အခန်း ၁၁၃၄
Vol. 108 Ch. 1134
အခန်း ၁၁၃၄ မင်္ဂလာသတို့သမီး
"ချန်နီနိုင်ငံက မင်းသား လုံချန်း ဟုတ်လား"
ရဲမက်များက တစ်ယောက်ကို တစ်ယောက် အံ့အားသင့်စွာဖြင့် လှမ်းကြည့်လိုက်ကြ၏။
"ချန်နီဆိုတာ ပထမအဆင့်ရှိတဲ့ နိုင်ငံ မဟုတ်လား" သူတို့ထဲမှ ရဲမက်တစ်ယောက်က မှင်တက်လျက် ရေရွတ်လိုက်မိသည်။
"မှန်တယ်" လုံချန်းက ပြန်ဖြေလိုက်၏။ "ငါက လူစီယာနိုင်ငံကို သွားမလို့။ အဲဒါနဲ့ ဒီလမ်းကနေ ဖြတ်သွားရင်း ဒီနေ့ ဒီမှာ ပွဲတော်တစ်ပွဲ ရှိနေတာကို အံ့သြဖွယ် သိလိုက်ရလို့ ဝင်ပြီး ဆင်နွှဲဖို့ လာခဲ့တာ"
"ဪ. .. မင်းသားလုံ၊ ကျေးဇူးပြုပြီး အထဲကို ကြွပါခင်ဗျာ။ ကျွန်တော်ကိုယ်တိုင် မင်းသားကို အထဲအထိ လိုက်ပို့ပေးပါ့မယ်" ရဲမက်က ဖားပြုံး ပြုံးပြရင်း လုံချန်းကို ပြောလိုက်ပြီးနောက် မည်သည့် နောက်ဆက်တွဲ မေးခွန်းမျှ ထပ်မမေးတော့ဘဲ အထဲသို့ ခေါ်ဆောင်သွားခဲ့တော့သည်။
သူတို့၏ ကျူးနိုင်ငံက ဒုတိယအဆင့် နိုင်ငံဖြစ်ပြီး ချန်နီနိုင်ငံကမူ ပထမအဆင့် နိုင်ငံဖြစ်ရာ ဤလူကို သူတို့အနေဖြင့် မပြစ်မှားဝံ့ကြချေ။
"ကောင်းသားပဲ။ နင့် ခန္ဓာကိုယ် အစွမ်းကို သုံးပြီး အတင်းအကျပ် အထဲကို တိုးဝင်မယ့်အစား ဦးနှောက်ကို သုံးပြီး ဝင်လာခဲ့တာပဲ။ နင့်ရဲ့ တည်ငြိမ်မှုကို ငါ တကယ်ပဲ အထင်ကြီးမိတယ်" ရွှင်းက လုံချန်းကို ချီးကျူးစကား ဆိုလိုက်၏။
"ဒါပေါ့... ငါက ဘာလို့ အတင်းအကျပ် အထဲကို ဝင်ရမှာလဲ။ ငါက အထဲကို ရောက်ဖို့ သက်သက်ပဲ လိုတာမှ မဟုတ်တာ။ ငါက မင်းသားနဲ့ စကားစမြည်ပြောပြီးရင် ထွက်သွားချင်ရုံတင်လေ။ သွေးထွက်သံယိုတွေ ဖြစ်နေဖို့ မလိုပါဘူး" လုံချန်းက သက်ပြင်းချရင်း ပြန်လည်ဖြေကြားခဲ့သည်။
လုံချန်းသည် သူ ယခင်က ရောက်ရှိဖူးသော ရင်းနှီးကျွမ်းဝင်သည့် နန်းတော်ကြီး အထဲသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရ၏။
ဤသည်က ပျက်စီးသွားခဲ့သော ဟောင်းနွမ်းသည့် နန်းတော်ကြီးနှင့် ထပ်တူထပ်မျှ တူညီပေသည်။ ကြည့်ရသည်မှာ ဤလူများက ထိုနန်းတော်ကို ပုံစံတူ ပြန်လည် တည်ဆောက် ထားခဲ့ကြပုံရသည်။
လုံချန်းကို ပွဲတော်အခမ်းအနား ကျင်းပနေသည့် ခန်းမဆောင်ကြီး အထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ တော်ဝင်မျိုးနွယ်စု များစွာက လက်ထဲတွင် ဝိုင်ခွက်တစ်ခွက်စီ ကိုင်ဆောင်လျက် တစ်ယောက်နှင့် တစ်ယောက် စကားစမြည် ပြောဆိုနေကြသည်ကို မြင်တွေ့နိုင်သည်။
လုံချန်း ခန်းမဆောင်ကြီး အထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် လူအများအပြား၏ အကြည့်များက သူ့အပေါ်သို့ ကျရောက်လာခဲ့တော့၏။ အဘယ်ကြောင့်ဆိုသော် သူ၏ ဝတ်စားဆင်ယင်မှုမှာ မင်းသားကျူး၏ အဝတ်အစားများထက်ပင် ပိုမို၍ ခန့်ညားလှပနေသောကြောင့် ဖြစ်ပေသည်။ ၎င်းက ဤအရပ်ဒေသတွင် ရှာဖွေရ ခက်ခဲသော အလွန်ရှားပါးသည့် အထည်အလိပ်များဖြင့် ချုပ်လုပ်ထားပုံရသည်။ အထူးသဖြင့် လုံချန်း၏ ဝတ်ရုံကြီးက လူတိုင်း၏ မျက်စိကို အဖမ်းစားနိုင်ဆုံး အရာ ဖြစ်နေခဲ့သည်။
လုံချန်းသည် အစွမ်းထက်သော ကျင့်ကြံခြင်း အရှိန်အဝါများကို လျှို့ဝှက် ပိတ်ပင်ထားခဲ့သဖြင့် သူ့ကျင့်ကြံခြင်း အဆင့်အား အခြားသူများက မမြင်တွေ့နိုင်ကြချေ။ သို့သော် သူ၏ တည်ငြိမ် ခန့်ညားမှုနှင့် အမူအရာ လှုပ်ရှားမှုများအရ သူသည် အမှန်ပင် တော်ဝင် မျိုးနွယ်စုဝင် တစ်ယောက် ဖြစ်ကြောင်း အထင်အရှား သိသာနေသည်။
ခန်းမထဲရှိ လူတိုင်းက ဤလူမှာ မည်သူဖြစ်မည်ဟု ဇဝေဇဝါ ဖြစ်နေကြ၏။ သူတို့ထဲမှ မည်သူမှ ဤလူကို ယခင်က မြင်တွေ့ဖူးခြင်း မရှိကြချေ။ သူသည် ကျူးနိုင်ငံမှ မည်သည့် တော်ဝင် မျိုးနွယ်စုဝင်နှင့်မျှ မတူညီချေ။ ထိုသူက မည်သူ ဖြစ်နိုင်မည်နည်း။
လုံချန်း လူတိုင်းက သူ့ကို စိုက်ကြည့်နေကြသည်ကို သတိပြုမိသော်လည်း ဂရုမစိုက်ခဲ့ချေ။ သူ့မျက်ဝန်းများက လူအုပ်ကြီးကြားတွင် လှည့်လည်ကြည့်ရှုနေခဲ့ပြီးနောက် နောက်ဆုံးတွင် မင်းသားဖြစ်ပုံရသော လူတစ်ယောက် အပေါ်သို့ ရောက်ရှိသွားခဲ့တော့သည်။
သူသည် တော်ဝင် အဝတ်အစားများကို ဆင်မြန်းထားပြီး ရှည်လျားသော ရွှေဝါရောင်ဆံပင်များ ရှိသည့် လူငယ်တစ်ယောက်ရှိရာဆီသို့ လျှောက်လှမ်းသွားခဲ့၏။ ထိုလူငယ်က သူ့လက်ချောင်း တစ်ချောင်းစီတိုင်းတွင် လှပပြီး တန်ဖိုးကြီးသော လက်စွပ် များစွာကို ဆင်မြန်းထားခဲ့သည်။ ကြည့်ရသည်မှာ သူသည် လက်စွပ်များကို အလွန်အမင်း သဘောကျပုံရပေသည်။
"မင်းက မင်းသားကျူး ဖြစ်ရမယ်။ ဟုတ်တယ်မလား" လုံချန်းက ထိုလူငယ် ရှေ့တွင် ရပ်တန့်လျက် မေးလိုက်၏။ မင်းသား၏ ဘေးနားတွင်လည်း ခန့်ညားထည်ဝါသော အဝတ်အစားများကို ဆင်မြန်းထားသည့် အသက်လတ်ပိုင်းအရွယ် လူတစ်ယောက် ရပ်နေခဲ့သေးသည်။
"ပြီးတော့ မင်းက လက်ထပ်ပွဲ ကျင်းပမယ့် တော်ဝင်စစ်သူကြီး ဖြစ်ရမယ်။ ဟုတ်တယ်မလား" သူက ဆံပင်နက်နက်နှင့် လူကို လှမ်းမေးလိုက်ပြန်သည်။
"မင်းက ဘယ်သူလဲ" မင်းသားကျူးက လုံချန်းကို ခြေဆုံးခေါင်းဆုံး အကဲခတ်ရင်း မေးလိုက်၏။
"ငါက ချန်နီနိုင်ငံကပါ။ ငါ့နာမည်က ချန်း။ ငါ ဒီမြို့ကို ဖြတ်သွားရင်း ဒီလိုမျိုး ပျော်ရစရာ ကောင်းတဲ့ ပွဲတော်အကြောင်း ကြားရလို့ ဝင်ပြီး ဆင်နွှဲဖို့ ဆုံးဖြတ်လိုက်တာ" လုံချန်းက ထိုဆင်ခြေကိုပင် ထပ်မံအသုံးပြုလိုက်သည်။
"ချန်နီနိုင်ငံက မင်းသား ဟုတ်လား။ မင်း သေချာလို့လား။ ငါ အဲဒီနိုင်ငံကို ရောက်ဖူးသလို ငါ့ခမည်းတော်က တရားဝင် အစည်းအဝေး တစ်ခုအတွက် ငါ့ကို အဲဒီနိုင်ငံဆီ ခေါ်သွားတုန်းက ဘုရင်ကြီးနဲ့တောင် တွေ့ခဲ့သေးတာ။ ငါမှတ်မိသလောက်ဆိုရင် ဘုရင်ကြီးက သူ့ရဲ့ သားတော်နာမည်က ရွမ်း လို့ ပြောခဲ့ဖူးတယ် ထင်တယ်" မင်းသားကျူးက မေးခွန်းထုတ်လိုက်၏။
"အဲဒါက ငါ့ရဲ့ နောင်တော်လေ။ ငါက ဒုတိယသားတော်ပါ" လုံချန်းက ပြုံးလျက် ဆိုလိုက်သည်။ သူတို့အနေဖြင့် အမှန်တရားကို စုံစမ်းသိရှိသွားခဲ့လျှင်ပင် မည်သို့မျှ ဖြစ်မည်မဟုတ်သဖြင့် မျက်နှာပေါ်တွင် အနည်းငယ်မျှပင် စိုးရိမ်ပူပန်မှု အမူအရာ ရှိမနေခဲ့ချေ။ သူ့အတွက်မူ ဤအရာက လိမ်ညာလှည့်ဖြားရန် မဟုတ်ဘဲ ကစားပွဲ တစ်ပွဲကို ကစားနေသကဲ့သို့သာ ဖြစ်သည်။
သူ၏ ယုံကြည်မှုအပြည့် ရှိနေသော မျက်နှာအမူအရာကို မြင်တွေ့လိုက်ရသောအခါ မင်းသားကျူးလည်း ခေါင်းညိတ်လိုက်မိတော့၏။ လုံချန်း၏ မျက်နှာပေါ်တွင် အနည်းငယ်မျှပင် ထိတ်လန့်တုန်လှုပ်ခြင်း မရှိသည်ကို ကြည့်ခြင်းအားဖြင့် သူ လိမ်ညာနေခြင်း မဟုတ်ကြောင်း မင်းသားကျူးက ယုံကြည်သွားခဲ့သည်။
"ဒါဆိုရင် မင်းသားချန်း... ကျူးနိုင်ငံကနေ ခင်ဗျားကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ကျွန်တော်တို့အနေနဲ့ မင်းသားကို ကြိုဆိုခွင့်ရလို့ ဝမ်းမြောက်မိပါတယ်" မင်းသားကျူးက လုံချန်းကို ကြိုဆိုစကား ဆိုလိုက်၏။
"ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ ပွဲတော်က တိတ်ဆိတ် ခြောက်ကပ်နေရတာလဲ။ လက်ထပ်ပွဲက ပြီးသွားပြီမို့လို့လား" လုံချန်းက စူးစမ်းလိုက်သည်။ "ငါ နောက်ကျသွားတာလား"
"လုံးဝ မနောက်ကျပါဘူး။ တကယ်တမ်းကျတော့ မင်္ဂလာသတို့သမီးက အခုမှ ပြင်ဆင်နေတုန်းပဲ ရှိသေးတာ။ သူ မကြာခင် ထွက်လာတော့မှာပါ" မင်းသားကျူးက ပြုံးလျက် ပြန်ဖြေခဲ့၏။
"အဲဒါဆိုရင်တော့ အဆင်ပြေတာပေါ့။ ဒါနဲ့... မင်းသားကျူး၊ ငါက တကယ်တမ်းကျတော့ အခြားနိုင်ငံတွေရဲ့ နိုင်ငံရေး ကိစ္စတွေမှာ ဝင်စွက်ဖက်လေ့ မရှိတော့ ကမ္ဘာကြီး အကြောင်းကို သိပ်ပြီး မသိဘူး။ မကြာခင်က ဒီနေရာမှာ တစ်ချိန်တုန်းက တခြားနိုင်ငံ တစ်နိုင်ငံ ရှိခဲ့ဖူးပြီး အဲဒီနိုင်ငံက ရုတ်တရက်ကြီး ပျက်စီးသွားခဲ့တယ် ဆိုတာကို သိလိုက်ရတာ။ အဲဒီကိစ္စက ငါ့ကို တကယ်ပဲ စိတ်ဝင်စားစေခဲ့တယ်။ ငါ တကယ်ပဲ စူးစမ်းချင်လို့ပါ။ အဲဒါကို ဘယ်သူလုပ်ခဲ့လဲဆိုတာ မင်း သိလား" လုံချန်းက စကားစမြည်ပြောရင်း ဝိုင်ခွက်တစ်ခွက်ကို လှမ်း၍ ကောက်ယူကာ မေးလိုက်မိသည်။
သူသည် ဝိုင်ကို တစ်ငုံသောက်လိုက်ရင်း အဖြေကို စောင့်ဆိုင်းနေခဲ့၏။
"ဘယ်သူသိမှာလဲ။ ကျွန်တော်တို့ ထင်မြင်ယူဆချက် အရဆိုရင်တော့ ဒါက ကြီးမားတဲ့ အင်ပါယာကြီးတစ်ခုခုက လာတဲ့ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ကြောင့် ဖြစ်ရမယ်။ အဲဒီဖြစ်ရပ်ဆီက ကပ်ဘေးကြီးအပြီးမှာ အစွမ်းထက် ကျင့်ကြံသူအများအပြား ဒီနေရာကို စုံစမ်း စစ်ဆေးခဲ့ကြတာလေ။ ကျွန်တော့်အထင်တော့ သူတို့က ဆန်းကြယ်တဲ့ ထိပ်သီးဂိုဏ်းကြီး တစ်ဆယ့်ကိုးဂိုဏ်းက ဖြစ်လိမ့်မယ်။ ဒီနေရာမှာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲကြောင့်ပဲ အခုလို ကပ်ဘေးကြီး ဖြစ်လာခဲ့တာ ထင်ပါရဲ့" မင်းသားကျူးက သက်ပြင်းချရင်း ပြန်လည်ဖြေကြားခဲ့၏။
"အထွတ်အထိပ် ကျင့်ကြံသူတွေက ကျွန်တော်တို့လို ပုရွက်ဆိတ်တွေရ အနားမှာ တိုက်ခိုက်ကြတဲ့ အခါမျိုးမှာ ဒီလို အရာတွေ ဖြစ်တတ်တာပေါ့။ ကျွန်တော်တို့က အဲဒီလို နတ်ဘုရားလိုမျိုး ပုဂ္ဂိုလ်ကြီးတွေကို လှမ်းကြည့်ဖို့ အတွက်တောင် တအားကို အားနည်းလွန်းတယ်" သူက ထပ်လောင်း ပြောကြားလိုက်သေးသည်။
"ဪ... မင်းပြောတာ မှန်မှာပါ" လုံချန်းက သဘောတူလိုက်၏။ သူ့စိတ်ထဲတွင်မူ အနည်းငယ် ရယ်ချင်စိတ် ဖြစ်ပေါ်နေခဲ့သည်။ နတ်ဘုရားလို ပုဂ္ဂိုလ်ကြီးများဟု သူ ခေါ်ဆိုနေသော သူများသည်လော။ လုံချန်းသည် ထိုဂိုဏ်းချုပ်ကြီးများ အားလုံးကို တစ်ပြိုင်တည်း သတ်ဖြတ်ခဲ့ပြီးပြီ မဟုတ်လော။
"လောကမှာ အမြင့်ဆုံးထက် ပိုမြင့်တဲ့ တောင်ကြီးတွေ အမြဲတမ်း ရှိနေတတ်တာပဲ။ သူတို့က မင်းတို့ရှေ့မှာ ကြီးမြတ်နေနိုင်ပေမဲ့ အခြား တစ်စုံတစ်ယောက် ရှေ့မှာကျတော့ ပုရွက်ဆိတ်တွေ ဖြစ်နေနိုင်တယ်" လုံချန်းက ဆိုလိုက်သည်။
"ကျွန်တော်တော့ အဲလိုမထင်ဘူး။ ကျွန်တော် သိရသလောက် ဆိုရင်တော့ အဲဒီ ထိပ်သီးဂိုဏ်းကြီး တစ်ဆယ့်ကိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးတွေက တကယ့် အစစ်အမှန် နတ်ဘုရားတွေပဲ။ ဒီလောကမှာ သူတို့ထက် ပိုပြီး အစွမ်းထက်တဲ့သူ ဘယ်သူမှ မရှိတော့ဘူး" မင်းသားကျူးက ပြန်လည် ချေပလိုက်၏။
လုံချန်းက ပြုံးရုံသာ ပြုံးလိုက်ပြီး စကား ထပ်မပြောတော့ချေ။
"ရွှေနိုင်ငံကို ထိမှန်ခဲ့တဲ့ ကပ်ဘေးကြီးတုန်းက လူတိုင်း သေဆုံးသွားခဲ့ကြတာ ဟုတ်တယ်မလား။ တော်ဝင်မိသားစုထဲက တစ်ယောက်ယောက်ကော အသက်ရှင်ကျန်ရစ်ခဲ့တာ ရှိသေးလား" လုံချန်းက မင်းသားကို မေးလိုက်၏။
"ဟင်... အခြားသူတွေ အကြောင်းတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ အသက်ရှင် ကျန်ရစ်ခဲ့တဲ့သူ တစ်ယောက်တော့ ရှိတယ်။ မင်းသမီး ယွဲ့ဖေး ပေါ့" မင်းသားကျူးက ပြန်ဖြေခဲ့သည်။
"ဪ... ဒီနာမည်ကို ငါ ပထမဆုံးအကြိမ် ကြားဖူးတာပဲ" လုံချန်းက လုံးဝ မသိသည့်အလား ဟန်ဆောင်လျက် ဆိုလိုက်၏။ "ငါ မေးပါရစေဦး၊ အဲဒီမင်းသမီးက အခု ဘယ်မှာလဲ။ သူ့ နိုင်ငံကြီး ပျက်စီးသွားခဲ့တာ ဆိုတော့ သူ တော်တော် ဝမ်းနည်းပူဆွေးနေရမှာ မဟုတ်လား"
"တကယ်လည်း ဝမ်းနည်းခဲ့ရတာပေါ့။ သိလား... ဖြစ်ပျက်ခဲ့တာတွေကို စုံစမ်းစစ်ဆေးတဲ့ အဲဒီ ထိပ်သီးဂိုဏ်းကြီး တစ်ဆယ့်ကိုးဂိုဏ်းထဲက အကြီးအကဲ တစ်ယောက်ကိုတောင် သူက သွားပြီး ပြစ်မှားမိခဲ့သေးတာ။ ကံကောင်းထောက်မစွာနဲ့ပဲ အဲဒီအကြီးအကဲက သူ့ကို အသက်ရှင်လျက် ထားခဲ့လို့ပေါ့။ မဟုတ်ရင် သူ အခုချိန်မှာ အသက်ရှင်နေတော့မှာ မဟုတ်ဘူး" မင်းသားကျူးက သက်ပြင်းချရင်း ဆိုလိုက်၏။
"သူ အခု ဘယ်မှာရှိနေလဲ။ ငါ မေးလို့ရမလား" လုံချန်းက စူးစမ်းလိုက်သည်။
"သူလား" မင်းသားကျူးက ရေရွတ်လိုက်ရင်း ပြုံးလိုက်၏။
သူသည် သူ့လက်ချောင်းကို ရှေ့သို့ ဖြည်းညင်းစွာ မြှောက်လိုက်ပြီး ပွင့်ဟသွားခဲ့သော တံခါးချပ်ကြီးရှိရာဆီသို့ ညွှန်ပြလိုက်ကာ ထိုနေရာမှ မိန်းမပျို တစ်ဦးက အထဲသို့ လှမ်း၍ ဝင်ရောက်လာခဲ့တော့သည်။
လုံချန်း သူ့မျက်ဝန်းများကို ဘယ်ဘက်သို့ ရွှေ့ပြောင်းလျက် ကြည့်လိုက်သောအခါ ထိုအမျိုးသမီးမှာ အခြားသူ မဟုတ်ဘဲ မင်းသမီး ယွဲ့ဖေး ကိုယ်တိုင်ပင် ဖြစ်နေသည်အား တွေ့လိုက်ရသည်။ သူ ငယ်စဉ်တုန်းက သူ့ကို အနည်းငယ် ကူညီပေးခဲ့ဖူးသော လိမ္မာပါးနပ်ပြီး ဂရုစိုက်တတ်သည့် မင်းသမီးလေး ဖြစ်သည်။
သူ့ကြောင့် သူမ မိသားစု တစ်ခုလုံးကို ဆုံးရှုံးခဲ့ရရှာသော ထိုမင်းသမီးလေးမှာ ယခုဆို သူ့ရှေ့ တည့်တည့်တွင် ရပ်နေပြီ ဖြစ်သည်။