← Chapters

အခန်း ၄၃၃

Vol. 43 Ch. 433

အခန်း ၄၃၃

Vol. 43 Ch. 433

အခန်း (၄၃၃) အနောက်ဘက် ကန္တာရမြက်ခင်းပြင်ကြီးဆီသို့ ဦးတည်ခြင်း

“ခင်ပွန်း... ကျွန်မ ရောက်လာပြီ..”

ယွီဝမ်ချန်သည် အနက်ရောင်လင်းယုန်၏ ကျောပေါ်မှ ညင်သာစွာ ခုန်ဆင်းလာပြီး ကျောက်လင်၏ ရှေ့၌ ရပ်လိုက်၏။ သူမ၏ မျက်ဝန်းတို့တွင် ကြည်နူးမှုများ ရစ်သိုင်းနေသည်။

“အသည်းနှလုံးလေး... အနောက်ပိုင်းဒေသစစ်တပ်က လူနှစ်သိန်းကို စနစ်တကျ စုစည်းပြီးပြီလား...”

ကျောက်လင်က ပြုံးလျက် မေးလိုက်၏။ အမှန်ဆိုလျှင် ကံကြမ္မာနတ်ဘုရားအဆင့်စာရင်းရှိနေသဖြင့် ယွီဝမ်ချန်သည် အနောက်ပိုင်းဒေသစစ်တပ်ကို အောင်မြင်စွာ ပြန်လည်စုစည်းနိုင်ခဲ့ကြောင်း ကျောက်လင် ကြိုတင်သိရှိပြီး ဖြစ်သည်။ ကျောက်လင် ပေးပို့လိုက်သော ကောက်နှံများကြောင့် ယွီဝမ်ချန်၏ စစ်သည် လေးသိန်းကျော်တို့မှာ အစာဝဝလင်လင် စားသောက်နိုင်ကြပြီး အခြေအနေမှာ ပို၍ ကောင်းမွန်လာခဲ့သည်။

“ဒါတွေအားလုံးက ခင်ပွန်းရဲ့ ကျေးဇူးကြောင့်ပါ... အခုဆိုရင် စစ်သည်လေးသိန်းကို ကျွန်မ အပြည့်အဝ ထိန်းချုပ်နိုင်နေပါပြီ...”

ယွီဝမ်ချန်က စကားဆက်သည်။

“ကျွန်မ ခင်ပွန်းကို အကြောင်းကြားချင်တာက မြောက်ဘက် ကန္တာရမြက်ခင်းပြင်ဆီ သွားပြီး အဲ့ဒီမှာ ကျန်ရှိနေတဲ့ မြောက်ပိုင်းကာကွယ်ရေးစစ်တပ် လူတစ်သိန်းကို ကျွန်မတို့အဖွဲ့ထဲ ပေါင်းထည့်ကာ ထျဲ့လင်တောင်ဆီ ပြောင်းရွှေ့ချင်လို့ပါ...”

ယွီဝမ်ချန်သည် သူမ၏ ဆန္ဒကို ရှင်းပြရင်း ကျောက်လင်ကို တောင်းပန်သော မျက်လုံးများဖြင့် ကြည့်လိုက်၏။ ကျောက်လင်တွင် တည်နေရာ အဝေးကြီးကို အချိန်တိုအတွင်း ကူးပြောင်းနိုင်သည့် ဟင်းလင်းပြင် ဝိညာဉ်ရတနာ ပိုင်ဆိုင်ထားကြောင်း သူမ သိရှိထားသည်မဟုတ်ပါလော။

ယခင်ကဆိုလျှင် မြောက်ပိုင်းကာကွယ်ရေးစစ်တပ်ကို ထိန်းချုပ်ချင်သော်လည်း တစ်ပြိုင်နက်တည်း ရွှေ့ပြောင်းနိုင်မည့် သယ်ယူပို့ဆောင်ရေး မရှိခဲ့ပေ။ တစ်ပြိုင်နက် ရွှေ့ပြောင်းနိုင်ခြင်း မရှိပါက ကန္တာရတော်ဝင်ရုံးက ချက်ချင်း သိရှိသွားမည်ဖြစ်ပြီး စစ်သည်များကို သတ်ဖြတ်ပစ်မည့်အရေးကို သူမ စိုးရိမ်ခဲ့ရသည်။

“ကိုယ်နားလည်ပါတယ်... မင်း ဘာတွေးနေလဲဆိုတာ ကိုယ်သိတယ်...”

“ကောင်းပြီ..တစ်ရက်ခွဲလောက် စောင့်ပေးပါ ကိုယ် အစီအစဉ်ချပြီးတာနဲ့ မင်းကို မြောက်ဘက်ကန္တာရဆီ ကိုယ်တိုင် လိုက်ပို့ပေးမယ်...”

ကျောက်လင်သည် ခဏမျှ တွေးတောပြီးနောက် ဝမ်းမြောက်ဝမ်းသာ သဘောတူလိုက်၏။ အစကတော့ ဤအချိန်အားလပ်ချိန်တွင် ဇနီးသည်များနှင့်အတူ ကျင့်ကြံရင်း အဆင့်မြှင့်တင်ရန် ရည်ရွယ်ထားသော်လည်း ယခုအခါ ယွီဝမ်ချန်၏ ကိစ္စအတွက် အစီအစဉ်ကို ပြောင်းလဲလိုက်ရသည်။

“ခင်ပွန်းက တကယ့်ကို သဘောကောင်းတာပဲ...”

ကျောက်လင် သဘောတူလိုက်သည့်အခါ ယွီဝမ်ချန်မှာ အလွန်ပင် ကျေးဇူးတင်သွားသည်။

“ဒီလောက် သဘောကောင်းနေမှတော့ ကိုယ့်ကို ပြန်ပြီးပြုစုပေးရတော့မှာပေါ့...”

ကျောက်လင်က မျက်လုံးတစ်ဖက်မှိတ်၍ စနောက်လိုက်သဖြင့် ယွီဝမ်ချန်၏ မျက်နှာလေးမှာ ရဲခနဲ ဖြစ်သွားသည်။

တစ်ရက်ခွဲခန့် ကြာသောအခါ ကျောက်လင်သည် စက်ရုံတဲများ တည်ဆောက်ထားသည့် နေရာများသို့ သွားရောက်ကာ လိုအပ်သည့် ထုတ်လုပ်ရေးလိုင်း စက်ကိရိယာများကို တပ်ဆင်ပေးလိုက်သည်။ ထို့နောက် ရှန်ချင်းရွှယ်ကို ခေါ်၍ နယ်မြေကိစ္စများနှင့် ပတ်သက်ပြီး မှာကြားသည်။ အထူးသဖြင့် မြေဧရိယာ တစ်သောင်းမူအသစ်ကို စနစ်တကျ ရှာဖွေစူးစမ်းရန်နှင့် သူ ပြန်ရောက်လာသောအခါ လုပ်ဆောင်မည့် စက်မှုလုပ်ငန်းသစ်များအတွက် စီမံထားရန် မှာကြားခဲ့သည်။

အရေးကြီးကိစ္စများကို စီမံပြီးနောက် ကျောက်လင်သည် လေထဲသို့ ပျံသန်းလိုက်၏။ ယွီဝမ်ချန်မှာလည်း စောင့်ဆိုင်းနေပြီး လေထဲသို့ ပျံတက်လာသည်။

“ရှင်... မြောက်ဘက် ကန္တာရမြက်ခင်းပြင်ဆီ ဘယ်လိုသွားကြမှာလဲ...”

ယွီဝမ်ချန်က ပြုံး၍ မေးလိုက်သည်။ အရင်က သူမစီးသည့် အနက်ရောင်လင်းယုန်နှင့်ဆိုလျှင် လီပေါင်းများစွာ ဝေးကွာသော ထိုနေရာသို့ ရောက်ရန် အနည်းဆုံး တစ်လခွဲမျှ ကြာဦးမည်ဖြစ်သည်။

“စိတ်မပူပါနဲ့... ကိုယ် အကုန်စီစဉ်ပြီးသားပါ...”

“အရင်ဆုံး ကိုယ်တို့ ရှီးစုစီရင်စုကို သွားမယ်... ပြီးမှမြောက်ဘက်ကန္တာရမြက်ခင်းပြင်ဆီ ဆက်သွားကြမယ်...”

ကျောက်လင် ရယ်မောလိုက်၏။ ကွမ်းနန်စီရင်စုမှာ မဟာချန်မင်းဆက်၏ တောင်ဘက်တွင်ရှိပြီး ထင်းရှူးနက်ကျေးရွာမှာ တောင်ဘက်စွန်းဖြစ်သည်။ မြောက်ဘက် ကန္တာရမှာမူ အဝေးကြီးဖြစ်၍ ဤလမ်းကြောင်းအတိုင်းဆိုလျှင် ခရီးတာကို တစ်ဝက်ခန့် လျှော့ချနိုင်မည်ဖြစ်သည်။

ကျောက်လင်သည် ယွီဝမ်ချန်နှင့် အနက်ရောင်လင်းယုန်ကို ဟင်းလင်းပြင်ပုတီးစေ့ထဲ ထည့်လိုက်ပြီး ဝမ့်ရှန်းတောင်တန်းရှိ ဟင်းလင်းပြင်တံခါးသို့ ချက်ချင်း ကူးပြောင်းလိုက်သည်။ ထို့နောက် မောင်းသူမဲ့ယာဉ်ကို ထုတ်လွှတ်လိုက်သည်။ ယွီဝမ်ချန်ကိုလည်း အပြင်သို့ ပြန်လွှတ်ပေးလိုက်သည်။

“ဒါက...”

အလျား မီတာနှစ်ဆယ်ခန့်ရှိသည့် ကြီးမားသော ယာဉ်ကြီးကို မြင်လိုက်ရသောအခါ ယွီဝမ်ချန်မှာ အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

“ဒါက ကိုယ့်ရဲ့ သယ်ယူပို့ဆောင်ရေးယာဉ်ပဲ... အနက်ရောင်လင်းယုန်ထက် အဆပေါင်းများစွာ ပိုမြန်တယ်...”

“မြေကမ္ဘာနတ်ဆိုးနယ်ပယ်က သိုင်းသမားတောင်မှ ဒါကို မမီနိုင်ဘူး...”

ကျောက်လင်က ဂုဏ်ယူစွာ ပြောလိုက်၏။

“လာ... ကိုယ်နဲ့အတူ ဝင်ခဲ့ပါ နှစ်ရက်အတွင်း မြောက်ဘက်ကန္တာရကို ရောက်လိမ့်မယ်...”

မောင်းသူမဲ့ယာဉ်သည် နေ့ရောညပါ အနားမယူဘဲ ပျံသန်းနိုင်သဖြင့် ခရီးမှာ အလွန်ပင် လျင်မြန်လှသည်။

“ခင်ပွန်း... ရှင်က တကယ့်ကို ထူးချွန်လွန်းပါတယ်...”

ကျောက်လင်၏ စွမ်းအားများကို ထပ်မံ မြင်တွေ့ရသောအခါ ယွီဝမ်ချန်၏ ကြည်ညိုလေးစားမှုမှာ ပို၍ တိုးပွားလာတော့သည်။

နှစ်ရက်မြောက်နေ့တွင် ကျောက်လင်နှင့် ယွီဝမ်ချန်တို့သည် အာကာသမှနေ၍ စိမ်းလန်းစိုပြည်သည့် ကန္တာရမြက်ခင်းပြင်ကြီးကို မြင်လိုက်ရသည်။

“ခင်ပွန်း... နောက်ဆုံးတော့ ရောက်ပြီရှင်...”

ယွီဝမ်ချန်မှာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ ကျောက်လင်သည် ယာဉ်ကို အနီးအနားရှိ တောင်ကုန်းတစ်ခု၌ ဆင်းသက်လိုက်သည်။ လျှို့ဝှက်သော ဂူတစ်ဂူကို ရှာဖွေတွေ့ရှိပြီးနောက် ထိုနေရာ၌ ဟင်းလင်းပြင်တံခါးကို တပ်ဆင်လိုက်၏။ ဤတံခါးကြောင့် ကျောက်လင်သည် ထင်းရှူးနက်ကျေးရွာသို့ မောင်းသူမဲ့ယာဉ်ဖြင့် ခရီးမပေါက်ဘဲ အလွယ်တကူ သွားလာနိုင်တော့မည် ဖြစ်သည်။

ထို့နောက် ကျောက်လင်နှင့် ယွီဝမ်ချန်တို့ ခရီးကို ဆက်လက် လျှောက်လှမ်းကြသည်။

“ခင်ပွန်း... မြောက်ဘက်ကန္တာရမှာတော့ လူမျိုးစုတွေရဲ့ ဓလေ့အတိုင်းပဲ နေထိုင်ကြတယ်... လူမျိုးစုတိုင်းမှာ ကိုယ်ပိုင် စစ်အင်အားတွေ ရှိကြတယ်...”

“စစ်အင်အားတွေကိုတော့ ကန္တာရတော်ဝင်ရုံးက ပေါင်းစပ် ထိန်းချုပ်ထားတာ...”

“ကျွန်မ အရင်က ထိန်းချုပ်ခဲ့တဲ့ ရှန်းကျင်းဌာနက လူတွေရဲ့ တစ်ဝက်က မြောက်ပိုင်းကာကွယ်ရေးစစ်တပ်နဲ့အတူ ဒီရောက်နေကြတယ်... မြောက်ပိုင်းကာကွယ်ရေးစစ်တပ်က အခု တျန်ရှီလူမျိုးစုနဲ့ ဖေးဟူလူမျိုးစုကြားက လူသူမရှိတဲ့နေရာမှာ ရှိနေတယ်ဆိုတာ ကျွန်မ သိထားပြီးသား...”

“ဖေးဟူလူမျိုးစုတွေကတော့ တိုက်ခိုက်ဖို့ မရဲကြပေမဲ့ တော်ဝင်ရုံးရဲ့ အမိန့်ကို နာခံပြီး စစ်တပ်ကို ပိတ်ဆို့ထားကြတယ်...”

“ကျွန်မရဲ့ သတင်းအရဆိုရင် ဝမ့်မူတော်ဝင်ရုံးက သည်းမခံနိုင်တော့ဘူး... စစ်တပ်ကို အညံ့မခံနိုင်မှန်းသိတာနဲ့ စစ်သည်တွေလွှတ်ပြီး အမြစ်ပြတ် သတ်ပစ်တော့မှာ... ဒါကြောင့်ပဲ ကျွန်မ အခုလို အလျင်စလို ဖြစ်နေရတာပါ...”

ယွီဝမ်ချန်က သတင်းအချက်အလက်များကို အေးဆေးစွာ ပြောပြသည်။

“ကိုယ့်ကို စိတ်မပူပါနဲ့... ကိုယ်ရှိနေသရွေ့ ဘယ်သူမှ မင်းတို့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး... တော်ဝင်ရုံးက လာနှောင့်ယှက်ရင်လည်း သူတို့ကို အကုန် သတ်ပစ်လိုက်မယ်...”

ကျောက်လင်က အေးဆေးစွာ ပြန်ပြောလိုက်၏။

ယခုအခါ ကျောက်လင်တွင် စနစ်အမှတ်များစွာနှင့် ဝိညာဉ်သလင်းကျောက် တစ်သိန်းရှိနေသဖြင့် မည်သည့် နဝမအဆင့် သိုင်းသမားမဆို အလွယ်တကူ ချေမှုန်းနိုင်ပြီဖြစ်သည်။ အတားအဆီးလုပ်သည့် မည်သူ့ကိုမဆို သူ အလျှော့ပေးနေမည် မဟုတ်ပေ။

ယာဉ်သည် ကန္တာရ၏ အစွန်းတစ်လျှောက် ပျံသန်းနေသည်။ ယွီဝမ်ချန်သည် အောက်ဘက်ကို အမြဲ အကဲခတ်နေ၏။ အမှတ်အသားတစ်ခုခုကို တွေ့လိုက်သည်နှင့် မြောက်ပိုင်းကာကွယ်ရေးစစ်တပ် ရှိရာနေရာကို အတိအကျ သိရှိနိုင်မည် ဖြစ်သည်။

“ခင်ပွန်း... ဟိုမှာ... လုံထိုတောင်ပါ...”

ယွီဝမ်ချန်မှာ စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

ကျောက်လင်သည် အောက်သို့ ကြည့်လိုက်သည်။ မြက်ခင်းပြင်ကြီးထဲတွင် မီတာနှစ်ထောင်ကျော် မြင့်မားသည့် တောင်တန်းတစ်ခုမှာ ထင်ရှားစွာ ပေါ်ထွက်နေသည်။

“လုံထိုတောင်ရဲ့ မြောက်ဘက် လီနှစ်ရာအကွာမှာ မြောက်ပိုင်းကာကွယ်ရေးစစ်တပ် စခန်းချနေတာပါ...”

ယွီဝမ်ချန်က ပျော်ရွှင်စွာ ပြောလိုက်၏။ ထိုအချိန်တွင် မြက်ခင်းပြင်အတွင်းရှိ ချိုင့်ဝှမ်းတစ်ခုတွင် မြောက်ပိုင်းကာကွယ်ရေးစစ်တပ်မှ စစ်သည်တစ်သိန်းတို့မှာ လက်နက်အပြည့်အစုံနှင့် ရပ်တည်နေကြသည်။ သူတို့ပတ်လည်တွင်မူ ကန္တာရစစ်တပ်က အကြီးအကျယ် ဝိုင်းရံထားကြ၏။

ကန္တာရတော်ဝင်ရုံးမှ သံတမန်ဆယ်ဖွဲ့ လွှတ်ပြီး အညံ့ခံရန် ပြောသော်လည်း မအောင်မြင်ခဲ့သဖြင့် နောက်ဆုံးတွင် ပတ်ဝန်းကျင်ရှိ လူမျိုးစုဆယ်စုကို စုစည်းကာ အမြစ်ပြတ် ချေမှုန်းရန် ကြံရွယ်ထားခြင်း ဖြစ်လေသည်။

All Chapters