အခန်း ၁၁၃၂
Vol. 108 Ch. 1132
အခန်း ၁၁၃၂ ရတနာများ
"ဒီအရာတွေ အကြောင်း ငါ သိပ်မသိပေမဲ့ ရွှင်း နင်ကတော့ သိမှာပါ။ ဒီပန်းနှစ်ပွင့်တည်းနဲ့ ငါ့ကို သန်မာလာစေဖို့ လုံလောက်ပါ့မလား" လုံချန်းက ရွှင်းကို လှမ်းကြည့်ရင်း မေးလိုက်၏။
"နင့်အတွက်တော့ နှစ်ပွင့်ဆိုရင် လုံလောက်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီထက်ပိုပြီး စုတ်ယူဖို့ ကြိုးစားရင် နင့်ရဲ့ ခန္ဓာကိုယ်ကြီး ပေါက်ကွဲသွားလိမ့်မယ်လို့ ငါ သံသယဝင်မိလို့ပဲ" ရွှင်းက ပြုံးလျက် ပြန်ဖြေခဲ့သည်။
သူမက တကယ်တမ်းတွင် လုံချန်းတစ်ယောက် ပန်းတစ်ပွင့်သာ ရမည်ဟု မျှော်လင့်ထားခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ နှစ်ပွင့်ရရှိသည်မှာ မဆိုးလှချေ။
"ကဲ... ကောင်လေး၊ အခု ငါပြောမှာကို သေချာ အာရုံစိုက်ပြီး နားထောင်စမ်း" သူတော်စင်ဘုရင်က လုံချန်း၏ အာရုံကို ဆွဲဆောင်ရင်း ဆိုလိုက်၏။
"ငါ့အနေနဲ့ လက်စွပ်ထဲမှာရှိတဲ့ ရတနာအားလုံးအကြောင်းကို တစ်ခုချင်းစီ သေချာ ရှင်းပြပေးချင်တာ။ ဒါပေမဲ့ နောက်ပိုင်းကျရင် မင်းဘာသာမင်း အချိန်တန်ရင် သိလာလိမ့်မယ်ဆိုတာ ငါသေချာပေါက် ယုံကြည်ပါတယ်။ ငါ့မှာလည်း အဲဒီလောက်အထိ အချိန်အများကြီး မရှိတော့တာမို့လို့ အရေးကြီးတဲ့ အပိုင်းအချို့ကိုပဲ ငါ ပြောပြပေးခဲ့မယ်"
"ကျွန်တော် နားလည်ပါတယ်။ ခင်ဗျား ပြောပြနိုင်သလောက်ပဲ ပြောပြပါ" လုံချန်းက ပြန်လည်တုံ့ပြန်ခဲ့၏။
"ပထမဆုံးအနေနဲ့ မင်း မြင်တွေ့နေရတဲ့အတိုင်း အဲဒီပန်းတွေက မင်းကို ဒီနေရာမှာ ကျင့်ကြံခြင်းအဆင့် တက်လှမ်းနိုင်အောင် ကူညီပေးလိမ့်မယ်။ ဒါပေမဲ့ နောင်အနာဂတ်ကျရင် အဲဒါတွေကိုပဲ အားမကိုးပါနဲ့။ ကိုယ်တိုင် ကြိုးစားအားထုတ်ပြီး ရရှိလာတဲ့ ကျင့်ကြံခြင်းအဆင့်က ဆန်းကြယ် ရတနာတွေကို သုံးပြီး ရရှိလာတဲ့ အဆင့်ထက် အများကြီး ပိုပြီး ကောင်းတာ။ ဒါကြောင့် နောင်အနာဂတ်ကျရင် သတိထားပါ။ မဟုတ်ရင် မင်းရဲ့ အလားအလာ ပါရမီကို မင်းဘာသာမင်း ကန့်သတ်ပိတ်ပင်လိုက်သလို ဖြစ်သွားလိမ့်မယ်" သူတော်စင်ဘုရင်က လုံချန်းကို သတိပေးလိုက်သည်။
‘ငါ့ရဲ့ ပါရမီအတွက်တော့ စိတ်ပူနေဖို့ မလိုပါဘူး။ ငါ့ရဲ့ သွေးမျိုးဆက်က အဲဒါကို အလိုအလျောက် ကိုင်တွယ်ပေးမှာပဲ’ လုံချန်းက စိတ်ထဲက တွေးလိုက်သော်လည်း နှုတ်ကမူ ထုတ်မပြောခဲ့ချေ။
"ကျွန်တော် ဒါကို စိတ်ထဲမှာ မှတ်ထားပါ့မယ်" သူက သူတော်စင်ဘုရင်ကို ပြောလိုက်၏။
"အဲလိုဆိုရင်တော့ အကောင်းဆုံးပေါ့။ ကဲ... နောက်တစ်ခုက၊ လက်စွပ်ထဲမှာ အနီရောင်စာအုပ်တစ်အုပ်ကို မြင်တယ် မဟုတ်လား။ အဲဒါက မင်း လိုချင်နေတဲ့ သိုင်းပညာရပ်ပဲ။ ဒါပေမဲ့ အဲဒါကို ဖတ်ဖို့ စိတ်တောင်မကူးနဲ့။ မင်း အဲဒါကို ဖတ်လို့ရမှာ မဟုတ်ဘူး။ နားလည်ဖို့ဆိုတာ ဝေးသေးတာပေါ့။ ငါက ငါမွေးဖွားလာကတည်းက ပါလာတဲ့ ထူးခြားတဲ့ ပညာကြောင့်သာ အဲဒီစာအုပ်ကို ဖတ်နိုင်ခဲ့တာ"
"ဒါကြောင့် အဲဒီစာအုပ်အစား အဲဒီဘေးနားမှာ ရှိနေတဲ့ အဝါရောင်စာအုပ်ကို အရင် ယူလိုက်" သူတော်စင်ဘုရင်က လုံချန်းကို ညွှန်ကြားလိုက်သည်။
"အဝါရောင်စာအုပ်ထဲမှာ ဘာရှိလို့လဲ" လုံချန်းက ဇဝေဇဝါဖြင့် မေးလိုက်၏။ မိမိအလိုရှိသော သိုင်းပညာရပ်က အနီရောင်စာအုပ်ထဲတွင် ရှိနေသည်ဟု သူကိုယ်တိုင် ပြောခဲ့သည် မဟုတ်လော။
"အဝါရောင်စာအုပ်ထဲမှာ ငါကိုယ်တိုင် ရေးသားထားတဲ့ အရာတွေ ရှိတယ်။ အဲဒီစာအုပ်က အနီရောင်စာအုပ်ထဲမှာ ရေးသားထားတဲ့ ဘာသာစကားကို မင်း နားလည်သဘောပေါက်အောင် သင်ကြားပေးလိမ့်မယ်။ ဒါမှသာ မင်း အနီရောင်စာအုပ်ကို ဖတ်နိုင်မှာ ဖြစ်တယ်" သူတော်စင်ဘုရင်က ပြန်ဖြေခဲ့၏။
"တကယ်လို့ ခင်ဗျားသာ အနီရောင်စာအုပ်ရဲ့ ဘာသာစကားကို နားလည်ဖို့အတွက် စာအုပ်တစ်အုပ်လုံးကို ရေးသားနိုင်ခဲ့တယ်ဆိုရင် အဲဒီအစား ဘာသာပြန် စာအုပ် တစ်အုပ်တည်းကိုပဲ တိုက်ရိုက် ရေးသားထားခဲ့လိုက်ရင် မပြီးဘူးလား" လုံချန်းက မျက်လုံးပင့်လျက် မေးလိုက်သည်။
"အဲလိုလုပ်လို့ မရဘူး။ ဘာသာပြန်ရုံ သက်သက်နဲ့တင် နားမလည်နိုင်တဲ့ အရာအချို့ ရှိနေလို့ပဲ။ ဒါကြောင့် မင်း အနီရောင်စာအုပ်ကို ဖတ်ချင်တယ်ဆိုရင် အဝါရောင်စာအုပ်ကို အရင်ဆုံး ဖတ်ရလိမ့်မယ်။ ငါ ဒီထက်ပိုပြီး ဘာမှ မပြောနိုင်တော့ဘူး" သူတော်စင်ဘုရင်က ပြန်လည်ချေပလိုက်၏။
"ဘာပဲဖြစ်ဖြစ်... ဒါကို ထားလိုက်ပါဦး၊ နောက်ထပ် မင်းမျက်စိဒေါက်ထောက် ကြည့်ထားရမယ့် အရာကတော့ အဲဒီဓားအိမ်ပဲ" သူတော်စင်ဘုရင်က ပြုံးလျက် လုံချန်းကို ပြောပြလိုက်သည်။
"ရွှေရောင်ဓားအိမ်လား" လုံချန်းက စူးစမ်းလိုက်၏။
"မှန်တယ်။ ရွှေရောင်ဓားအိမ်ပဲ။ အဲဒါက ငါ့ရဲ့ တန်ဖိုးကြီးတဲ့ ဆန်းကြယ်ဓားအိမ်ပဲ။ ငါ ပြောပြရရင်တော့ မင်း ငါ့ရဲ့ဓားကို အဲဒီထဲမှာ ထည့်ထားမယ်ဆိုရင် နောင်အနာဂတ်ကျရင် မင်း တကယ့်ကို အံ့အားသင့်သွားရလိမ့်မယ်" သူတော်စင်ဘုရင်က ရှင်းပြခဲ့သည်။
ထိုစကားကို ကြားလိုက်ရသောအခါ လုံချန်း လက်စွပ် အထဲတွင် ဓားတစ်လက်ကို လိုက်လံရှာဖွေရန် ကြိုးစားမိတော့သည်။ သူတော်စင်ဘုရင်က အင်မော်တယ် ကမ္ဘာ၏ အစွမ်းထက်ဆုံး စစ်သည်တော်တစ်ယောက် ဖြစ်ခဲ့ဖူးသည်ဖြစ်ရာ သူ့ဓားမှာလည်း အမြင့်ဆုံး အဆင့်တွင် ရှိနေရပေမည်။ သူ့တွင် နတ်ဘုရားအဆင့် လက်နက်တစ်လက် ရှိနေပြီ ဖြစ်သော်လည်း အစွမ်းထက်သော လက်နက်များ ပိုမိုပိုင်ဆိုင်ထားခြင်းက အမြဲတမ်း ကောင်းမွန်သောအရာ မဟုတ်လော။
"ကျွန်တော် လက်စွပ်ထဲမှာ ဘာဓားမှ မမြင်မိပါလား" လုံချန်းက မျက်မှောင်ကုတ်ရင်း မေးလိုက်၏။ သူ လက်စွပ်ထဲတွင် လက်နက်များစွာကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ထိုအထဲတွင် ဓားတစ်လက်မှ ရှိမနေခဲ့ချေ။
"ဟားဟားဟား... ဒါကိုပဲ ငါတို့က ပစ္စည်းကို ကိုယ့်အိတ်ကပ်ထဲ ထည့်ထားပြီး တစ်ကမ္ဘာလုံး ပတ်ရှာနေတယ်လို့ ခေါ်တာ" သူတော်စင်ဘုရင်က အော်ဟစ်ရယ်မောရင်း ဆိုလိုက်သည်။
"ငါက မင်း ဒီနေရာကို ဝင်လာဖို့အတွက် အသုံးပြုခဲ့တဲ့ ငါ့ရဲ့ဓားအကြောင်းကို ပြောနေတာ" သူက ရှင်းပြခဲ့၏။
"ခင်ဗျား ဆိုလိုတာက ဒီဓားကိုလား" လုံချန်းက ဘုရင်ဓားကို အပြင်သို့ ထုတ်ယူရင်း မေးလိုက်သည်။
"မှန်တယ်။ အဲဒါက ငါ့ရဲ့ အဖိုးတန်ဓားပဲ။ ကျေးဇူးပြုပြီး အဲဒီဓားကို ဟောင်းနွမ်းခဲ့တဲ့ ကျော်စောမှုတွေ ပြန်လည်ရရှိလာအောင် ဓားအိမ်ထဲမှာ ထည့်ထားလိုက်ပါ။ ဘာပဲဖြစ်ဖြစ်... အဲဒါကို နောက်မှလုပ်။ အခု နောက်ထပ်ပစ္စည်း တစ်ခုကို ဆက်ပြီး နားထောင်ဦး"
"မင်း အခု ဒီပစ္စည်းကို မြင်ရလား..."
...
နောက်ထပ် ဆယ်မိနစ်ခန့်မျှ သူတော်စင်ဘုရင်သည် သိုလှောင်လက်စွပ်ထဲရှိ အရေးကြီးသော ပစ္စည်းများအကြောင်းကို ဆက်တိုက် ပြောပြနေခဲ့၏။ သူ ပြောပြလေလေ လုံချန်း ပို၍ပင် အံ့အားသင့်လေလေ ဖြစ်ရသည်။ ဤရတနာမှာ အမြင့်ဆုံး အဆင့်ရှိသော ရတနာသိုက်ကြီး တစ်သိုက် ဖြစ်နေခဲ့သည် မဟုတ်လော။
သူ့တွင် ရှိသော ရတနာများထဲ၌ အချိန်ဓား တစ်လက်တည်းသာလျှင် ဤဆန်းကြယ်ရတနာများထက် ပို၍ အဖိုးတန်ပေမည်။
"ဒါတွေကတော့ အရေးကြီးတဲ့ ပစ္စည်းအားလုံးပဲ။ ကျန်တဲ့ အရာတွေကတော့ တော်တော်လေး သာမန်ပါပဲ။ မင်းဘာသာမင်း လေ့လာကြည့်လို့ ရပါတယ်" သူတော်စင်ဘုရင်က ရှင်းပြမှုကို အဆုံးသတ်ရင်း လုံချန်းကို ပြောလိုက်၏။
သူတော်စင်ဘုရင်က ကျန်ရှိသော ပစ္စည်းများကို သာမန်ဟု ခေါ်ဆိုခဲ့သော်လည်း အင်မော်တယ် ကမ္ဘာမှ သာမန်လူသားများ အတွက်မူ ၎င်းတို့မှာ အဖိုးတန်သော ရတနာများ ဖြစ်ကြမည်ဖြစ်ရာ လုံချန်းအနေဖြင့် ထိုအရာများကို အထင်မသေးဝံ့ချေ။
"ခင်ဗျားရဲ့ အမွေအနှစ် အားလုံး ကျွန်တော့်ကို ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" လုံချန်းက လေးစားသမှုဖြင့် ခေါင်းကို အနည်းငယ် ညွှတ်ရင်း သူတော်စင်ဘုရင်အား ကျေးဇူးတင်စကား ဆိုလိုက်သည်။ ထိုလူကြီးက သူ့ကို အနည်းငယ် စနောက်ခဲ့သော်လည်း တကယ်တမ်း လူကောင်းတစ်ယောက် ဖြစ်သည်။ ထို့ပြင် အရာရာတိုင်းအား လုံချန်းကို ပေးအပ်ခဲ့သည်ဖြစ်ရာ ဆရာတစ်ယောက်ထက်ပင် မနည်းချေ။
"မြောက်နေဖို့ မလိုပါဘူး။ မြောက်ပိုင်း ဧကရာဇ်ကိုရက်ရက်စက်စက် သေသွားအောင် လုပ်ပေးဖို့ပဲ သတိရပါ။ သူသာ မသေဘူးဆိုရင် ငါ့ရဲ့ ဝိညာဉ်က အေးချမ်းမှာ မဟုတ်ဘူး။ ပြီးတော့ ငါ မင်းနောက်ကို သရဲခြောက်ဖို့ ပြန်လာနိုင်တယ်" သူတော်စင်ဘုရင်က အားရပါးရ အော်ဟစ်ရယ်မောရင်း ပြန်လည်တုံ့ပြန်ခဲ့၏။
"ကျွန်တော် လုပ်ပါ့မယ်။ ခင်ဗျား ဒါကို သိထားပြီး အေးအေးချမ်းချမ်း အနားယူနိုင်ပါတယ်" လုံချန်းက ပြန်ဖြေခဲ့သည်။
"ဒါကို သိရတာ ဝမ်းသာပါတယ်။ မကြာခင်မှာပဲ ငါ ထွက်ခွာရမယ့် အချိန် ရောက်လာတော့မယ်။ ဒီလူအိုကြီးရဲ့ နောက်ဆုံး ဝိညာဉ် အစိတ်အပိုင်းကလည်း ပျောက်ကွယ်သွားတော့မှာပေါ့။ အဲဒီအချိန်ကျရင် ဂူဗိမာန် တစ်ခုလုံးက ငါ့ရဲ့ရုပ်အလောင်းနဲ့အတူ ပျက်စီးသွားမှာမို့လို့ ဒီနေရာမှာ ကြာကြာမနေပါနဲ့။ ဟုတ်ပြီလား" သူတော်စင်ဘုရင်က ပြောရင်း ခေါင်းတလားရှိရာဆီသို့ တဖြည်းဖြည်း လျှောက်လှမ်းသွားခဲ့သည်။
သူ ခေါင်းတလားကို ပိတ်လိုက်ပြီးနောက် ခေါင်းတလား၏ အလယ်ဗဟို အစီအရင်ပေါ်သို့ လက်ဖဝါးကို တင်လိုက်၏။
သူ့လက်ဖဝါးက ထိုနေရာသို့ ထိမိသွားခဲ့သည်နှင့် တစ်ပြိုင်နက် ခေါင်းတလားကြီးမှာ စတင်၍ လောင်ကျွမ်းသွားခဲ့တော့သည်။
သူတော်စင်ဘုရင်၏ နောက်ကျောဘက်တွင် ခေါင်းတလားကြီး လောင်ကျွမ်းနေစဉ်မှာပင် သူက လုံချန်းကို လှမ်း၍ ကြည့်လိုက်၏။ သူ့နောက်ဆုံးအချိန်၏ ဝမ်းနည်းမှုများအကြားတွင် ပျော်ရွှင်သော အပြုံးတစ်ခုကို မျက်နှာပေါ်၌ မြင်တွေ့နိုင်ခဲ့ပေသည်။ ထို့ပြင် ဇနီးနှင့် သားဖြစ်သူတို့နှင့် ပြန်လည်ဆုံတွေ့နိုင်မည်ဟူသော မျှော်လင့်ချက်များလည်း သူ့မျက်နှာထက်တွင် အထင်အရှား ရှိနေခဲ့သည်။
"နေဦး... ကျွန်တော့်မှာ မေးစရာ မေးခွန်းတစ်ခု ကျန်သေးတယ်။ ခင်ဗျား ဒီကို ရောက်လာတုန်းက ဂူဗိမာန်ကြီး တစ်လုံး ဆောက်ပြီး စောင့်နေမယ့်အစား အဲဒီအချိန်ကတည်းက အမွေခံတစ်ယောက်ကို တိုက်ရိုက် ရှာဖွေလိုက်ရင် မပြီးဘူးလား။ ဘာဖြစ်လို့ အဲဒီတုန်းက အမွေခံကို ရှာမသွားခဲ့တာလဲ" လုံချန်းက သူတော်စင်ဘုရင် လောင်ကျွမ်းပျက်စီးနေသည်ကို ကြည့်ရင်း မေးလိုက်မိ၏။
ထိုမေးခွန်းကို ကြားလိုက်ရသောအခါ သူတော်စင်ဘုရင်၏ အပြုံးမှာ ပိုမို၍ ကျယ်ပြန့်သွားခဲ့သည်။ "ကံကောင်းပါစေ... လုံချန်း"
သူ တစ်ခွန်းမျှ ပြန်မဖြေခဲ့ဘဲ နှုတ်ဆက်စကားသာ ဆိုလိုက်ပြီးနောက် သူ့ဝိညာဉ်မှာ လုံးဝဥဿုံ လောင်ကျွမ်း ပျောက်ကွယ် သွားခဲ့တော့သည်။ ထိုဝိညာဉ် ပူးကပ်ထားသော ရုပ်သေးရုပ် ခန္ဓာကိုယ်ကြီးမှာလည်း အသက်မဲ့စွာဖြင့် ခေါင်းတလား အပေါ်သို့ လဲပြိုကျသွားခဲ့ပြီး စတင်၍ လောင်ကျွမ်းသွားခဲ့လေတော့သည်။
"သူ အနည်းဆုံးတော့ အဖြေတစ်ခုခု ပေးသွားခဲ့သင့်တာ။ ဒီမေးခွန်းက ငါ့ဘဝတစ်ခုလုံးမှာ ငါ့ကို ဒုက္ခပေးနေတော့မှာပဲ" လုံချန်းက ခေါင်းတလား လောင်ကျွမ်းနေသည်ကို ကြည့်ရင်း တိုးတက်ရေရွတ်လိုက်မိ၏။
"အာ... လုံချန်း" ရွှင်းက လုံချန်းကို လှမ်း၍ ခေါ်လိုက်သည်။
"အင်း... ဘာလဲ" လုံချန်းက နောက်သို့ လှည့်ကြည့်ရင်း ပြန်ဖြေခဲ့၏။
"နင် တစ်ခုခုကို မေ့နေတာ မဟုတ်လား။ ဒီနေရာက မကြာခင်မှာ ပျက်စီးတော့မှာမို့လို့ နင် အပြင်ကို အမြန်ထွက်ဖို့ လိုအပ်တယ်လေ။ အရှင်လတ်လတ် မြေမြှုပ်ခံရတာမျိုး မဖြစ်ချင်ဘူးဆိုရင် အခုချက်ချင်း ထွက်သွားကြရအောင်" ရွှင်းက လုံချန်းကို သတိပေးလိုက်တော့သည်။