အခန်း ၄၃၄
Vol. 43 Ch. 434
အခန်း (၄၃၄) မြောက်ပိုင်းနယ်ခြားစောင့်တပ်ကို ကယ်တင်ခြင်း
"အဘိုး... မြောက်ပိုင်းကန္တာရတော်ဝင်ရုံးက လူမျိုးစုစစ်သည် တစ်သိန်းလောက်နဲ့ ကျွန်တော်တို့ကို လေးဖက်လေးတန် ဝိုင်းရံထားတယ်... အခု ဘယ်လိုလုပ်ကြမလဲ..."
မဟာလီမင်းဆက်၏ တတိယမြောက်မင်းသားဖြစ်သူ ယွီဝမ်လန်မှာ သူ၏တဲရှေ့၌ ရပ်ရင်း အလွန်အမင်း တုန်လှုပ်ချောက်ချားစွာ မေးမြန်းလိုက်သည်။ သူ၏ ပတ်လည်တွင် မြောက်ပိုင်းကန္တာရမှ စစ်သည်များက ဝိုင်းရံထားခြင်း ဖြစ်သည်။
သူမေးမြန်းနေသူမှာ သူ၏ဘေးတွင် ရှိနေသည့် ဆံပင်ဖြူဖြူနှင့် သက်ကြီးရွယ်အို အမျိုးသားတစ်ဦးဖြစ်ပြီး၊ သူ၏ အမိအရင်းဘက်မှ အဘိုးဖြစ်သလို မြောက်ပိုင်းနယ်ခြားစောင့်တပ်၏ တပ်မှူးကြီး ဟော့လုံကျဲ့ပင် ဖြစ်သည်။
မဟာချင်စစ်တပ်က မဟာလီမင်းဆက်ကို ချေမှုန်းလိုက်ပြီးနောက် တတိယမြောက်မင်းသားမှာ နယ်ခြားစောင့်တပ်ဆီသို့ ထွက်ပြေးလာခဲ့ပြီး သူ၏အဘိုးဖြစ်သူနှင့်အတူ မြောက်ပိုင်းကန္တာရမြက်ခင်းပြင်ကြီးဆီသို့ အသက်လု ထွက်ပြေးခဲ့ရသည်။
ထိုစဉ် မြောက်ပိုင်းကန္တာရတော်ဝင်ရုံးက တမန်တော်ဆယ်ဦးကို စေလွှတ်ကာ နယ်ခြားစောင့်တပ်ကို လက်နက်ချစေပြီး အင်အားတစ်သိန်းကို ဖျက်သိမ်းကာ အမျိုးမျိုးသော လူမျိုးစုများအတွင်းသို့ ပေါင်းစည်းလိုက်ရန် စည်းရုံးခဲ့သည်။
ဟော့လုံကျဲ့မှာ ထိုအချက်ကို လုံးဝ လက်မခံနိုင်ပေ။
နယ်ခြားစောင့်တပ်၏ အင်အားတစ်သိန်းကို ဖျက်သိမ်းလိုက်ပါက ဟော့လုံကျဲ့နှင့် ယွီဝမ်လန်တို့မှာ ကျောထောက်နောက်ခံမဲ့သွားမည်ဖြစ်ပြီး မြောက်ပိုင်းကန္တာရတော်ဝင်ရုံး၏ ဝါးမြိုခြင်းကို အချိန်မရွေး ခံရနိုင်သောကြောင့် ဖြစ်သည်။
လက်နက်ချရန် ဆယ်ကြိမ်တိုင်တိုင် စည်းရုံးခဲ့သော်လည်း မိတ်ဖက်မဖြစ်ခဲ့သဖြင့် မြောက်ပိုင်းကန္တာရတော်ဝင်ရုံးမှာ သည်းခံစိတ်ကုန်ဆုံးသွားတော့သည်။
ထို့ကြောင့်ပင် လူမျိုးစုနှစ်ဆယ်မှ တပ်ဖွဲ့များကို စုစည်းစေကာ နယ်ခြားစောင့်တပ်ကို ဝိုင်းရံပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။ ယခုအခါ နယ်ခြားစောင့်တပ်မှာ အကျပ်အတည်းနှင့် ကြုံတွေ့နေရသဖြင့် ယွီဝမ်လန်မှာ အလွန်အမင်း ကြောက်လန့်နေခြင်း ဖြစ်သည်။
"စိတ်အေးအေးထားပါ... ကြောက်စရာ မလိုဘူး..."
"အဆိုးဆုံးဆိုရင်တော့ ဝိုင်းရံမှုကို ဖောက်ထွက်ပြီး မဟာချင်မင်းဆက်ဆီကို ပြန်ပြေးကာ လက်နက်ချလိုက်ရုံပဲ... မြောက်ပိုင်းကန္တာရတော်ဝင်ရုံးလက်ထဲမှာ အဖမ်းခံရတာထက်တော့ သာပါသေးတယ်..."
ဟော့လုံကျဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။
ယွီဝမ်လန်မှာ ငယ်စဉ်ကတည်းက ပျက်စီးယိုယွင်းနေသော်လည်း အရူးတစ်ယောက်တော့ မဟုတ်ပေ။ ဟော့လုံကျဲ့က ဆုံးဖြတ်ချက်ချပြီးပြီဖြစ်သဖြင့် သူ့ကို အလွယ်တကူ လက်လွှတ်မည်မဟုတ်မှန်း သူသိသည်။ သို့သော်လည်း လက်ရှိအခြေအနေတွင် သူသည် ဟော့လုံကျဲ့ကိုသာ အားကိုးနိုင်တော့မည် ဖြစ်သည်။
ထိုအချိန်တွင် ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် သက်ကြီးရွယ်အိုနှစ်ဦးမှာ ကောင်းကင်မှ ပျံသန်းလာပြီး ဟော့လုံကျဲ့၏ အထက်တွင် ရပ်တန့်လိုက်သည်။ သူတို့၏ အကြည့်များမှာ အောက်တွင်ရှိနေသော နယ်ခြားစောင့်တပ် စစ်သည်တစ်သိန်းကို အထင်သေးစွာဖြင့် တစ်ချက်ဖြတ်ကြည့်လိုက်သည်။
"ခရမ်းရောင်ဝတ်ရုံနဲ့ အရှင်သခင်တွေ..."
"နှစ်ယောက်တောင်ပဲ..."
"မြောက်ပိုင်းကန္တာရတော်ဝင်ရုံးက တကယ်ကို လက်ကြီးမားလှချည်လား..."
ဟော့လုံကျဲ့က ထိုသူနှစ်ဦးကို မြင်လိုက်ရသည့်အခါ မျက်ခွံများ တုန်ခါသွားပြီး အံ့အားသင့်သွားရသည်။
မြောက်ပိုင်းကန္တာရတော်ဝင်ရုံး၏ သိုင်းစနစ်အရ ခရမ်းရောင်ဝတ်ရုံဖြင့် အရှင်သခင်မှာ အဋ္ဌမအဆင့် ကောင်းကင်စစ်သည်နှင့် ညီမျှသည်။ ဟော့လုံကျဲ့ကိုယ်တိုင်လည်း အဋ္ဌမအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သော်လည်း ယခုအခါ သူတစ်ယောက်တည်း ဖြစ်နေသည်။ သူတစ်ယောက်တည်းနှင့် အင်အားကြီးမားသည့် အဆိုပါ ခရမ်းရောင်ဝတ်ရုံနှစ်ဦးကို မည်သို့ တိုက်ခိုက်နိုင်ပါ့မလဲ။
"ဟော့လုံကျဲ့... မင်း လက်နက်မချသေးဘူးလား..."
ခရမ်းရောင်ဝတ်ရုံရှင်တစ်ဦးက ဟော့လုံကျဲါကို မှိုင်းညို့၍ အထင်သေးသော အကြည့်ဖြင့် တည်ငြိမ်စွာ မေးလိုက်သည်။
ဟော့လုံကျဲ့ဘေးတွင် ရှိနေသည့် ယွီဝမ်လန်မှာ ကျောက်စိမ်းဗိမာန်နယ်ပယ်မျှသာ ရှိသေးသဖြင့် ၎င်းတို့နှစ်ဦးက သူ့ကို အမှုမထားဘဲ ဟော့လုံကျဲ့နှင့်သာ စကားပြောဆိုနေခြင်း ဖြစ်သည်။
"ငါတို့တွေ မြောက်ပိုင်းကန္တာရကို ဘယ်တော့မှ လက်နက်ချမှာ မဟုတ်ဘူး..."
ဟော့လုံကျဲ့က ပြတ်သားစွာ ပြန်ပြောလိုက်သည်။
မြောက်ပိုင်းကန္တာရတော်ဝင်ရုံးနှင့် မဟာလီမင်းဆက်တို့မှာ နှစ်ပေါင်းထောင်ချီ ကြာမြင့်နေသော ရန်ငြိုးများရှိသည်။ ဆောင်းရာသီတိုင်းတွင် မြောက်ပိုင်းကန္တာရက လူမျိုးစုများကို လွှတ်ကာ မဟာလီနယ်စပ်ကို ကျူးကျော်စေပြီး မီးရှို့သတ်ဖြတ်ကာ ပစ္စည်းများ လုယက်စေသည်။ မဟာလီမင်းဆက်၏ အမျိုးသားအင်အား အများစုမှာ ၎င်းတို့ကို ကာကွယ်ရာတွင်သာ ကုန်ဆုံးသွားခဲ့ရသည်ဟု ဆိုရမည်။
နှစ်ဦးနှစ်ဖက်မှာ သေသည်အထိ ရန်သူများ ဖြစ်ကြသည်။ မဟာလီမင်းဆက် ပျက်သုဉ်းသွားပြီဖြစ်သော်လည်း နယ်ခြားစောင့်တပ်ကို ဆက်လက်တည်ရှိခွင့်ပြုမည်မဟုတ်ဘဲ အမြစ်ပြတ်ချေမှုန်းမည်ကို ဟော့လုံကျဲ့က သေချာပေါက် သိသည်။ ထို့ကြောင့်ပင် ဟော့လုံကျဲ့က လက်နက်ချရန် ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲတွင် အကုန်လုံး သေဆုံးသွားရလျှင်တောင်မှ သူတို့က မြောက်ပိုင်းကန္တာရတော်ဝင်ရုံး၏ လက်နက်ချရန် ကမ်းလှမ်းချက်ကို လက်ခံမည်မဟုတ်ပေ။
"တကယ်ကို ခေါင်းမာလှချည်လား... ဒါဆိုရင်တော့ မင်းတို့ နယ်ခြားစောင့်တပ်ကို သတ်ဖြတ်လိုက်ရုံပဲ..."
ခရမ်းရောင်ဝတ်ရုံရှင်က အေးစက်စက် ရယ်မောလိုက်သည်။
နောက်ထပ် ခရမ်းရောင်ဝတ်ရုံရှင်တစ်ဦးက ကောင်းကင်တွင် လက်ခုပ်တီးလိုက်ရာ 'ဘုရင်' (王) ဟူသော စာလုံးတစ်လုံးမှာ လေထုထဲမှ ပေါ်ထွက်လာသည်။
မြောက်ပိုင်းကန္တာရမြက်ခင်းပြင်ကြီးမှ ကျင့်ကြံသူများသည် အထိမ်းအမှတ်သင်္ကေတ သိုင်းပညာကို ကျင့်ကြံကြသည်။ သူတို့သည် ငယ်စဉ်ကတည်းက သားရဲရိုင်းများ၊ ဝိညာဉ်သားရဲများကို အမဲလိုက်ကာ သွေးထဲမှ သားရဲဝိညာဉ်စွမ်းအားကို ထုတ်ယူပြီး တိုက်ခိုက်သည့်အခါ သင်္ကေတပုံရိပ်များ ဖြစ်ပေါ်လာစေသည်။ ယခု ခရမ်းရောင်ဝတ်ရုံရှင်မှာ ကျားဝိညာဉ် သင်္ကေတကို ကျင့်ကြံထားသူဖြစ်သည်။
ဘုရင်သင်္ကေတ ပေါ်လာသည်နှင့် ပတ်ပတ်လည်ရှိ လူမျိုးစုစစ်သည် တစ်သိန်းမှာ သူတို့၏ လက်နက်များကို မြှောက်ကိုင်လိုက်ကြသည်။ ထို့အပြင် စစ်သည်တစ်သိန်းလုံးမှာ မြင်းစီးတပ်များ ဖြစ်ကြပြီး လက်နက်ကိုင်ဆောင်ထားသည့် သူတို့၏ အရှိန်အဝါမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ကျယ်ပြောလှသော မြက်ခင်းပြင်ပေါ်တွင် စစ်မြင်းများမှာ ပေါများလှသည်။
"သတ်..."
"သတ်..."
"သတ်..."
လူမျိုးစုနှစ်ဆယ်မှ စစ်သည်တစ်သိန်းမှာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီး သတ်ဖြတ်လိုသော အငွေ့အသက်များမှာ လေထုထဲတွင် လွှမ်းခြုံသွားသည်။ နယ်ခြားစောင့်တပ်မှ စစ်သည်တစ်သိန်းမှာမူ ထိတ်လန့်သွားပြီး စစ်ကြောင်းများ ပျက်သွားတော့သည်။
"နယ်ခြားစောင့်တပ်... ငါ့အမိန့်ကို နားထောင်ကြ... ငါ့နောက်ကို လိုက်ခဲ့ကြ... တောင်ဘက်ကိုပြန်ပြီး ငါတို့ရဲ့ မူလဇာတိမြေကို ပြန်ကြမယ်..."
အခြေအနေမှာ အလွန်အန္တရာယ်များနေကြောင်း သိသဖြင့် ဟော့လုံကျဲ့က ဤအမိန့်တစ်ခုတည်းသာ ပေးနိုင်တော့မည် ဖြစ်သည်။ မူလဇာတိမြေသို့ ပြန်လည်ရောက်ရှိခြင်းမှာ နယ်ခြားစောင့်တပ်ကို ထိန်းသိမ်းထားသည့် အဓိက ယုံကြည်ချက်ပင် ဖြစ်သည်။
"မူလဇာတိမြေကို ပြန်ကြမယ်..."
ဟော့လုံကျဲ့၏ အမိန့်ကို ကြားလိုက်ရသည့်အခါ နယ်ခြားစောင့်တပ် စစ်သည်တစ်သိန်းမှာ အလွန်တက်ကြွစွာ တုံ့ပြန်လိုက်ကြသည်။ ဤသည်ကို မြင်လိုက်ရသည့်အခါ ကောင်းကင်ရှိ ခရမ်းရောင်ဝတ်ရုံရှင်နှစ်ဦးမှာ ဟော့လုံကျဲ့က လက်နက်ချမည် မဟုတ်ကြောင်း သိလိုက်သဖြင့် သည်းခံစိတ်ကုန်ဆုံးကာ ဟော့လုံကျဲ့ကို အသက်လုရန် အာရုံစိုက်လိုက်ကြသည်။
"ဒီနေ့တော့ ငါတို့နှစ်ယောက် ပူးပေါင်းပြီး ဟော့လုံကျဲ့ကို ဖျက်ဆီးပစ်ကြမယ်..."
ခရမ်းရောင်ဝတ်ရုံရှင်တစ်ဦးက ပြောလိုက်သည်။
"ကောင်းပြီ... ဒီလုံကျဲ့ကို အမြစ်ပြတ်သတ်ပြီး နယ်ခြားစောင့်တပ်ကို သိမ်းပိုက်ကာ သူတို့အားလုံးကို ဝိညာဉ်သားရဲတွေ ကျွေးဖို့ မွေးမြူရေးခြံဆီ ပို့လိုက်ကြတာပေါ့..."
နောက်ထပ် ခရမ်းရောင်ဝတ်ရုံရှင်က အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
သူတို့၏ စကားကို ကြားလိုက်ရသည့်အခါ ဟော့လုံကျဲ့၏ မျက်ခုံးများမှာ ချက်ချင်းပင် တွန့်ချိုးသွားသည်။
"ငါ သေသွားရင်တောင်မှ မင်းတို့နှစ်ယောက်ကို ဆွဲခေါ်သွားမယ်..."
ကျွမ်းကျင်သူသုံးဦးမှာ တိုက်ခိုက်ရန် ပြင်ဆင်နေချိန်တွင် အနက်ရောင်လင်းယုန်တစ်ကောင်မှာ ကောင်းကင်တွင် ပေါ်လာပြီး လင်းယုန်ကျောပေါ်တွင် ပုဂ္ဂိုလ်နှစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်။ နယ်ခြားစောင့်တပ်ကို တွေ့လိုက်ရသည့်အခါ ကျောက်လင်နှင့် ယွီဝမ်ချန်တို့မှာ မောင်းသူမဲ့ယာဉ်ကို ချက်ချင်း ဖမ်းဆီးပြီး စနစ်နေရာလွတ်ထဲမှ အနက်ရောင်လင်းယုန်ကို လွှတ်ကာ အခင်းဖြစ်ပွားရာသို့ အမြန်ဆုံး သွားရောက်ခဲ့ကြသည်။
"ချန်အာ... မြေပြင်ကို ဆင်းသွားလိုက်... ကောင်းကင်က လူတွေကိုတော့ ငါ့ခင်ပွန်းဆီ အပ်လိုက်..."
ကျောက်လင်က တိုးတိုးလေး ပြောလိုက်သည်။
ယွီဝမ်ချန်မှာ ယခုအချိန်တွင် ပေါင်းစည်းခြင်းနယ်ပယ် စွမ်းအားမျှသာ ရှိသေးသဖြင့် အဋ္ဌမအဆငိ့ကျွမ်းကျင်သူများကို တိုက်ခိုက်ရာတွင် မပါဝင်နိုင်သေးပေ။
"ခင်ပွန်း... ရှင်က အဋ္ဌမအဆင့် ကောင်းကင်နယ်ပယ်တောင် မရောက်သေးတာ... ဒီခရမ်းရောင်ဝတ်ရုံနှစ်ဦးကို တကယ် ကိုင်တွယ်နိုင်ပါ့မလား..."
ယွီဝမ်ချန်မှာ အလွန်ပင် စိုးရိမ်နေသည်။
"ခင်ပွန်းမှာ သူတို့ကို သတ်ဖို့ နည်းလမ်းတွေ ရှိပါတယ်..."
ကျောက်လင်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ယွီဝမ်ချန်မှာ စိတ်အေးသွားသည်။ ကျောက်လင်မှာ အဋ္ဌမအဆင့် ခရမ်းရောင်ဝတ်ရုံရှင်ကို မည်သို့ ကိုင်တွယ်မည်ကို မသိသော်လည်း ဝမ့်လားတောင်တွင် နန်ယွဲ့စစ်သည် တစ်သိန်းကို သတ်ဖြတ်ခဲ့ပြီး အဋ္ဌမအဆင့်အရှင်သခင်ကို သတ်ခဲ့သည်ကို ပြန်တွေးမိသည့်အခါ ကျောက်လင်၏ နည်းလမ်းများမှာ သာမန်မဟုတ်ကြောင်း သိလိုက်ရသည်။
"ဘယ်သူလဲ..."
ခရမ်းရောင်ဝတ်ရုံရှင်တစ်ဦးက အနက်ရောင်လင်းယုန် ပျံသန်းလာသည်ကို မြင်လိုက်ရသဖြင့် အေးစက်စက် အော်ဟစ်လိုက်သည်။
ထိုအသံမှာ ကျားဟိန်းသံကဲ့သို့ အားကောင်းလှပြီး ကောင်းကင်တစ်ခွင်လုံးကို တုန်ခါသွားစေသည်။ ဤခရမ်းရောင်ဝတ်ရုံရှင်မှာ ကျားဝိညာဉ်၏ စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး ကျားခုန်သိုင်းဖြင့် ကျောက်လင်နှင့် ယွီဝမ်ချန်ကို သတ်ဖြတ်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။
"နဂါးပျံမိုင်ပေါင်း ထောင်ချီ..."
ကျောက်လင်မှာလည်း ခရမ်းရောင်ဝတ်ရုံရှင် တိုက်ခိုက်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်း အော်ဟစ်လိုက်သည်။ ရုတ်တရက် ကျောက်လင်၏ လက်ထဲမှ အလင်းလုံးတစ်လုံး ပေါ်လာပြီး ကောင်းကင်သို့ ပျံတက်သွားကာ လေးချောင်းပါသော ရွှေရောင်နဂါးကြီးအဖြစ် ပြောင်းလဲသွားသည်။
လေးချောင်းပါသော ရွှေရောင်နဂါးကြီးက နဂါးဟိန်းသံကို မြည်ဟီးလိုက်ပြီး နဂါးစွမ်းအားများ ပျံ့နှံ့သွားကာ ခရမ်းရောင်ဝတ်ရုံရှင်၏ စွမ်းအားကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရွှေရောင်နဂါးကြီးမှာ ပျံသန်းသွားပြီး ခရမ်းရောင်ဝတ်ရုံရှင်နှစ်ဦးကို တိုက်ရိုက် တိုက်ခိုက်သွားသည်။
ဤသည်မှာ ခရမ်းရောင်ဝတ်ရုံရှင်နှစ်ဦးကို တွေ့လိုက်ရသည့်အခါ ကျောက်လင်က စနစ်ဈေးဆိုင်မှ စနစ်အမှတ် ဘီလီယံတစ်ရာဖြင့် ချက်ချင်း ဝယ်ယူလိုက်သော နဂါးဝိညာဉ်ပင် ဖြစ်သည်။ အဆိုပါ ခရမ်းရောင်ဝတ်ရုံရှင်နှစ်ဦးမှာ သေခြင်းကို တောင်းဆိုနေသဖြင့် ကျောက်လင်က သူတို့၏ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ခြင်း ဖြစ်သည်။