← Chapters

အခန်း (၁၂၁၃-၁၂၁၄)

Vol. 62 Ch. 1213-1214

အခန်း (၁၂၁၃-၁၂၁၄)

Vol. 62 Ch. 1213-1214

အခန်း ၁၂၁၃။ ဆရာအား သစ္စာဖောက်ခြင်း

အမတ်ကြီးမုန့်သည် သူ၏သား လောကီလောကအား မစွန့်လွှတ်နိုင်မည်ကို ကြောက်နေမိ၏။ ရက်အနည်းငယ်ခန့် တာအိုဆရာအဖြစ်လုပ်ပြီးနောက် ပြန်ထွက်ခဲ့သော် ဝဋ်သည် ပို၍ ကြီးလေးပေလိမ့်မည်။

“ သား၊ မင်းသွားပြီးရင် မင်းကိုယ်မင်း တာအိုမှာမြှုပ်နှံထားရမယ်၊ မင်းဆရာရဲ့စကားကို နားမထောင်ဘူးဆိုလို့ကတော့ အမေ.. အသက်ရှင်ရတာ ဘာအဓိပ္ပာယ်မှရှိမှာမဟုတ်တော့ဘူး…”

အမေဖြစ်သူက ထပ်ပြောပြန်သည်။

မုန့်ကျိဖန်အား သူ့စကားပြန်ရုတ်သိမ်းခြင်းမှ တားဆီးရန်အလို့ငှာ သူတို့တတ်နိုင်သမျှ အကောင်းဆုံးလုပ်ခဲ့ကြပြီးလေပြီ။

ထိုသို့ဖြင့်… မုန့်ကျိဖန် မောင်းထုတ်ခံခဲ့ရ၏။

အဝတ်အစားဟောင်းနှစ်စုံပါသော အိတ်တစ်လုံးဖြင့်။

သူတို့သည် ဆရာမမော့အား ယခင်ကတည်းက ပိုက်ဆံပေးထားပြီးဖြစ်၏။ ရှေ့လျှောက်တွင် ဆရာမော့သည် စားစရာနှင့် နေစရာထောက်ပံ့မည်ဖြစ်သဖြင့် သူ့မိဘများသည် သူ့အား ငွေတစ်ပြားမှ မပေးခဲ့ကြချေ။

ရက်စက်လွန်းလှ၏!

သူ၏ လေးလံသောခန္ဓာကိုယ်သည် အိမ်ရှေ့စံမင်းသားအိမ်တော်သို့ တစ်လှမ်းချင်းစီ လျှောက်သွားနေ၏။ သူ ရောက်သွားသောအချိန်တွင် ကောင်းကင်ယံ၌ မှောင်ပင်မှောင်နေချေပြီ။

ဝင်လာပြီးနောက် သူသည် မော့ချူရှန်းအား မတွေ့ရ။ လူအိုကြီး မော့လင်းကျစ်နှင့် ရှဲ့ချောင်ကိုသာ မြင်လိုက်ရသည်။ သူတို့နှစ်ယောက်၏ အလယ်တွင်မူ အချိန်ကြာမြင့်စွာရှိနေခဲ့သော ပုံတူပန်းချီကားတစ်ခု ရှိနေ၏။

ရှဲ့ချောင်….

သူ သူမအား တွေ့ခဲ့သည်မှာ…. အချိန်ကြာခဲ့လေပြီ။

မကြာသေးခင်ကပင် သူမသေတော့မည်ဟူသော သတင်းများ ကြားလိုက်ရသေး၏။ သူမဘဝ၏ အဆုံးသတ်သို့ ရောက်နေပြီဖြစ်သည်။ သို့သော် သူ၏ကိုယ်ပိုင်ပြဿနာများနှင့် အလုပ်ရှုပ်နေခဲ့၍ ဤကံမကောင်းသည့်မိန်းကလေးအား ကရုဏာသက်ရန်အချိန်မရှိခဲ့ပေ။

သို့သော် ကောလာဟလများနှင့် အနည်းငယ်ကွာခြားနေပုံရသည်။

သူမ၏ မျက်နှာမှာ အနီရောင်သမ်းနေပြီး သူမ၏ သွားတို့သည်လည်း ဖြူဖွေးလျက်။ စိတ်အခြေနေကောင်းနေပုံပင်။

“ ဒါက ဆရာဘိုးဘေးရဲ့ ပုံတူပန်းချီ၊ ဒူးထောက်ကန်တော့ပြီး အမွှေးတိုင်ထွန်း”

ရှဲ့ချောင် ဆိုလိုက်သည်။

မုန့်ကျိဖန်သည် အနည်းငယ်မှင်တက်မိသွားသော်လည်း သူ များများစားစားမမေးခဲ့။ ထို့အပြင် ဆရာဘိုးဘေးအား အမွှေးတိုင်ထွန်းကန်တော့ခြင်းသည် ထူးခြားသောအရာတစ်ခုမဟုတ်၍ ဇာချဲ့နေရန်အကြောင်းမရှိခဲ့ပေ။ ချက်ချင်းဒူးထောက်၍ စည်းမျဉ်းများအတိုင်းလိုက်နာခဲ့သည်။

“လက်ဖက်ရည် ဆက်သရမယ့်အချိန်”

ရှဲ့ချောင်ပြောလိုက်ပြန်သည်။

လက်ဖက်ရည်ခွက် နှစ်ခွက်ရှိ၏။

ခန့်မှန်းရန်ပင်မလို။ တစ်ခွက်သည် မော့လင်းကျစ်အတွက်ဖြစ်ပြီး အခြားတစ်ခွက်မှာမူ ရှဲ့ချောင်အတွက်ဖြစ်သည်။

ရှဲ့ချောင်သည် မော့လင်းကျစ်၏ တပည့်ဖြစ်ကြောင်း သူသိထား၍ အံ့ဩသွားခြင်းမျိုးမရှိ။ သူသည် တပည့်တစ်ယောက်ဖြစ်သဖြင့် သူနှင့် ရှဲ့ချောင်တို့သည် ဂိုဏ်းတူတပည့်များဖြစ်သောကြောင့် သူမအား လက်ဖက်ရည်ဆက်သသည်မှာ မှန်ကန်သည်ဟုသာ သူထင်ခဲ့သည်။

သူ့အား ပြောသည့်အတိုင်းလုပ်ခဲ့၏။

မရေရာသော ခံစားချက်များကြောင့် စကားများများပြောခဲ့ခြင်းမရှိဘဲ ရှဲ့ချောင်ကိုပင် “ဆရာတူအစ်မ” ဟုမခေါ်ခဲ့ပေ။

“အမ်.. ကျွန်တော့်ဆရာရော၊ ဆရာ့ကိုရော လက်ဖက်ရည်ဆက်ရမှာလား”

မုန့်ကျိဖန်မေးလိုက်သည်။

ရှဲ့ချောင်သည် ခြောက်အက်အက်ဖြင့် ချောင်းဟန့်လျက်

“ငါက မင်းဆရာပဲ”

မုန့်ကျိဖန် ဆွံ့အသွားသည်။

“ဘာကိုဆိုလိုတာလဲ၊ ကျွန်တော့်ဆရာ မော့ချူရှန်းကိုပြော‌နေတာလေ၊ အငယ်တစ်ယောက်ဖြစ်ဖို့ မဖြစ်နိုင်ဘူး!”

“ငါက မော့ချူးရှန်း”

ရှဲ့ချောင်၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေသည်။

“ဒါက မင်းရဲ့ဆရာဘိုးဘိုး မော့လင်းကျစ်၊ ငါတို့ဂိုဏ်းမှာက တပည့်တစ်ယောက်ပဲရှိတာ၊ အမည်ခံတပည့်ပေါ့၊ သူတို့ကို သာမန်တာအိုကျမ်းဂန်တွေလောက်ပဲ သင်ပေးတာ၊ မင်းက အတွင်းစည်းတပည့်”

တခြားနည်းဖြင့် ဆိုရသော် သူမသည် ရွှေယွဲ့ဘုရားကျောင်း၏ လာမည့်မျိုးဆက်သစ်၏ ဆက်ခံသူတစ်ယောက်။

မဟုတ်သေး။

အမှားတစ်ခု ရှိလောက်မည်။

သူမက မော့ချူးရှန်း?

မဖြစ်နိုင်ပေ။ သူမသည် မော့ချူးရှန်း မဖြစ်နိုင်ပေ။

“မင်း-_မင်းက အသက်နှစ်ဆယ်တောင် ရှိသေးတာမဟုတ်ဘူးလေ၊ မော့ချူးရှန်းက..” သူ၏နှုတ်ခမ်းထောင့်စွန်းတို့မှာ ခြောက်သွေ့နေပြီး သူ၏ မျက်လုံးတို့၌ ထိတ်လန့်မှုတို့ဖြင့် ပြည့်နေခဲ့သည်။

ရှဲ့ချောင်၏ မျက်နှာမှာ တည်ငြိမ်နေဆဲ။

“တုံးလိုက်တဲ့တပည့်၊ ငါက ငါ့ရဲ့ပုံပန်းသဏ္ဍာန်ကိုပြောင်းလိုက်ရုံပဲ ဟုတ်တယ်မလား၊ ဘာတွေများ လန့်စရာရှိလို့လဲ၊ ငါ့အရည်အချင်းတွေကိုသာ နှစ်နည်းနည်းလောက်သင်ယူလိုက်ရင် တတ်မြောက်သွားဖို့လုံလောက်ပြီ၊ ဒါဆို မင်းကိုယ်မင်း အသက်နည်းနည်းကြီးတဲ့ပုံစံရုပ်ဖျက်ဖို့လိုလိမ့်မယ် အဲဒါမှ တချို့ကိစ္စတွေလုပ်ဖို့ ပိုလွယ်မှာလေ ဟုတ်တယ်မလား”

“ ဒီလောကကြီးထဲကလူတွေက ငါတို့ပညာရပ်နဲ့ပတ်သက်ပြီး နားလည်မှုလွဲနေတာတွေအများကြီး၊ အသက်ပိုကြီးမှ ပိုပြီး အစွမ်းထက်တယ်လို့ထင်နေကြတဲ့သူ‌တွေ၊ ငါ့မှာလည်း ရွေးချယ်စရာမရှိလို့ ဒီလိုလုပ်ခဲ့ရတာ၊ မင်းနားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊ အခု မင်းက ဂိုဏ်းထဲဝင်လာပြီးပြီဆိုတော့ ကိုယ့်စကားကိုပြန်ရုတ်သိမ်းလို့မကောင်းဘူး၊ မင်းရဲ့ဆရာကို သစ္စာဖောက်ချင်တယ်ဆိုရင်တော့.. ဟင်း..”

ရှဲ့ချောင်သည် ခဏတာတွေးပြီးနောက် ခေါင်းစောင်းလျက် မော့လင်းကျစ်အားမေးလိုက်လေသည်။

“ဆရာကိုသစ္စာဖောက်တဲ့ပြစ်မှုက တော်တော်လည်းကြီးတယ်ဟုတ်”

“အင်း ဂိုဏ်းကိုဝင်လာပြီးတဲ့တပည့်က အမည်ခံတပည့်မဟုတ်‌တော့ဘူး၊ ကိုယ့်ဆရာကို သစ္စာဖောက်မယ်ဆိုရင် တခြားတာအိုဆရာတွေက မင်းကိုလက်ခံရဲတော့မှာမဟုတ်ဘူး၊ သူတို့သာ မင်းကိုလက်ခံမိရင် ရွှေယွဲ့ဘုရားကျောင်းကို အခက်တွေ့အောင်လုပ်မိတယ်ဆိုပြီးထင်ကြမှာ”

မော့လင်းကျစ် ခေါင်းညိတ်လိုက်၏။

မုန့်ကျိဖန်တစ်ယောက် အနည်းငယ် မူးနောက်နောက်ဖြစ်သွားသလို ခံစားလိုက်ရသည်။

“နောက်ပြီး ငါက မင်းကိုတပည့်အဖြစ်လက်ခံလိုက်ပြီဆိုတော့ ကံကံရဲ့အကျိုးဆက်က သတ်မှတ်ပြီးသားဖြစ်သွားပြီ၊ မင်းစကားကို မတည်ဘူးဆိုရင်.. မင်းငါ့ကို နောက်ဘဝမှာ ပြန်ပေးဆက်နေရလိမ့်မယ်”

ထိုစကားသည် ဖြီးဖြန်းနေခြင်းသက်သက်သာ။

•••••

အခန်း ၁၂၁၄။ သူ့အား လှည့်စားခြင်း

သူ၏ဆရာအား သစ္စာဖောက်ခြင်းသည် ကျိန်းသေပေါက် သက်ရောက်မှုတစ်ခုရှိလိမ့်မည်ပင်။ အဖေအား သတ်ခြင်းကဲ့သို့ မပြင်းထန်သော်လည်း ထိုမျှနီးနီးဖြစ်သည်။

မည်သို့သော တန်ပြန်ဝဋ်မျိုး သူရရှိလိမ်မည်အား မည်သူကများ အတပ်ပြောနိုင်မည်နည်း။

ဒုတ်ခနဲမြည်သံနှင့်အတူ.. နောက်ဆုံးတွင် မုန့်ကျိဖန် သတိလစ်သွားခဲ့လေသည်။

လောကကြီးထဲရှိ လူတိုင်း .. သူ့အား အနိုင်ကျင့်ကြ၊ လိမ်လည်ကြ၊ လှည့်စားကြသည်!

“ဒီကလေး မင်းကိုတော့ မမုန်းနေလောက်ဘူးမလား”

မော့လင်းကျစ်သည် သူ့နှာခေါင်းအားပွတ်လို့နေလျက်။

ဤကလေးသည် အင်မတန်သနားစရာကောင်းလှသည်ဟု သူ ခံစားနေရ၏။

ဤလူငယ်ကိုပင်ကြည့်၊ ထိုမျှကြီးမားလှသော အရှက်ခွဲမှုအား ကြုံတွေ့ခဲ့ရလေသည်…

သူ၏ တပည့်သည် အင်မတန်ကြည့်ကောင်းလှ၏။ သူမအား ဇနီး‌အဖြစ် လက်ထပ်ပါက ပိုပြီးသင့်တော်လိမ့်မည်။ သူ၏ ဆရာအနေဖြင့် သူမအား ကြည့်ရုံသာကြည့်မည်၊ ထိမည်မဟုတ်!

“ဒါ ဘဝပဲလေ၊ လိုချင်တာမှန်သမျှ အကုန်ရမှာတဲ့လား၊ အရွယ်မရောက်လာခင် နည်းနည်းပါးပါးတော့ ဒုက္ခလေးခံရမှာပေါ့”

ရှဲ့ချောင်၌ ကရုဏာသက်ခြင်းအလျင်းမရှိပေ။

“မင်းက လူအိုကြီးတစ်ယောက်လိုပြောနေတာပဲ ကလေးမရာ”

မော့လင်းကျစ်သည် သူမအား စိုက်ကြည့်လိုက်၏။

သူတို့သည် မုန့်ကျိဖန်အား ဆွဲထုတ်သွားခိုင်းခဲ့ကာ မော့လင်းကျစ်၏ ခြံဝန်းသို့ပို့လိုက်ကြသည်။

မုန့်ယန်သည်လည်း ထိုနေရာတွင်ရှိနေသော်ငြား အရူးသည် ယခုအချိန်၌ ပိုကောင်းလာပုံရသည်။ နန်းတွင်သမားတော်သည် တစ်နေ့လုံး ရောက်လာတတ်ကာ ရံဖန်ရံခါ ရနံ့တချို့အား ပြန်မှတ်မိတတ်၏။ အရှင်းပြန်လည်ကောင်းမွန်ရန် အချိန်သိပ်ကြာလိမ့်မည်မဟုတ်ဟု ခန့်မှန်းထားကြသည်။

သူ့၌ မုန့်ကျိဖန်နှင့်ပတ်သက်၍ ထင်မြင်ချက်တစ်ခုရှိခဲ့ကာ မှတ်ဉာဏ်အနည်းငယ် ရှိနေခြင်းကြောင့်

လည်းပါ၏။ သူသည် တစ်ညလုံး မအိပ်ဘဲ မုန့်ကျိဖန်အား မောင်းထုတ်ရေးသာ အတင်းကြိုးပမ်းနေခဲ့သည်။

၎င်းမှာ မော့လင်းကျစ်တစ်ယောက် အသစ်တွေ့ပြီးနောက် အချစ်ဟောင်းအား မေ့သွားမည်ကို ကြောက်နေသည့်ပမာ။

မော့လင်းကျစ်ကလည်း ဤအရူးသည် ချစ်စရာကောင်းသည်ဟု ထင်သဖြင့် စိတ်ရှည်လက်ရှည်ဖြင့် ချော့မြှူခဲ့လေသည်။

နောက်တစ်နေ့တွင် အရာအားလုံး အဆင်သင့်ဖြစ်နေချေပြီ။

ရှဲ့ချောင်နှင့် ကျောက်ရွှမ်ကျင်းတို့ မုန့်ကျိဖန်အား ဆင်ခြေဖုံးရှိ တာအိုဘုရားကျောင်းတစ်ခုသို့ ခေါ်လာခဲ့စဉ် သူသည် အိပ်ပျော်လို့နေဆဲ။

တာအိုဘုရားကျောင်းသည် တောင်ထိပ်၌ တည်ဆောက်ထား၏။ မကြီးမားလှသလို အခန်းအနည်းငယ်မျှသာ ရှိသည်။ ၎င်းသည် ယိုယွင်းပျက်ဆီးနေကာ တောင်တက်လမ်းမှာ မတ်စောက်လှ၏။ တက်ရန် လိုအပ်ပေသည်။

မုန့်ကျိဖန်သည် မူးဝေနေသဖြင့် ရှဲ့ဖင်းကန်းက သူ့အား သယ်ခဲ့ရာ အင်အားများစွာ ချွေတာရာရောက်သွားခဲ့သည်။

သူနိုးလာချိန်တွင် တာအိုဝတ်စုံတစ်စုံလဲထားပြီးဖြစ်ကြောင်း တွေ့လိုက်ရ၏….

ရှဲ့ချောင်သည် မော့ချူးရှန်းအဖြစ် ရုပ်ဖျက်ထားကာ သူမ၏ မျက်နှာမှာ တည်ကြည်လေးနက်လျက်။

“ဒီနေ့ကစပြီး မင်းနဲ့ငါ တောင်ထိပ်မှာ ကိုးရက်နေရမယ်၊ ဒီကိုးရက်အတွင်း ငါမင်းကိုလုပ်ခိုင်းတာမှန်သမျှ အကုန်လုပ်ရမှာ၊ အပျင်းမထူနဲ့”

ရှဲ့ချောင် ညွှန်ကြားလိုက်သည်။

တောင်‌ပေါ်၌.. လေသည် အင်မတန်ပြင်းထန်လှ၏

ပါးလျသော မြူခိုးများမှာ တိမ်စိုင်တစ်ခုသဖွယ်ဖြစ်နေရာ ကောင်းကင်ဘုံသို့ ရောက်နေသည့်အလား ခံစားချက်မျိုး ပေးစွမ်းနေသည်။

ပတ်ဝန်းကျင်ရှိ ရှုခင်းသည် အင်မတန်လှပပြီး လူများအား စိတ်ရောကိုယ်ပါ သက်တောင့်သက်သာရှိစေခဲ့သည်။ ဘေးပတ်လည်သို့ ကြည့်လိုက်သည်နှင့် စိတ်သက်သာရာရသွားသည့်ခံစားချက်မျိုးကို ချက်ချင်းခံစားကြရကာ နှလုံးသားထဲရှိ ခံစားချက်များမှာ တမဟုတ်ချင်း ကွယ်ပျောက်သွားရသည်။

ထိုကဲ့သို့သော မြင်ကွင်းမျိုးအား သူ တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။

သူ တိတ်တဆိတ်တုန်လှုပ်မိသွား၏။

သူ့အရှေ့တွင် ရပ်နေသော မော့ချူးရှန်းသည် လောကီရေးရာပိုင်ဆိုင်မှုများဖြင့် စွန်းထင်းခြင်းမရှိသော အမတတစ်ပါးအလား။

“အို့.. ကျွန်တော်နားလည်ပါပြီ”

သူသည် မသိစိတ်မှတဆင့် ခေါင်းညိတ်လိုက်၏။

မူလ၌ သူ့အား အဘယ်ကြောင့်လိမ်ခဲ့ရသည်ကို မေးကြည့်ချင်ခဲ့သည်။ သို့သော် ယခုတွင်မူ အကြောင်းပြချက်တချို့ကြောင့် သူမမေးကြည့်ဖြစ်တော့ပေ။

“ကောင်းပြီ အခု မင်းက မကျင့်ကြံရသေးတဲ့ သေမျိုးတစ်ယောက်ပဲဆိုတော့ ကြောက်စရာကောင်းတာတွေ ဘာမှမြင်ရမှာမဟုတ်ဘူး၊ အရမ်းကြီးစိတ်မလှုပ်ရှားနဲ့၊ အစီအရင်ဖျက်တဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်တို့ ၊ မကောင်းဆိုးဝါးတွေနဲ့တိုက်ခိုက်ရတာ ဘယ်လိုမျိုးလဲဆိုတာမြင်အောင်လို့ ခေါ်လာခဲ့ရုံပဲ၊ ခဏခဏဖြစ်မှာတော့မဟုတ်ဘူး၊ ဒါတွေကို မင်းနှလုံးသားထဲမှာ မှတ်ထားရမယ်”

ရှဲ့ချောင် ထပ်ပြောလိုက်သည်။

မုန့်ကျိဖန်သည် အိမ်ရှေ့စံမင်းသားအား တစ်ချက်လှမ်းကြည့်လိုက်ရာ သူ၏မျက်နှာအမူအရာမှာတည်ငြိမ်နေကြောင်း တွေ့လိုက်ရ၏။ထို့နောက် သူစိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။

အိမ်ရှေ့စံမင်းသားက မကျေမနပ်မဖြစ်ဘူးလား?

ရှဲ့ချောင်က မော့ချူးရှန်းလေ!

သူမသည် တာအိုဆရာမတစ်ယောက်ဖြစ်ပြီး မကောင်းဆိုးဝါးများနှင့် မည်သို့တိုက်ခိုက်ရမည်ကိုသိသူတစ်ယောက်။ ဇနီးတစ်ယောက် အိမ်ရှေ့စံမင်းသမီးတစ်ပါးအနေဖြင့် ၎င်းသည်မည်မျှထူးဆန်းလိုက်သနည်း။ အိမ်ရှေ့စံမင်းသားသည် သူ၏ ကံတရားအား လက်ခံလိုက်ပြီလော။

သူသာဆိုလျှင်….

တစ်ချိန်က သူသာ ရှဲ့ချောင်အား လက်ထပ်နိုင်ခဲ့သော် အိမ်ရှေ့စံမင်းသားကဲ့သို့ သဘောထားကြီးပြီးခွင့်လွှတ်နိုင်မည်မဟုတ်ကြောင်း မုန့်ကျိဖန် ဝန်ခံ၏…

အတိတ်၌ အိမ်ရှေ့စံမင်းသားသည် ရှဲ့ချောင်ကဲ့သို့ ပါရမီရှိပြီး ချောလှသော အမျိုးသမီးတစ်ယောက်အား နင်းချေပစ်သည်ဟု သူ ခံစားခဲ့ရ၏။ သို့သော် ယခုမူ. အိမ်ရှေ့စံမင်းသား၏ အလိုလိုက်မှုသည် အပြင်လူများပြောနေကြသော သူ၏ချစ်မြတ်နိုးမှုအား အမှန်တကယ် အတည်ပြုပြီးသား ဖြစ်နေလေပြီ….

••••

All Chapters