အခန်း ၈၄
Vol. 7 Ch. 84
အခန်း။ ၈၄
ရှေ့နေဂူချန်က "ဒူးထောက်ဖို့ မလိုပါဘူး။ နောက်ထပ် အမှုကိစ္စတွေ ရှိလာရင် ကျွန်တော့်ရုံးကို လာခဲ့ပါ။ အားတဲ့အချိန်ကျရင် ကျွန်တော်တို့ရုံးကို လူသိအောင် နည်းနည်းလောက် ပြောပေးလိုက်ရင် ရပါပြီ" ဟု ပြုံး၍ ပြောသည်။
ယန်ကွေးကျန်းသည် ဂူချန်၏ ဘဏ်အကောင့်ထဲသို့ ငွေနှစ်သိန်းကို ချက်ချင်း လွှဲပေးလိုက်သည်။ "ရှေ့နေဂူ ဒါက ကျွန်မတို့ အရင်ကတည်းက သဘောတူထားတဲ့အတိုင်းပါပဲ။ အမှုကို အနိုင်ရအောင် လုပ်ပေးနိုင်ရင် ဒီနှစ်သိန်းက ထပ်ဆောင်းပေးမယ့် တရားရင်ဆိုင်ခ လျော်ကြေးပါ။ တခြားရှေ့နေတွေ အားလုံးက ဒီအမှုကို လက်မခံကြဘူး။ ရှေ့နေကြီး တစ်ယောက်တည်းပဲ လက်ခံပြီး အနိုင်ရအောင် လုပ်ပေးခဲ့တာမို့ ဒါက ရှေ့နေကြီးနဲ့ ထိုက်တန်ပါတယ်" ဟု အလေးအနက် ပြောလိုက်သည်။
ထို့နောက် သူမက ဂူချန်ကို ညစာစားပွဲသို့ ဖိတ်ကြားရန်နှင့် ယွမ်မြို့သို့ ပြန်မည့် လေယာဉ်လက်မှတ်အတွက် စီစဉ်ပေးရန် ပြင်ဆင်တော့သည်။ ချိုင်ချန်းကလည်း ပြုံးလျက် ခေါင်းညိတ်သည်။
ယန်ကွေးကျန်းသည် အလွန်ပင် ကျေနပ်နေသည်။
တကယ်တော့ သူတို့မိသားစုမှာ ချမ်းသာကြွယ်ဝသူများ ဖြစ်သည်။
ချိုင်ချန်းသည် သိန်းသုံးဆယ်တန် အိမ်တစ်လုံးကို အပြီးပိုင် ဝယ်ယူထားပြီး ဆယ်သိန်းကျော်
တန် မာစီဒီးကားတစ်စီးကိုလည်း ပိုင်ဆိုင်ထားသည်။
မိသားစုတွင်လည်း စုဆောင်းငွေ သိန်းငါးရာခန့် ရှိသည်။
သို့သော်လည်း ဇောင်လဲ့လဲ့က တင်တောင်းငွေ ၃ သိန်းအပြင် အိမ်ကိုပါ သူမနာမည်ပေါက် ပြောင်းပေးရန် တောင်းဆိုခဲ့သည်။
ယန်ကွေးကျန်းသည် အမျိုးသမီးတစ်ယောက်ဖြစ်သည့်အတိုင်း ဇောင်လဲ့လဲ့၏ အကြံအစည်များကို ကောင်းစွာ နားလည်သည်။
ဇောင်လဲ့လဲ့မိသားစုက လက်ဆောင်အဖြစ် အိပ်ရာခင်းသုံးစုံသာ ပေးအပ်ခဲ့သည်ကိုကြည့်ခြင်းအားဖြင့် သူတို့၏ ရည်ရွယ်ချက်မှာ မရိုးသားကြောင်း သိသာလှသည်။
နောက်ဆုံးတွင် ဇောင်လဲ့လဲ့က တင်တောင်းငွေ နှစ်သိန်းထပ်တောင်းသည့်အခါ ယန်ကွေးကျန်းမှာ လုံးဝသည်းမခံနိုင်တော့ဘဲ ထိုငွေကို ခွေးစာကျွေးလိုက်ရလျှင်ပင် ဇောင်လဲ့လဲ့ကို ပေးမည်မဟုတ်ဟု ဆုံးဖြတ်ခဲ့သည်။
ယန်ကွေးကျန်းအတွက် တစ်ခုတည်းသော မျှော်လင့်ချက်မှာ ဂူချန်ပင်။
ဂူချန် အမှုကို အနိုင်ရသွားသဖြင့် သူမသည် ငွေနှစ်သိန်းကို လိုလိုလားလား ပေးအပ်ခဲ့ခြင်းပင်။
ထို့ပြင် သူမသည် ဂူချန်၏ ရှေ့နေရုံးအကြောင်းကို မီဒီယာများမှတစ်ဆင့် လူသိရှင်ကြား ဝါဒဖြန့်ပေးရန်လည်း စီစဉ်ထားသည်။
အခြားရှေ့နေများက အမှုကို လက်မခံဘဲ အနိုင်ရရန် မဖြစ်နိုင်ဘူးဟု ယူဆခဲ့သော်လည်း ဂူချန်က လက်ခံခဲ့ပြီး အမှန်တရားကို ဖော်ထုတ်နိုင်ခဲ့သည်။
၎င်းသည် ဂူချန်၏ ဥပဒေပညာ နက်နဲမှုကြောင့်သာမက အချိန်ကုန်ခံ၍ သက်သေအထောက်အထားများ ရှာဖွေရာတွင် မနားမနေ ကြိုးစားခဲ့ခြင်းကြောင့်ပင်။
ချိုင်ချန်းမိသားစုသည် ဂူချန်ကို ညစာစားပွဲကြီးဖြင့် ဧည့်ခံကာ ကြယ်ငါးပွင့်ဟိုတယ်တွင် တည်းခိုစေပြီး လေယာဉ်လက်မှတ်များကိုလည်း စီစဉ်ပေးခဲ့သည်။
ဂူချန်သည် နောက်တစ်ရက်တွင် ယွမ်မြို့သို့ ပြန်တော့မည်ပင်။
ဒုတိယအယူခံကိစ္စနှင့် ပတ်သက်၍မူ ချိုင်ချန်း၏ အပြစ်ကင်းစင်မှုမှာ လုံးဝ သက်သေပြပြီး ဖြစ်သည့်အတွက် ဂူချန် ထပ်မံစိုးရိမ်ရန် မလိုတော့ပေ။
တစ်ဖက်တွင်လည်း ဖန်တရှေ့နေရုံးသို့ မဟာဘွဲ့ရရှိထားသူ လှပသော အမျိုးသမီးငယ် ရွှယ်ချင်းချင်းသည် ဂူချန်၏ ရုံးတွင် အလုပ်သင်အဖြစ် ဝင်ရောက်ရန် ပြင်ဆင်နေသည်။
သူမသည် ဖန်တရှေ့နေရုံးတွင် အလုပ်လုပ်ခွင့် ရနိုင်သော်လည်း ဂူချန်ကဲ့သို့ ထူးချွန်သော ရှေ့နေတစ်ယောက်ထံတွင် သင်ယူလိုသည့်အတွက် ဂူချန်၏ ရုံးကိုသာ ရွေးချယ်ခဲ့ခြင်းပင်။
ကောင်းရုန်သည် ရွှယ်ချင်းချင်းကို ကြည့်ကာ "နင် တကယ်ပဲ ဂူချန်ရဲ့ ရုံးမှာ အလုပ်သင်ဆင်းမှာလား အဲဒီမှာ အရမ်းပင်ပန်းမှာ ပြီးတော့ ငွေလည်း သိပ်ရမှာ မဟုတ်ဘူး" ဟု သတိပေးလိုက်သည်။
ရွှယ်ချင်းချင်းက "ကျွန်မသွားတာက ပညာသင်ဖို့လေ။ ဂူချန်က အရမ်းတော်တယ်။ အစ်ကို့ထက်တောင် သာသေးတယ်။ ဒီအမှုကိုသာ အစ်ကို့လက်ထဲ အပ်လိုက်ရင် အစ်ကို အနိုင်ယူနိုင်ပါ့မလား" ဟု ပြန်ချေပသည်။
ကောင်းရုန်မှာ ဆွံ့အသွားရှာသည်။
သူက "ဂူချန်က တော်ပါတယ်။ သာမန်ရှေ့နေတွေထက် အများကြီး သာပါတယ်။ ဒါပေမဲ့ ရှေ့နေရုံးတစ်ခုကို တစ်ယောက်တည်း လုပ်ရတာ မလွယ်ဘူး။ သူ့ရုံးက ကျွန်တော်တို့ ဖန်တရုံးနဲ့ ယှဉ်ရင် တစ်ထောင်ပုံတစ်ပုံတောင် မရှိဘူး" ဟု ထောက်ပြသည်။
ရွှယ်ချင်းချင်းက ပြုံးလျက် "ဘယ်သူပြောလဲ တစ်ယောက်တည်းလို့ အခု ကျွန်မ ရှိနေပြီလေ။ ကျွန်မ ဂူချန်ဆီမှာ ပညာသင်ပြီး လုပ်ငန်းခွင်မှာ ထိပ်တန်းရှေ့နေ ဖြစ်လာအောင် ကြိုးစားမှာ" ဟု ပြောလိုက်သည်။
ကောင်းရုန် ခေါင်းခါလိုက်သည်။
"ထိပ်တန်းရှေ့နေလား မဖြစ်နိုင်သေးပါဘူး။ သူ အမှုသုံးခုပဲ နိုင်ထားသေးတာလေ။ အမှုဆယ်ခုနိုင်ရင်တောင် ထိပ်တန်းဖြစ်မလာနိုင်ဘူး။ ကျွန်တော်တို့ ဖန်တရုံးက ထိပ်တန်းရှေ့နေတွေဆိုတာ အတွေ့အကြုံပေါင်းများစွာ ဖြတ်သန်းလာကြတာ။ ဂူချန်က အတွေ့အကြုံ အရမ်းနုသေးတယ်။ နင် သူ့ဆီမှာ ဘာမှ သင်ယူရမှာ မဟုတ်ဘူး"
ဘေးတွင် လက်ဖက်ရည်သောက်နေသော ဒါရိုက်တာ ရွှယ်ယောင်ထင်းက ဝင်ပြောသည်။
"ချင်းချင်းကို ဂူချန်ဆီမှာ ပညာသွားသင်ခိုင်းလိုက်ပါ။ တကယ်လို့ ဂူချန်သာ အနာဂတ်မှာ ထိပ်တန်းရှေ့နေကြီး ဖြစ်လာခဲ့ရင် သူ့ရုံးကလည်း နိုင်ငံကျော် ထိပ်တန်းရှေ့နေရုံး ဖြစ်လာမှာပေါ့"
ကောင်းရုန် အံ့ဩသွားပြီး "ဒါရိုက်တာ... ဂူချန်က တော်ပေမဲ့ တစ်ယောက်တည်း ရုန်းကန်ရတာ ခက်ခဲပါတယ်။ နှစ်တိုင်း ရှေ့နေရုံးတွေ အများကြီး ပိတ်သိမ်းကြတာ။ သူ့ရုံးက ဘယ်လိုလုပ် နိုင်ငံကျော် ဖြစ်လာမှာလဲ။ ရပ်တည်ဖို့တောင် ခက်နေမှာပါ။ ဂူချန်သာ ကျွန်တော်တို့ ဖန်တရုံးကို ရောက်လာရင် ကောင်းမှာပါ။ အမှုတွေ ဆက်ကိုင်ရင် တစ်နေ့ ထိပ်တန်းဖြစ်လာနိုင်ပေမဲ့ အခုတော့ အမှုသုံးခုပဲ နိုင်ထားတဲ့သူက ထိပ်တန်းဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး" ဟု ပြောလိုက်သည်။
သူ့အမြင်တွင် ဒါရိုက်တာနှင့် ရွှယ်ချင်းချင်းတို့က ဂူချန်ကို အထင်ကြီးလွန်းနေကြသည်။
ကောင်းရုန်ကိုယ်တိုင်က အမှုပေါင်း တစ်ရာကျော် နိုင်ထားပြီး ဆယ်စုနှစ်တစ်ခုကျော် ဖြတ်သန်းလာခဲ့သူဖြစ်ရာ အမှုသုံးခုသာ နိုင်ထားသေးသည့် ဂူချန်ကို သူ ယှဉ်မတွက်နိုင်ပေ။
ရွှယ်ချင်းချင်းက "ကောင်းရုန်... စောင့်ကြည့်နေလိုက်ပါ။ ဂူချန်သာ အနာဂတ်မှာ ထိပ်တန်း ရှေ့နေရုံးပိုင်ရှင် ဖြစ်လာရင် ဘယ်လိုလုပ်မလဲ" ဟု စိန်ခေါ်သည်။
ကောင်းရုန်က "သူသာ တကယ် အဲဒီလောက် တော်ရင် ကျွန်တော် သူ့ရုံးကို လစာမယူဘဲ သွားလုပ်ပေးမယ်။ အိမ်သာဆေးတာ၊ ကြမ်းပြင်တိုက်တာ အကုန်လုပ်မယ် ကျွန်တော် လုံးဝ မယုံဘူး" ဟု ပြန်ပြောသည်။
နောက်ဆုံးအကြိမ် သူသွားရောက်ခဲ့စဉ်က ဂူချန်၏ရုံးမှာ သေးငယ်ပြီး ပတ်ဝန်းကျင်မှာလည်း သာမန်မျှသာ ဖြစ်နေသည်။
ထိုမျှ သေးငယ်သောရုံးက ဖန်တရုံးကြီးကို ဘယ်လိုနည်းနဲ့မှ မကျော်လွန်နိုင်ဘူးဟု သူက ခံယူထားသည်။