုပါ ကောင်းယွမ်ထံ ပေးပို့ထားခဲ့လေသည်။
၎င်းတို့ကို ဖတ်ပြီးနောက် ကောင်းယွမ်က လှောင်ပြုံး ပြုံးလိုက်မိလေသည်။
*မော်ဂန် မိသားစု ...*
*နောက်တစ်ယောက်က ခင်ဗျားပဲ... *
ကောင်းယွမ်သည် ရုံးခန်းမှ ထွက်ခွာ၍ အစည်းအဝေးခန်းမဆီသို့ ဦးတည်လိုက်လေသည်။
ကြယ်ကိုးစင်း ၏ ကိုယ်စားလှယ်မှာ အုပ်စု၏ ဒုဥက္ကဋ္ဌ လီထိုက်ရှီး ဖြစ်ပြီး သူသည် ဥက္ကဋ္ဌ လီဘင်းရှီး ၏ ဝမ်းကွဲညီတော်စပ်သူ ဖြစ်သည်ဟု သိရပေသည်။
ဤပုဂ္ဂိုလ် ကိုယ်တိုင် ရောက်ရှိလာခြင်းမှာ ကြယ်ကိုးစင်း ၏ အလွန်အမင်း ရိုးသားမှုကို ပြသနေခြင်းပင် ဖြစ်၏။
ဤအချိန်တွင် လီထိုက်ရှီးမှာ အနည်းငယ် မကျေမနပ် ဖြစ်နေခဲ့သည်။ သူသည် မိမိနှင့် အဆင့်မတူဟု ယူဆထားသော ကျန်းပိုင်ရီ က လာရောက် ကြိုဆိုနေခြင်းကြောင့် အထင်အမြင် သေးခံရသည်ဟု ခံစား နေရသဖြင့် ဝတ္တရားအရသာ ဆက်ဆံနေခဲ့ခြင်း ဖြစ်ပေသည်။
ကောင်းယွမ် အစည်းအဝေးခန်းမအတွင်းသို့ ဝင်သွားသည့်အခါ လီထိုက်ရှီးကို ချက်ချင်း မြင်လိုက်ရလေ သည်။
"ဥက္ကဋ္ဌလီ... အားနာစရာကြီးဗျာ... ဒီလောက် မြန်မြန် ရောက်လာလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး ... တကယ့်ကို မြန်လှချည်လား... ကျွန်တော် ချင်ကျင်းမြို့ ကို ရောက်နေတာနဲ့ အခုပဲ အပြေးအလွှား ပြန်လာခဲ့ရတာပါ... ဒါပေမဲ့ ခင်ဗျားလောက်တော့ မမြန်နိုင်ခဲ့ဘူး..."
ကောင်းယွမ်သည် လီထိုက်ရှီး၏ လက်ကို အလွန်ပင် ရင်းနှီးဖော်ရွေစွာ ဆုပ်ကိုင်လိုက်ရင်း နှုတ်ဆက် လိုက်ရာ သူ၏ မျက်လုံးများမှာလည်း ရိုးသားမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။
"ဒုဥက္ကဋ္ဌကျန်း... ဥက္ကဋ္ဌလီ အတွက် လက်ဆောင်လေး ဘာလေး မပေးရသေးဘူးလား... ကျွန်တော်တို့ရဲ့ နောက်ဆုံးထုတ်ကုန် ဖြစ်တဲ့ အပူချိန်ထိန်းအဝတ်အစား တွေကို ထုတ်ပေးလိုက်ပါ... ကြယ်ကိုးစင်း ဟာ ကျွန်တော်တို့အတွက် အနာဂတ်မှာ အရေးကြီးတဲ့ မိတ်ဖက်ဖြစ်တာကြောင့် ကျွန်တော်တို့ဘက်က ရိုးသားဖို့ လိုတယ်... နားလည်တယ် မဟုတ်လား..."
ကျန်းပိုင်ရီသည် အူအတောင့်တောင့် ဖြစ်သွားခဲ့ရ၏။
*ရိုးသားမှု ဟုတ်လား... *
*မင်းမှာ အဲဒီလို အရာမျိုး ရှိလို့လား... *
ရွှေတြိဂံဒေသ တောနက်ထဲတွင် ကောင်းယွမ်နှင့်အတူ ဒုက္ခပေါင်းစုံကို ရင်ဆိုင်ခဲ့ရပြီးကတည်းက ကျန်းပိုင်ရီသည် ဤဘဝတွင် ကောင်းယွမ်ကို ရန်သူအဖြစ် မည်သည့်အခါမျှ မသတ်မှတ်တော့ဟု ဆုံးဖြတ်ထားသူ ဖြစ်ပေသည်။
ဤလူမှာ အဆင့်မြင့် နည်းပညာများစွာကို ပိုင်ဆိုင်ထားရုံတင်မကဘဲ ကောက်ကျစ်စဉ်းလဲသော နည်းပညာများကိုလည်း အလွန်ပင် စွဲလမ်းသူ ဖြစ်ပေသည်။
၎င်းမှာ အမှန်တကယ်ပင် စိတ်ပျက်စရာ ကောင်းလှ၏။
အကယ်၍ လီထိုက်ရှီးသာ တောင်းဆိုခဲ့မည်ဆိုလျှင် ကျန်းပိုင်ရီ အနေဖြင့် အပူချိန်ထိန်းအဝတ်အစား ပေးလိုက်ခြင်းကြောင့် လျှို့ဝှက်ချက်များ ပေါက်ကြားသွားမည်ကို စိုးရိမ်နေမည်မှာ သေချာလှသည်။ သို့သော်လည်း ယခုအခါ ကောင်းယွမ် ကိုယ်တိုင်က ပေးမည်ဟု ပြောနေခြင်း ဖြစ်ပေရာ...၊
ကျန်းပိုင်ရီ မစိုးရိမ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ကောင်းယွမ်က တစ်ခုခုကို ပေးလိုသည်ဆိုပါက ထိုအရာကို သူတို့အနေဖြင့် နှစ်ပေါင်းနှစ်ဆယ်ကြာအောင် လေ့လာလျှင်တောင် နားလည်နိုင်မည် မဟုတ် ကြောင်း သိထားသောကြောင့်ပင် ဖြစ်လေသည်။
ကျန်းပိုင်ရီသည် ယခင်က ကောင်းယွမ်အား မူပိုင်ခွင့် လျှောက်ထားရန် တိုက်တွန်းခဲ့ဖူးသော်လည်း ကောင်းယွမ်က သူ့အား သင်ခန်းစာတစ်ခု ပေးခဲ့လေသည်။
“မူပိုင်ခွင့် ဆိုတာ အကျိုးစီးပွား ရရှိပြီးသားသူတွေကိုပဲ ကာကွယ်ပေးထားတာမျိုးပဲ… သာမန်လူတွေ ရှာတဲ့ ငွေဆိုတာက ကိစ္စသေးသေးလေးတွေကနေ ရတာပါ... မြင်းရဲ့ အရိုးကို ဝယ်ဖို့ ငွေအမြောက် အမြား အသုံးရသလိုမျိုးပေါ့... တကယ်လို့ မူပိုင်ခွင့်က မင်းရဲ့ နည်းပညာကို ကာကွယ်ပေးနိုင်မယ်လို့ တကယ် ယုံကြည်နေမယ်ဆိုရင်တော့ မင်း ရှုံးသွားပါပြီ...”
ယခုကဲ့သို့သော ခေတ်သစ် နည်းပညာတစ်ခုကို မူပိုင်ခွင့် တင်လိုက်သည်နှင့် အမျိုးမျိုးသော အဖွဲ့ အစည်းများနှင့် လူပုဂ္ဂိုလ်များက သင်၏ နည်းပညာနှင့် 'မတူညီသော' သို့သော်လည်း အာနိသင်ချင်း တူညီသော နည်းပညာများကို လျင်မြန်စွာ ဖန်တီးလာကြမည်သာ ဖြစ်ပေ၏။
ကောင်းယွမ်သည် ဤအရာများကို ဈေးကွက်ထဲသို့ ချပြ၍ ၎င်းတို့အား လေ့လာခိုင်းလျှင်ပင် သူတို့ အနေဖြင့် နားလည်နိုင်ကြမည် မဟုတ်ဟု ယုံကြည်ချက် အပြည့် ရှိနေခဲ့သည်။
“အကယ်၍ မင်းက အခြားသူတွေထက် တစ်လှမ်းသာနေမယ်ဆိုရင် မင်း ပေါ်လာတာနဲ့ တခြားသူတွေက လိုက်လာကြမှာပဲ... အဲဒီအချိန်မှာ မူပိုင်ခွင့် တင်ထားတာက အနည်းဆုံးတော့ ငွေအချို့ ရနိုင်တာပေါ့...”
“ဒါပေမဲ့ မင်းက အခြားသူတွေထက် အလှမ်းနှစ်ဆယ်လောက် သာနေမယ်ဆိုရင်တော့ မင်း ဘာလုပ်နေ သလဲဆိုတာကိုတောင် သူတို့ နားလည်ကြမှာ မဟုတ်ဘူး... အဲဒီတော့ ဘယ်လိုလုပ် လိုက်နိုင်မှာလဲ... မူပိုင်ခွင့် တင်လိုက်တာက သူတို့ကို လမ်းညွှန်ချက် ပေးလိုက်သလို ဖြစ်နေလိမ့်မယ်...”
“လူတိုင်းက စည်းကမ်းလိုက်နာကြတယ် ဆိုရင်တောင်မှ မူပိုင်ခွင့်ကနေ ရမယ့် ငွေက လက်ဝါးကြီးအုပ် ရောင်းချရတာနဲ့ ယှဉ်ရင် ဘယ်လောက်များ ရနိုင်မှာမို့လို့လဲ...”