အခန်း ၄၁၁
Vol. 42 Ch. 411
အခန်း (၄၁၁) ဟင်းလင်းပြင်လမ်းစဉ်သာ ကျန်ရှိတော့၏
"မင်းရဲ့ ကမ္ဘာ့အမြုတေက အခု ငါ့အပိုင်ပဲ..."
အကြံပေးအမတ်ကြီးတာ့ဝါ၏ ခန္ဓာကိုယ် ပေါက်ကွဲပျက်စီးသွားချိန်တွင် တောက်ပသော အပြာရောင်အလင်းလုံးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး အစီအရင်စွမ်းအား၏ ချိတ်ပိတ်မှုမှ လွတ်မြောက်ရန် ကြိုးပမ်းလိုက်၏။
နဝမအဆင့် ထုံရှန်းနယ်ပယ်တွင် မူလဝိညာဉ်နှင့် အတွင်းကမ္ဘာတစ်ခု ရှိပေသည်။
ဤအလင်းလုံးသည် အကြံပေးအမတ်ကြီးတာ့ဝါ၏ မူလဝိညာဉ်နှင့် သူ၏ အတွင်းကမ္ဘာ ပေါင်းစည်းထားခြင်းဖြစ်၏။
သို့သော်လည်း တန်းနျီဟုန်ဖေးက နန်းတော်အတွင်းရှိ နဝမအဆင့် အစီအရင်ကို ထိန်းချုပ်ကာ ဟင်းလင်းပြင်ကို ချိတ်ပိတ်ရန် ကမ္ဘာ့စွမ်းအားကို အသုံးပြုထားသောကြောင့် အကြံပေးအမတ်ကြီးတာ့ဝါ၏ မူလဝိညာဉ်နှင့် အတွင်းကမ္ဘာတို့ကို ထွက်ပြေးမလွတ်မြောက်နိုင်အောင် တားဆီးထားနိုင်ခဲ့သည်။
အစွမ်းထက်လှသော အစီအရင်စွမ်းအား၏ ဖိအားအောက်တွင် အလင်းလုံးမှာ ထပ်မံပေါက်ကွဲသွားပြန်၏။
အကြံပေးအမတ်ကြီးတာ့ဝါ၏ မူလဝိညာဉ်သည် ကလေးငယ်တစ်ဦးနှင့် တူပေသည်။ ၎င်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အစီအရင်စွမ်းအား၏ ချိတ်ပိတ်ခြင်းကို ခံလိုက်ရ၏။ ထို့နောက် အကြံပေးအမတ်ကြီး တာ့ဝါ၏ ဝိညာဉ်သည် စွမ်းအားကြောင့် ကြေမွသွားပြီး မူလဝိညာဉ်၏ ရုပ်ခန္ဓာသာ ကျန်ရှိတော့သည်။
အကြံပေးအမတ်ကြီး တာ့ဝါ၏ အတွင်းကမ္ဘာ ကြေမွသွားပြီးနောက် လုံးဝန်းသော သလင်းကျောက်တစ်ခုသာ ကျန်ရှိခဲ့ရာ ၎င်းမှာ ကမ္ဘာ့အမြုတေပင် ဖြစ်ပေသည်။
တန်းနျီဟုန်ဖေးက မူလဝိညာဉ်ကို လက်ဝါးထဲသို့ ယူလိုက်ပြီး တုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ မျိုချလိုက်၏။
ဤမူလဝိညာဉ်သည် သန့်စင်သော စွမ်းအင်တစ်ခုဖြစ်ပြီး စိတ်စွမ်းအား၊ အသိစိတ်နှင့် ကောင်းကင်နှင့် မြေကြီး၏ ဆန္ဒတို့ကဲ့သို့သော စွမ်းအားများ ပေါင်းစပ်မှုအဖြစ် နားလည်နိုင်ပေသည်။
ထို့ကြောင့် တန်းနျီဟုန်ဖေးသည် မူလဝိညာဉ်ကို မျိုချလိုက်ပြီးနောက် သူ၏ စိတ်စွမ်းအားစွမ်းရည်များ အဆမတန် တိုးတက်လာခဲ့ပြီး အကြံပေးအမတ်ကြီးတာ့ဝါ၏ တာအိုနှင့် တာအိုနယ်ပယ်အပေါ် နားလည်သဘောပေါက်မှုများကို ဆက်ခံရရှိခဲ့သည်။
အချိန်တိုအတွင်းမှာပင် တန်းနျီဟုန်ဖေး၏ သတ္တမအဆင့်မှာ လျင်မြန်စွာ တိုးတက်လာခဲ့ပြီး သူသည် အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်၏။
"အကြံပေးအမတ်ကြီး... နဂါးမျိုးဆက်ရှိနေသရွေ့ ငါ့မှာ ဝိညာဉ်သလင်းကျောက်တွေ မကုန်မခမ်းနိုင်အောင် ရှိနေပြီး နန်းတော်ထဲက နဝမအဆင့် အစီအရင်ကိုလည်း အဆက်မပြတ် လည်ပတ်နိုင်စွမ်း ရှိတယ်ဆိုတာ ခင်ဗျား သိရဲ့လား..."
"ဒါက ငါ့ရဲ့ နောက်ဆုံးစည်းပဲ..."
"အရင်တုန်းက ခင်ဗျားကို နိုင်ငံတော်အကြံပေးတစ်ယောက်ရဲ့ အခွင့်အရေးတွေ ပေးပြီး ကောင်းဖန်နိုင်ငံရဲ့ အစောင့်အရှောက်နတ်ဘုရား ဖြစ်လာအောင် လုပ်ပေးနိုင်ခဲ့တယ်... ဒါပေမဲ့ အဲဒါက ငါက ခင်ဗျားကို ငါ့ရဲ့ နံပါတ်တစ် လက်ပါးစေအဖြစ် သတ်မှတ်ထားလို့ပဲ..."
"ဒါပေမဲ့ ခင်ဗျားက မဟာကောင်းကို ပုန်ကန်ပြီး ငါ့ရဲ့ နဂါးရိုးကို လုယူဖို့ ကြံစည်ရဲခဲ့တယ်... ဒါကြောင့် ခင်ဗျားကို ဖျက်ဆီးပစ်ရုံကလွဲပြီး ငါ့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူးလေ..."
တန်းနျီဟုန်ဖေးက ကမ္ဘာ့အမြုတေကို ကိုင်ဆောင်ထားရင်း တည်ငြိမ်စွာ ပြောလိုက်၏။
သူသည် ယခုအခါ အဋ္ဌမအဆင့် နယ်ပယ်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သော်လည်း တည်ငြိမ်မှု မရှိသေးပေ။
နဝမအဆင့် နယ်ပယ်သို့ ချိုးဖြတ်ဝင်ရောက်ပြီးမှသာ တန်းနျီဟုန်ဖေးသည် အကြံပေးအမတ်ကြီးတာ့ဝါ၏ ကမ္ဘာ့အမြုတေကို မျိုချနိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် သူ၏ ကိုယ်ပိုင်အတွင်းကမ္ဘာကို တစ်ဟုန်ထိုး တည်ငြိမ်စေကာ ချဲ့ထွင်နိုင်မည် ဖြစ်သည်။
ကနဦး စိတ်လှုပ်ရှားမှုအပြီးတွင် တန်းနျီဟုန်ဖေးမှာ အလျင်အမြန်ပင် တည်ငြိမ်သွား၏။
"အခု ကောင်းဖန်နိုင်ငံက မဟာချင်တိုင်းပြည်က ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်နှောင့်ယှက်တာကို ခံနေရပြီ... သူတို့ကို ကယ်ဆယ်ဖို့ သွားခဲ့တဲ့ နှင်းနတ်ဘုရားနန်းတော်က ရေခဲစစ်သည်တွေလည်း တစ်သုတ်ပြီးတစ်သုတ် အသတ်ခံလိုက်ရတယ်..."
"ကောင်းဖန်နိုင်ငံတော့ ပြီးဆုံးသွားပြီပေါ့..."
"နန်းတော်အပြင်ဘက်မှာ နှင်းနတ်ဘုရားမြို့က လူတစ်သန်းလောက်က ငါ့ရဲ့ ကယ်ဆယ်မှုကို စောင့်ဆိုင်းနေကြတယ်..."
"နန်းတော်ရဲ့ ရိက္ခာသိုလှောင်မှုနဲ့ဆိုရင် အလွန်ဆုံး နောက်ထပ် လဝက်လောက်ပဲ တောင့်ခံနိုင်တော့မယ်..."
"ပြီးသွားပြီ... အားလုံး ပြီးဆုံးသွားပြီလေ..."
"ကောင်းဖန်နိုင်ငံ ပျက်စီးသွားနိုင်ပေမဲ့ တန်းနျီမိသားစုကတော့ ပျက်စီးခံလို့ မဖြစ်ဘူး..."
"တန်းနျီမိသားစုရဲ့ သွေးဆက်တွေကို နန်းတော်ထဲကနေ တိတ်တဆိတ် စေလွှတ်ဖို့ ဒီရက်သတ္တပတ်နှစ်ပတ်ကို ငါ အသုံးပြုမယ်..."
"နဂါးမျိုးဆက်ရှိနေသရွေ့ ငါ့ရဲ့ တန်းနျီမိသားစုက တစ်နေ့နေ့ကျရင် ပြန်လည်ရှင်သန်လာမှာပါ..."
တန်းနျီဟုန်ဖေးက သူ၏ နဝမအဆင့် အစီအရင်စွမ်းအားကို မှီခိုကာ နှင်းနတ်ဘုရားမြို့တစ်ဝန်းရှိ ဆူညံပွက်လောရိုက်မှုများကို စောင့်ကြည့်လိုက်သည်။ ကောင်းဖန်နိုင်ငံ၏ ကံကြမ္မာကို သိရှိထားပြီးဖြစ်သောကြောင့် သူက သက်ပြင်းချလိုက်၏။
ထိုသို့ဆိုလျှင် နိုင်ငံပျက်စီးသွားနိုင်သော်လည်း မိသားစုကတော့ ပျက်စီး၍ မဖြစ်ပေ။
တန်းနျီဟုန်ဖေးသည် အရာရာကို လက်ခံရင်ဆိုင်နိုင်ပြီး လွှတ်ချနိုင်စွမ်းလည်းရှိကာ သူက တော်တော်လေး ပြတ်သားလှသည်။
ဆယ်ရက်ဆက်တိုက် ကုန်လွန်သွားခဲ့၏။
ကျောက်လင်၏ အချိန်ဇယားမှာ တော်တော်လေး ပုံမှန်ဖြစ်နေပေသည်။
သူက နံနက်ပိုင်းတွင် ထကာ အလုပ်ရုံတစ်ရာအတွက် ထုတ်လုပ်မှုလိုင်း စက်ပစ္စည်းများကို ဝယ်ယူရန် စနစ်ဈေးဆိုင်သို့ သွားခဲ့၏။
ထို့နောက် သူတို့က ဝမ့်ရှန်းတောင်တန်းဆီသို့ တည်နေရာပြောင်းရွှေ့သွားကြပြီး စနစ်နေရာလွတ်ထဲမှ ထောက်ပံ့ရေးပစ္စည်းများ အပြည့်ပါသော သင်္ဘောတစ်စင်းကို ထုတ်ယူကာ ဖုန်းလန်မြို့သို့ ပြန်လည်ယူဆောင်လာပြီး လေလံတင်ရောင်းချရန် လျန်မန်စုန့်နှင့် စစ်သူကြီး ချောင်ကျွင်းရီတို့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
နေ့ခင်းနှင့် ညဘက်များတွင် ကျောက်လင်သည် ထင်းရှူးနက်ကျေးရွာသို့ တည်နေရာပြောင်းရွှေ့ကာ သူ၏ ဇနီးများနှင့်အတူ ကျင့်ကြံပြီး ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို ရူးသွပ်စွာ တိုးမြှင့်ခဲ့ကြ၏။
ထိုသို့ဖြင့် ကျောက်လင်သည် သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာမှုမှတစ်ဆင့် မြေကမ္ဘာလမ်းစဉ်တာအို၊ အမှောင်လမ်းစဉ်တာအိုနှင့် အလင်းလမ်းစဉ်တာအို စွမ်းအားအားလုံး၏ နက်နဲသော လျှို့ဝှက်ချက်များကို နားလည်သဘောပေါက်လာခဲ့သည်။
ဟင်းလင်းပြင်လမ်းစဉ်၏ စွမ်းအားနှင့် နက်နဲသော လျှို့ဝှက်ချက်ကိုသာ နားလည်သဘောပေါက်ရန် ကျန်ရှိတော့၏။
နေ့စဉ် ဇနီးအယောက် ငါးဆယ်နှင့်အတူ ကျင့်ကြံခြင်းဖြင့် ကျောက်လင်သည် နှစ်ငါးရာစာ ကျင့်ကြံမှုစွမ်းအားများကို ရရှိခဲ့သည်။
တာအိုသုံးခုကို နားလည်သဘောပေါက်ခြင်းအပြင် မရဏကမ္ဘာ၏ ဆေးဖက်ဝင်လက်နှင့် နတ်ဘုရား အမြန်နှုန်းတို့ကိုလည်း ဆဋ္ဌမအဆင့်အထိ မြှင့်တင်နိုင်ခဲ့၏။
ကျောက်လင်သည် ပေါင်းစည်းခြင်းနယ်ပယ်၏ အမြင့်ဆုံးအဆင့်တွင် ရှိနေဆဲဖြစ်သည်ဟု ဆိုနိုင်သော်လည်း သူ၏ ကိုယ်ပိုင်စွမ်းအားသက်သက်ဖြင့် သတ္တမအဆင့် မြေကမ္ဘာနတ်ဆိုးနယ်ပယ်ကို အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။
"ဟင်းလင်းပြင်လမ်းစဉ်... ကောင်းဖန်နိုင်ငံက အဋ္ဌမအဆင့် ရေခဲစစ်သည် ငါးယောက်ထဲက ဘယ်သူမှ ဟင်းလင်းပြင်လမ်းစဉ်ကို နားမလည်ထားကြဘူး..."
"အဲဒီစွမ်းအားကူးပြောင်းခြင်း ကျောက်စိမ်းပြားငါးခုက ငါ့အတွက် ဘာအသုံးမှ မဝင်တော့ဘူး..."
"ဟင်းလင်းပြင်လမ်းစဉ်ကို ငါတို့ ဘယ်မှာ သွားရှာရမလဲ..."
ကျောက်လင်က သူ့ကိုယ်သူ အေးအေးဆေးဆေး မေးခွန်းထုတ်လိုက်၏။
ရုတ်တရက် ကျောက်လင်၏ မျက်လုံးများက အရောင်လက်သွားပြီး သူ၏ ပေါင်ကို ဆက်တိုက် ပုတ်လိုက်သည်။
"အော် ဟုတ်သားပဲ... ငါ ဘယ်လိုလုပ်ပြီး မေ့နေရတာလဲ..."
"ဖက်တီးက ပဉ္စမအဆင့် ဝိညာဉ်သားရဲဘဝမှာတည်းက သူ့ရဲ့ အတွင်းဟင်းလင်းပြင်ကို ထုတ်ဖော်ပြသခဲ့ပြီးသားလေ..."
"ဖက်တီးမှာ သူ့ရဲ့ သွေးမျိုးဆက်ရှိပုံရတယ်... သွေးမျိုးဆက်အထဲမှာ ဟင်းလင်းပြင်ဆိုတာ ရှိရမယ်ပေါ့..."
"ဖက်တီးက ဟင်းလင်းပြင်လမ်းစဉ်နဲ့ အတူ မွေးဖွားလာတာပဲ..."
"ဟင်းလင်းပြင်လမ်းစဉ်ကို နားလည်ဖို့ ငါ့ရဲ့ မျှော်လင့်ချက်က ဖက်တီးဆီမှာပဲ ရှိနေပုံရတယ်..."
ကျောက်လင်မှာ အလွန်တရာ ဝမ်းသာသွား၏။
ဤကမ္ဘာပေါ်တွင် နားလည်သဘောပေါက်ရန် အခက်ခဲဆုံးဖြစ်သော ဟင်းလင်းပြင်လမ်းစဉ်သည် အမှန်တကယ်တော့ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။
ကျောက်လင်၏ အသိစိတ်က ကံကြမ္မာနတ်ဘုရားအဆင့်စာရင်းနှင့် ချက်ချင်း ပေါင်းစပ်သွားပြီး ကြွက်လေး၏ လက်ရှိတည်နေရာကို ရှာဖွေလိုက်၏။
၎င်းသည် လက်ရှိတွင် ကောင်းဖန်နိုင်ငံအတွင်း၌ ရှိနေပြီး အန္တရာယ်များသော တောင်တန်းဒေသတစ်ခုသို့ ရောက်ရှိနေကာ တောင်ထွတ်တိုင်းရှိ ဝိညာဉ်သားရဲများကို ရှင်းလင်းမျိုချနေပေသည်။
ကြွက်လေးသည် ဆဋ္ဌမအဆင့် ဝိညာဉ်သားရဲအဖြစ် ရှိနေဆဲဖြစ်ကာ လက်ဝါးအရွယ်အစားခန့်သာ ရှိသေးသော်လည်း ၎င်း၏ စွမ်းအားကတော့ အလွန်ကြီးမားလှသည်။
ကြွက်လေး၏ တည်နေရာပြောင်းရွှေ့ခြင်း အမြန်နှုန်းမှာ အလွန်မြန်ဆန်လှသဖြင့် ကျောက်လင်ပင်လျှင် မယှဉ်နိုင်ပေ။ ကံကြမ္မာနတ်ဘုရားအဆင့်စာရင်းသာ မရှိပါက ကျောက်လင်သည် ကြွက်လေး၏ အရိပ်ကိုပင် ဖမ်းမိနိုင်မည် မဟုတ်ချေ။
"ဒီကောင်လေးရဲ့ ဟင်းလင်းပြင် ပါရမီက တကယ့်ကို ကြောက်စရာကောင်းလောက်အောင် ကြီးမားတာပဲ..."
ကျောက်လင်က သက်ပြင်းချလိုက်၏။
ကြွက်လေး၏ တည်နေရာကို သိရှိသွားပြီဖြစ်သောကြောင့် ကျောက်လင်က ထပ်မစောင့်တော့ရန် ဆုံးဖြတ်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ကျောက်လင်သည် နှင်းနတ်ဘုရားမြို့၏ တောင်ဘက်တောင်တန်းဆီသို့ တည်နေရာပြောင်းရွှေ့သွားပြီး မောင်းသူမဲ့ယာဉ်တစ်စီးကို ထုတ်ယူကာ ကြွက်လေးရှိရာ တောင်ဆီသို့ ချက်ချင်း စီးနင်းသွားခဲ့၏။
ကောင်းကင်ယံသို့ ထိုးထွက်နေသော တောင်ထွတ်များဖြင့် ပြည့်နှက်နေသည့် တောင်တန်းဒေသတစ်ခုတွင် ကြွက်လေးက ဆယ်မီတာအရှည်ရှိသော နှင်းကျားသစ်တစ်ကောင်ကို လိုက်လံဖမ်းဆီးနေသည်။
ဤနှင်းကျားသစ်မှာ ဝိညာဉ်သားရဲဖြစ်ပြီး ဤတောင်တန်း၏ ဘုရင်လည်းဖြစ်ပေသည်။
၎င်းတွင် ဆဋ္ဌမအဆင့် ဝိညာဉ်သားရဲ၏ စွမ်းအားရှိပြီး အလွန်မြန်ဆန်လှသော်လည်း ကြွက်လေး၏ လိုက်လံဖမ်းဆီးမှုနှင့် ရင်ဆိုင်ရချိန်တွင် နှင်းကျားသစ်မှာ ခုခံလိုသည့်အတွေး အနည်းငယ်မျှပင် မရှိခဲ့ချေ။
သို့သော်လည်း နှင်းကျားသစ်မှာ အဝေးသို့ မရောက်ခင်မှာပင် ကြွက်လေးက ၎င်း၏ ခေါင်းပေါ်တွင် ရုတ်တရက် ပေါ်လာ၏။
ကြွက်လေးက ဆူးများကို ယူကာ နှင်းကျားသစ်၏ ခေါင်းထဲသို့ ပြင်းထန်စွာ ထိုးစိုက်ချလိုက်သည်။
တစ္ဆေတစ်ကောင်ကဲ့သို့သော လှုပ်ရှားမှုများ ဆက်တိုက် ဖြစ်ပေါ်သွား၏။
နှင်းကျားသစ်၏ ခေါင်းမှာ အချက်ပေါင်းရာချီ ထိုးစိုက်ခံလိုက်ရသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ခါသွားပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားကာ ဧရာမ မြေတွင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေခဲ့၏။
ကြွက်လေးက နှင်းကျားသစ်၏ အလောင်းပေါ်သို့ ခုန်တက်ကာ ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် ကြွက်လေးက ပါးစပ်ကို ဟကာ ၎င်းထက် အဆပေါင်းများစွာ ကြီးမားသော နှင်းကျားသစ်အလောင်းကို မျိုချလိုက်၏။
"ကျွီ.."
ကြွက်လေးက စိတ်လှုပ်ရှားစွာ အသံပြုလိုက်ပြီး အလွန်တရာ ပျော်ရွှင်နေပေသည်။
ဤနှင်းကျားသစ်ကို မျိုချလိုက်ခြင်းဖြင့် ကြွက်လေး၏ စွမ်းအားသည် နောက်ထပ် ဆယ်ရာခိုင်နှုန်း တိုးလာမည်ဖြစ်၏။
ထိုအခိုက်တွင် ကောင်းကင်ယံ၌ မောင်းသူမဲ့ယာဉ်တစ်စီး ပေါ်လာပြီး ရုတ်တရက် ထိုးဆင်းလာကာ ကြွက်လေး၏ အထက်သို့ ရောက်ရှိလာသည်။
“ဖက်တီး... တက်ခဲ့..."
ကျောက်လင်က လေထဲမှ အော်ခေါ်လိုက်၏။
ကြွက်လေးမှာ မှင်တက်သွားသည်။ ကျောက်လင်က ၎င်းကို ဤမျှအလွယ်တကူ ရှာတွေ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထို့ကြောင့် ကြွက်လေးသည် မောင်းသူမဲ့ယာဉ်ထဲသို့ ချက်ချင်းပင် ပျံသန်းဝင်ရောက်သွားတော့၏။