မင်းအဘွားက အသက် ကိုးဆယ်လဲ ဖြစ်နိုင်တယ်၊ ပြီးတော့ … (၂)
Vol. 5 Ch. 72
“ဒါက ရှန်းအာရဲ့ တတိယသား၊ ဒါကတ စတုတ္ထသား … ပြီးတော့ ဒါက ပဉ္စမမြောက် သားပဲ၊ ဒီကလေးက အခုမှ အသက် ခုနစ်နှစ်ပဲ ရှိသေးတာ၊ ဒါပေမဲ့ သူ့ရဲ့ အသက်အရွယ်ကို ကြည့်ပြီးတော့ လုံးဝ အထင်မသေးလိုက်နဲ့၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက နန်းတွင်းကိုယ်ရံတော်တွေနဲ့အတူ ခရီးထွက်နေတုန်း သူတို့တွေ ရီမျိုးနွယ်စုတွေဆီက တောပုန်းဓားပြတွေနဲ့ ထိပ်တိုက် တိုးခဲ့ကြတာ၊ အဲဒီအချိန်မှာ ဒီကလေးက သူ့ရဲ့ဝါးဓားလေးကို ဆွဲကိုင်ပြီး ရထားလုံး ထဲကနေ ရဲရဲဝံ့ဝံ့ လှမ်းထွက်လာခဲ့ပြီးတော့ အဲဒီဓားပြတွေကို ဒေါသတကြီးနဲ့ ကြိမ်းမောင်းလိုက်တာ၊ ကြီးမြတ်တဲ့ တရုတ်ပြည်ကြီး ရောက်လာပြီ၊ မင်းတို့လို လူရိုင်းတွေက ထွက်မပြေးဘဲ နေရဲတယ်ပေါ့လေတဲ့”
ဤသည်ကို တွေးမိပြီးနောက် ဧကရာဇ်သည် စိတ်ညစ်သွားလေသည်။
“မိဖုရားပဲ စဉ်းစားကြည့်စမ်းပါဦး၊ ရှန်းအာက ဘယ်လိုဖြစ်လို့များ 'ကျွန်တော်မျိုး အိမ်ရှေ့စံမင်းသား မလုပ်ချင် တော့ပါဘူး' ဆိုတဲ့ စကားမျိုးကို ဒီလောက်အထိ လွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ဆဆ ပြောထွက် ရက်ရတာလဲ၊ ပြီးတော့ အခုကျတော့လဲ သူ့ရဲ့ဇနီးသည်က ကလေးတွေ ထပ်မွေးမွေး၊ မမွေးမွေး ဘာမှမဖြစ်ပါဘူးဆို ပြီး လျှောက်တင်နေပြန်ပြီ၊ သူက ငါ့ရဲ့ သားဦးလေ၊ သူ့ကို မပေးရင် ငါကိုယ်တိုင် သွေးချွေးမြောက်မြားစွာ သွန်းလောင်းပြီး ပင်ပန်းကြီးစွာ တည်ထောင်ခဲ့ရတဲ့ ဒီအင်ပါယာကြီးကို ငါက ဘယ်သူ့လက်ထဲကို လွှဲပြောင်း ပေးခဲ့ရမှာလဲ”
မိဖုရားခေါင်ကြီးသော်က သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။
“ဟိုးအချိန်တုန်းက ကျွန်မတို့ မိသားစု တအားကို ဆင်းရဲမွဲတေလွန်းခဲ့တာကြောင့် ကျွန်မခမျာ အသက် တစ်ဆယ့် လေးနှစ် အရွယ်လေးနဲ့တင် သားသမီး မွေးဖွားခဲ့ရတာ၊ အဲဒီတုန်းက ကျွန်မရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ထိခိုက် ပျက်စီး သွားခဲ့ရရုံတင်မကဘဲ ပိုပြီးတော့ ဆိုးရွားခဲ့တာကတော့ ရှန်းအာလေးက မွေးကတည်းက တအားကို အားအင် ချည့်နဲ့ပြီး နာမကျန်းဖြစ်လွယ်ခဲ့ရတာပါပဲ၊ အခုအချိန်မှာ သူက သိုင်းပညာတွေကို လေ့ကျင့်ထားလို့သာ သာမန်လူ တွေလို ပြေးလွှား ခုန်ပေါက်နိုင်လောက်တဲ့အထိ သန်မာလာတာ ဖြစ်ပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ် အခြေခံ အရင်းအမြစ် ကတော့ဖြင့် အားနည်းနေတုန်းပဲ ရှိပါသေးတယ်၊ ရှန်းအာ စိုးရိမ်နေတာက တကယ်လို့များ သူ ထီးနန်းပလ္လင်ပေါ်ကို တက်လှမ်းပြီးတဲ့နောက်မှာ ရုတ်တရက်ဆိုသလို အချိန်မတန်ဘဲ သေဆုံးသွားခဲ့မယ်ဆိုရင် ဒါဟာ ကျွန်မတို့ မဟာရှ မင်းဆက်ကြီးတစ်ခုလုံးအတွက် ကြီးမားလှတဲ့ ဘေးဒုက္ခဆိုးကြီး ယူဆောင်လာသလို ဖြစ်သွားမှာကိုပါပဲ”
ဧကရာဇ်အိုကြီး၏ ဒူးနှစ်ဖက်ပေါ်တွင် တင်ထားသော လက်အစုံမှာမူ ဘယ်လိုမှ ထိန်းချုပ်၍မရနိုင်လောက်အောင် တုန်ရီသွားခဲ့ရတော့သည်။
အိမ်ရှေ့စံ မင်းသားသည် ဆောင်းရာသီရောက်တိုင်း အလွယ်တကူ နာမကျန်းဖြစ်တတ်သူအဖြစ် လူသိများလှပြီး ထိုရာသီ ကာလများတွင်မူ ညီလာခံတက်ရောက်ခြင်းမှပင် အမြဲလိုလို ကင်းလွတ်ခွင့် ရရှိထားတတ်ပေသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်ကဆိုလျှင် သူသည် ဆောင်းတွင်းအအေးမိဝေဒနာကို ပြင်းထန်စွာ ခံစားခဲ့ရသဖြင့် ၎င်းရောဂါမှာ နှစ်လတိုင်တိုင် ကြာမြင့်ခဲ့ပြီး နွေဦးရာသီသို့ ရောက်ရှိခါမှသာလျှင် ပုံမှန်အတိုင်း ပြန်လည် သက်သာ လာခဲ့ခြင်း ဖြစ်၏။
သူသည် အစားအသောက်ပျက်ခြင်း၊ လည်ချောင်းနာခြင်း သို့မဟုတ် ဗိုက်အောင့်ဗိုက်နာခြင်း ဝေဒနာများကိုလည်း မကြာခဏ ခံစားရလေ့ရှိသည်။ ထိုဝေဒနာများ ပြင်းထန်စွာ ထလာသည့် အခါမျိုးတွင် သူ၏ ဝမ်းဗိုက် တစ်ခုလုံး အေးစက်သွားသကဲ့သို့ ခံစားရလေ့ရှိပြီး ဤကဲ့သို့သော ရောဂါဝေဒနာဆိုးများမှာ အိမ်ရှေ့စံမင်းသားအတွက် နေ့စဉ် ရက်ဆက်ဆိုသလို ရိုးအိနေသည့် အလေ့အထတစ်ခု ဖြစ်နေခဲ့သည်။ သူ၏ ဘဝတွင် အရှိန်အဟုန်အပြင်းဆုံးနှင့် ထိတ်လန့်တုန်လှုပ်စရာ အကောင်းဆုံး ဖြစ်ရပ်ကြီးမှာမူ ထျန်းထုန် ဧကရာဇ်မင်းကြီး နန်းစံ တစ်ဆယ့်ခုနစ်နှစ် မြောက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပေသည်။ ထိုစဉ်က အိမ်ရှေ့စံမင်းသားသည် လင်းယင်ခရိုင်သို့ သွားရောက်ကာ အရပ်သား ပြည်သူများ၏ လူဦးရေစာရင်းဇယားများကို စစ်ဆေးကြည့်ရှုနေခဲ့ခြင်း ဖြစ်၏။ စစ်ဆေးမှု ထက်ဝက် ခန့်သို့ အရောက်တွင် သူသည် ရုတ်တရက်ဆိုသလို ပါးစပ်မှ သွေးများ တရဟော အန်ထွက်လာခဲ့ပြီးနောက် နေရာမှာတင် ဗုန်းခနဲ လဲပြို သတိလစ်သွားခဲ့ရတော့သည်။ ထို့ကြောင့် နန်းတွင်းကိုယ်ရံတော်များမှာ သူ့အား မြို့တော်ဆီသို့ အသက်လုလျက် အပြေးအလွှား ပြန်လည် ခေါ်ဆောင်လာခဲ့ကြရရှာသည်။
ယခုအခါတွင် နန်းဆောင်ကြီးတစ်ခုလုံးမှာ လုံးဝ ဆိတ်ငြိမ်သွားခဲ့ရပြီး အရာရှိကြီးများ၏ ပြင်းထန်လှသော အသက်ရှူသံများမှလွဲ၍ ဘာအသံမျှ ထွက်ပေါ်မလာခဲ့တော့ချေ။
အချိန် အတော်ကြာအောင် တိတ််ဆိတ်နေပြီးနောက် မိဖုရားခေါင်ကြီးသော်က သိမ်မွေ့ညင်သာလှသော လေသံဖြင့် စတင် ပြောဆိုလာခဲ့သည်။
“ရှန်းအာက သူ့ရဲ့ ကျန်းမာရေးအခြေအနေက အိမ်ရှေ့စံမင်းသား ရာထူးနေရာနဲ့ လုံးဝ မသင့်တော်ပါဘူးလို့ ဟိုးအရင်ကတည်းက အမြဲတမ်း ပြောခဲ့တာပဲလေ၊ အမှန်တကယ်တော့ သူ့ကို ဒီရာထူးနေရာမှာပဲ ဆက်ရှိနေအောင် ဇွတ်အတင်း ဖိအားပေးခဲ့တာဟာ ကျွန်မတို့ ကိုယ်တိုင်ပဲ ဖြစ်သလို သူ့ရဲ့ နန်းတွင်းအဆင့်အတန်း တည်ငြိမ် ခိုင်မာ နေစေဖို့အတွက် မြေးတော်ကိုပါ တကယ့်ကို အစွမ်းကုန် ပြုစုပျိုးထောင်ပေးခဲ့တာလဲ ကျွန်မတို့ပဲ မဟုတ်လား ဘုရား”
ဧကရာဇ်အိုကြီးသည် တုန်ရီနေသော သူ၏ လက်အစုံကို လက်သီးအဖြစ် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
“ဟမ့်၊ ငါတို့က သူ့ကို ဖိအားပေးနေတယ်ဆိုတော့ကော ဘာဖြစ်လဲ၊ ဘာပဲဖြစ်ဖြစ် ငါကတော့ သူ့ကို ဆက်ပြီး ဖိအားပေးမှာပဲ၊ တကယ်လို့ အိမ်ရှေ့စံမင်းသားရဲ့ ခန္ဓာကိုယ်က အားနည်းနေတယ်ဆိုရင်လဲ ငါက သူ့ရဲ့ ဘေးနားမှာ နန်းတွင်း အစေခံလုပ်သားတွေနဲ့ အိမ်တော်ထိန်းတွေကို ယခင်ကထက် ပိုပြီးတော့ အမြောက်အမြား တိုးမြှင့် ခန့်ထားပေးမှာပေါ့၊ ဒါတင်မကသေးဘူး… အရှေ့နန်းတော်အတွက်လဲ နန်းတွင်းလျှို့ဝှက်အကြံပေးအဖွဲ့ တစ်ခုကို သီးသန့်ဖွဲ့စည်းပေးပြီး သူ့ရဲ့ကိုယ်စား တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး တာဝန်ဝတ္တရားမှန်သမျှကို အစစအရာရာ ဝိုင်းဝန်း ကိုင်တွယ် ဖြေရှင်းပေးခိုင်းဦးမှာ၊ အိမ်ရှေ့စံ မင်းသားအနေနဲ့ လုပ်ရမှာက အဲဒီစာရွက်စာတမ်းတွေပေါ်မှာ သူ့ရဲ့ တံဆိပ်တော် ခတ်နှိပ်ပေးဖို့ပဲ လိုအပ်တာ၊ မြေးတော်နဲ့ ပတ်သက်လို့ကတော့ ရှန်းအာတစ်ယောက် ထီးနန်း ပလ္လင်ပေါ်ကို တက်လှမ်းပြီးတာနဲ့ တပြိုင်နက် မြေးတော်ကလဲ အလိုအလျောက် အိမ်ရှေ့စံမင်းသားအသစ် ဖြစ်လာမှာပဲ မဟုတ်လား၊ အဲဒီအခါကျရင် သားအဖနှစ်ယောက် တိုင်းပြည်ရေးရာကိစ္စရပ်တွေကို အတူတကွ ပူးတွဲပြီး စီမံခန့်ခွဲကြတာက တကယ့်ကို သဘာဝကျလှတဲ့ ကိစ္စရပ်ကြီးပဲ”
သူသည် မိမိ၏ ပြတ်သားလှသော စိတ်ဓာတ်နှင့် ခိုင်မာလှသော ဆုံးဖြတ်ချက်များကို ခေတ္တခဏအတွင်းမှာပင် ပြန်လည် ရရှိသွားခဲ့ချေပြီ။
“ဒီထီးနန်းပလ္လင်က ရှန်းအာ တစ်ယောက်တည်းနဲ့ပဲ ထိုက်တန်တာမို့လို့ တခြား ဘယ်သူကမှ ဒီရာထူးကို လာပြီး လုယူခွင့် မပေးနိုင်ဘူး”
အမြဲတမ်း ပြဿနာရှာတတ်ပြီး ခေါင်းခဲစရာကောင်းလှသော ထိုမြေးတော်နှင့် ပတ်သက်၍မူ ဧကရာဇ်၏ ရင်ထဲ၌ ကြိုတင် ပြင်ဆင်ထားသော အစီအစဉ်တစ်ခု ရှိနေပြီးသား ဖြစ်ပေသည်။ နန်းမွေခံ အိမ်ရှေ့စံ အသစ်တစ်ဦးကို အပြီးသတ် မရွေးချယ်ရသေးမီ အချိန်အတွင်း သူသည် ထိုမြေးတော်အား နောက်ထပ် ရက်အနည်းငယ်မျှ စောင့်ကြည့် လေ့လာသွားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။ ၎င်းမှာ အခြားသော မသမာသူများထဲက ဘယ်သူကများ ဤအခြေအနေကို အခွင့်ကောင်းယူပြီး ပြဿနာ ထပ်မံရှာဖွေရဲဦးမလဲ ဆိုသည်ကို ကောင်းကောင်းကြီး သိမြင် နိုင်ရန်အတွက် ဖြစ်ပေသည်။ တကယ်လို့သာ သူတို့ဘက်က ဇွတ်အတင်း ထပ်မံလှုပ်ရှား လာခဲ့ကြမည်ဆိုလျှင် ဧကရာဇ် အနေဖြင့် ၎င်းတို့အားလုံးကို တစ်ပြိုင်နက်တည်း တစ်ချက်တည်းနှင့် အမြစ်ပြတ်အောင် စနစ်တကျ ရှင်းလင်း ချေမှုန်းပစ်လိမ့်မည် ဖြစ်၏။
ဤကဲ့သို့သော အစီအစဉ်ကြောင့် မြေးတော်အား သူ၏ စိတ်နေသဘောထားနှင့် စရိုက်လက္ခဏာများ ပိုမိုရင့်ကျက် လာစေရန် ဟူသော အကြောင်းပြချက်ဖြင့် နန်းတွင်း မြေအောက် အကျဉ်းထောင်ထဲသို့ နောက်ထပ်တစ်ကြိမ် ဇွတ်အတင်း ပြန်လည်ပစ်ထည့်ထားရန် မလိုအပ်တော့ချေ။
သို့သော် ဧကရာဇ်သည် အခွင့်အရေး ကောင်းကောင်းကြီး ရှိနေခဲ့စဉ်တုန်းက ထိုပြဿနာရှာတတ်လွန်းလှသည့် ကောင်စုတ်လေးကို မြေအောက်အကျဉ်းထောင်ထဲသို့ မရမနေ ပြန်လည်ပစ်မထည့်ခဲ့မိခြင်းအပေါ် ယခုအခါ၌ ရင်ထဲ၌ အသေအလဲ နောင်တရလို့ နေမိတော့သည်။
နှစ်သစ်ကူးအကြို ညချမ်းအချိန် အရပ်အခေါ်အားဖြင့် နှစ်ကုန်ဟုလည်း ခေါ်ဝေါ်ကြသည့် ထိုနေ့တွင်၊ ဧကရာဇ်သည် နန်းတွင်းအရာရှိကြီးများ အားလုံးအတွက် ခမ်းနားထည်ဝါလှသော နန်းတွင်း စားသောက်ပွဲကြီး တစ်ခုကို တာဝန်ယူကျင်းပပေးခဲ့ပြီး ၎င်းတို့နှင့်အတူ တစ်ညတာလုံး အတူတကွ ဆင်နွှဲခဲ့ပေသည်။ အပြန်အလှန် အားဖြင့် နန်းတွင်းအရာရှိကြီးများမှာမူ မိမိတို့၏ အိမ်တော်များဆီသို့ ပြန်လည်ကာ မိသားစုဝင်များနှင့်အတူ ပျော်ပျော်ပါးပါး ဆင်နွှဲခွင့် လုံးဝ မရှိကြချေ။
နန်းတွင်းအစေခံများသည် ထင်းပုံကြီးများ၊ လယ်ယာထွက် ပြောင်းဖူးရိုးခြောက်များနှင့် ထင်းရှူးကိုင်း မြောက်မြားစွာကို အဆင့်ဆင့် စုပုံလျက် မီးပုံပွဲကြီးတစ်ခုအဖြစ် ဖန်တီးလိုက်ကြသည်။ ထို့နောက် ဝူးခနဲ ဟူသော အသံနှင့်အတူ ၎င်းတို့ကို မီးရှို့လိုက်ကြရာ တောက်ပလှသော မီးလျှံကြီးများသည် ကောင်းကင်ယံထက်သို့ ဝင့်ကြွားစွာဖြင့် ကခုန်တက်လှမ်းသွားခဲ့ကြတော့သည်။ ဤကဲ့သို့သော ရှေးရိုးရာဓလေ့ကို စားသောက်ပွဲ မီးပုံပွဲဟု ခေါ်ဝေါ်ကြပြီး ၎င်းမှာ ရှုရန်မြောင် အတွက် ဘဝတွင် ပထမဆုံးအကြိမ် မြင်တွေ့ဖူးသည့် အလွန်အမင်း ထူးခြား ဆန်းပြားလှသော မြင်ကွင်းကျယ်ကြီး တစ်ခု ဖြစ်နေခဲ့ရတော့သည်။
နန်းတော်ကြီး၏ ကျောက်ဖျာလှေကားထစ်များပေါ်တွင် ထွန်းညှိထားသော ဖယောင်းတိုင်များနှင့် ဆီမီးခွက် မြောက်မြားစွာ၏ အလင်းရောင်များကြောင့် တစ်နန်းဆောင်လုံး နေ့ခင်းဘက်အလား ထိန်ထိန်လင်းလို့ နေခဲ့ပေသည်။ ဧကရာဇ်၊ မိဖုရားခေါင်ကြီးနှင့် ကိုယ်လုပ်တော်ကြီးများအားလုံးသည် နန်းတွင်း အဆင်တန်ဆာ အခမ်းအနား ဝတ်စုံများကို ခန့်ညားစွာ ဝတ်ဆင်ထားကြလျက် မြိန်ရှက်လှသော အစားအသောက်များကို သုံးဆောင်ကာ ပွဲတော်၏ ပျော်ရွှင်စရာ အငွေ့အသက်များကို အစွမ်းကုန် ခံစားလို့ နေကြချေပြီ။
စားပွဲဝိုင်းများပေါ်တွင်လည်း နှစ်သစ်ကူးကာလ၏ ထူးခြားလှသော စားသောက်ဖွယ်ရာ မုန့်ပဲသရေစာမျိုးစုံ တင်ဆောင် ထားလျက်ရှိပြီး ၎င်းတို့အထဲတွင် အမွှေးအကြိုင်များ ထည့်သွင်းစိမ်ထားသည့် အရက်ချိုများ၊ ရောဂါ ဘယများကို ဖယ်ရှားပေးပြီး အသက်ရှည်နုပျိုစေသည်ဟု အယူရှိကြသော ထူစု အရက်များနှင့်အတူ မင်္ဂလာ အထိမ်းအမှတ်အဖြစ် စီမံထားသော အစားအစာမျိုးစုံဖြင့် အလွန်အမင်း စည်ကားသိုက်မြိုက်လှပေတော့သည်။
ထို့နောက်တွင်မူ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ပွဲတော်ကြီးကို စတင်လိုက်တော့သည်။
အသက် တစ်ဆယ့်နှစ်နှစ်မှ တစ်ဆယ့်ခြောက်နှစ်အရွယ်ရှိသော မျက်နှာဖုံးစွပ်ပြီး အနီရောင်ဝတ်စုံများ ဝတ်ဆင် ထားကြသည့် ယောက်ျားလေး နှစ်ဆယ့်လေးယောက်သည် တစ်တန်းလျှင် ခြောက်ယောက်စီဖြင့် လေးတန်းခွဲကာ စနစ်တကျ ကပြဖျော်ဖြေကြပေသည်။ ဗုံသံများက မိုးကြိုးပစ်သည့်အလား ဟိန်းဟောက်လို့နေပြီး၊ တံပိုး ခရာသံများ ကလည်း တရစပ် မြည်ဟီးနေခဲ့ကြရာ တကယ့်ကို သဘာဝကျပြီး ရှေးကျလှသော အလှတရားမျိုးကို အထင်အရှား ပေါ်လွင်စေ၏။
အခမ်းအနားမှူးကြီးမှာမူ မျက်လုံးလေးလုံးပါရှိသော ရွှေရောင်မျက်နှာဖုံးကြီးကို စွပ်ထားပြီး ဝတ်စုံအဖြစ် ဝံပုလွေ သားရေအင်္ကျီအပြင် အမည်းရောင်နှင့် အနီရောင်စပ်ထားသော ဝတ်ရုံရှည်ကြီးကို ခန့်ညားစွာ ဆင်မြန်းထားလျက်၊ လက်ထဲတွင်လည်း အခမ်းအနားသုံး အလံတော်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပေသည်။ ဤဖျော်ဖြေမှု ကြီးတွင် သီချင်းဆိုခြင်း၊ ဗုံတီးခြင်းနှင့် တံပိုးခရာမှုတ်ခြင်းတို့ ပါဝင်သည့်အပြင် ဘေးနားမှနေ၍ နတ်ဘုရားများ၏ အမည်နာမများကို တိုင်တည်ကာ တတွတ်တွတ် ရွတ်ဆိုဆုတောင်းနေသည့် အသံများလည်း ထွက်ပေါ် လို့နေခဲ့သည်။
ပွဲတော်တစ်ခုလုံး၏ အငွေ့အသက်မှာ အလွန်အမင်း စည်ကားသိုက်မြိုက်လှပေသည်။
ပတ်ပတ်လည်ရှိ မဏ္ဍပ်ဆောင်များထဲတွင် ရှိနေကြသော နန်းတွင်းအရာရှိကြီးများနှင့် ၎င်းတို့၏ မိသားစုဝင်များ အားလုံးမှာလည်း လက်ခုပ်တီးလျက် အားပါးတရ အော်ဟစ် အားပေးနေကြချေပြီ။ ထိုတင်မကသေးဘဲ သာမန် အရပ်သား ပြည်သူများကိုပါ ယခုကဲ့သို့သော ထူးခြားလှသည့် အခမ်းအနားဆီသို့ လာရောက် ခွင့်ပြုထား ခဲ့သဖြင့် ၎င်းတို့အားလုံးသည် မကောင်းဆိုးဝါး မောင်းထုတ်သည့် အပနှင် အခမ်းအနားကို ကိုယ်တိုင်ကိုယ်ကျ မှင်တက်အံ့ ဩစွာဖြင့် ဝိုင်းအုံကြည့်ရှုနေကြတော့သည်။
စာပေပညာရှင် ဂိုဏ်းသားများနှင့် ပညာတတ်များကလည်း ဤအခွင့်အရေးကို အသုံးချကာ ပွဲတော်ကို ဂုဏ်ပြုသည့် ကဗျာလင်္ကာများကို အသံကျယ်ကျယ်ဖြင့် ရွတ်ဆိုနေကြပြီး ၎င်းမှာ နန်းတွင်းက ဩဇာအာဏာကြီးမားလှသော ပုဂ္ဂိုလ်ကြီးများ၏ အာရုံစိုက်မှုကို ခံရပြီး တစ်ညတာအတွင်းမှာတင် နာမည်ကျော်ကြား လူသိများလာစေရန် မျှော်လင့်ချက်ဖြင့် ကြိုးပမ်းနေကြခြင်း ဖြစ်ပေသည်။
သို့သော် ရှုရန်မြောင်ကမူ ထိုအရာများကို ဘာတစ်ခုမှ စိတ်မဝင်စားဘဲ စားပွဲပေါ်က မုန့်ပဲသရေစာများကိုသာ အသည်းအသန် စားသောက်ရန် အာရုံစိုက်လို့ နေတော့သည်။
သူသည် မိမိ၏ ပါးစပ်ထဲသို့ သကြားရည်စိမ် ကြာစေ့လုံးများ၊ ပျားရည်စိမ် ဂျင်းစေ့များနှင့် အာမွန်မုန့်ကဲ့သို့သော ထူးခြားလှသည့် သရေစာမျိုးစုံကို တရစပ် ကောက်ထည့်ကာ ဝါးမြိန်နေခဲ့ပေသည်။ တခြားသော လူများအားလုံးက ပျော်ပျော်ပါးပါး ကစားနေကြစဉ် သူက တစ်ကိုယ်တော် အားပါးတရ စားသောက်လို့နေ၏။
မကောင်းဆိုးဝါး မောင်းထုတ်သည့် ကပြဖျော်ဖြေမှု ပြီးဆုံးသွားခဲ့ပြီးတဲ့နောက် တေးသံသာ ကကွက်အပိုင်းအစများ စတင်လာခဲ့ချေပြီ။ ထိုအခါကျမှသာ ရှုရန်မြောင်သည် သူ၏ ခေါင်းကို မုန့်ပွဲကြီးထဲကနေ အသာအယာ မော့လိုက်မိရာ ကပွဲအဖွဲ့၏ အလယ်က အဓိက ဦးဆောင်ကပြနေသူမှာ အခြားမဟုတ်ဘဲ ချင်ကျန်း ဖြစ်နေသည်ကို ရုတ်တရက် သတိပြုမိသွားခဲ့ရတော့သည်။
သူမသည် နှစ်သစ်ကူးအကြိုညကို ဂုဏ်ပြုဆင်နွှဲချင်ဟန် အသွင်ဆောင်လျက် အရပ်သား ကပွဲအဖွဲ့ကို ဦးဆောင်ကာ “ငှက်အပေါင်းတို့ ဖီးနစ်ငှက်မင်းဆီသို့ ခစားခြင်း” ဟူသော ကကွက်ကြီးကို အလွန်အမင်း ကျွမ်းကျင်လှပစွာဖြင့် ကပြဖျော်ဖြေနေခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း သူမ ကပြနေသည့် တစ်လျှောက်လုံးတွင်မူ သူမ၏ မျက်ဝန်းအစုံက မိဖုရားခေါင်ကြီးသော်ဆီကနေ လုံးဝ သွေဖယ်သွားခြင်း မရှိခဲ့ချေ။ သူမသည် မိဖုရားခေါင်ကြီးထံသို့ ကြည့်လျက် အဓိပ္ပာယ်ပါပါဖြင့် အကြိမ်မြောက်မြားစွာပင် ပြုံးပြနေခဲ့သေးသည်။
[ဘုရားရေ]
ရှုရန်မြောင်တစ်ယောက် စိတ်ထဲကနေ ရေရွတ်လိုက်ရင်းက လက်ထဲက အာမွန်မုန့်ကို ဇွပ်ခနဲ တစ်ချက် ကိုက်လိုက်ပြီး ဧကရာဇ်အိုကြီးထံသို့ ဖြတ်ခနဲ လှမ်းကြည့်လိုက်မိတော့သည်။
[အမလေးဗျာ… ကြည့်စမ်းပါဦး၊ ဧကရာဇ်အိုကြီးရဲ့ မျက်နှာတစ်ခုလုံး ဒေါသတကြီးနဲ့ တကယ့်ကို အသားတွေ တဆတ်ဆတ် တုန်နေတဲ့အလား ဖြစ်နေပြီ၊ ဟားဟား]
[အင်း၊ ဒါက မဆန်းပါဘူး၊ ချင်ကျန်းက ဒီကကွက်ကို မိဖုရားခေါင်ကြီးသော်ကိုပဲ ရည်ရွယ်ပြီး သေသေချာချာ ပြင်ဆင်လာခဲ့တာ၊ ဧကရာဇ်မင်းကြီးအတွက် မဟုတ်ဘူး၊ သူမက မိဖုရားခေါင်ကြီးကို သူမရဲ့ ဘဝမှာ ကချင်တဲ့ အချိန် ကပြနိုင်တယ်၊ ဆေးပညာကို လေ့ကျင့်ချင်တဲ့အချိန် လေ့ကျင့်နိုင်တယ်၊ ပြီးတော့ အခုတလောမှာ ဆိုရင်လဲ မိမိကိုယ်ကိုယ် ပညာဗဟုသုတတွေ ပိုမိုတိုးပွားလာစေဖို့အတွက် အမျိုးသမီး ဆရာမတစ်ဦးဆီကနေပါ စနစ်တကျ သင်ယူလေ့လာနေပြီး ဘဝကို အဆင်ပြေပြေနဲ့ လွတ်လွတ်လပ်လပ် ရှင်သန်နေထိုင်နေပါတယ်ဆိုတာကို သက်သေပြ ချင်နေတာ၊ ဟဲဟဲ]
နန်းဆောင်ကြီး၏ အထက်ဗဟို ပလ္လင်ထက်တွင်မူ ဖီးနစ်တံဆိပ်တော်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော မိဖုရားခေါင်ကြီးသည် ထိုစိတ်တွင်းရေရွတ်သံကို အတိုင်းသား ကြားလိုက်ရသဖြင့် နှုတ်ခမ်းဖျားကို အသာအယာ တွန့်ကွေးလျက် သိမ်မွေ့စွာ ပြုံးလိုက်မိတော့သည်။
သို့သော်လည်း သူမ၏ ဘေးနားတွင် ရှိနေသော ဧကရာဇ်အိုကြီး၏ မျက်နှာတစ်ခုလုံးမှာမူ ယခင်ကထက်ပင် ပိုမို၍ မည်းမှောင်ခက်ထန်လို့ သွားခဲ့ရချေပြီ။
အောက်ဘက်တွင်မူ တော်ဝင် မြေးတော်သည် ကပြနေသော ချင်ကျန်းကို ကြည့်ရင်းက ဘယ်လိုမှ မအောင့်နိုင်တော့ဘဲ အော်ဟစ်လိုက်တော့သည်။
“အားကျန်း၊ အားကျန်း”
သူ၏ အနီးနားရှိ နန်းတွင်းအရာရှိငယ်များကပင် လေသံကို လျှော့ကာ အသည်းအသန် ဝင်ရောက်ရှင်းပြဖို့ ကြိုးစားကြရှာသည်။
“အရှင်မင်းသား၊ ကြည့်ရတာ ချင်ကျန်းက မိဖုရားခေါင်ကြီးအပေါ်မှာပဲ တကယ်ကြီး ကြည်ညိုလေးစားမှုတွေ ရှိနေတာ တအားကို ထင်ရှားလွန်းလှပါတယ်”
“မဖြစ်နိုင်တာ”
တော်ဝင် မြေးတော်သည် ဒေါသတကြီးဖြင့် မျက်နှာတစ်ခုလုံး နီမြန်းလျက် ပေါက်ကွဲတော့သည်။
“ငါ့ရဲ့ တော်ဝင်အဘွားက အခုဆိုရင် အသက်ခြောက်ဆယ်တောင် ရှိနေပြီ”
ကံဆိုးစွာပင် သူက ထိုစကားကို အော်ဟစ်လိုက်သည့် အချိန်၌ တေးသံသာ ကကွက်ကြီးမှာလည်း ပြီးဆုံး သွားခဲ့သဖြင့် နန်းဆောင် တစ်ခုလုံး ရုတ်တရက်ဆိုသလို လုံးဝ ဆိတ်ငြိမ်သွားခဲ့ရသည့် အချိန်နှင့် တိုက်တိုက် ဆိုင်ဆိုင်ကြီး ဖြစ်သွားခဲ့ရပေသည်။ ထို့ကြောင့် သူ အော်ဟစ်လိုက်သော “ငါ့ရဲ့ တော်ဝင်အဘွားက အခုဆိုရင် အသက်ခြောက်ဆယ်တောင် ရှိနေပြီ” ဟူသည့် စကားကြီးမှာ နန်းဆောင်ကြီးတစ်ခုလုံး၏ ဟိန်းထွက်လျက် ပဲ့တင်ထပ်သွားခဲ့ရတော့သည်။
ဧကရာဇ်အိုကြီးသည် သူ၏ လက်ထဲက တော်ဝင် သေရည်ခွက်ကို စားပွဲပေါ်သို့ ဒုန်းခနဲ ဟူသော အသံအကျယ်ကြီး ထွက်ပေါ်အောင် ဆောင့်ချလိုက်တော့သည်။ မိမိ၏ ချစ်လှစွာသော ဇနီးသည်ကို တစ်စုံတစ်ဦးက လာရောက် စော်ကားနေသည်ဟု ခံစားနေရသဖြင့် အစွမ်းကုန် ဒေါသအိုး ပေါက်ကွဲနေခဲ့သော ဧကရာဇ်သည် နောက်ဆုံးတွင်မူ သူ၏ ဒေါသကို ပုံချရမည့် ပစ်မှတ်အစစ်အမှန်ကို ကောင်းကောင်းကြီး ရှာဖွေတွေ့ရှိသွားခဲ့ရချေပြီ။ သူသည် ယခင်ကထက်ပင် ပိုမို၍ မည်းမှောင်ခက်ထန်လှသော မျက်နှာအမူအရာဖြင့် တုန်လှုပ်ချောက်ချားဖွယ်ရာ အော်ဟစ် မိန့်ကြားလိုက်တော့သည်။
“အသက်ခြောက်ဆယ် ဟုတ်လား၊ အဲ့ဒီတော့ ဘာဖြစ်လဲ၊ မင်းရဲ့ အဘွားက အသက်ကိုးဆယ်ပဲ ရှိရှိ၊ သူမက ကမ္ဘာပေါ်မှာ ဘယ်သူနဲ့မျှ နှိုင်းယှဉ်လို့မရနိုင်အောင်အထိ လှပစင်ကြယ်လွန်းလှတဲ့ ပြိုင်ဘက်ကင်း အလှနတ်သမီး အစစ်အမှန်ပဲကွ”