အခန်း ၇၇
Vol. 8 Ch. 77
အခန်း (၇၇)
တာချင်းတောင်၏ အရှင်သခင်
"ဌာနမှူးချင်... ကျွန်တော် အခုပဲ ကျုံးကျင်းကို လာခဲ့ရမလား..."
"မင်းသဘောပဲ... ဒါပေမဲ့ သုံးရက်အတွင်း ရောက်မလာရင်တော့ တာချင်းတောင် ကိစ္စကို ဖျက်သိမ်း လိုက်တော့မယ်... မင်း တကယ်လို့ မလိုချင်ဘူးဆိုရင်လည်း မလာခဲ့နဲ့တော့..."
ကောင်းယွမ်သည် စိတ်ထဲ၌ ကျိန်ဆဲလိုက်ချင်သော်လည်း မလုပ်ရဲခဲ့ပေ။
"ဌာနမှူးချင်... တာချင်းတောင်အတွက် ငွေပေးရဦးမှာလား..."
"မင်းက ငွေမပေးချင်ဘူးလား... မင်းမှာ ငွေတွေ အလျှံပယ် ရှိနေတာ မဟုတ်လား..."
ချင်ထျဲ့ကျွင်းက ပြန်လည် မေးခွန်းထုတ်လိုက်လေ၏။
"ဌာနမှူး လိုအပ်တယ် မလိုအပ်ဘူးဆိုတာက တစ်ပိုင်းပေါ့... ကျွန်တော်တို့ဘက်က ပေးဖို့ လိုတယ် မလို ဘူးဆိုတာက တစ်ပိုင်းလေ... ဟုတ်တယ်မလားခင်ဗျာ..."
"ကောင်းပြီ... စိတ်မပူပါနဲ့... အခမဲ့ပါပဲ... ဒါပေမဲ့ အခြေအနေ တစ်ခုတော့ ရှိတယ်... တာချင်းတောင်က လက်ရှိမှာ သစ်တော ပြန်လည် တည်ထောင်ရေးအတွက် ပိတ်ထားတာ... မင်းအနေနဲ့ တောင်ပေါ်မှာ အဆောက်အအုံတွေ ဆောက်လို့ရပေမဲ့ သစ်တော ဖုံးလွှမ်းမှုနှုန်းက (၅၀) ရာခိုင်နှုန်းထက် ကျော်ရမယ်... ပြီးတော့ သစ်ပင် တစ်ပင် ဖျက်ဆီးတိုင်း တခြား တစ်နေရာမှာ သစ်ပင် တစ်ပင် ပြန်စိုက်ပေးရမယ်..."
ဌာနမှူးချင်က ပြောလိုက်လေသည်။
"နားလည်ပါပြီ... ပြဿနာ မရှိပါဘူး... ကျုံးကျင်းကို ရောက်တာနဲ့ ကျွန်တော် ဆက်သွယ်လိုက်ပါ့မယ်..."
ကောင်းယွမ်သည် ပြောပြီးသည်နှင့် ဖုန်းကို ချက်ချင်း ချလိုက်လေသည်။
ချင်ထျဲ့ကျွင်းမှာ ခဏမျှ မှင်သက်သွားခဲ့ရ၏။ နှစ်ပေါင်းများစွာအတွင်း မည်သူမျှ သူ့ထက် အရင် ဖုန်းချ သွားခြင်း မရှိခဲ့ဖူးပေ။ ယခုမူ ထိုလူငယ်လေးက ပထမဆုံး ဖြစ်ပေသည်။
"ထားလိုက်ပါတော့လေ..."
ချင်ထျဲ့ကျွင်းသည် ခါးသီးစွာ ပြုံးလျက် ရေရွတ်လိုက်၏။
သူ၏ ဘေးတွင် အပူချိန်ထိန်းအဝတ်အစား တစ်ထည် ရှိနေပြီး ရှေ့ရှိ စားပွဲပေါ်တွင်မူ ငါးရံ့နက်နည်း ပညာ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သော ငါးရံ့နက်ဉာဏ်ရည်ပစ္စည်းကုမ္ပဏီမှ ထုတ်လုပ်သည့် ဉာဏ်ရည်တု ကိရိယာတစ်ခု၏ မှတ်ပုံတင်စာရွက်စာတမ်းများ ရှိနေခဲ့ပေသည်။
"(၃) ဖက်မြင် ဆက်သွယ်ရေးလက်ပတ် ဟုတ်လား... ဒီကောင်လေး ဘာတွေ ကြံစည်နေတာပါလိမ့်..."
...
ငါးရံ့နက်နည်းပညာ စက်မှုဇုန်အတွင်း၌ ကောင်းယွမ်သည် ရှဝေမှ ကျိုးလဲ့နှင့် စကားပြောနေခဲ့လေ သည်။
"ဥက္ကဋ္ဌကျိုး... ကြယ်ကိုးစင်းက ခင်ဗျားတို့ရဲ့ အွန်လိုင်း အရောင်းလမ်းကြောင်းတွေကို လိုချင်နေတာ..."
ကျိုးလဲ့သည် ခဏမျှ အံ့အားသင့်သွားခဲ့ရလေ၏။
"ဒါကိုတော့ ပေးလို့ မဖြစ်ဘူး... ကျွန်တော်တို့က စမတ်ဖုန်းတွေပဲ ရောင်းတာ ရပ်မှာလေ... တခြား ပစ္စည်းတွေကိုတော့ ဆက်ရောင်းဦးမှာပဲ မဟုတ်လား...။ အခု ဒါကို ပေးလိုက်ရင် နောက်မှ ပြန်စဖို့က အားထုတ်မှုတွေ အများကြီး လိုလိမ့်မယ်..."
ကောင်းယွမ်က ပြုံးလိုက်လေသည်...၊
"ဥက္ကဋ္ဌကျိုး... စဉ်းစားကြည့်ပါဦး... ခင်ဗျားတို့ရဲ့ လက်ကိုင်ဖုန်း လုပ်ငန်းကို ရောင်းလိုက်ရင် အွန်လိုင်း အရောင်းဆိုင်တွေရဲ့ ရောင်းအားက အနည်းဆုံး (၈၀) ရာခိုင်နှုန်းလောက် ကျသွားမှာပဲ... ပြီးတော့ အား လုံးကို ပေးရမှာ မဟုတ်ပါဘူး... ရှဝေမှာ အွန်လိုင်း အရောင်းဆိုင်တွေ ဘယ်လောက်တောင် များလဲ... အခု သူတို့ကို ဈေးကြီးကြီးနဲ့ ရောင်းလိုက်ပါ... နောက် အများဆုံး တစ်လလောက်နေရင် အဲဒီဆိုင်တွေက အသုံးမဝင်တော့ဘူးဆိုတာ သူတို့ သိသွားလိမ့်မယ်... အဲဒီကျမှ ခင်ဗျားက ဈေးသက်သက်သာသာနဲ့ ပြန် ဝယ်လိုက်ပေါ့..."
ကျိုးလဲ့မှာ မှင်သက်သွားခဲ့ရ၏။
*ဒီလိုလည်းလုပ်လို့ရတာလား... *
"ဒီနည်းလမ်းနဲ့ ငွေရှာတာက ပစ္စည်းရောင်းတာထက် ပိုမြန်တယ် မဟုတ်လား..."
ကျိုးလဲ့က ခေါင်းညိတ်လိုက်လေသည်။
"ဥက္ကဋ္ဌကောင်း ပြောတာ အဓိပ္ပာယ် ရှိပါတယ်... ဒါပေမဲ့ ကြယ်ကိုးစင်းက ဒါကို သိသွားရင် အကြီး အကျယ် စိတ်ဆိုးသွားမှာ မစိုးရိမ်ဘူးလား..."
ကောင်းယွမ်က ရယ်မောလိုက်လေ၏။
"စိတ်ဆိုးတော့ ဘာလုပ်နိုင်မှာလဲ... ကျွန်တော့်ကို လာရိုက်မလား... သူတို့ဆီက ပြန်ဝယ်ပေးတာက သူတို့ရဲ့ ဆုံးရှုံးမှုကို ကာမိစေတာမို့ ခင်ဗျားက သူတို့ရဲ့ ကယ်တင်ရှင်တောင် ဖြစ်နိုင်သေးတယ်... အရင်းရှင်ဆိုတာ စိတ်ခံစားချက်ထက် အကျိုးအမြတ်ကိုပဲ ကြည့်တာလေ..."
"အမှန်တော့... ဆိုင်အသစ် ပြန်ဖွင့်တာက ဘာမှ မခက်ခဲပါဘူး... အွန်လိုင်းမှာ ရှဝေ ထုတ်ကုန်တွေ ရောင်းတဲ့ ဆိုင်တွေ အများကြီး ရှိတာပဲ... အဓိက ဆိုင်ကြီး မရှိလည်း ပြဿနာ မရှိပါဘူး... နောက်ပိုင်း ထုတ်ကုန်သစ်တွေ နေရာကျလာပြီး ဈေးကွက် ရရှိလာတဲ့အခါမှ ပြန်ဖွင့်တာက ပိုပြီး အဆင်ပြေပါလိမ့် မယ်... အခုလို အရောင်းအဝယ် ပါးနေချိန်မှာ ဆိုင်ထိန်းသိမ်းခတွေကလည်း မနည်းဘူးလေ..."
ကျိုးလဲ့သည် ကောင်းယွမ်၏ ဖျောင်းဖျမှုကို လက်ခံလိုက်လေသည်။
ကောင်းယွမ်သည် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်လေ၏။
"ဥက္ကဋ္ဌကျိုး... ဒါဆို အဆင်ပြေသွားပြီပေါ့... ဥက္ကဋ္ဌလဲ့နဲ့ ဥက္ကဋ္ဌချန်းတို့လည်း ဒါကို နားလည်ကြမှာပါ... ဒါ့အပြင် ခင်ဗျားတို့ ကိုယ်ပိုင် အွန်လိုင်း အရောင်းဆိုင်ကိုလည်း လက်ပတ်ဖုန်းတွေပေါ်မှာ တိုက်ရိုက် မိတ်ဆက်လို့ ရသေးတာပဲလေ..."
ကျိုးလဲ့သည် ကောင်းယွမ်က သူတို့အတွက် အစားပြန်ပေးနေခြင်း ဖြစ်ကြောင်း သိလိုက်ရ၏...
"ဥက္ကဋ္ဌကောင်းက အမှန်တကယ်ကိုပဲ ဖြောင့်မတ်လှပါပေတယ်... ခင်ဗျားအနေနဲ့ ဒါတွေကို စိတ်ပူစရာ မလိုပါဘူး... ကျွန်တော်တို့အတွက် အများကြီး ကူညီပေးခဲ့တာပဲလေ..."
ကောင်းယွမ်က ပြုံးလိုက်မိလေ၏...။
*ဟုတ်တယ်လေ... ခင်ဗျားတို့ကြောင့်ပဲ ကြယ်ကိုးစင်းက ကျွန်တော့်အတွက် အမေရိကန် ဈေးကွက်ကို ဖွင့်ပေးခဲ့သလို တောရိုင်းတိရစ္ဆာန် ဥယျာဉ် ဆောက်ဖို့ကိုလည်း ကူညီပေးနေတာ မဟုတ်လား... *
"ဒါက ဘာမှ မဟုတ်ပါဘူး..."
...
ကြယ်ကိုးစင်း ကိစ္စရပ်များကို ဖြေရှင်းပြီးနောက်...၊
ကောင်းယွမ်သည် ကျုံးကျင်းသို့ တိုက်ရိုက် ဦးတည်လိုက်လေသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သူ သည် ညမှောင်ရီ ပျိုးစတွင် ငှက်တစ်ကောင်အဖြစ် အသွင်ပြောင်း၍ ခရီးနှင်ရန် ဆုံးဖြတ်လိုက်လေ၏။
ပတာရိုဆောအဖြစ် အသွင်ပြောင်းခြင်းမှာ အားကောင်းသော်လည်း ပျံသန်းမှု အရှိန်နှင့် ဖျတ်လတ်မှုမှာ ထင်သလောက် မကောင်းလှသကဲ့သို့ လူအများ၏ အာရုံကိုလည်း ဆွဲဆောင်နိုင်လွန်းပေသည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင်မူ ကောင်းယွမ်သည် အသွင်ပြောင်းစက်အတွင်းရှိ အမြန်ဆုံး ငှက်တစ်မျိုး ဖြစ်သော ပျံလွှားလည်ဖြူကို ရွေးချယ်လိုက်၏။
ယောကျာ်းသား တစ်ဦးဖြစ်သည့် အလျောက် သူသည် အရှိန်အဟုန်နှင့် စွမ်းအားကို တိုးမြှင့်ပေးနိုင်သော စက်ကိရိယာ မှန်သမျှကို နှစ်သက်လေသည်။ ဥပမာအားဖြင့် ကလေးဘဝတွင် မြေတူးစက်များကို စိတ်ဝင်စားကြပြီး ကြီးပြင်းလာသည့်အခါတွင်မူ အရှိန်ပြင်းသော ကားများကို နှစ်သက်ကြသည် မဟုတ် ပါလော။
အဘယ်ကြောင့်ဆိုသော် ထိုအရာများက စွမ်းအား၏ ရင်ခုန်လှုပ်ရှားမှုကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်၏။
ယခုမူ ကောင်းယွမ်သည် ထိုထက်မကသော အရာများကို လုပ်ဆောင်နေခြင်း ဖြစ်သည်။
အသွင်ပြောင်းစက်တွင် ကန့်သတ်ချက်များ ရှိနေသဖြင့် ကောင်းယွမ်သည် သူ၏ ကိုယ်အလေးချိန်နှင့် အညီ အဆမတန် ကြီးမားသော လည်ဖြူ ပျံလွှားအဖြစ် အသွင်ပြောင်းလိုက်ရ၏။
သာမန် ပျံလွှားလည်ဖြူ တစ်ကောင်မှာ (၁၀) စင်တီမီတာမှ( ၂၀) စင်တီမီတာခန့်သာ ရှိသော်လည်း ကောင်းယွမ်၏ အသွင်မှာမူ (၈၀) စင်တီမီတာကျော် ရှည်လျားပြီး အတောင်ပံ ဖြန့်လိုက်ပါက (၃) မီတာခန့်အထိ ရှိနေခဲ့ပေသည်။
ယင်းမှာ အဆပေါင်းများစွာ ကြီးမားသွားသော ပျံလွှားလည်ဖြူကြီး တစ်ကောင် ဖြစ်၏။
သို့သော် ကောင်းယွမ်မှာမူ သူ၏ အသွင်အပြင်မှာ စစ်မှန်မှု ရှိမရှိကို ဂရုမစိုက်ပေ။ အရွယ်အစား ကြီးမား လာခြင်းသည် အရှိန်နှင့် ခွန်အားကိုပါ ကြီးမားစွာ တိုးတက်စေသောကြောင့် ဖြစ်၏။
ကောင်းယွမ်သည် အတောင်ပံများမှ ထွက်ပေါ်လာသော စွမ်းအားများကို ခံစားနေရပေသည်။
ဤခရီးစဉ်မှာ ယခင်ကထက် ပိုမို လုံခြုံမှု ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဘေးတွင် ကိုယ်ပျောက် ကင်းထောက်ဒရုန်း နှစ်စင်းက ပါဝင်လာပြီး အန္တရာယ်များကို ကြိုတင် ထောက် လှမ်းပေးနေသောကြောင့် ဖြစ်၏။
ထို့အပြင် ကောင်းယွမ်သည် ကာကွယ်ရေးစက်လုံးကိုလည်း ဝတ်ဆင်ထားသေးသည်...။
ကောင်းယွမ် ငှက်အဖြစ် အသွင်ပြောင်းထားသည်ကို မည်သူမျှ သိနိုင်မည် မဟုတ်သဖြင့် ဤခရီးစဉ်မှာ အမှားအယွင်း ရှိစရာ အကြောင်းမရှိပေ။
ညဥ့်မှောင်ရီအတွင်း ကောင်းယွမ်သည် သူ၏ ကြီးမားသော အတောင်ပံများကို ခတ်လိုက်လေသည်။
တစ်ကိုယ်လုံး... မဟုတ်သေးပါ...၊
ငှက်ကြီး တစ်ကောင်လုံးသည် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့လေပြီ။
ပျံလွှား လည်ဖြူများသည် အလွန် လျင်မြန်လှပြီး တစ်စက္ကန့်လျှင် မီတာ (၁၀၀) ခန့်အထိ ပျံသန်းနိုင် သကဲ့သို့ သာမန် အရှိန်မှာပင် မီတာ (၅၀) ခန့် ရှိပေသည်။
ယခုအခါ ကောင်းယွမ်မှာ အရွယ်အစား ကြီးမားလာသည်နှင့်အမျှ အရှိန်မှာလည်း အဆပေါင်းများစွာ မြန်ဆန်သွားခဲ့ပေ၏။
ကောင်းယွမ်၏ ပျံသန်းမှု အရှိန်မှာ ခရီးသည်တင် လေယာဉ်ကြီး တစ်စင်းနှင့်ပင် တူညီနေခဲ့ပေသည်။
သူသည် ကျုံးကျင်းမြို့ဆီသို့ တောက်လျှောက် ပျံသန်းသွားခဲ့လေသည်။
ထိုအချိန်တွင် ကျုံးကျင်းမြို့ ဆင်ခြေဖုံးရှိ ခြံဝင်းတစ်ခုအတွင်း၌ ချင်ဖန်းသည် ရပ်နေခဲ့၏။ ဤနေရာမှာ သူ၏ အခြေစိုက်စခန်း ဖြစ်ပြီး ငှားရမ်းခမှာလည်း အလွန်ပင် သက်သာလှပေသည်။
ချင်ဖန်းသည် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေရ၏။ လွန်ခဲ့သော အချိန်အချို့က သူသည် ကျုံးကျင်းမြို့ ကောင်းကင်ယံ၌ အင်န်ဒီယန် လင်းယုန် တစ်ကောင်ကို ဓာတ်ပုံရိုက်ကူးနိုင်ခဲ့သဖြင့် ဓာတ်ပုံ လောကတွင် နာမည်ကျော်ကြားခဲ့သော်လည်း နောက်ပိုင်းတွင် မည်သူမျှ ထိုလင်းယုန်ကို မမြင်တွေ့ရ တော့သဖြင့် သူ့အား အတုအယောင် လုပ်ဆောင်သည်ဟု သံသယ ဝင်ခြင်း ခံနေရသောကြောင့် ဖြစ်၏။
ချင်ဖန်းသည် ဤအချက်ကို လက်မခံနိုင်ပေ... ကျုံးကျင်း၌ အင်န်ဒီယန် လင်းယုန် အမှန်တကယ် ရှိ ကြောင်း သူ သက်သေပြလိုနေခဲ့ပေသည်။
ချင်ဖန်းသည် သူ၏ ကင်မရာကို အမြဲတစေ အသင့်ပြင်ထားပြီး ကျုံးကျင်းမြို့ ကောင်းကင်ယံကို စောင့် ကြည့်နေခဲ့၏။ ယခုအခါ သူသည် ညကြည့် မှန်ဘီလူးကို အသုံးပြု၍ စောင့်ကြည့်နေခြင်း ဖြစ်သည်။
ရုတ်တရက် ကြီးမားသော ငှက်ကြီးတစ်ကောင် ပျံသန်းသွားသည်ကို မြင်လိုက်ရလေ၏။
ချင်ဖန်း၏ စိတ်ဓာတ်များ ပြန်လည် တက်ကြွလာခဲ့လေသည်။
ထိုအရွယ်အစားကို ကြည့်ခြင်းဖြင့် အင်န်ဒီယန် လင်းယုန် ဖြစ်နိုင်ပေသည်။ သူ၏ နာမည်ကို ပြန်လည် ဆယ်နိုင်တော့မည် ဖြစ်ချေ၏။
သို့သော် နောက်တစ်စက္ကန့်တွင် ထိုငှက်ကြီးမှာ အလွန် မြန်ဆန်သော အရှိန်ဖြင့် ပျံသန်းကွယ်ပျောက် သွားခဲ့လေတော့သည်။
ချင်ဖန်းသည် ဘာမှမစဉ်းစားတော့ဘဲ ကင်မရာ ခလုတ်ကို အဆက်မပြတ် နှိပ်လိုက်လေတော့သည်။
ငှက်ကြီး ပျောက်ကွယ်သွားသည့်တိုင်အောင် သူသည် အခန်းထဲသို့ မဝင်သေးပေ။ သူ ရိုက်ကူးထားသော ဓာတ်ပုံများကို ပြန်လည် ကြည့်ရှုလိုက်သော်လည်း အလင်းရောင် နည်းပါးလွန်းပြီး အကွာအဝေး မှာ လည်းဝေးလွန်း သဖြင့် သေချာ မြင်ရခြင်းမရှိပေ။
သို့သော် ဓာတုနည်းဖြင့် အလင်းချိန်ညှိလိုက်သည့်အခါတွင်မူ ငှက်၏ ပုံသဏ္ဍာန်ကို ဝေဝါးစွာ မြင်တွေ့ လိုက်ရတော့၏။
*မဟုတ်သေးဘူး... အင်န်ဒီယန် လင်းယုန် မဟုတ်ဘဲ ပျံလွှားငှက်နဲ့ ပိုတူနေတယ်... *
သို့သော် ကမ္ဘာပေါ်ရှိ အကြီးဆုံး ပျံလွှားငှက်သည်ပင် (၃၀) စင်တီမီတာထက် မပိုပေ... သူ မြင်လိုက် ရသော ငှက်မှာမူ အနည်းဆုံး (၈၀) စင်တီမီတာခန့် ရှိနေခဲ့ပေသည်။
*ပျံလွှားငှက်က ဒီလောက်အထိ ကြီးလို့လား... *
သို့သော် ထိုတံစဉ်သဏ္ဍာန် အတောင်ပံများမှာမူ ပျံလွှားငှက်၏ လက္ခဏာပင် ဖြစ်၏...။
ချင်ဖန်းသည် ဇဝေဇဝါ ဖြစ်သွားခဲ့ရလေသည်။ ထို့ကြောင့် သူသည် ရှနိုင်ငံ ဓာတ်ပုံဆရာများ အသင်း ဥက္ကဋ္ဌဖြစ်သူ ချောင်ဖုန်းထံမှ အကူအညီ တောင်းရန် ဆုံးဖြတ်လိုက်တော့သည်။
...
ထိုအချိန်တွင် ကောင်းယွမ်သည် ကျုံးကျင်းမြို့၏ လမ်းမများပေါ်တွင် ရပ်နေခဲ့ပြီ ဖြစ်၏။
သူသည် ဟိုတယ်တစ်ခုကို ရှာဖွေခြင်း မပြုဘဲ ဆိတ်ငြိမ်သော ထောင့်တစ်ခုသို့ လျှောက်လှမ်းသွားကာ ဦးနှောက်လှိုင်းများဖြင့် ကမ္ဘာကူးတံခါးကို ခေါ်ယူလိုက်လေသည်။
ကောင်းယွမ်သည် အချိန်နှင့် အာကာသ တံခါးကို ဖြတ်ကျော်ပြီးနောက် တည်နေရာ မည်သို့ ပြောင်းလဲ သွားသည်ကို စမ်းသပ်လိုနေခဲ့ခြင်းဖြစ်ပေသည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင်မူ သူသည် ဖုန်း၏ တည်နေရာ ပြဗဟိုကို ဖွင့်လှစ်ကာ သူ၏ လက်ရှိ တည်နေရာကို မှတ်သားလိုက်လေသည်။
တံခါးကို ဖြတ်ကျော်ဝင်ရောက်သွားပြီးနောက် မြင်လိုက်ရသော မြင်ကွင်းကြောင့် ကောင်းယွမ်မှာ မှင်သက်သွားခဲ့ရလေတော့သည်။