အခန်း ၁၁၃၃
Vol. 108 Ch. 1133
အခန်း ၁၁၃၃ ရွှေနိုင်ငံဆီသို့ အပြန်
"နင် နေရာရွေ့ပြောင်းခြင်းကို သုံးဖို့ စိတ်တောင်မကူးနဲ့" လုံချန်း မည်သို့ လုပ်ရန် ကြိုးစားနေသည်ကို ရွှင်းက ရိပ်မိသွားသဖြင့် ထပ်မံ၍ သတိပေးလိုက်၏။
"ဒီနေရာမှာ အဲဒါက အလုပ်လုပ်မှာ မဟုတ်ဘူး။ နင် အပြင်ကို လမ်းလျှောက်ပြီး ထွက်ရလိမ့်မယ်" သူမက ရှင်းပြခဲ့သည်။
"ကောင်းပြီလေ" လုံချန်းက ပြန်ပြောရင်း ရွှယ်နှင့် မေတို့ ရှိရာသို့ လျှောက်လှမ်းသွားခဲ့၏။
လုံချန်း ဇနီးသည်များ အနားသို့ ရောက်ရှိသွားချိန်မှာပင် ဂူဗိမာန် တစ်ခုလုံးက စတင်၍ ပြင်းထန်စွာ လှုပ်ခါလာခဲ့တော့သည်။ ဤဂူဗိမာန်ကြီးမှာ ကြာရှည်ခံတော့မည် မဟုတ်ကြောင်း အထင်အရှားပင်။
သူသည် မိန်းမပျိုနှစ်ဦးအား ဦးစွာ ပြန်စေလွှတ်လိုက်ပြီးနောက် မြွေဘုရင်ကိုပါ ပြန်လည်စေလွှတ်လိုက်ကာ ဂူဗိမာန်ထဲမှ စတင်၍ ထွက်ခွာလာခဲ့တော့သည်။
...
ဝုန်း...
ဂူဗိမာန်ကြီးမှာ ပြိုကျပျက်စီးသွားခဲ့ပြီး မြေပြင်ကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
လုံချန်းသည် ဂူဗိမာန်၏ အပြင်ဘက် မြေပြင်ပေါ်တွင် ရပ်တန့်လျက် သူတော်စင်ဘုရင် ရှန်ဝူ၏ နောက်ဆုံး အကြွင်းအကျန်များမှာ သူ့မွေးရပ်မြေလည်းဖြစ်သော မြေကမ္ဘာထဲသို့ ထာဝရ နစ်မြုပ်ပျက်စီးသွားသည်ကို ငေးကြည့်နေခဲ့မိ၏။
သူသည် ပထမဆုံး အသက်ရှုခြင်းအား စတင်ခဲ့သည့် နေရာ၌ပင် နောက်ဆုံး ထွက်သက်ကို အဆုံးသတ်သွားခဲ့သည်။
"ဟူး... ခင်ဗျား အေးအေးချမ်းချမ်း အနားယူနိုင်ပါစေ သူတော်စင်ဘုရင် ရှန်ဝူ" လုံချန်းက မျက်လုံးများကို မှိတ်လျက် တိုးတက် ရေရွတ်လိုက်မိသည်။ မိနစ်အနည်းငယ်ခန့် ငြိမ်သက်ပြီးနောက်မှ သူသည် အနောက်သို့ လှည့်ကာ ဂိုဏ်းထဲမှ စတင်၍ ထွက်ခွာလာခဲ့တော့၏။
မြွေဘုရင်က သူတို့ကို ကြိုတင် သတိပေးထားခဲ့ပြီးဖြစ်သဖြင့် ဂိုဏ်းသားတစ်ယောက်မှ သူတို့ အဆောင်များထဲမှ အပြင်သို့ ထွက်မလာရဲကြချေ။ ထို့ကြောင့် လုံချန်း ဂိုဏ်းထဲမှ ထွက်ခွာလာခဲ့သည့် တစ်လျှောက်လုံးတွင် လမ်းတစ်လျှောက်လုံး တိတ်ဆိတ် ခြောက်ကပ်နေခဲ့သည်။
...
ဂိုဏ်းထဲမှ ထွက်ခွာလာပြီးနောက် လုံချန်းသည် မွေးရပ်မြေ အိမ်ရှိခဲ့ဖူးရာ ရွှေနိုင်ငံသို့ ပျံသန်းလာခဲ့တော့၏။
သူ မိသားစု မျိုးနွယ်စု ရှိခဲ့ဖူးသော နေရာအနားသို့ ရောက်ရှိလာသောအခါ ထိုနေရာတွင် မည်သည်မျှ မရှိတော့သည်ကို သတိပြုမိလိုက်ရသည်။ သူ့မျိုးနွယ်စု၏ ပျက်စီးနေသော အပျက်အစီးပုံများကိုပင် သန့်ရှင်းရေး လုပ်ထားပြီး ဖြစ်နေခဲ့သည်။
ထို့ပြင် ထိုနေရာတွင် မည်သည့်အရာမျှ မရှိတော့ပေ။
သို့သော် အံ့သြစရာကောင်းသည်မှာ ဤနိုင်ငံ အတွင်းသို့ လူသားတို့၏ ရှင်သန်မှု အသက်ဓာတ်များ ပြန်လည် ရောက်ရှိလာပုံ ရနေခြင်းပင်။ ပြီးခဲ့သည့် အကြိမ်က သူ ထွက်သွားခဲ့စဉ်က ကံမကောင်းစွာဖြင့် တစ်နိုင်ငံလုံးကို အပျက်အစီးပုံအဖြစ် ထားရှိခဲ့သော်လည်း ယခု အခြေအနေက အများကြီး ပိုမိုကောင်းမွန်နေပုံရပေသည်။
လမ်းမများပေါ်တွင် လူအများအပြားကို မြင်တွေ့နေရပြီး အိမ်အသစ်များစွာကိုလည်း ဆောက်လုပ်ထားခဲ့ကြသည်။ ဤနေရာတွင် လူ့ဘဝများက ပုံမှန်လမ်းကြောင်းပေါ်သို့ ပြန်ရောက်ရှိနေပြီ ဖြစ်ပုံရသည်။
လက်ရှိ ဘုရင်က မည်သူဖြစ်ကြောင်း သူ မတွေးဘဲ မနေနိုင်ချေ။ ယခု မင်းသမီး ယွဲ့ဖေးက ဘုရင်မ ဖြစ်နေသည်လော။
ပြီးခဲ့သည့် အကြိမ်က သူ ထွက်ခွာခါနီးတွင် လိုက်လံစုံစမ်းကြည့်ခဲ့ရာ သူသည် တော်ဝင်မိသားစု တစ်ခုလုံးအား သတ်ဖြတ်ခဲ့ရုံ မကဘဲ မင်းသား အားလုံးကိုပါ သတ်ဖြတ်မိခဲ့ကြောင်း သိရှိခဲ့ရသည်။ မင်းသမီး ယွဲ့ဖေး တစ်ယောက်တည်းသာလျှင် သူတော်စင်ဘုရင်၏ ဂူဗိမာန်ရှိရာ ဂိုဏ်းထဲတွင် ရှိနေခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ရခြင်း ဖြစ်ပေသည်။
သူမက နိုင်ငံထဲတွင် ရှိမနေခဲ့သဖြင့် လုံချန်းတစ်ယောက် သတိလွတ်နေစဉ်အတွင်း ကျူးလွန်ခဲ့သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီး အတွင်းမှ ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
"တကယ်လို့ ယွဲ့ဖေးသာ ဖြစ်နေမယ်ဆိုရင် ငါ နောက်တစ်ကြိမ် ထပ်ပြီး မထွက်ခွာခင်မှာ သူ့ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ တောင်းပန်စကား ဆိုသင့်ပါတယ်။ ငါ သူ့ရဲ့ မိသားစုကို လုယူပြီး သူ့ရဲ့ ဘဝကို ဖျက်ဆီးခဲ့တာပဲ ဥစ္စာ" လုံချန်းက တိုးတက်ရေရွတ်ရင်း မြို့ထဲတွင် အကြီးဆုံးဟု ထင်ရသော နန်းတော်ကြီးရှိရာဆီသို့ လျှောက်လှမ်းသွားခဲ့မိသည်။ ထိုနေရာက တော်ဝင်နန်းတော် ဖြစ်မည်ဟု သူ ယူဆထားခဲ့၏။
လုံချန်း တော်ဝင်နန်းတော်အနားသို့ ရောက်ရှိလာသောအခါ နန်းတော်အနီးတွင် မြင်းရထားများစွာ ရပ်တန့်ထားသည်ကို မြင်တွေ့လိုက်ရသည်။
"ထူးဆန်းလိုက်တာ။ ဒါက တော်ဝင်မျိုးနွယ် သစ်တွေရဲ့ အစည်းအဝေး တစ်ခုခုလား မသိဘူး" သူက မျက်မှောင်ကုတ်ရင်း တွေးတောမိသွားခဲ့၏။
သူသည် မိမိအနားတွင် ရပ်တန့်ထားသော မြင်းရထား တစ်စီး ရှိရာဆီသို့ လျှောက်လှမ်းသွားခဲ့သည်။ မြင်းရထားပေါ်တွင် မြင်းရထား မောင်းသမား တစ်ယောက်တည်းသာ ရှိနေသည်။
"တဆိတ်လောက်ဗျ၊ ဒါက တော်ဝင်မျိုးနွယ်စု တစ်စုရဲ့ မြင်းရထားလား" လုံချန်းက မြင်းရထားမောင်းသမားကို လှမ်း၍ မေးလိုက်၏။
မြင်းရထား မောင်းသမားက လုံချန်းကို အနောက်သို့ လှည့်ကြည့်လိုက်သောအခါ မင်းသားတစ်ပါး ကဲ့သို့သော ဝတ်စားဆင်ယင်မှုကို သတိပြုမိသွားခဲ့သည်။ သူက ချမ်းသာကြွယ်ဝသော မိသားစု တစ်ခုမှ ဖြစ်ပုံရသည်။
သူသည် အကောင်းစား အဝတ်အစားများနှင့် တန်ဖိုးကြီးသော ရတနာတစ်ခု ကဲ့သို့သော အနီရောင်ဝတ်ရုံကို ဆင်မြန်းထားခဲ့သည်။
ထို့ပြင် လုံချန်း၏ ကျောဘက်တွင်လည်း ဘုရင်ဓား ကို ထည့်သွင်းထားသော ရွှေရောင်ဓားအိမ်ကြီးကလည်း တွဲလောင်းကျနေခဲ့သေး၏။
"မင်းက ဒီနိုင်ငံက မဟုတ်ဘူးလား" မောင်းသမားက လုံချန်းကို ပြန်၍ မေးလိုက်သည်။
‘ဒီလူက တော်တော်လေး ချမ်းသာပုံရတာပဲ။ နိုင်ငံ တစ်နိုင်ငံရဲ့ မင်းသားတစ်ပါး ဖြစ်ရမယ်။ အဲဒါကြောင့်ပဲ ဒီနိုင်ငံရဲ့ သာမန် အကြောင်းအရာတွေကိုတောင် မသိတာ ဖြစ်ရမယ်’ မြင်းမောင်းသမားက စိတ်ထဲက တွေးတောလိုက်မိ၏။
"မဟုတ်ပါဘူး။ ငါက ဒီနိုင်ငံကို ဖြတ်သန်းသွားလာရင်း နည်းနည်း စူးစမ်းချင်စိတ် ဖြစ်လာလို့ပါ။ ဒါနဲ့... မင်း ငါ့မေးခွန်းကို ပြန်မဖြေရသေးဘူးနော်။ ဒါက တော်ဝင်မျိုးနွယ်ရဲ့ မြင်းရထားလား" လုံချန်းက ထပ်မံမေးမြန်းလိုက်သည်။
"မှန်ပါတယ်။ ဒါက ဖုန်းမျိုးနွယ်စုရဲ့ မြင်းရထားပါ" မြင်းမောင်းသမားက ပြန်ဖြေခဲ့၏။
"ဖုန်းမျိုးနွယ်စု ဟုတ်လား။ ရွှေနိုင်ငံရဲ့ တော်ဝင်မျိုးနွယ်သစ်တွေ ဖြစ်ရမယ်" လုံချန်းက ခေါင်းညိတ်ရင်း တီးတိုး ရေရွတ်လိုက်မိသည်။
သူ နောက်ဆက်တွဲ မေးခွန်းတစ်ခုအား ထပ်မံမေးမြန်းရန် ပြင်လိုက်စဉ်မှာပင် မောင်းသမား၏ စကားသံကို ကြားလိုက်ရပြန်သည်။
"မဟုတ်ဘူး မင်း မှားသွားပြီ။ ဖုန်းမျိုးနွယ်စုဆိုတာ ဒီကြီးကျယ်ခမ်းနားတဲ့ ကျူးနိုင်ငံရဲ့ တော်ဝင်မျိုးနွယ်စု တစ်ခု ဖြစ်တယ်" မြင်းမောင်းသမားက ရှင်းပြလိုက်၏။
"ကျူးနိုင်ငံ ဟုတ်လား။ ဘာကို ဆိုလိုတာလဲ။ ဒါက ရွှေနိုင်ငံ မဟုတ်ဘူးလား" လုံချန်းက အံ့အားသင့်စွာဖြင့် မေးလိုက်မိတော့သည်။
"ဟားဟားဟား... မဟုတ်ရဘူးကွာ။ ရွှေနိုင်ငံက ပျက်စီးသွားခဲ့တာ ကြာလှပြီ။ တကယ့် ကြေကွဲစရာ ကပ်ဘေးကြီး တစ်ခုက ဒီနိုင်ငံကို ထိမှန်ခဲ့ပြီး အပျက်အစီးပုံအဖြစ် ပျက်စီးသွားခဲ့တာလေ။ ငါတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ကျူးနိုင်ငံက ဒီမြေပြင်ကို လွှမ်းမိုးသိမ်းပိုက်လိုက်တာ။ အခုက ကျူးနိုင်ငံ ဖြစ်သွားပြီ" မောင်းသမားက ပြန်လည်ဖြေကြားခဲ့၏။
"ကျူးနိုင်ငံ ဟုတ်လား... ငါ မှတ်မိသားပဲ။ အဲဒါက ဒုတိယအဆင့်ရှိတဲ့ နိုင်ငံတစ်နိုင်ငံလေ။ ရွှေနိုင်ငံက တတိယအဆင့်ရှိတဲ့ နိုင်ငံ ဖြစ်နေချိန်မှာပေါ့" လုံချန်းက ထိုအမည်ကို မှတ်မိသွားသဖြင့် တိုးတက်ရေရွတ်လိုက်မိသည်။
ကျူးနိုင်ငံဆိုသည်မှာ သူတို့၏ ရွှေနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အိမ်နီးနားချင်း နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။
"မှန်ပါတယ်။ အခု မင်းရပ်နေတဲ့ နေရာက ဒုတိယအဆင့်ရှိတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ကျူးနိုင်ငံပဲ" မြင်းမောင်းသမားက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆိုလိုက်၏။ "ပြီးတော့ ငါတို့က ကျူးနိုင်ငံရဲ့ ဖုန်းမျိုးနွယ်စုပဲ ဖြစ်တယ်"
လုံချန်းသည် သက်ပြင်းချရင်း ခေါင်းကို ရမ်းလိုက်မိတော့သည်။
"ငါ တကယ်ပဲ ဒီနိုင်ငံကို အဆုံးသတ်သွားအောင် လုပ်ခဲ့မိတာပဲ" သူက တိုးတက်ရေရွတ်လိုက်၏။
"ဘာပြောလိုက်တာလဲ" မြင်းမောင်းသမားက လုံချန်း၏ စကားကို နားမလည်သဖြင့် လှမ်း၍ မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး" လုံချန်းက ပြန်ဖြေလိုက်ပြီးနောက် မေးလိုက်သည်။ "ဒါနဲ့... ကျူးနိုင်ငံရဲ့ ဘုရင်က ဘယ်သူလဲ။ သူ ဒီမှာ ရှိနေတာလား။ ဒီအစည်းအဝေးက ဘာအတွက်လဲ"
"မဟုတ်ဘူး။ ဘုရင်ကျူးက တော်ဝင်မြို့တော်မှာ ရှိနေတာ။ ဒီနေရာက ကျူးနိုင်ငံရဲ့ တော်ဝင်မြို့တော် မဟုတ်ဘူးလေ။ ဒီအစည်းအဝေးကတော့ အခု ကျူးနိုင်ငံရဲ့ တော်ဝင် စစ်သူကြီးက ဒီနေ့မှာ လက်ထပ်ပွဲ ကျင်းပနေလို့ပဲ" မြင်းမောင်းသမားက ရှင်းပြလိုက်သည်။
"ကျူးနိုင်ငံရဲ့ စစ်သူကြီး ဟုတ်လား။ သူက ဘာဖြစ်လို့ တော်ဝင်နန်းတော်ထဲမှာ လက်ထပ်ပွဲ လုပ်နေရတာလဲ" လုံချန်းက မေးမြန်းလိုက်၏။
"ဘုရင်ကျူးက ဒီလောက်အထိ ကျယ်ပြန့်တဲ့ မြေပြင်ကြီးကို တစ်ယောက်တည်း မကိုင်တွယ်နိုင်လို့ ဒီနေရာကို စောင့်ရှောက် ထိန်းသိမ်းဖို့အတွက် တော်ဝင် စစ်သူကြီး တစ်ယောက်ကို စေလွှတ်ထားခဲ့တာလေ။ ဒီနေ့က သူ့ရဲ့ မင်္ဂလာပွဲပဲ။ ဒါ့ပြင် မင်းသားကျူး ကိုယ်တိုင်လည်း ဒီမင်္ဂလာပွဲကို တက်ဖို့အတွက် ဒီနေရာကို ရောက်နေတယ်" မြင်းမောင်းသမားက ပြန်လည်ဖြေကြားခဲ့သည်။
"မင်းသားနဲ့ တော်ဝင် စစ်သူကြီး ဟုတ်လား။ သတင်း အချက်အလက်တွေအတွက် ကျေးဇူးတင်ပါတယ်" လုံချန်းက ပြောပြီးနောက် နန်းတော်ရှိရာ အရပ်ဆီသို့ ထွက်ခွာလာခဲ့တော့၏။
‘ငါ အတိတ်ကို ပြောင်းလဲပြီး ရွှေနိုင်ငံကို ပြန်အသက်သွင်းလို့ မရတော့ဘူး။ ယွဲ့ဖေး ဘယ်မှာရှိနေလဲ ဆိုတာကိုတောင် ငါ မသိတော့ဘူးပဲ။ သူ ဂိုဏ်းထဲမှာ ရှိနေတာလည်း ဖြစ်နိုင်တာပဲ။ ငါ သူနဲ့ မတွေ့နိုင်တော့ပေမဲ့ အနည်းဆုံးတော့ သူ အခုဆိုရင် လွတ်လပ်သွားခဲ့ပါပြီ’ သူက နန်းတော်ဆီသို့ လျှောက်လှမ်းရင်း စိတ်ထဲက တွေးတောနေခဲ့မိသည်။
"ငါ အနည်းဆုံးတော့ မင်းသားအသစ်ကို နှုတ်ဆက်စကား ဆိုပြီး မင်္ဂလာပွဲကို တက်ရောက်သင့်တာပေါ့။ မင်းသားကို ဒီနေရာကို သေချာ ဂရုစိုက်ဖို့အတွက် သတိပေးစကား တစ်ခွန်း ပြောလိုက်တာကလည်း ကောင်းတဲ့ အရာတစ်ခု ဖြစ်လိမ့်မယ်" သူက ဆိုသည်။
လုံချန်း မကြာခင်မှာပင် တော်ဝင်နန်းတော်သို့ ရောက်ရှိသွားခဲ့သော်လည်း ကာကွယ်ရေး ရဲမက်များ၏ တားဆီးခြင်းကို ခံလိုက်ရ၏။ သူ၏ ဝတ်စားဆင်ယင်မှုမှာ မင်းသားတစ်ပါးကဲ့သို့ ခန့်ညားလှသော်လည်း တော်ဝင် မျိုးနွယ်စု အားလုံးကို ပေးအပ်ထားလေ့ရှိသော ကျူးနိုင်ငံ၏ တော်ဝင်တံဆိပ် အမှတ်အသား ရှိမနေခဲ့ချေ။
"မင်းက ဘယ်သူလဲဆိုတာကို ငါတို့ သိခွင့်ရမလား" ရဲမက်များက လုံချန်းကို လှမ်း၍ မေးမြန်းလိုက်ကြသည်။
"ငါက အိမ်နီးနားချင်း ချန်နီနိုင်ငံက မင်းသား လုံချန်း။ ဒီနိုင်ငံကို ဖြတ်သန်းသွားရင်း မင်းတို့ တော်ဝင်စစ်သူကြီးရဲ့ မင်္ဂလာပွဲအကြောင်း ကြားရလို့ သူ့ကို ဆုတောင်းစကား ပြောပေးဖို့အတွက် လာခဲ့တာ" လုံချန်းက ပြုံးလျက် ပြန်လည်ဖြေကြားလိုက်တော့သည်။