← Chapters

အခန်း ၁၁၃၁

Vol. 108 Ch. 1131

အခန်း ၁၁၃၁

Vol. 108 Ch. 1131

အခန်း ၁၁၃၁ အလိမ်အညာခံရခြင်း

"ဒါဆိုရင် အခု ဒါကို ယူလိုက်မယ်" လုံချန်းက ပြောရင်း သူတော်စင်ဘုရင်၏ ညာဘက်လက်မှ လက်စွပ်ကို လှမ်းယူလိုက်တော့သည်။

​သူက ထိုရွှေရောင်လက်စွပ်ကို ယူပြီး အထဲသို့ လှမ်းကြည့်လိုက်သောအခါ အထဲတွင် မည်သည့် ရတနာမှ ရှိမနေသည်ကို တွေ့လိုက်ရသဖြင့် မှင်တက်သွားခဲ့ရ၏။ ကွဲပြားခြားနားသော အရောင်အသွေးရှိသည့် အရည်များ ဖြည့်ထားပုံရသော ပုလင်းငယ် သုံးပုလင်းသာ ရှိနေခဲ့သည်။

​"ငါ သဘောပေါက်ပြီ။ ငါ့ရဲ့ လက်စွပ်လိုမျိုး အထဲမှာ တခြား လျှို့ဝှက် ဟင်းလင်းပြင် တစ်ခု ရှိနေလို့ နေမှာ။ အပြင်ပန်းကတော့ အယောင်ပြထားတာ ထင်တယ်" လုံချန်းက စိတ်ထဲက တိုးတက်ရေရွတ်လိုက်မိသည်။

​သူက သူတော်စင်ဘုရင်ကို တစ်ချက်လှမ်းကြည့်ပြီးနောက် မေးလိုက်သည်။ "လက်စွပ်ထဲက ရတနာသိုလှောင်တဲ့ လျှို့ဝှက်ဟင်းလင်းပြင်ကို ဘယ်လိုဖွင့်ရမလဲ"

​"ဘာလျှို့ဝှက် ဟင်းလင်းပြင်လဲ။ မင်း အခု အထဲမှာ မြင်နေရတဲ့ နေရာကပဲ အဲဒီလက်စွပ်ရဲ့ တစ်ခုတည်းသော သိုလှောင်နေရာပဲလေ" သူတော်စင်ဘုရင်က ပြုံးလျက် ပြန်ဖြေခဲ့သည်။

​"ဒါပေမဲ့... အထဲမှာ ပုလင်း သုံးပုလင်းပဲ ရှိတာလေ။ သန့်စင်ပြီးသား မူလပန်းတွေကော ဘယ်မှာလဲ။ ပြီးတော့ ခင်ဗျားရဲ့ သိုင်းပညာရပ်ကော။ တခြားရတနာတွေကော ဘယ်မှာလဲ"

​သူတော်စင်ဘုရင်က ပြန်မဖြေဘဲ သရော်ပြုံးသာ ပြုံးနေခဲ့၏။

​"ခင်ဗျား ကျွန်တော့်ကို လိမ်လိုက်တာတော့ မဟုတ်ပါဘူးနော်။ အဲလိုဆိုရင်တော့ ကျွန်တော် တကယ်ပဲ စိတ်ဆိုးမိမှာ" လုံချန်းက သူတော်စင်ဘုရင်ကို စောင်းကြည့်ရင်း ဆိုလိုက်သည်။

​"မင်း စိတ်ဆိုးတော့ကော ဘာလုပ်နိုင်မှာလဲ ကောင်လေးရာ။ မင်းက ကောင်းကင်ကျိန်ဆိုခြင်းကို လုပ်ပြီးသွားပြီပဲ ဥစ္စာ။ မင်း အသက်ရှင်ချင်တယ်ဆိုရင် ငါ့အတွက် ကလဲ့စားချေပေးရတော့မှာပဲ။ ငါကတော့ အစကတည်းက သေပြီးသားလူပဲလေ" သူတော်စင်ဘုရင်က ရယ်မောရင်း ပြန်လည်တုံ့ပြန်ခဲ့၏။

​"ဒါဆို ခင်ဗျား ကျွန်တော့်ကို တကယ်ပဲ လိမ်လိုက်တာပေါ့။ အဲဒီလို ရတနာတွေက တကယ်ပဲ ရှိမနေဘူးလား" လုံချန်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။ "ခင်ဗျားက ကိုယ်ပိုင် အမွေခံကိုတောင် ဘယ်လိုလုပ်ပြီး လိမ်ညာရက်ရတာလဲ"

​"ဟားဟားဟား..." သူတော်စင်ဘုရင်သည် လုံချန်း၏ မျက်နှာအမူအရာကို မြင်တွေ့လိုက်ရသောအခါ အော်ဟစ်ရယ်မောလိုက်တော့သည်။

​သူ့ရယ်မောသံကို ကြားလိုက်ရသဖြင့် လုံချန်း ပို၍ပင် စိတ်မကောင်းဖြစ်သွားခဲ့ရ၏။ သူတော်စင်ဘုရင်က သူ့ဒုက္ခအပေါ် လှောင်ပြောင်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူ တကယ်ပင် လှည့်စား ခံလိုက်ရပြီ ဖြစ်သည်။ သူသည် မည်သည့် အတွက်မှမဟုတ်ဘဲ အခြားသူ၏ ကလဲ့စားချေမှု အမုန်းတရားများနှင့် ကောင်းကင် ကျိန်ဆိုခြင်းကို မိမိခေါင်းပေါ် ပိုးလိုက်မိပြီ မဟုတ်လော။

​ဝဝလင်လင် အားရပါးရ ရယ်မောပြီးနောက်မှသာ သူတော်စင်ဘုရင်က နောက်ဆုံးတွင် ရယ်သံကို ရပ်တန့်လိုက်တော့သည်။

​"ငိုမဲ့မဲ့မျက်နှာကြီး လုပ်မနေပါနဲ့။ ငါ မင်းကို မလိမ်ပါဘူး။ စလိုက်တာပါ။ ရတနာက အဲဒီရွှေရောင်လက်စွပ်ထဲမှာ ရှိတာမဟုတ်ဘဲ ငါ့ရဲ့ ဘယ်ဘက်လက်က အနီရောင် လက်စွပ်ထဲမှာ ရှိတာ" သူက လုံချန်းကို ပြောပြလိုက်၏။

​လုံချန်းပင် မကဘဲ အခန်းထဲရှိ အခြားသူများပါ သူတော်စင်ဘုရင်ကို ဗလာကျင်းသော အကြည့်များဖြင့် ငေးကြည့်မိသွားကြသည်။ ထိုလူကြီးက အလွန်တရာ ကလိန်ကကျစ် နိုင်လွန်းပေသည်။ ရွှယ်နှင့် ပေတို့က နှုတ်ဆိတ် နေခဲ့ကြသော်လည်း မြွေဘုရင်ကမူ ငြိမ်မနေခဲ့ချေ။

​"မင်း တကယ့်ကို အရှက်မရှိတာပဲ မဟုတ်လား။ ကိုယ့်အမွေခံကိုတောင် လျှောက်စနောက်နေတယ်။ မင်းရဲ့ သိက္ခာတွေ ဘယ်ရောက်ကုန်ပြီလဲ" မြွေဘုရင်က လုံချန်း စနောက်ခံနေရသည်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်ကာ မေးလိုက်၏။ အထူးသဖြင့် ထိုသို့ စနောက်နေသူမှာ မိမိမဟုတ်သည့်အတွက် ပို၍ပင် မကျေမနပ် ဖြစ်နေပုံရသည်။

​"ငါ အားလုံးကို ပြောပြီးပြီပဲ။ ငါ ဒီနေရာမှာ ပျင်းနေခဲ့တာ။ ပြီးတော့ မိနစ်ပိုင်းအတွင်းမှာ ငါ့ရဲ့ ဒီဝိညာဉ် အစိတ်အပိုင်းကလည်း ထာဝရ အိပ်စက်ခြင်းဆီ သွားရတော့မှာ။ စိတ်မကောင်းမဖြစ်ပါနဲ့။ ငါက ငါ့ရဲ့ နောက်ဆုံး အချိန်လေးတွေကို ပျော်ပျော်ရွှင်ရွှင် ကုန်လွန်ချင်ရုံတင်ပါ" သူတော်စင်ဘုရင်က သက်ပြင်းချရင်း ဆိုလိုက်၏။

​"ဒါကို စိတ်ထဲမထားပါနဲ့တော့။ ကျွန်တော် နားလည်ပါတယ်။ အနည်းဆုံးတော့ ခင်ဗျားမှာ ရတနာတွေ ရှိမနေဘဲနဲ့ ကျွန်တော့်ကို လိမ်တာမျိုး မဟုတ်ခဲ့တာပဲ ဝမ်းသာရပါမယ်။ အဲဒါအတွက်တော့ ကျေးဇူးတင်ပါတယ်" လုံချန်းက ပြောရင်း အနီရောင်လက်စွပ်ရှိရာဆီသို့ လက်ကို နောက်တစ်ကြိမ် လှမ်းလိုက်ပြန်သည်။

​"ဒီငတုံးလေး... နေဦး။ မင်း အဲဒီအနီရောင်လက်စွပ်ကို ထိရင် ပြာကျသွားလိမ့်မယ်လို့ ငါ ပြောထားတယ်လေ" သူတော်စင်ဘုရင်က လုံချန်း လက်စွပ်ကို ထိလုနီးပါး ဖြစ်နေသည်ကို မြင်သောအခါ လှမ်း၍ အော်ဟစ်တားမြစ်လိုက်၏။

​လုံချန်း၏ လက်ချောင်းများမှာ လက်စွပ်နှင့် လက်မအနည်းငယ် အကွာတွင်တင် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး သူ့မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက် အမူအရာတစ်ခု ပေါ်လာခဲ့တော့သည်။

​"သူတော်စင်ဘုရင်... ခင်ဗျား ပျင်းနေတာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီး ကျွန်တော့်ကို စနောက်နေတာကို တော်လိုက်ပါတော့ဗျာ။ ရတနာက ဘယ်မှာလဲ" လုံချန်းက အရှေ့အနောက် အပြန်အလှန် စနောက်ခံနေရသည်ကို စိတ်ကုန်သဖြင့် လှည့်၍ မေးလိုက်တော့သည်။

​"အနီရောင် လက်စွပ်ထဲမှာပဲလေ" သူတော်စင်ဘုရင်က ပြန်ဖြေခဲ့၏။

​"ဒါပေမဲ့ စောစောက ခင်ဗျား ပြောတော့ အနီရောင်လက်စွပ်ကို ယူရင် ကျွန်တော် ပြာကျပြီး သေလိမ့်မယ်ဆို။ ရတနာတွေက အဲဒီထဲမှာ ရှိနေရင် ကျွန်တော် အဲဒါကို ဘယ်လိုလုပ် ယူရမှာလဲ" လုံချန်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။

​"အဲဒါကြောင့်ပဲ ငါ မင်းကို ရွှေရောင်လက်စွပ်ကို အရင်ယူခိုင်းတာပေါ့။ ငါ့ရဲ့ အနီရောင်လက်စွပ်က အတားအဆီးကို ဖယ်ရှားချင်တယ်ဆိုရင် ငါပြောတဲ့အတိုင်း လုပ်ဖို့ လိုအပ်တယ်" သူတော်စင်ဘုရင်က ရှင်းပြလိုက်၏။

​"ဘာလုပ်ရမှာလဲ" လုံချန်းက မေးလိုက်သည်။

​"ရွှေရောင်လက်စွပ်ထဲက ပုလင်းသုံးပုလင်းကို မြင်တယ် မဟုတ်လား" သူတော်စင်ဘုရင်က မေးပြီးနောက် ဆက်ပြောသည်။ "အနီရောင်ပုလင်းကို အပြင်ကို ထုတ်လိုက်"

​လုံချန်းလည်း ပြောသည့်အတိုင်း အနီရောင်ပုလင်းကို အပြင်သို့ ထုတ်ယူလိုက်၏။

​"အခု သေချာဂရုစိုက်ပြီး အဲဒီအနီရောင် ပုလင်းထဲက အရည်ကို သုံးစမ်းပါ။ အဲဒီအရည်ကနေ နှစ်စက်တိတိ ငါ့ရဲ့ အနီရောင်လက်စွပ်ပေါ်ကို ကျသွားအောင် လုပ်လိုက်" သူတော်စင်ဘုရင်က လုံချန်းကို လမ်းညွှန်လိုက်သည်။

​အမှန်ပင် အစွမ်းကုန် ဂရုစိုက်လျက် လုံချန်းသည် အနီရောင်အရည် နှစ်စက်ကို အနီရောင်လက်စွပ်ပေါ်သို့ ချလိုက်၏။

​"ကောင်းတယ်။ အခု အဲဒါကို ပြန်ထည့်ပြီး အဝါရောင်ပုလင်းကို ထုတ်လိုက်။ ပြီးတော့ အဲဒီအရည်တစ်စက်ကို လက်စွပ်ပေါ်ကို ထပ်ချပါ" သူတော်စင်ဘုရင်က ထပ်မံအမိန့်ပေးခဲ့သည်။

​လုံချန်းလည်း ခိုင်းသည့်အတိုင်း အဝါရောင်ပုလင်းကို အသုံးပြုလိုက်ပြီးနောက် နောက်ဆုံး ကျန်ရှိနေသော အစိမ်းရောင်ပုလင်း၏ အလှည့်သို့ ရောက်ရှိလာခဲ့သည်။

​သူတော်စင်ဘုရင် ခိုင်းစေသည့်အတိုင်း ပုလင်းသုံးပုလင်းလုံးကို အသုံးပြုပြီးသွားသောအခါ လုံချန်းက အနောက်သို့ လှည့်ကြည့်လိုက်၏။

​"နောက်ထပ် ဘာလုပ်ရဦးမလဲ"

​"နောက်ထပ်လား။ လက်စွပ်ကို ယူလိုက်ရုံပဲ" သူတော်စင်ဘုရင်က ပြုံးလျက် ဆိုလိုက်သည်။ "ပြီးတော့ စိတ်မပူပါနဲ့တော့။ လက်စွပ်ရဲ့ အကာအကွယ်စွမ်းအင်က အခု ပျောက်ကွယ်သွားပြီ။ မင်း အဲဒါကို ယူနိုင်ပြီ။ ပြီးတော့ အသုံးပြုလို့လည်း ရပြီ။ မင်းကို ဘာအန္တရာယ်မှ ပေးမှာမဟုတ်တော့ဘူး။"

​လုံချန်း လက်စွပ်ကို ယူရန်အတွက် တတိယမြောက်အကြိမ်အဖြစ် လက်ကို လှမ်းလိုက်တော့သည်။

​"ရပ်လိုက်"

​သူ လက်စွပ်ကို ထိလုနီးပါး ရှိနေချိန်မှာပင် သူ့နောက်ဆီမှ အော်ဟစ်သံ တစ်သံကို ကြားလိုက်ရသဖြင့် နောက်တစ်ကြိမ် ထပ်မံ၍ ရပ်တန့်သွားခဲ့ရပြန်သည်။

​"အခု ဘာဖြစ်ပြန်တာလဲ" သူက လှမ်း၍ အော်ဟစ်လိုက်သော မြွေဘုရင်ကို မေးလိုက်၏။

​"ဘာမှမဖြစ်ပါဘူး။ ငါက မင်း လက်စွပ်ကို မထိခင်မှာ သေတမ်းစာ တစ်စောင်လောက် ကြိုရေးထားစေချင်လို့ပါ။ ဘယ်သူသိမှာလဲ... နောက်တစ်စက္ကန့်မှာ မင်း ပြာအဖြစ် ပြောင်းလဲသွားနိုင်တာပဲ ဥစ္စာ။ မင်း သူများ သွေးကြွေးအတွက် မသေခင်မှာ မင်းရဲ့ ကိုယ်ပိုင် အမွေအနှစ်ကို ဘယ်သူ့ကို ပေးမလဲဆိုတာ အရင်ဆုံး ဆုံးဖြတ်ထားဖို့ လိုတယ်လေ" မြွေဘုရင်က စိုးရိမ်ပူပန်ပေးနေသည့်အလား လုံချန်းကို ပြောလိုက်၏။

​"ပါးစပ်ပိတ်ထားစမ်း" လုံချန်းက မျက်လုံးပင့်လိုက်ရင်း နောက်ဆုံးတွင် လက်စွပ်ကို ထိတွေ့လိုက်တော့သည်။ သူ့လက်ချောင်းများက လက်စွပ်ကို ထိမိသွားခဲ့သည်နှင့် တစ်ပြိုင်နက် လက်စွပ်ကြီးက သူနှင့် တစ်သားတည်း ဆက်သွယ်သွားခဲ့သည့်အလား ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရပေသည်။

​"မင်း အဲဒါကို ခံစားမိတယ် မဟုတ်လား။ မင်းက အခုဆိုရင် ငါ့လက်စွပ်ရဲ့ တကယ့် အစစ်အမှန်ပိုင်ရှင် ဖြစ်သွားပါပြီ။ မင်း အခုလေးတင် အသုံးပြုခဲ့တဲ့ နည်းလမ်းက ငါ ဒီလက်စွပ်အတွက် သီးသန့်ဖန်တီးထားခဲ့တဲ့ နည်းလမ်းပဲ။ အခုတော့ ဒါက ငါနဲ့ ဘာမှမဆိုင်တော့ဘူး။ ငါ့ရဲ့ လက်စွပ်နဲ့ ငါ့ရဲ့ အမွေအနှစ် အားလုံးကို မင်းကို ပေးလိုက်ပြီ။ ပြီးတော့ အစွမ်းထက်ဆုံးသူ ဖြစ်အောင် ကြိုးစားစမ်းပါ။ လုံချန်း" သူတော်စင်ဘုရင်က ဆိုသည်။

​လုံချန်းသည် သူတော်စင်ဘုရင်၏ လက်ချောင်းများထဲမှ လက်စွပ်ကို ချွတ်ယူလိုက်ပြီး မိမိ၏ လက်ချောင်းတွင် ဆင်မြန်းလိုက်ကာ နောက်ဆုံးတွင် အထဲသို့ လှမ်း၍ အကဲခတ်လိုက်တော့သည်။

​သူ လက်စွပ်၏ အထဲသို့ လှမ်းကြည့်လိုက်သောအခါ မှင်တက်အံ့သြသွားခဲ့ရ၏။ ဤလက်စွပ်မှာ ရတနာသိုက်ကြီး တစ်သိုက်ထက်ပင် မနည်းချေ။ လက်စွပ်၏ အထဲတွင် အရာဝတ္ထု ပစ္စည်းများစွာ ရှိနေပြီး သူ မျှော်လင့်ထားသည့်အတိုင်း ၎င်းတို့အားလုံးမှာ အင်မော်တယ် ကမ္ဘာမှ ဆန်းကြယ်ရတနာများ ဖြစ်ကြပေမည်။

​၎င်းအပြင် ထိုသိုလှောင် လက်စွပ်ထဲတွင် ပန်းနှစ်ပွင့်ကိုလည်း မြင်တွေ့လိုက်ရသည်။

​"ဒီပန်းနှစ်ပွင့်က သန့်စင်ပြီးသား မူလပန်းတွေလား" လုံချန်းက သူတော်စင်ဘုရင်ကို မေးလိုက်၏။

​"မှန်တယ်။ ငါ ထွက်ပြေးလာခဲ့ရတဲ့ အချိန်တုန်းက ငါ့လက်စွပ်ထဲမှာ အဲဒီနှစ်ပွင့်ပဲ ရှိခဲ့တာ။ တကယ်လို့ ဒီလိုမျိုးသာ ဖြစ်ပျက်လာပြီး လူသားကမ္ဘာက အမွေခံတစ်ယောက်ကို ရှာဖွေရလိမ့်မယ်လို့ ကြိုသိခဲ့ရင် ငါ့အနေနဲ့ ပိုပြီးတော့ အများကြီး ယူလာခဲ့မှာပေါ့" သူတော်စင်ဘုရင်က အတည်ပြု ပြောကြားလိုက်တော့သည်။

All Chapters