အခန်း ၄၂၂
Vol. 42 Ch. 422
အခန်း (၄၂၂) မင်းသမီး ကျွန်တော်မျိုးနဲ့ လက်ထပ်မလား
တောင်တန်းဒေသ၏ နေရာအနှံ့အပြားတွင် ဝါးစိမ်းပင်များက ဖုံးလွှမ်းနေ၏။
ဝါးတောထဲတွင် စမ်းချောင်းငယ်တစ်ခုက တသွင်သွင် စီးဆင်းနေသည်။
စမ်းချောင်းဘေးတွင် လှပသော ဝါးမဏ္ဍပ်တစ်ခု ရှိနေပြီး ၎င်း၏ တည်ဆောက်ထားပုံမှာ အလွန်တင့်တယ်လှပ၏။
ကျောက်လင်နှင့် မင်းသမီး ယွီကျောက်တို့သည် ဝါးမဏ္ဍပ်ဆီသို့ အတူတကွ ပျံသန်းသွားကြသည်။
ထို့နောက် သူတို့နှစ်ဦးသည် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြ၏။
"မင်းသမီး... ကောင်းဖန်တိုင်းပြည်မှာ ရောက်နေတဲ့ နှစ်ပတ်အတွင်း အကျိုးအမြတ်တွေရခဲ့တယ် မဟုတ်လား..."
ကျောက်လင်က သာမန်အကြောင်းအရာများကို စတင်ပြောဆိုလိုက်သည်။
မင်းသမီးယွီကျောက်က ထိုင်လိုက်ပြီးနောက် ကျောက်လင်၏ အတွင်းစိတ်ကို ဖောက်ထွင်းမြင်နိုင်ရန် အကဲခတ်ကြည့်လိုက်၏။
သို့သော် သေချာစွာ အကဲခတ်ကြည့်လေ မင်းသမီးယွီကျောက်မှာ ပို၍ နားမလည်နိုင် ဖြစ်လာလေပင်။
ကျောက်လင် ဖုန်းလန်မြို့သို့ ရောက်ရှိလာစဉ်က သူသည် ပေါင်းစည်းခြင်းနယ်ပယ်တွင်သာ ရှိနေသေးသည်ကို သူမ မှတ်မိနေသေးသည်။
ယခုမူ ကျောက်လင်ထံမှ တာအိုစွမ်းအားများ မှေးမှိန်စွာ ထွက်ပေါ်နေ၏။
ဤသည်မှာ မြေကမ္ဘာနတ်ဆိုးနယ်ပယ်၏ လက္ခဏာရပ်ပင်ဖြစ်သည်။
ဤမျှတိုတောင်းသော အချိန်ကာလအတွင်း ကျောက်လင်က အဆင့်တက်သွားခဲ့ခြင်းမှာ ကျင့်ကြံခြင်း ပါရမီရှင်တစ်ဦးဟုပင် ဆိုရပေမည်။
"ကျောက်လင်... ရှင်က ကောင်းဖန်တိုင်းပြည်ရဲ့ မြို့ကြီးသုံးမြို့လုံးကို သိမ်းပိုက်လိုက်ပြီ မဟုတ်လား..."
ဤအခိုက်အတန့်၌ မင်းသမီး ယွီကျောက်၏ ရင်ထဲတွင် ကျောက်လင်အား မိမိဘက်ပါအောင် သိမ်းသွင်းလိုစိတ်များ ဖြစ်ပေါ်နေပြီဖြစ်၏။
ထို့ကြောင့် မင်းသမီးယွီကျောက်က လှည့်ပတ်ပြောဆိုနေခြင်းများကို ရပ်တန်းကရပ်လိုက်ပြီး သူမ၏ အတွင်းစိတ်ကို တိုက်ရိုက်ထုတ်ဖော်ပြသလိုက်သည်။
ကျောက်လင်၏ မျက်လုံးများက တောက်ပသွားပြီး နှုတ်ခမ်းကို စေ့လိုက်ကာ မင်းသမီးယွီကျောက်အပေါ် သူ၏ အထင်ကြီးမှုက အနည်းငယ် မြင့်တက်သွား၏။
အချို့သော သဲလွန်စများမှတစ်ဆင့် မင်းသမီးယွီကျောက်သည် တကယ့်လက်သည်ကို ရှာဖွေတွေ့ရှိသွားခြင်းပင် ဖြစ်သည်။
"ဟုတ်ပါတယ်..."
"ကျွန်တော်မျိုးရဲ့ မိတ်ဆွေတချို့က ကောင်းဖန်တိုင်းပြည်ရဲ့ မြို့ကြီးသုံးမြို့ကို လျှပ်စီးလက်သလို အမြန်နှုန်းနဲ့ သိမ်းပိုက်ခဲ့ကြတာပါ..."
ကျောက်လင်က မြို့ကြီးသုံးမြို့ကို သူ သိမ်းပိုက်ခဲ့ကြောင်း အလွယ်တကူ ဝန်ခံလိုက်သော်လည်း သူတစ်ယောက်တည်း လုပ်ခဲ့ခြင်းဖြစ်ကြောင်းကိုတော့ သေချာပေါက် ပြောမည် မဟုတ်ပေ။
ဤနည်းဖြင့် ကျောက်လင်က သူကိုယ်တိုင် အလွန်အစွမ်းထက်သည့်အပြင် သူ၏ နောက်ကွယ်တွင်လည်း တောင့်တင်းသော အင်အားစုတစ်ခု ရှိနေကြောင်းကို မင်းသမီးယွီကျောက်အား သိစေချင်ခြင်းဖြစ်၏။
ထိုသို့ဆိုမှသာ တိုင်းပြည်တစ်ခု၏ မင်းသမီးနှင့် စေ့စပ်ဆွေးနွေးရန် အရည်အချင်းပြည့်မီမည် ဖြစ်သည်။
"ကျောက်လင်... ရှင်က တော်တော် ရိုးသားတာပဲ..."
"ကျွန်မ သတင်းအချက်အလက် အများကြီး စုဆောင်းထားပြီး ရှင့်နောက်ကွယ်မှာ အစွမ်းထက်တဲ့ အင်အားစုတစ်ခုက ထောက်ပံ့ပေးနေတယ်လို့ ခန့်မှန်းမိတယ်..."
"အခုတော့ သာမန်နယ်ခြားစောင့်တပ်သားတစ်ယောက်ဖြစ်တဲ့ ရှင်က ဘာလို့ ဒီလောက်အထိ မြင့်မားတဲ့ ကျင့်ကြံမှု ရှိနေရသလဲဆိုတာကို ကျွန်မ နားလည်သွားပြီ..."
ကျောက်လင်က သူ့နောက်ကွယ်တွင် အစွမ်းထက်သော ကျောထောက်နောက်ခံရှိနေကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်ကို ကြားလိုက်ရသောအခါ မင်းသမီးယွီကျောက်သည် သူ့အပေါ် အလွန် အထင်ကြီးသွား၏။
"မင်းသမီးက ဖုန်းလန်မြို့မှာ ကျွန်တော်မျိုးကို သုံးရက်တိတိ စောင့်နေခဲ့တာ... သေချာပေါက် ဒီကိစ္စတစ်ခုတည်းအတွက်တော့ မဟုတ်ဘူးမလား..."
ကျောက်လင်က ပြုံး၍ မေးလိုက်သည်။
ကံကြမ္မာနတ်ဘုရားအဆင့်စာရင်း ရှိနေခြင်းကြောင့် ကျောက်လင်သည် လျန်မန်စုန့်၏ အမြင်မှတစ်ဆင့် မင်းသမီး ယွီကျောက်က သူ၏ သတင်းကို သုံးရက်တိုင်တိုင် စောင့်ဆိုင်းနေခဲ့ကြောင်းကို ကြိုတင်သိရှိနေပြီး ဖြစ်၏။
မင်းသမီးယွီကျောက်က ခေါင်းညိတ်လိုက်ပြီး ခေတ္တမျှ တုံ့ဆိုင်းနေကာ ကျောက်လင်အား ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။
"ကျောက်လင်... ကျွန်မတို့ ကောင်းဖန်တိုင်းပြည်ကို သွားတဲ့ ခရီးစဉ်မှာ အဲဒီအဋ္ဌမအဆင့် ရေခဲစစ်သည် ငါးယောက်နဲ့ မဆုံခဲ့ရဘူး..."
"ကျွန်မ သတင်းတချို့ကို စုံစမ်းသိရှိခဲ့ပြီးပြီ... ပြီးခဲ့တဲ့အကြိမ် ဝူယွန်းတောင်တန်းမှာ ကောင်းဖန်စစ်တပ်ရဲ့ ထောက်ပံ့ရေးယာဉ်တန်းကို အဋ္ဌမအဆင့် ရေခဲစစ်သည်တစ်ယောက်က ဦးဆောင်ပြီး နောက်ထပ် အဋ္ဌမအဆင့် ရေခဲစစ်သည်တစ်ယောက်ကလည်း ကူညီပေးဖို့ ပါလာခဲ့တယ်... ဒါပေမဲ့ အဲဒီနောက်မှာ သူတို့အားလုံး ပျောက်ချင်းမလှ ပျောက်သွားကြတယ်..."
"ပြီးတော့ ရှင်ကလည်း အဲဒီအချိန်မှာ ဝူယွန်းတောင်တန်းကို ရောက်နေခဲ့တာပဲ..."
"ဒါကြောင့် ကျွန်မ တိုက်ရိုက်ပဲမေးမယ်... ကောင်းဖန်တိုင်းပြည်က အဋ္ဌမအဆင့် ရေခဲစစ်သည် ငါးယောက်လုံး ရှင့်နောက်ကွယ်က အင်အားစုတွေရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာလား..."
မင်းသမီးယွီကျောက်က တည်ငြိမ်စွာ မေးလိုက်၏။
ကျောက်လင်က ချက်ချင်း လက်ခုပ်တီးလိုက်သည်။
ဤမင်းသမီးက တကယ့်ကို ပါးနပ်လှ၏။
အဋ္ဌမအဆင့် ရေခဲစစ်သည် ငါးယောက်စလုံးကို ကျောက်လင်၏ ကျောထောက်နောက်ခံများက သတ်ဖြတ်ခဲ့သည်ဟု သူမက ခန့်မှန်းမိသော်လည်း ကျောက်လင် ကိုယ်တိုင် သတ်ဖြတ်ခဲ့ခြင်းဖြစ်မည်ဟုမူ သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။
မင်းသမီးယွီကျောက်က ဤသည်ကို ကျောက်လင်၏ ကျောထောက်နောက်ခံများ၏ လက်ချက်ဟု အထင်လွဲနေသဖြင့် ဤအချက်က ကျောက်လင်၏ ဆန္ဒနှင့် ကိုက်ညီနေသောကြောင့် သူမအား ဆက်၍ အထင်လွဲခွင့် ပေးထားလိုက်၏။
ဤနည်းဖြင့် ကျောက်လင်အား မိမိဘက်ပါအောင် သိမ်းသွင်းလိုသော မင်းသမီးယွီကျောက်သည် ကျောက်လင်အား ပို၍ ကြီးမားသော စေ့စပ်ဆွေးနွေးနိုင်စွမ်းကို ပေးအပ်လိုက်ခြင်းပင် ဖြစ်သည်။
"ဟုတ်ပါတယ်..."
ကျောက်လင်က ချက်ချင်းပင် လွယ်လွယ်ကူကူ ဝန်ခံလိုက်၏။
မင်းသမီးယွီကျောက်၏ မျက်လုံးများမှာ တောက်ပသွားပြီး သူမ၏ ဝမ်းသာမှုကို ဖုံးကွယ်မထားနိုင်ဘဲ ကျောက်လင်အား ကြည့်လိုက်သည်။
အဋ္ဌမအဆင့် ရေခဲစစ်သည် ငါးယောက်အား သတ်ဖြတ်နိုင်စွမ်းရှိသော အင်အားစုတစ်ခုမှာ သေချာပေါက် သာမန်မဟုတ်ပေ။
အကယ်၍ ဤအင်အားစုကို ဟုန်မိသားစုဘက် ပါလာအောင် သိမ်းသွင်းနိုင်မည်ဆိုလျှင် ဟုန်မိသားစုသည် မဟာချင်မင်းဆက်အား ပို၍ ခိုင်မာစွာ ထိန်းချုပ်ထားနိုင်မည်ဖြစ်၏။
"ကျောက်လင်... ရှင်က ဝန်ခံလိုက်ပြီဆိုတော့ ကျွန်မလည်း ဆက်ပြီး ဖုံးကွယ်မထားတော့ပါဘူး..."
"ကျွန်မက ရှင့်ကိုရော ရှင့်နောက်ကွယ်က အင်အားစုကိုပါ သိမ်းသွင်းချင်တယ်..."
မင်းသမီးယွီကျောက်က ပို၍ပင် တိုက်ရိုက် ပြောချလိုက်သည်။
ကျောက်လင်က ခပ်ဖွဖွ ပြုံးလိုက်၏။
နောက်ဆုံးတွင် သူမ၏ အမှန်တကယ် ရည်ရွယ်ချက်ကို ထုတ်ဖော်ပြသလာခြင်းပင် ဖြစ်သည်။
သို့သော်လည်း ကျောက်လင်က လွယ်လွယ်နှင့် အရှုံးပေးမည် မဟုတ်ပေ။
စနစ်တစ်ခုလုံးရှိနေသော ကျောက်လင်က အခြားသူများ၏ ထိန်းချုပ်မှုကို ခံယူရန် နေနေသာသာ အညံ့ခံရန် မည်သို့ဆန္ဒရှိမည်နည်း။
"မင်းသမီးယွီကျောက်... ကျွန်တော်မျိုးက မဟာချင်မင်းဆက်ရဲ့ သာမန် နယ်ခြားစောင့်တပ်သား တစ်ယောက်မျှသာပါ... ကျွန်တော်မျိုးကို သိမ်းသွင်းဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
"ကျွန်တော်မျိုးက မင်းသမီးရဲ့ အမိန့်တွေကိုပဲ လိုက်နာဆောင်ရွက်မှာပါ..."
ကျောက်လင်က ပြုံး၍ ပြန်ဖြေလိုက်၏။
မင်းသမီးယွီကျောက်မှာ အလွန် ဉာဏ်ကောင်းလှသဖြင့် ကျောက်လင်က သူမအား သွယ်ဝိုက်သောနည်းဖြင့် ငြင်းပယ်နေကြောင်းကို ချက်ချင်း နားလည်သွားသည်။
ကျောက်လင်၏ အမှန်တကယ် စွမ်းရည်မှာ သတ္တမအဆင့် မြေကမ္ဘာနတ်ဆိုးနယ်ပယ်မျှသာ ဖြစ်၏။
သူက ဟုန်မိသားစုအား မည်မျှအထိ ကူညီပေးနိုင်မည်နည်း။ ၎င်းက အလုံးစုံသော အခြေအနေအပေါ် လုံးဝ သက်ရောက်မှု ရှိမည်မဟုတ်ပေ။
မင်းသမီးယွီကျောက် လိုချင်နေသည်မှာ ကျောက်လင်၏ အစွမ်းထက်သော ကျောထောက်နောက်ခံများကိုသာ ဖြစ်သည်။
"ကျောက်လင်... ကျွန်မကို လှည့်စားဖို့ မကြိုးစားနဲ့..."
"ကျွန်မက ရှင့်နောက်ကွယ်က အင်အားစုကို သိမ်းသွင်းချင်တာ... ကျွန်မတို့ ဟုန်မိသားစုက အဲဒီအင်အားစုကို လိုအပ်နေတယ်..."
"ရှင့်ရဲ့ သတ်မှတ်ချက်တွေကိုသာပြောပါ..."
မင်းသမီးယွီကျောက်၏ ရင်ထဲတွင် ဒေါသအနည်းငယ် ထွက်လာ၏။
*သောက်ကျိုးနည်း နောက်ကွယ်က အင်အားစုတွေဆိုတာ ဘာတွေလဲ…*
ကျောက်လင်က ရင်ထဲတွင် ကျိန်ဆဲလိုက်သည်။
*သူ့မှာ ဘယ်က ကျောထောက်နောက်ခံတွေ ရှိနေမှာလဲ…*
မင်းသမီးယွီကျောက်က ဆက်၍ အထင်လွဲနေပြီး ကျောက်လင်မှာလည်း ရှင်းပြရန် လုံးဝ မဖြစ်နိုင်တော့ပေ။
"ကျွန်တော်မျိုးဆီက အကူအညီရဖို့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး..."
ရုတ်တရက် ကျောက်လင်က လေးနက်သော လေသံဖြင့် ပြောလိုက်၏။
"အိုး... ပြောပါဦး..."
မင်းသမီးယွီကျောက်မှာ တစ်ဖန် စိတ်ဝင်စားမှု ပြင်းပြသွားသည်။
"မင်းသမီး... ကျွန်တော်မျိုးနဲ့ လက်ထပ်မလား..."
ကျောက်လင်က မင်းသမီးယွီကျောက်အား ကြည့်ကာ ပြုံး၍ ပြောလိုက်၏။
ရုတ်တရက် မင်းသမီးယွီကျောက်မှာ အံ့ဩသွားသော မျက်နှာဖြင့် မတ်တတ်ထရပ်လိုက်သည်။
မင်းသမီးယွီကျောက်သည် အိမ်ထောင်ပြုရမည့် အရွယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး လွယ်လွယ်ကူကူ အိမ်ထောင်ပြုနိုင်သော်လည်း သူမသည် ရည်မှန်းချက် အလွန်ကြီးမားသူဖြစ်ကာ ဟုန်ယွမ်ကျီ၏ အချစ်ရဆုံး မင်းသမီးဖြစ်ခြင်းကြောင့် အိမ်ထောင်ပြုရန် ဆန္ဒမရှိသည့်အပြင် မည်သူကမျှလည်း သူမအား လက်ထပ်ခွင့်တောင်းရန် မဝံ့ရဲကြပေ။
မင်းသမီးယွီကျောက်က သူမ၏ အေးစက်သော အကြည့်များဖြင့် ကျောက်လင်အား စူးရှစွာ စိုက်ကြည့်လိုက်၏။
ဤကောင်လေးက တော်တော် သတ္တိကောင်းနေသည်။
*သူက မင်းသမီးဖြစ်တဲ့ ငါ့ကိုတောင် လက်ထပ်ဖို့ ပြောရဲတယ်ပေါ့လေ…*
*သာမန်သတ္တမအဆင့် မြေကမ္ဘာနတ်ဆိုးနယ်ပယ်မျှသာရှိတဲ့ သူကများ မင်းသမီးဖြစ်တဲ့ ငါ့ကို လက်အောက်ခံဖြစ်သွားအောင် လုပ်နိုင်မယ်လို့ ထင်နေတာလား…*
အနည်းဆုံးတော့ မင်းသမီးယွီကျောက်၏ အမြင်တွင် ကျောက်လင် ထုတ်ဖော်ပြသခဲ့သော အင်အားသည် ဟုန်မိသားစု၏ အုပ်ချုပ်မှုကို မက်မောနေသော အင်အားစုများအား ရင်ဆိုင်ရန် လုံလောက်မှု မရှိပေ။
ထို့ကြောင့် မင်းသမီး ယွီကျောက်သည် ကျောက်လင်အား မိမိဘက်ပါအောင် သိမ်းသွင်းရန်အတွက် သူမကိုယ်သူမ စတေးမည် မဟုတ်ပေ။
"ကျောက်လင်... ရှင့်မှာ ဘယ်လိုသတ္တိတွေများ ရှိနေတာလဲ..."
မင်းသမီးယွီကျောက်က ဒေါသတကြီး အော်ဟစ်လိုက်၏။
ကျောက်လင်ကလည်း မတ်တတ်ထရပ်လိုက်သည်။
"မင်းသမီး... မြို့တော်ကို ပြန်ရောက်လို့ တရားဝင်ကိစ္စတွေ ပြီးသွားတဲ့အခါ ကွမ်းနန်စီရင်စုကို လာခဲ့ပါဦး... ထင်းရှူးနက်ကျေးရွာကို တစ်ခေါက်လောက် လာခဲ့ပါ..."
"အဲဒီအခါကျမှ ကျွန်တော်မျိုးနဲ့ လက်ထပ်မလား မလက်ထပ်ဘူးလားဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်..."
ကျောက်လင်က ခပ်ဖွဖွပြုံးကာ ပြောလိုက်၏။
ဤအခိုက်အတန့်တွင် ကျောက်လင်က မင်းသမီးယွီကျောက်၏ စိုးရိမ်ပူပန်မှုများကို နားလည်ပြီး သူမ စဉ်းစားနေသည်ကိုလည်း သိရှိနေသည်။
မင်းသမီးယွီကျောက်က သူသည် သူမနှင့် မထိုက်တန်သေးကြောင်း သို့မဟုတ် သူပြသခဲ့သော စွမ်းအားများသည် ဤမျှလောက်အထိ လိုက်လျောပေးရန် မတန်ကြောင်း ခံစားနေရသဖြင့် ကျောက်လင်ကလည်း ထပ်မံ ရှင်းပြနေလိုစိတ် မရှိတော့ပေ။
ဟုန်ယွီကျောက်ကို ထင်းရှူးနက်ကျေးရွာသို့ ကိုယ်တိုင် လာရောက်စေပြီး ကျောက်လင် တည်ဆောက်ထားသည့် အလုပ်ရုံပေါင်း နှစ်ထောင်ကျော်ကို မြင်တွေ့စေလိုက်မည်ဆိုပါက သူမ၏ အမြင် ပြောင်းလဲသွားမည် ဖြစ်၏။
"ရှင်... ကောင်းပြီလေ... ထင်းရှူးနက်ကျေးရွာကို ကျွန်မ သေချာပေါက် လာခဲ့မယ်..."
မင်းသမီးယွီကျောက်က ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း သဘောတူလိုက်ဆဲ ဖြစ်သည်။
ပြီးခဲ့သည့်အကြိမ်က ကျောက်လင်သည် ဟန်အင်ပါယာ မောင်းထိုက်အရက်နှင့် ရွှေသစ်ရွက်ဆေးလိပ်များကို ထုတ်ပေးခဲ့ပြီးနောက် ထိုဒုတိယမျိုးဆက် စစ်သူကြီးများအား ထင်းရှူးနက်ကျေးရွာသို့ ဖိတ်ခေါ်ခဲ့ဖူး၏။
ထိုစဉ်က မင်းသမီးယွီကျောက်သည် ယဉ်ကျေးစွာဖြင့်သာ ပြန်လည် ဖြေကြားခဲ့သည်။
သို့သော် ယခုအခါ ကျောက်လင်က ဤအကြောင်းကို ထပ်မံ ထည့်သွင်းပြောဆိုလာသောကြောင့် မင်းသမီး ယွီကျောက်၏ စိတ်ဝင်စားမှုကို များစွာ လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွား၏။
ကျောက်လင်သည် အကြောင်းပြချက်မရှိဘဲ ဤသို့ ပြောဆိုမည်မဟုတ်ကြောင်း သူမ၏ အလိုလိုသိစိတ်က ပြောနေသည်။ ကျောက်လင်က သူမအား လက်ထပ်ခွင့်တောင်းရန် ဝံ့ရဲသည်ဆိုမှတော့ သူ၏ နောက်ကွယ်တွင် အားကိုးစရာ တစ်ခုခု ရှိနေရမည် ဖြစ်၏။
မင်းသမီး ယွီကျောက်သည် အခွင့်အရေးကို လက်လွတ်မခံချင်သဖြင့် ယခုတစ်ကြိမ်တွင် ရိုးသားစွာ သဘောတူလိုက်ခြင်း ဖြစ်သည်။