← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

အခန်း (၈၀)

ဂြိုဟ်သားများနှင့် ပူးပေါင်းကြံစည်နေသလော

ဘယ်သူများ ဖြစ်နိုင်မလဲ...။

အဖြေကတော့ အသင့်ရှိနေခဲ့ပြီ ဖြစ်သည်။ ငါးရံ့နက် နည်းပညာကုမ္ပဏီပင် ဖြစ်၏။ သို့သော်လည်း မည်သူမျှ မယုံရဲသကဲ့သို့ မယုံဘဲလည်း မနေရဲကြပေ...။

အဘယ်ကြောင့်ဆိုသော် လတ်တလောတွင် မည်သည့်နိုင်ငံကမျှ လကမ္ဘာသို့ အာကာသယာဉ် လွှတ်တင် ထားခြင်း မရှိသောကြောင့် ဖြစ်သည်...။ လကမ္ဘာသည် ကမ္ဘာမြေ၏ အနီးနားတွင်သာ ရှိနေသော်လည်း ဤကဲ့သို့ ကြီးမားလှသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ရန်အတွက် အကြိမ်ပေါင်းများစွာ လွှတ်တင်ရန် လိုအပ်သည် မဟုတ်ပါလော...။

ထို့အပြင် အမေရိကန်နှင့် ရှနိုင်ငံမှ နည်းပညာရှင်များသည်လည်း ငါးရံ့နက်ကဲ့သို့သော ပုဂ္ဂလိက ကုမ္ပဏီ အသစ်တစ်ခုက လကမ္ဘာပေါ်တွင် ဤမျှအထိ လုပ်ဆောင်နိုင်လိမ့်မည်ဟု မယုံကြည်ကြပေ...။

သို့ဆိုလျှင် ငါးရံ့နက် နည်းပညာကုမ္ပဏီ မဟုတ်ပါက မည်သူ ဖြစ်နိုင်ဦးမည်နည်း...။

ဂြိုဟ်သားများလော...။

သို့မဟုတ်ပါက ငါးရံ့နက် နည်းပညာကုမ္ပဏီသည် ဂြိုဟ်သားများနှင့် လျှို့ဝှက် ပူးပေါင်းနေခြင်းလော...။

ယင်းမှာ ပို၍ပင် ရယ်စရာကောင်းလှပေသည်...။

ထိုအချိန်တွင် ကောင်းယွမ်သည် ချင်ထျဲ့ကျွင်းထံသို့ ဖုန်းခေါ်ဆိုလိုက်လေသည်...။

ချင်ထျဲ့ကျွင်းမှာ ရှေးဦးစွာ အာကာသအေဂျင်စီမှ မဟုတ်သကဲ့သို့ ၎င်း၏ တာဝန်လည်း မဟုတ်ပေ...။ သို့သော်လည်း ငါးရံ့နက် နည်းပညာကုမ္ပဏီ ပါဝင်ပတ်သက်နေသောကြောင့် ချင်ထျဲ့ကျွင်းသည် အထက် လူကြီးများမှတစ်ဆင့် ငါးရံ့နက် နည်းပညာအတွက် အထူး အခွင့်အရေးတစ်ခုကို ရရှိထားခဲ့ခြင်း ဖြစ် လေသည်...။

ဤအချက်မှာ အနည်းငယ် အနေရခက်စေ၏...။ ချင်ထျဲ့ကျွင်းသည် နံနက်စောစော၌ အမျိုးသား အစိုးရရေးရာ ဗဟိုဌာနတွင် ကျင်းပသော အစည်းအဝေးတစ်ခုသို့ ခေါ်ယူခြင်း ခံခဲ့ရလေသည်...။

ထိုနေရာ၌ အာကာသအေဂျင်စီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုံးပျံတပ်ဖွဲ့နှင့် သိပ္ပံအကယ်ဒမီတို့မှ ကိုယ်စားလှယ်များလည်း ရှိနေခဲ့ကြပေ၏...။

ချင်ထျဲ့ကျွင်းသည် အစည်းအဝေးတွင် ရှိနေစဉ်...၊ ကောင်းယွမ်၏ ဖုန်းခေါ်ဆိုမှုကို မြင်တွေ့လိုက်ရလေ သည်...။

အစည်းအဝေးကို အရာရှိချုပ် ကျိုးကျန်းလီက ဦးဆောင်ကျင်းပနေခြင်း ဖြစ်၏...။

ချင်ထျဲ့ကျွင်း၏ ဇဝေဇဝါ ဖြစ်နေသော အမူအရာကို မြင်သည့်အခါ ကျိုးကျန်းလီက လက်ဝှေ့ယမ်းပြ ကာ မေးမြန်းလိုက်သည်...။

"ကောင်းယွမ်ဆီက ဖုန်းလာတာလား..."

ချင်ထျဲ့ကျွင်းက ခေါင်းညိတ်ပြလိုက်လေ၏...။

"စပီကာ ဖွင့်လိုက်ပါ..."

ချင်ထျဲ့ကျွင်းသည် သူ၏ဖုန်းကို စားပွဲပေါ်တွင် တင်လိုက်လေသည်...။ ဖုန်းချိတ်ဆက်သွားသည်နှင့် တစ်ပြိုင်နက် ကောင်းယွမ်၏ အသံမှာ ထွက်ပေါ်လာခဲ့လေ၏...။

"ဌာနမှူးချင်... ကျွန်တော် ကျုံးကျင်းကို ရောက်နေပါပြီ... ဘယ်မှာ တွေ့လို့ ရမလဲ..."

"မင်း ဘာတွေ လုပ်လိုက်ပြန်ပြီလဲ ကောင်လေး... တစ်ကမ္ဘာလုံးက မင်းကို လိုက်ရှာနေကြပြီလေ..."

"ကျွန်တော်လား... ကျွန်တော် ဘာမှ မလုပ်ပါဘူး..."

ကောင်းယွမ်သည် ဤကိစ္စကို သေချာပေါက် ဝန်ခံမည်မဟုတ်ပေ...။ ယင်းမှာ သူ၏ ကိုယ်ပိုင် ကြော်ငြာ သက်သက်သာ ဖြစ်ပေသည်...။ မည်သို့ပင်ဆိုစေကာမူ သူလုပ်ခဲ့သည်ဆိုသော အထောက်အထား သူတို့ ၌ မရှိပေ...။

သူသာ ဝန်မခံသရွေ့...၊ ထိုကြော်ငြာမှာ အကောင်းဆုံး ဖြစ်နေပေလိမ့်မည်...။

"လကမ္ဘာပေါ်က စာသားတွေက ဘာလဲ..." ဟု ချင်ထျဲ့ကျွင်းက မေးလိုက်၏...။

"ဘယ်စာသားတွေလဲ... လကမ္ဘာပေါ်မှာ စာသားတွေ ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ..."

ကောင်းယွမ်က အံ့ဩဟန်ဖြင့် ပြန်လည် မေးမြန်းလိုက်လေသည်...။

ချင်ထျဲ့ကျွင်းမှာ မတတ်သာသည့် အမူအရာဖြင့်၊

"ငါ့ကို နောက်မနေနဲ့... မင်းမဟုတ်ရင် ဘယ်သူ ရှိဦးမှာလဲ... လကမ္ဘာပေါ်မှာ ကြော်ငြာရုံတင်မကဘဲ နေမင်းကြီးပေါ်မှာပါ သွားပြီး မလုပ်လိုက်သေးဘူးလား..."

ကောင်းယွမ်က စိတ်ထဲမှ တွေးတောနေမိ၏။

*ကျွန်တော့်အနေနဲ့တော့ ကန့်ကွက်စရာ မရှိပါဘူး၊ ဒါပေမဲ့ အနာဂတ်ကမ္ဘာက လူတွေက ဒီအလုပ်မှာ မကျွမ်းကျင်ကြဘူးလေ...။ သူတို့က နေမင်းကြီးပေါ်ကိုလည်း မသွားနိုင်ကြသလို၊ နေမင်းကြီးဆီ သွားလို့ ရတဲ့ အထူးခရီးသွားလမ်းကြောင်းလည်း ရှိမှမရှိတာ..*

"ဌာနမှူးချင်... ဘာတွေ ပြောနေတာလဲ ကျွန်တော် နားမလည်ဘူး... ဘာ လကမ္ဘာ ကြော်ငြာလဲ..."

အစည်းအဝေး၌ ရှိနေသော ထိပ်တန်းပုဂ္ဂိုလ်များသည် တစ်ဦးကိုတစ်ဦး ဇဝေဇဝါဖြင့် ကြည့်လိုက် ကြလေသည်...။

အကယ်၍ ကောင်းယွမ်သာ အမှန်တကယ် စိုးရိမ်ထိတ်လန့်နေပါက ဤကိစ္စသည် ငါးရံ့နက် နည်းပညာ နှင့် မသက်ဆိုင်နိုင်ပေ...။ သို့သော် ကောင်းယွမ်၏ ယခုကဲ့သို့ အမူအရာကို ကြည့်ခြင်းဖြင့်... လွတ် မြောက်နိုင်စရာ အကြောင်းမရှိပေ...။

သိပ္ပံပညာရှင်များနှင့် အာကာသ ပညာရှင်များသည် ကောင်းယွမ် ဤအရာကို မည်သို့ လုပ်ဆောင် ခဲ့သည်ကို အပြင်းအထန် စဉ်းစားနေကြသော်လည်း အဖြေရှာမရ ဖြစ်နေခဲ့ကြလေ၏...။

ထိုစဉ် အာကာသအေဂျင်စီ ဌာနမှူး လျူကျန်းချီက ပြောလိုက်သည်...။

"ကျွန်တော်တို့ အခုလေးတင်ပဲ အာကာသစခန်း တယ်လီစကုပ်ကနေ ဓာတ်ပုံတွေ ရလာပါတယ်... လကမ္ဘာပေါ်က စာသားတွေက လေဆာနဲ့ ပုံရိပ်ဖော်ထားတာဖြစ်ပြီးတော့ အဲဒီစာသားတွေကို လူသား တွေ ကိုယ်တိုင် ဖန်တီးထားတာလို့ အတည်ပြုနိုင်ပါတယ်ခင်ဗျာ..."

ချင်ထျဲ့ကျွင်းက ဖုန်းထဲသို့ ပြောလိုက်လေ၏...။

"ကောင်းယွမ်... မင်း အခု ဘယ်မှာလဲ... ငါ လူလွှတ်ပြီး လာကြိုခိုင်းလိုက်မယ်..."

"ကျွန်တော့်ရဲ့ တည်နေရာကို ပို့ပေးလိုက်ပါ့မယ်..."

ကောင်းယွမ်က ပြောလိုက်လေသည်...။

ချင်ထျဲ့ကျွင်းသည် ဖုန်းကို ချလိုက်ပြီး ကျိုးကျန်းလီကို ကြည့်ကာ ပြောလိုက်လေ၏...။

"အရာရှိချုပ် ကျိုး... ငါးရံ့နက် နည်းပညာက ဒီလိုမျိုးတွေထိ လုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော် မယုံကြည်နိုင်သေးဘူး..."

"စဉ်းစားရ ခက်ပေမဲ့ ငါးရံ့နက် နည်းပညာကလွဲလို့ တခြား ဘယ်သူကများ ဒီလို လုပ်နိုင်စွမ်းနဲ့ ရည်ရွယ် ချက် ရှိလိမ့်မယ်လို့ ခင်ဗျား ထင်သေးလို့လဲ..."

အားလုံးက ခေါင်းယမ်းလိုက်ကြလေသည်...။ ရည်ရွယ်ချက် ရှိနိုင်သော်လည်း... လုပ်ဆောင်နိုင်စွမ်း ရှိသူမှာမူ... တစ်ကမ္ဘာလုံး၌ မရှိပေ...။

ယခုခေတ်တွင် လကမ္ဘာပေါ်၌ ဤမျှ ကြီးမားသော ကိစ္စရပ်ကို လုပ်ဆောင်နိုင်ဖို့ ဝေးစွ၊ လူသားများကို ကမ္ဘာပတ်လမ်းအတွင်းသို့ ပို့ဆောင်နိုင်သော နိုင်ငံပင် လက်ချိုးရေ၍ ရနိုင်ပေသည်...။

လတ်တလောတွင် လူသားများကို လကမ္ဘာ မြေပြင်သို့ တစ်လအတွင်း ပို့ဆောင်နိုင်သော နိုင်ငံမှာ နှစ် နိုင်ငံနှင့် တစ်ဝက်ခန့်သာ ရှိနိုင်ပေသည်...။

အမေရိကန်က တစ်ဝက်ဖြစ်ပြီး ရှနိုင်ငံက တစ်ဝက်ဖြစ်သည်...။

အမှန်စင်စစ် မည်သည့်နိုင်ငံမျှ မရှိနေပေ...။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က အကြံပြုလိုက်လေ၏...။

"ကောင်းယွမ်ကို ထိန်းသိမ်းပြီး မစစ်ဆေးသင့်ဘူးလား..."

ထိုစကားကို ကြားလိုက်ရသည့်အခါ အခန်းတွင်းရှိ လူများမှာ တိတ်ဆိတ်သွားကြလေသည်...။ အမှန် တကယ်ပင် လူအချို့မှာ ထိုသို့ ပြုလုပ်လိုသော ဆန္ဒ ရှိနေကြ၏...။

ချင်ထျဲ့ကျွင်းက ပထမဆုံးအကြိမ် ကန့်ကွက်လိုက်လေသည်...။

"မဖြစ်ဘူး... အကယ်လို့ သူက လကမ္ဘာပေါ်မှာ တိတ်တဆိတ် မြေနေရာဦးပြီး ကြော်ငြာနိုင်တဲ့အထိ စွမ်း ဆောင်ရည်ရှိနေရင် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းလည်း ရှိနေမှာ မဟုတ်ဘူးလား... ခင်ဗျားတို့က သူ့ကို ရန်သူလို ဆက်ဆံဖို့ အရမ်းလွယ်လွယ်လေး တွေးနေကြတာပဲ... အကယ်လို့ ကျွန်တော်တို့ သူ့ကို မထိန်း ချုပ်နိုင်ခဲ့ရင် ဖြစ်လာမယ့် နောက်ဆက်တွဲတွေကိုရော စဉ်းစားပြီးကြပြီလား..."

သိပ္ပံအကယ်ဒမီမှ ကျုံးဂေါ်ချန်ကလည်း ပြောလိုက်လေ၏...။

"ဒါက အဓိပ္ပာယ် မရှိတာပဲ... ကျွန်တော်တို့ နိုင်ငံမှာ ဥပဒေ ရှိပါတယ်...တကယ်လို့ သူက ဥပဒေ ချိုး ဖောက်တယ်ဆိုရင် ဖမ်းဆီး အရေးယူရမှာပေါ့... အဖြေတစ်ခု သိချင်ရုံနဲ့ ခန့်မှန်းချက်တွေအပေါ် အခြေ ခံပြီး လူတစ်ယောက်ကို ထိန်းသိမ်းဖို့ဆိုတာကတော့ ပဒေသရာဇ်ခေတ်က အရာရှိတွေတောင် လုပ်မှာ မဟုတ်ပါဘူး..."

ကျိုးကျန်းလီက ချောင်းဟန့်လိုက်လေ၏...။

"ကျုံးဂေါ်ချန် ပြောတာ မှန်ပါတယ်... အရာအားလုံးက လုပ်ထုံးလုပ်နည်းတွေအတိုင်းပဲ ဖြစ်ရပါမယ်... ကောင်းယွမ် က နိုင်ငံတော်အတွက် ကောင်းကျိုးတွေ ပြုထားတာပဲ... သူ့ကို ဘယ်လိုလုပ် ထိန်းသိမ်းလို့ ရမှာလဲ..."

ချင်ထျဲ့ကျွင်းက ဘေးမှနေ၍ နှာခေါင်းရှုံ့လိုက်လေသည်...။

"အခြေအနေတွေ ဆိုးရွားသွားရင် ကမ္ဘာပျက်သွားလိမ့်မယ်... ခင်ဗျားတို့က တည်းဖြတ်စက်နဲ့ အပူချိန် ထိန်းအဝတ်အစားကိုပဲ မြင်နေတာလား... ဆောက်လုပ်ရေးပိုးကောင်ကို မေ့သွားကြပြီလား... အဲဒီအရာ ကသာ ထိန်းချုပ်မှုအောက်ကနေ လွတ်သွားပြီး အဆမတန် ပွားများလာမယ်ဆိုရင်... ကမ္ဘာကြီး ပျက်စီး သွားလိမ့်မယ်..."

"ဒါ့အပြင် သူ့မှာ တခြား ဘယ်လို နည်းပညာတွေ ရှိနေသေးလဲဆိုတာ ခင်ဗျားတို့ သိလို့လား..."

ရောက်ရှိနေသော လူများအားလုံးမှာ လက်ခံသွားကြလေသည်...။

ထိုစဉ် လျူကျန်းချီက စကားလမ်းကြောင်း ပြောင်းလိုက်လေ၏...။

"ကျွန်တော်တို့ စကားလမ်းကြောင်း လွဲသွားပြီ... ဆွေးနွေးမှုကို ဆက်ကြရအောင်... လကမ္ဘာပေါ်က လေဆာပုံရိပ်ကို ကမ္ဘာမြေက မြင်နိုင်အောင် လုပ်နိုင်ဖို့ဆိုတာ ဘယ်လို နည်းပညာမျိုး ဖြစ်နိုင်မလဲ... ကျွန်တော်တို့ရဲ့ လက်ရှိ နည်းပညာနဲ့တော့ ဒါက လုံးဝ မဖြစ်နိုင်ဘူးလေ..."

"ဌာနမှူးလျူ... လေဆာအကြောင်း ပြောနေတာလား...တကယ်လို့ လကမ္ဘာပေါ်က ပုံရိပ်ဖော် နည်းပညာ ကိုသာ ဖော်ထုတ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ လေဆာလက်နက်တွေမှာ အသုံးချလို့ မရနိုင်ဘူးလား..."

ဒုံးပျံတပ်ဖွဲ့မှ ကိုယ်စားလှယ်၏ စကားကြောင့် ကောင်းယွမ်အား ထိန်းသိမ်းရန် အကြံပြုခဲ့သော သူများ မှာ ကျောချမ်းသွားခဲ့ကြရလေသည်...။

ဟုတ်ပေသည်... အကယ်၍ ထိုအရာကို လေဆာလက်နက်အဖြစ် ပြောင်းလဲလိုက်မည်ဆိုပါက လကမ္ဘာ ပေါ်မှနေ၍ ကမ္ဘာမြေကို တိုက်ခိုက်နိုင်မည် မဟုတ်ပါလော...။

ထို့နောက် ဒုံးပျံတပ်ဖွဲ့ ကိုယ်စားလှယ်က ဆက်လက် ပြောကြားလိုက်လေသည်...။

"ကျွန်တော် ကောင်းယွမ်ရဲ့ ရုပ်ရှင်တွေကို ကြည့်ဖူးပါတယ်... ရုပ်ရှင်ထဲမှာ လကမ္ဘာ ကာကွယ်ရေး အခြေ စိုက်စခန်းမှာ ကီလိုမီတာ တစ်သန်းကျော်အထိ ပစ်ခတ်နိုင်တဲ့ လှိုင်းနှုန်းမြင့် လေဆာအမြောက် ရှိတယ် လေ... ဒါက ငါးရံ့နက် နည်းပညာက လကမ္ဘာပေါ်မှာ လေဆာလက်နက်တွေကို စမ်းသပ်နေတာမျိုး ဖြစ်နိုင်လား..."

လူအချို့ စဉ်းစားကြည့်လေလေ ယင်းမှာ ပို၍ ဖြစ်နိုင်ခြေ ရှိလာလေလေ ဖြစ်၏...။

ထိုအချိန်တွင် ကောင်းယွမ်သည် လုံခြုံရေးဝန်ထမ်းများ၏ လိုက်ပါပို့ဆောင်မှုဖြင့် ရောက်ရှိလာခဲ့ လေသည်...။

"လူကြီးမင်း... ဥက္ကဋ္ဌကောင်း ရောက်ရှိလာပါပြီ..."

ကောင်းယွမ် ဝင်လာသည့်အခါတွင် သတင်းများ၌သာ မြင်တွေ့ဖူးသည့် ထိပ်တန်း ပုဂ္ဂိုလ်ကြီးများကို မြင်တွေ့လိုက်ရသဖြင့် လက်နှစ်ဖက်ကိုစုမြှောက်ကာ နှုတ်ဆက်လိုက်၏...။

"ခေါင်းဆောင်ကြီးများ အားလုံး တွေ့ရတာဝမ်းသာပါတယ်ခင်ဗျာ..."

ဤသည်မှာ ကျိုးကျန်းလီအနေဖြင့် ကောင်းယွမ်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်ပြီး သူ၏ ပထမဆုံး အမြင်မှာ ထိုလူငယ်လေးသည် အလွန်ပင် နုပျိုလွန်းနေခြင်းပင် ဖြစ်သည်...။

ကောင်းယွမ် ဝင်လာသည့်အခါ...၊

သူသည် အိတ်တစ်အိတ်ကို သယ်ဆောင်လာခဲ့ပြီး ထိုအိတ်ကို မုကျားမှ စက်ရုပ်မှတစ်ဆင့် သယ်ဆောင် လာခိုင်းခြင်း ဖြစ်လေ၏...။

"ခေါင်းဆောင်ကြီးများခင်ဗျာ... ကျွန်တော်တို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်လေတော့ လက်ဆောင် မွန် အနည်းငယ် ယူဆောင်လာခဲ့ပါတယ်ခင်ဗျ..."

ချင်ထျဲ့ကျွင်း၏ မျက်နှာမှာ ပျက်သွားခဲ့လေ၏...။

"မင်း ဘာတွေ ထပ်လုပ်ဦးမလို့လဲ..."

"ဌာနမှူးချင်... ကျွန်တော်က အပြစ်ကင်းပါတယ်... အဖွဲ့အစည်းက ကျွန်တော့်ကို တာချင်းတောင်ရဲ့ တောင်စောင့်နတ်... အဲ တောင်သခင်အဖြစ် ခန့်အပ်လိုက်တာ မဟုတ်လား... အဲ…မဟုတ်သေးပါဘူး... ဘာပဲဖြစ်ဖြစ်ပါလေ... ကျွန်တော့်လက်ထဲမှာ တာချင်းတောင်က ဘယ်တော့မှ မျက်နှာငယ်စရာ မရှိစေရ ပါဘူး... ခေါင်းဆောင်ကြီးများကို ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်လေး ယူဆောင်လာခဲ့တာပါ... "

"စိတ်မပူပါနဲ့... ကျွန်တော်တို့ရဲ့ ကျွမ်းကျင်သူတွေက အပြင်မှာ နာရီဝက်လောက် စစ်ဆေးပြီးသားပါ... ဘာအန္တရာယ်နဲ့ နားထောင်တဲ့ ကိရိယာမှ မပါဝင်ပါဘူး... ဒါက ကျွန်တော်တို့ ငါးရံ့နက် နည်းပညာရဲ့ ထုတ်ကုန်အသစ်…လက်ပတ်ဖုန်း ပါပဲ..."

"တကယ်လို့ 'ကမ္ဘာမြေကို ကယ်တင်ခြင်း' ရုပ်ရှင်ကို ကြည့်ဖူးမယ်ဆိုရင် အဲဒီထဲကလူတွေ လက်ပတ် ဖုန်းတွေသုံးပြီး ဆက်သွယ်ကြတာကို သတိထားမိပါလိမ့်မယ်... အဲဒီထဲမှာ သုံးဖက်မြင် ပုံရိပ်ယောင် တွေရော၊ ဦးနှောက်လှိုင်းနဲ့ ထိန်းချုပ်တာတွေရော ပါတယ်လေ... အတိုချုပ်ပြောရရင်တော့ အခုဟာက ရုပ်ရှင်ထဲကအတိုင်း စွမ်းဆောင်ရည်ချင်း အတူတူပါပဲ..."

ချင်ထျဲ့ကျွင်းသည် ကောင်းယွမ်က ရုပ်ရှင်အကြောင်းကို နှစ်ကြိမ်ဆက်တိုက် ပြောဆိုနေသည်ကို ကြားလိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်မိလေ၏...။

*ကောင်းယွမ် ဒီလို ပြောနေတာက ဘာအဓိပ္ပာယ်ပါလိမ့်…*

All Chapters