အခန်း ၄၁၂
Vol. 42 Ch. 412
အခန်း (၄၁၂) ဟင်းလင်းပြင်လမ်းစဉ်နှင့် ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ် ရောက်ရှိလာခြင်း
"ဖက်တီး... ငါ့ဆီမှာ အဆာပြေမုန့်အသစ် အမျိုးတစ်ရာလောက်ရှိတယ်... မင်း မြည်းကြည့်လို့ရတယ်လေ..."
ကြွက်လေး သူ့အနားသို့ ရောက်လာသည်ကို မြင်သောအခါ ကျောက်လင်က ပြုံး၍ ပြောလိုက်၏။
ထိုသို့ပြောပြီးနောက် ကျောက်လင်က အဆာပြေမုန့်အသစ် အမျိုးတစ်ရာကို ထုတ်ယူလိုက်သည်။ အာလူးကြော်၊ ဂျုံမုန့်၊ အစပ်ချောင်း၊ အခွံမာသီး၊ ကိုလာ၊ နို့လက်ဖက်ရည်စသည်ဖြင့် အလွန်ပင် စုံလင်လှပေ၏။ ဤအဆာပြေမုန့်အသစ် အမျိုးတစ်ရာက အဆာပြေမုန့်ဆိုင်တစ်ဆိုင်ကို အလွယ်တကူ ပြည့်သွားစေနိုင်သည်ဟု ဆိုလျှင်လည်း မမှားပေ။
"ကျွီ..."
ရုတ်တရက် ပေါ်လာသော အဆာပြေမုန့် အမျိုးတစ်ရာကို မြင်လိုက်ရသောအခါ ကြွက်လေးမှာ စိတ်လှုပ်ရှားသွား၏။ ထို့နောက် ကြွက်လေးသည် ၎င်း၏ လက်သည်းလေးများဖြင့် မုန့်အိတ်များကို ဖွင့်ကာ တစ်ခုပြီးတစ်ခု မြည်းစမ်းကြည့်လေသည်။
"ကျွီ..."
ကြွက်လေးက ပျော်ရွှင်စွာဖြင့် မှတ်ချက်ပေးလိုက်၏။
"အကုန်လုံး အရသာရှိရဲ့လား..."
ကျောက်လင်က ပြုံးလျက် မေးလိုက်သည်။
ကြွက်လေးက ချက်ချင်း ခေါင်းညိတ်ပြလိုက်၏။
"ဖက်တီး... ကြည့်စမ်း... သူဌေးက မင်းအပေါ် သဘောကောင်းတယ်မလား..."
"မင်းသူဌေးက အခု အခြေအနေ နည်းနည်း ကြပ်တည်းနေလို့... မင်း ငါ့ကို ကူညီပေးနိုင်မလား..."
ကျောက်လင်က သက်ပြင်းချလိုက်ပြီး အလွန် အခက်တွေ့နေသည့်ဟန် ပြလိုက်၏။
ကြွက်လေးက ကျောက်လင်၏ ပခုံးပေါ်သို့ ချက်ချင်း ခုန်တက်သွားပြီး သူ၏ နားရွက်ကို ၎င်း၏ နှုတ်ခမ်းဆူဆူလေးဖြင့် လျက်လိုက်သည်။ ယင်းက ကူညီရန် လိုလားကြောင်း ပြသလိုက်ခြင်းပင် ဖြစ်၏။
"ဖက်တီး... မင်းရဲ့ သွေးမျိုးဆက်မှာ ဟင်းလင်းပြင်ဆိုတာ ပါသလား..."
ကျောက်လင်က ချက်ချင်းပင် မေးခွန်းထုတ်လိုက်၏။ ကြွက်လေးက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။ ကျောက်လင်၏ မျက်နှာပေါ်တွင် ကျေနပ်နေသော အပြုံးတစ်ခု ချက်ချင်း ပေါ်လာ၏။ အပြုသဘောဆောင်သော အဖြေကို ရရှိပြီးနောက် ကျောက်လင်က သူ၏ အစီအစဉ်ကို အကောင်အထည်ဖော်ရန် သဘာဝကျစွာ ဆုံးဖြတ်လိုက်သည်။
"ဖက်တီး... ငါက အခု ပေါင်းစည်းခြင်းနယ်ပယ် အမြင့်ဆုံးအဆင့်ကို ရောက်နေပြီ..."
"ငါသာ သတ္တမအဆင့် နယ်ပယ်ကို ထိုးဖောက်ဝင်ရောက်ချင်တယ်ဆိုရင် ဟင်းလင်းပြင်လမ်းစဉ်ကို နားလည်သဘောပေါက်ဖို့ လိုတယ်လေ..."
"ဒါကြောင့် မင်းရဲ့ သွေးမျိုးဆက် ဟင်းလင်းပြင်ကို ငါနဲ့ မျှဝေပေးနိုင်မလားလို့ မေးချင်တာ..."
ကျောက်လင်က ကြွက်လေးကို ပြုံးလျက် ကြည့်လိုက်ရာ သူ၏ မျက်နှာတွင် စိတ်အားထက်သန်သော မျှော်လင့်ချက်များ အပြည့်ရှိနေ၏။ ကျောက်လင်က ၎င်းအား အဘယ်ကြောင့် လာရှာရသည်ကို ကြွက်လေး နောက်ဆုံးတွင် နားလည်သွားသည်။ ၎င်းက ပြတ်သားစွာ ခေါင်းညိတ်ပြလိုက်၏။
ကြွက်လေးက မျက်လုံးများကို မှိတ်လိုက်ပြီး ၎င်း၏ အမူအရာက အလေးအနက်ဖြစ်သွားကာ ရုတ်တရက် ပါးစပ်ဟ၍ ရွှေရောင်သွေးတစ်စက်ကို ထွေးထုတ်လိုက်သည်။
ဝိညာဉ်သားရဲများသည် မျိုးဆက်အဆက်ဆက် သွေးမျိုးဆက်မှတစ်ဆင့် ၎င်းတို့ ရရှိထားသော စွမ်းရည်များ၊ ပါရမီများနှင့် တာအိုစွမ်းအားများကို သွေးကြောထဲသို့ ပေါင်းစပ်ထည့်သွင်းထားလေ့ရှိကြပြီး ယင်းက သွေးမျိုးဆက်ကို သွေးကြောမှတစ်ဆင့် မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းနိုင်စေရန် ပြုလုပ်ပေးခြင်း ဖြစ်၏။ ဤရွှေရောင်သွေးတစ်စက်မှာ ကြွက်လေး၏ အမြုတေဖြစ်သည်။ ယင်းသွေးမျိုးဆက်ထဲတွင် ဟင်းလင်းပြင်လမ်းစဉ်၏ သဘောတရားများ ပါဝင်နေ၏။
ကြွက်လေးသည် ရွှေရောင်သွေးတစ်စက်ကို ထွေးထုတ်ပြီးနောက် ၎င်း၏ အသက်ရှူသံများ အားနည်းသွားကာ ကျောက်လင်၏ ရင်ခွင်ထဲသို့ ချက်ချင်း တိုးဝင်၍ အိပ်ပျော်သွားလေသည်။ ကြွက်လေးသည် သွေးမျိုးဆက်အမြုတေကို ထွေးထုတ်ရာတွင် ကြီးမားသော အရင်းအမြစ်များကို သုံးစွဲလိုက်ရပုံပေါ်၏။
ကျောက်လင်က အမြုတေသွေးကို စနစ်နေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်သည်။ ဤအခိုက်အတန့်တွင် ကျောက်လင်က စနစ်မျက်နှာပြင်ကို ကြည့်နေ၏။
ကျင့်ကြံခြင်းအဆင့် - +၃၉
"ဒီလောက် ကျင့်ကြံခြင်းပမာဏက ငါ ဟင်းလင်းပြင်လမ်းစဉ်ကို နားလည်သဘောပေါက်ဖို့ သေချာပေါက် မလုံလောက်သေးဘူး..."
"ဇနီးတွေနဲ့ ဆက်ဆံရေးကို ဆက်ပြီး ကြိုးစားရမယ်..."
ကျောက်လင်က သူ့သာသာ တွေးလိုက်၏။ ထို့နောက် ချက်ချင်းပင် ကျောက်လင်သည် ထင်းရှူးနက်ကျေးရွာသို့ တည်နေရာပြောင်းရွှေ့ခြင်းဖြင့် ပြန်သွားလေသည်။
နှင်းနတ်ဘုရားမြို့၊ နန်းတော်။
အစပိုင်းတွင် နှင်းနတ်ဘုရားမြို့မှ လူနှစ်သန်းခန့်က နန်းတော်ကို ဝိုင်းရံထားခဲ့သော်လည်း ဆယ်ရက်အကြာတွင် အချို့မှာ တဖြည်းဖြည်း ထွက်ခွာသွားခဲ့ကြသည်။ သို့သော်လည်း လူသန်းပေါင်းများစွာက နန်းတော်ကို ဝိုင်းရံထားဆဲဖြစ်ပြီး ဧကရာဇ်မင်းမြတ်က ၎င်းတို့အား ကူညီပေးရန် ဆုတောင်းနေကြဆဲ ဖြစ်၏။ သို့ရာတွင် လွန်ခဲ့သော ဆယ်ရက်အတွင်း တန်းနျီဟုန်ဖေးက တန်းနျီမိသားစုဝင်များကို နန်းတော်အပြင်ဘက်သို့ လျှို့ဝှက်စွာ ရွှေ့ပြောင်းပေးနေခဲ့သည်ကို ဤလူများက မသိခဲ့ကြပေ။
ဆယ်ရက်အကြာတွင် နန်းတော်ထဲ၌ တန်းနျီမိသားစုမှ တန်းနျီဟုန်ဖေး၊ မိဖုရားကြီးနှင့် အိမ်ရှေ့စံမင်းသားတို့သာ ကျန်ရစ်တော့သည်။ ဤအဓိက ပုဂ္ဂိုလ်သုံးဦး အာဏာရှိနေသဖြင့် မည်သည့် အဆင့်မြင့် အရာရှိကမျှ တစ်စုံတစ်ရာ မှားယွင်းနေသည်ကို မရိပ်မိကြဘဲ အင်ပါယာ၏ အာဏာ ရှိနေသေးသည်ဟု ယုံကြည်ကာ ပြဿနာမရှာရဲဘဲ နေခဲ့ကြခြင်း ဖြစ်၏။
သို့သော် နန်းတော်အတွင်းရှိ ကောက်နှံသိုလှောင်မှုများက လျော့နည်းလာနေသည်။ အဆင့်အသီးသီးမှ အရာရှိများသည် နန်းတော်ကို ဝိုင်းရံထားသော သာမန်လူများနည်းတူ ဒေသအသီးသီးမှ ကောက်နှံများကို လွှဲပြောင်းပေးရန် ဧကရာဇ် တန်းနျီဟုန်ဖေးအား နေ့စဉ် သွားရောက် တောင်းဆိုကြလေသည်။ သို့သော်လည်း ကောင်းဖန်နိုင်ငံမှာ အမည်ခံမျှသာ ကျန်တော့ကြောင်းကို တန်းနျီဟုန်ဖေးက မဖော်ပြလိုသဖြင့် အကြောင်းကိစ္စကိုသာ ဆက်လက် အချိန်ဆွဲထားခဲ့၏။
ယခုအခါ တန်းနျီမိသားစုမှာ ထွက်ခွာသွားပြီဖြစ်ရာ တန်းနျီဟုန်ဖေးအတွက် စိုးရိမ်စရာ မရှိတော့ပေ။
နန်းတွင်းစာကြည့်ဆောင် အပြင်ဘက်။
ထိုမနက်က အစီရင်ခံစာများ တင်သွင်းခဲ့ကြသော နန်းတွင်းအရာရှိများအားလုံးသည် နန်းတွင်းစာကြည့်ဆောင် အပြင်ဘက်တွင် စုရုံးနေကြပြီး ကောက်နှံများ ခွဲဝေပေးရန် ဧကရာဇ်မင်းမြတ်အား တောင်းဆိုနေကြဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အစားအစာများ မကြာမီ ရောက်မလာပါက ဤနန်းတွင်းအရာရှိများလည်း တောင့်ခံထားနိုင်မည် မဟုတ်ဘဲ ၎င်းတို့၏ မိသားစုများပါ ငတ်မွတ်သေဆုံးသွားကြမည် ဖြစ်သောကြောင့်ပင်။
နန်းတွင်းစာကြည့်ဆောင် အတွင်းဘက်။
ဧကရာဇ် တန်းနျီဟုန်ဖေး၊ မိဖုရားကြီး ဟာနျီလီယွင်နှင့် အိမ်ရှေ့စံမင်းသား တန်းနျီချင်းရှန်းတို့ အတူတကွ ထိုင်နေကြ၏။ နဝမအဆင့် အစီအရင်တစ်ခု၏ ကမ္ဘာ့စွမ်းအားက ၎င်းတို့၏ လမ်းကို ပိတ်ဆို့ထားသဖြင့် နန်းတွင်းမှ အဆင့်မြင့် အရာရှိများသည် အပြင်ဘက်တွင်သာ နေခဲ့ရပြီး နန်းတွင်းစာကြည့်ဆောင်ထဲသို့ မဝင်နိုင်သလို ထိုသုံးဦးကြားရှိ စကားပြောဆိုမှုများကိုလည်း မကြားနိုင်ကြပေ။
"မိဖုရားကြီး... အိမ်ရှေ့စံ... ကိုယ်တော်တို့ရဲ့ ဘိုးဘေးတွေက ဝိညာဉ်ရတနာလို့ခေါ်တဲ့ ဟင်းလင်းပြင်တစ်ခုကို ရရှိခဲ့ကြပြီး အထဲမှာ စတုရန်းမီတာ တစ်ရာလောက်ပဲ ကျယ်ဝန်းတဲ့ နေရာလွတ်တစ်ခု ပါဝင်တယ်..."
"ဒီည... မင်းတို့နှစ်ယောက် အတူတူသွားပြီး အတွင်းရတနာတိုက်ထဲက ရတနာတွေကို ဝိညာဉ်ရတနာ ဟင်းလင်းပြင်ထဲကို သိမ်းဆည်းရမယ်..."
"နန်းတွင်းအရာရှိတွေနဲ့ နန်းတော်ထဲက အင်ပါယာမြို့စောင့်တပ်တွေ မင်းတို့ကို အနှောင့်အယှက် မပေးနိုင်အောင် ကိုယ်တော်က ကောင်းကင်နှင့်မြေကြီး ချိတ်ပိတ်ခြင်းအစီအရင်ကို ဆက်ပြီး အလုပ်လုပ်နေစေမယ်..."
"ဒါဆိုရင် အတွင်းရတနာတိုက်ထဲက ရတနာတွေအားလုံးကို အပြင်ထုတ်ဖို့ မင်းတို့နှစ်ယောက်အတွက် အချိန်ငါးရက် ရလိမ့်မယ်..."
"ကောင်းဖန်နိုင်ငံက ပျက်စီးသွားပြီ... ကောင်းဖန်နိုင်ငံရဲ့ အဖိုးတန်ဆုံး ရတနာတွေ အားလုံးကို ကိုယ်တော်တို့ ယူဆောင်သွားမယ်...အဲ့တာတွေက ငါတို့ တန်းနျီမိသားစုရဲ့ အနာဂတ် ပြန်လည်နိုးထလာမှုအတွက် အခြေခံအုတ်မြစ်တွေ ဖြစ်လာလိမ့်မယ်..."
တန်းနျီဟုန်ဖေးက တည်ငြိမ်စွာ ပြောလိုက်၏။
မိဖုရားကြီး ဟာနျီလီယွင်နှင့် အိမ်ရှေ့စံမင်းသား တန်းနျီချင်းရှန်းတို့က ဤအကြောင်းကို သိထားသည်မှာ ဆယ်ရက်ရှိပြီ ဖြစ်သည်။ ယခုအခါ ကောင်းဖန်နိုင်ငံမှာ မဟာချင်မင်းဆက်၏ ကျင့်ကြံသူများနှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ ဝင်ရောက်မွှေနှောက် ဖျက်ဆီးခြင်းကို ခံရကာ ကသောင်းကနင်း ဖြစ်နေလေပြီ။ ထို့ကြောင့် ကောင်းဖန်နိုင်ငံသည် လက်တွေ့တွင် မရှိတော့ပေ။ ယခု တန်းနျီဟုန်ဖေး လုပ်ဆောင်နေသမျှ အရာအားလုံးသည် တန်းနျီမိသားစု၏ အနာဂတ် ပြန်လည်နိုးထလာမှုအတွက် ပြင်ဆင်နေခြင်းပင် ဖြစ်၏။
"နားလည်ပါပြီ..."
သူတို့နှစ်ဦးစလုံးက ပြန်လည်ဖြေကြားလိုက်သည်။
"ကောင်းပြီ... မင်းတို့ သွားပြီး အလုပ်လုပ်ကြတော့..."
တန်းနျီဟုန်ဖေးက တည်ငြိမ်သော လေသံဖြင့် အမိန့်ပေးလိုက်၏။
မိဖုရားကြီး ဟာနျီလီယွင်နှင့် အိမ်ရှေ့စံမင်းသား တန်းနျီချင်းရှန်းတို့သည် နန်းတွင်းစာကြည့်ဆောင်ထဲမှ ချက်ချင်း ပျံသန်းထွက်ခွာသွားကြသည်။ နဝမအဆင့် အစီအရင်တစ်ခု၏ ကမ္ဘာ့စွမ်းအားဖြင့် ဖုံးလွှမ်းခံထားရသဖြင့် ၎င်းတို့၏ လှုပ်ရှားမှုများမှာ တိတ်ဆိတ်နေပြီး နန်းတွင်းစာကြည့်ဆောင် အပြင်ဘက်ရှိ နန်းတွင်းအရာရှိများက ၎င်းတို့ကို သတိမထားမိကြပေ။
သို့သော် ထိုအခိုက်တွင် ရုတ်တရက် နန်းတော်အထက် ကောင်းကင်ယံ၌ ပုံရိပ်တစ်ခုပေါ်လာ၏။ ယင်းမှာ ချီလင်ခန်းမကြီး၏ ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်ပင်ဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်က ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်သည် အကြံပေးအမတ်ကြီး တာ့ဝါ၏ ကမ္ဘာ့အမြုတေတစ်ခုကို ဖြတ်တောက်ပြီး နေရာတစ်ခုတွင် သန့်စင်ခဲ့ကာ ၎င်း၏ အတွင်းကမ္ဘာကို ချဲ့ထွင်ခဲ့သည်။
ယခုအခါ သူ၏ ခွန်အားများ တိုးတက်လာပြီဖြစ်ရာ ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်သည် ဒုက္ခရောက်နေသူကို ထပ်မံ ဒုက္ခပေးမည့် အခွင့်အရေးကို သဘာဝကျစွာပင် လက်လွှတ်ခံမည် မဟုတ်ပေ။ အကြံပေးအမတ်ကြီး တာ့ဝါ၏ ခွန်အားများ အားနည်းသွားသည်ကို ယွင်လန်တိုက်ကြီးမှ အခြားသော နဝမအဆင့် သိုင်းပညာရှင်များ သတိမထားမိခင် သူက အကြံပေးအမတ်ကြီးတာ့ဝါကို သတ်ဖြတ်ကာ သူ၏ ကမ္ဘာ့အမြုတေတစ်ခုလုံးကို သိမ်းပိုက်လိုခဲ့ခြင်း ဖြစ်၏။
ထိုသို့ဆိုလျှင် ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်သည် နဝမအဆင့် အလယ်အလတ်အဆင့်သို့ ထိုးဖောက် ဝင်ရောက်နိုင်ကောင်း ဝင်ရောက်နိုင်ပေလိမ့်မည်။ နဝမအဆင့် ထုံရှန်းနယ်ပယ်သို့ ရောက်ရှိပြီးနောက် နောက်တစ်ဆင့်သို့ တက်လှမ်းခြင်းက အလွန် ခက်ခဲလှပေသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ကမ္ဘာ့အမြုတေများကို တိုးတက်ကောင်းမွန်စေရန် လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သောကြောင့်ပင်။ အချိန်ကြာလာသည်နှင့်အမျှ မိမိကိုယ်ပိုင် စုဆောင်းထားမှုအပေါ် မှီခိုရခြင်းသည် ရေနဂါးတစ်ကောင်က သမုဒ္ဒရာကို ရေဖြင့် ဖြည့်တင်းနေသကဲ့သို့ အလွန် နှေးကွေးလှ၏။
၎င်းတို့သည် နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာကို လုယက်နိုင်သည်။ သို့မဟုတ် နိုင်ငံတစ်နိုင်ငံ၏ နဂါးရိုးကို စုပ်ယူနိုင်သည်။ သို့မဟုတ် အခြားသော နဝမအဆင့် သိုင်းပညာရှင်များ၏ ကမ္ဘာ့အမြုတေများကို သိမ်းပိုက်နိုင်ကြသည်။ ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်၏ လက်ရှိ ပန်းတိုင်မှာ အကြံပေးအမတ်ကြီး တာ့ဝါထံမှ ကမ္ဘာ့အမြုတေကို သိမ်းပိုက်ရန်ပင် ဖြစ်သည်။
"တာ့ဝါ... ထွက်ခဲ့စမ်း..."
ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်က နန်းတော်အထက်သို့ ရောက်လာပြီး ရန်စသည့်အနေဖြင့် အကျယ်ကြီး အော်ဟစ်လိုက်၏။ မည်သူပါနည်းဟူ၍ နန်းတွင်းစာကြည့်ဆောင် အပြင်ဘက်ရှိ အဆင့်မြင့် အရာရှိများနှင့် နန်းတော်ကို ဝိုင်းရံထားသော သာမန်လူများအားလုံး ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် နန်းတွင်းစာကြည့်ဆောင်ထဲရှိ ဧကရာဇ် တန်းနျီဟုန်ဖေးမှာ စိုးရိမ်ပူပန်လာခဲ့၏။ ဤသူသည် အကြံပေးအမတ်ကြီး တာ့ဝါကို လာရောက်ရှာဖွေသော နဝမအဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်ကြောင်း ရှင်းလင်းလှပေသည်။ သို့သော် အကြံပေးအမတ်ကြီးတာ့ဝါမှာ သေဆုံးသွားခဲ့ပြီဖြစ်ပြီး ၎င်းအနေဖြင့် အကြံပေးအမတ်ကြီး တာ့ဝါကို ရှာမတွေ့ပါက သေချာပေါက် နန်းတော်ကို တိုက်ခိုက်မည် ဖြစ်သည်။
ထိုသို့ဆိုလျှင် တန်းနျီဟုန်ဖေး လုပ်ဆောင်နေသည့် အစီအစဉ်များလည်း ပြတ်တောက်သွားမည် ဖြစ်၏။ ကောင်းဖန်နိုင်ငံက အမည်ခံမျှသာ ကျန်တော့သည်ဟူသော အမှန်တရားကို လူတိုင်း သိသွားကြပေလိမ့်မည်။