အခန်း ၁၁၃၅
Vol. 108 Ch. 1135
အခန်း ၁၁၃၅ တအားကို အားနည်းလွန်းတယ်
မင်းသမီး ယွဲ့ဖေးက လုံချန်း ရှေ့တွင် ရပ်နေခဲ့သော်လည်း မင်းသားကျူး၏ စကားသံကို ကြားလိုက်ရသောအခါ လုံချန်း၏ နှုတ်ခမ်းအစုံက အနည်းငယ် ပွင့်ဟသွားခဲ့ရ၏။
"မင်္ဂလာသတို့သမီးက ရောက်လာပြီပေါ့လေ..." သူက ခပ်ဖွဖွ ရယ်မောရင်း ဆိုလိုက်သည်။
သူ ထင်မြင်ယူဆခဲ့သည့် အတိုင်းပင် ယွဲ့ဖေးသည် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး သူမ ဘေးပတ်ပတ်လည်တွင်လည်း အစေခံ မိန်းကလေး အချို့ ဝန်းရံထားကြသည်။
လုံချန်းသည် တော်ဝင် စစ်သူကြီးကို လှမ်းမကြည့်ခင် ယွဲ့ဖေးအား မမှိတ်မသုန် စိုက်ကြည့်နေမိတော့သည်။
ယွဲ့ဖေးက အလွန် ငယ်ရွယ် နုပျိုနေသေးပြီး တော်ဝင်စ စ်သူကြီးကမူ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက် ဖြစ်နေသည်။ ဤနေရာတွင် မည်သည်များ ဖြစ်ပျက်နေသနည်း။ သူမက အဘယ်ကြောင့် ထိုလူကြီးကို လက်ထပ်ဖို့ သဘောတူခဲ့ရသနည်း။
ယွဲ့ဖေးက သူမ ခေါင်းကို ငုံ့ထားခဲ့သဖြင့် လုံချန်းအနေဖြင့် သူမ မျက်ဝန်းများအား မမြင်တွေ့နိုင်ပေ။ သို့သော် တစ်ခုခုတော့ မှားယွင်းနေပြီ ဆိုသည်ကို သူ ကောင်းကောင်း ရိပ်မိနေခဲ့သည်။
"ယွဲ့ဖေး" လုံချန်းက တိုးညင်းစွာ ခေါ်လိုက်သော်လည်း သူ့အသံက ယွဲ့ဖေး၏ နားစည်ဆီသို့ အရောက် လှမ်းနိုင်ခဲ့ပေသည်။
'ဒီအသံက' ယွဲ့ဖေး ထိုအသံကို ချက်ချင်းပင် မှတ်မိသွားခဲ့၏။ ယင်းက အလွန် ရင်းနှီး ကျွမ်းဝင်လွန်းသော အသံတစ်သံ ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူမ သူ့ကို မှတ်မိနေဆဲပင်။
သူမသည် ထိုအသံလာရာ အရပ်ဆီသို့ လိုက်လံရှာဖွေရင်း သူမ မျက်ဝန်းများကို ဖြည်းညင်းစွာ ပင့်တင်လိုက်တော့သည်။ သူမ အကြာကြီး ရှာဖွေနေစရာမလိုဘဲ သူမ မျက်ဝန်းများက လုံချန်းကို ချက်ချင်းပင် ရှာဖွေတွေ့ရှိသွားခဲ့၏။
"လ... လုံချန်း၊ နင် တကယ်ပဲ လုံချန်းလား" သူမ လုံချန်းကို မြင်တွေ့လိုက်ရသောအခါ စကားများပင် ထစ်အကုန်တော့သည်။
ယွဲ့ဖေး သူမ၏ မျက်ဝန်းများကို ပင့်တင်လိုက်သောအခါ လုံချန်းသည် ငိုယိုထားခဲ့ပုံရသဖြင့် အနည်းငယ် နီမြန်းနေသော သူမ၏ နက်ပြာရောင် မျက်ဝန်းနက်ကြီးများအား မြင်တွေ့လိုက်ရပေသည်။
"လုံချန်း ဟုတ်လား။ ချန်နီ တော်ဝင် မိသားစုရဲ့ အမည်က တု မဟုတ်ဘူးလား။ ဒါဆိုရင် သူက ငါတို့ကို လိမ်နေတာပေါ့" မင်းသားကျူးက ရေရွတ်လိုက်ရင်း အနောက်သို့ တဖြည်းဖြည်း ဆုတ်ခွာသွားခဲ့တော့သည်။
ဤလူက သူ့အနားကို ချဉ်းကပ်နိုင်ဖို့အတွက် အခြားသူတစ်ယောက်အဖြစ် ဟန်ဆောင်နေခဲ့ခြင်း ဖြစ်သည်။ သူက လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်လည်း ဖြစ်နိုင်သည်ဖြစ်ရာ မင်းသားကျူး အနေဖြင့် မည်သည့် စွန့်စားမှုကိုမျှ မလုပ်လိုသဖြင့် လုံချန်းနှင့် ဝေးရာသို့ ခွာလိုက်ခြင်း ဖြစ်သည်။
"လုံချန်း ဟုတ်လား၊ ကြည့်ရတာ မင်းသားချန်းက ဒီနေ့ ငါတို့ကို ကောင်းကောင်းကြီး လှည့်စားသွားခဲ့တာပဲ။ ရဲမက်တို့... ဒီလူလိမ်ကို အခုချက်ချင်း ဖမ်းစမ်း"
လုံချန်းနှင့် လုံလောက်သော အကွာအဝေးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သဖြင့် မင်းသားကျူးက ရဲမက်များကို အမိန့်ပေးလိုက်တော့သည်။
တော်ဝင်စစ်သူကြီး ကိုယ်တိုင်လည်း သူ့ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်ပြီး လုံချန်း၏ လည်ပင်းနားသို့ တေ့လိုက်၏။
"နေဦး... ကျေးဇူးပြုပြီး သူ့ကို ဒဏ်ရာမရအောင် မလုပ်ပါနဲ့။ သူက ရန်သူ မဟုတ်ပါဘူး။ သူက ကျွန်မရဲ့ သူငယ်ချင်းပါ" ယွဲ့ဖေးက လုံချန်းရှိရာဆီသို့ ပြေးသွားရန် ကြိုးစားရင်း လှမ်း၍ အော်ဟစ်တားမြစ်လိုက်သော်လည်း အစေခံ မိန်းကလေးများက သူမကို တင်းတင်းကျပ်ကျပ် ဖမ်းဆီး ထိန်းသိမ်းထားခဲ့ကြသည်။
"ဪ... ဒါဆို သူက သူငယ်ချင်းဖြစ်ပြီး လူလိမ်တစ်ယောက်လည်း ဖြစ်နေတာပေါ့။ ကဲ... ကိုလုံချန်း၊ ကျေးဇူးပြုပြီး ပြောစမ်းပါဦး။ မင်း ဒီနေရာကို ဘာဖြစ်လို့ လာခဲ့တာလဲ။ မင်းရဲ့ ရည်ရွယ်ချက်က သတို့သမီးကို ခိုးပြေးဖို့လား" မင်းသားကျူးက အော်ဟစ်ရယ်မောရင်း လုံချန်းကို မေးမြန်းလိုက်၏။
"မင်း မေ့နေတာ တစ်ခုရှိတယ်။ မင်းက ချန်နီနိုင်ငံရဲ့ မင်းသား အတုအယောင် သက်သက်ပဲလေ။ မင်းကို ကယ်တင်ဖို့အတွက် မင်းရဲ့ နောက်ကွယ်မှာ ဘာစစ်တပ်မှ ရှိမနေဘူး" သူက ထပ်လောင်းပြောကြားလိုက်သေးသည်။
လုံချန်းက မျက်လုံးပင့်လျက် သက်ပြင်းချလိုက်မိတော့၏။
ရွှင်းကိုယ်တိုင်လည်း သူမ ခေါင်းကို ရမ်းလိုက်မိသည်။ "ဒီငတုံးတွေကတော့..."
"တကယ်လို့ ရှင်တို့သာ သူ့ကို သတ်လိုက်မယ်ဆိုရင် ကျွန်မ ရှင့်ကို ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး။ သူ့ကို လွှတ်ပေးလိုက်ပါ" ယွဲ့ဖေးက တော်ဝင် စစ်သူကြီးကို သတိပေးလိုက်ရာ ထိုလူကြီးက တုန်လှုပ် ချောက်ချားဖွယ်ရာ ရယ်သံကြီးဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။
"မင်း မေ့သွားပြီလား။ မင်းက မင်းရဲ့အစ်ကို အသက်ရှင်ဖို့အတွက် ကိုယ့်ကိုယ်ကို ရောင်းစားထားခဲ့ပြီးသားလေ။ မင်း အခု တခြားဘယ်သူ့အတွက်မှ ကိုယ့်ကိုယ်ကို ထပ်ပြီး ရောင်းစားလို့ မရတော့ဘူး။ မင်းသာ လက်မထပ်ဘူးဆိုရင် ငါ မင်းရဲ့အစ်ကိုကို သတ်ပစ်မှာ။ ဒါကြောင့် မင်း ဒီနေ့မှာ သေချာပေါက် လက်ထပ်ရမယ်" ထိုသက်လတ်ပိုင်းအရွယ် လူကြီးက ယွဲ့ဖေးကို ခြိမ်းခြောက်လိုက်တော့သည်။
"အာ... ဒါကြောင့်မို့လို့ကိုး။ တကယ့်ကို ပါရမီ ထူးချွန်ပြီး လှပတဲ့ ယွဲ့ဖေးလို မင်းသမီးလေးက ဘာဖြစ်လို့ ဒီလို သက်လတ်ပိုင်းအရွယ် ငတုံးကြီးကို လက်ထပ်ဖို့ သဘောတူခဲ့ရတာလဲလို့ ငါ တွေးနေတာ။ အခုမှပဲ သဘောပေါက်တော့တယ်။ မင်းက သူ့အစ်ကိုကို ဓားစာခံအဖြစ် ဖမ်းထားခဲ့တာကိုး" လုံချန်းက သက်ပြင်းချရင်း မေးလိုက်၏။
"ဒါဆိုရင် ရွှေနိုင်ငံ တော်ဝင်မိသားစုထဲက တစ်ယောက်တည်းပဲ အသက်ရှင် ကျန်ရစ်ခဲ့တယ်ဆိုတာ အလိမ်အညာပေါ့။ လူနှစ်ယောက် အသက်ရှင်ကျန်ရစ်ခဲ့တာပဲ။ ယွဲ့ဖေးနဲ့ သူ့အစ်ကို ယွဲ့လွမ် ဖြစ်ရမယ်။ ဟုတ်တယ်မလား"
"ဟားဟားဟား... မင်း တော်တော်လေး ပါးနပ်တာပဲ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မင်း မှန်အောင် ခန့်မှန်းနိုင်ခဲ့ရင်တောင် ဘာဆုမှ ရမှာမဟုတ်ဘူး။ ငါတို့ကို လိမ်ညာလှည့်ဖြားဖို့ ကြိုးစားခဲ့တဲ့အတွက် မင်း သေရလိမ့်မယ်" မင်းသားကျူးက ရယ်မောရင်း လုံချန်းကို ပြောလိုက်၏။
"မင်းသားကျူး... ငါ မင်းကို လှောင်ရမလား သနားရမလားဆိုတာ တကယ်ကို ဝေခွဲမရ ဖြစ်မိတယ်" လုံချန်းက ပြုံးလျက် ဆိုလိုက်သည်။ "မင်းက ကြီးမြတ်တဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ အသေးအဖွဲ အကြီးအကဲတစ်ယောက်ကို ပြစ်မှားမိလို့ ယွဲ့ဖေးကို ငတုံးလို့ ခေါ်ခဲ့တယ်။ ဒါပေမဲ့ မင်းကိုယ်တိုင်ကကျတော့... ငါ့မှာ ပြောစရာ စကားလုံးတောင် မရှိတော့ဘူး"
"ဘာကို ဆိုလိုတာလဲ။ မင်းက ကိုယ့်ကိုယ်ကို နတ်ဘုရားလို အကြီးအကဲတွေနဲ့ နှိုင်းယှဉ်နေတာလား။ မင်း တကယ့်ကို ကြောက်လန့်ပြီး ရူးသွားပြီ ထင်တယ်" မင်းသားကျူးက မကျေမနပ် ဖြစ်စွာဖြင့် ပြန်လည်တုံ့ပြန်ခဲ့၏။
"ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ စစ်သူကြီး... သူ့ကို သတ်ပစ်စမ်း" သူက အမိန့် ပေးလိုက်တော့သည်။ "မင်းရဲ့ ဟင်္သာကိုးသောင်းလို ဇနီးချောလေးကို တပ်မက်နေတဲ့ ဒီဖားပြုတ်ကို သတ်ပစ်လိုက်စမ်း"
သူ့အမိန့်ကို ကြားလိုက်ရသောအခါ ထိုသက်လတ်ပိုင်းအရွယ် လူကြီးသည် ဓားကို လွှဲယမ်းရန် ပြင်ဆင်လိုက်ပြီးနောက် လုံချန်းအား ဝင့်ကြွားစွာဖြင့် ဆိုလိုက်၏။ "မင်း နောက်ဆုံးစကား ပြောစမ်း"
"ကောင်လေး... မင်း ကြီးမားတဲ့ အမှားတစ်ခုကို လုပ်မိနေပြီ။ ငါက ဒီနေရာကို သွေးထွက်သံယိုတွေ ဖြစ်အောင် လာခဲ့တာ မဟုတ်ဘူး။ ဒါကြောင့် ငါ့ကို အတင်းအကျပ် မလုပ်ခိုင်းပါနဲ့" လုံချန်းက ထိုလူကြီးကို သတိပေးလိုက်သည်။
"ဟားဟားဟား... မင်းသား၊ မင်းသားပြောတာ သွေးထွက်အောင် မှန်တယ်။ ဒီကောင် တကယ် ရူးသွားပြီ။ ကျွန်တော် ဒီခွေးကောင်ကို အခုချက်ချင်း ရှင်းပစ်မယ်" ထိုလူကြီးက ပြောပြောဆိုဆိုဖြင့် ဓားကို လွှဲယမ်းကာ ခုတ်ပိုင်းလိုက်တော့သည်။
"မလုပ်ပါနဲ့" ဓားကြီး လွှဲယမ်းလာသည်ကို မြင်တွေ့လိုက်ရသောအခါ ယွဲ့ဖေးတစ်ယောက် မအော်ဟစ်ဘဲ မနေနိုင်တော့ချေ။ သူမသည် မျက်ဝန်းများကို တင်းတင်းပိတ်ထားခဲ့မိသည်။
ဖြောက်...
ယွဲ့ဖေး အော်သံများကြားတွင် လူတိုင်း၏ နားစည်ထဲသို့ စူးရှထက်မြက်သည့် သံစဉ်တစ်ခု ကဲ့သို့သော လက်ဖျောက် တစ်ချက် တီးသံ တစ်သံ ပေါ်ထွက်လာခဲ့၏။
လုံချန်းသည် လက်ချောင်းကို ညင်သာစွာသာ တီးလိုက်ခြင်း ဖြစ်သော်လည်း ၎င်းက ထိုနေရာအတွက်မူ တကယ့်ကို အလွန်အမင်း ပြင်းထန်သည်။ သူ့ပတ်ပတ်လည်တွင် ပြင်းထန်သော လေပြင်းမုန်တိုင်းကြီး တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ထိုသက်လတ်ပိုင်းအရွယ် လူကြီးကို ဝေးလံသော အရပ်ဆီသို့ လွင့်စင်သွားစေခဲ့တော့သည်။
"အား" ထိုလူကြီးသည် ဓားနှင့်အတူ ဝေးလံသော နံရံကြီးပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်မိသွားခဲ့ပြီးနောက် အော်ဟစ် ညည်းတွားလိုက်ရသည်။ အားလုံးမှာ လက်ဖျောက် တစ်ချက် တီးလိုက်ရုံမျှဖြင့် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်ပေသည်။
လုံချန်းသည် သူ့အရိုးများ အားလုံး ကျိုးပဲ့သွားခဲ့သည့်အလား နာကျင်စွာဖြင့် ညည်းတွားနေသော ထိုလူကြီးကို လှမ်းကြည့်လိုက်၏။
ယွဲ့ဖေးသည် လုံချန်း အသံနှင့် မတူညီသော နာကျင်စွာ ညည်းတွားသံကို ကြားလိုက်ရသဖြင့် မျက်ဝန်းများအား ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်သည်။
သူမ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ လုံချန်းသည် သူရပ်နေခဲ့သော နေရာ၌ပင် တည်ငြိမ်စွာ ရပ်တန့်နေဆဲ ဖြစ်သော်လည်း တော်ဝင်စစ်သူကြီးမှာမူ မြေပြင်ပေါ်တွင် လဲပြိုလျက် နာကျင်စွာ ညည်းတွားနေသည်ကို မြင်တွေ့လိုက်ရပေသည်။
‘ဒီမှာ တကယ်ပဲ ဘာတွေ ဖြစ်ပျက်သွားခဲ့တာလဲ’ သူမ ဇဝေဇဝါဖြင့် တွေးတောမိသွားခဲ့၏။
အခြားတစ်ဖက်တွင်မူ မင်းသားကျူး၏ ပါးစပ်ကြီးမှာ အထဲသို့ ကြက်ဥတစ်လုံး အလွယ်တကူ ထည့်သွင်း နိုင်လောက်သည်အထိ အံ့သြလွန်းသဖြင့် အဟောင်းသား ပွင့်အာနေသည်။ သူ စောစောက မြင်တွေ့လိုက်ရသော အရာကို လုံးဝ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။ ဤလုံချန်းက အဘယ်ကြောင့် ဤမျှထိ လွယ်ကူစွာ လုပ်ဆောင်နိုင်ခဲ့သနည်း။ တော်ဝင်စစ်သူကြီးက မြေကမ္ဘာအဆင့် ကျွမ်းကျင်သူ တစ်ယောက်ပင် မဟုတ်လော။
လူတိုင်း မိန်းမောတွေဝေနေကြဆဲ အချိန်မှာပင် လုံချန်းဆီမှ ထွက်ပေါ်လာပုံရသော သက်ပြင်းချသံတစ်သံကို ကြားလိုက်ကြရပြန်သည်။
လုံချန်းသည် တော်ဝင်စစ်သူကြီးကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။ "တအားကို အားနည်းလွန်းတယ်။ ငါကိုယ်တိုင်တောင် သူ့ကို သတ်ဖို့ စိတ်မပါတော့ဘူး"
သူ့စကားလုံးများမှာ လူအများ၏ နားစည်ထဲသို့ တူကြီးဖြင့် ထုနှက်လိုက်သည့်အလား ကျရောက်သွားတော့သည်။ သူက မည်သူ့ကို အားနည်းလွန်းသည်ဟု ပြောလိုက်သနည်း။ တော်ဝင်စစ်သူကြီးကိုလော။ စင်စစ် ဤလူက မည်သူနည်း။
လူတိုင်း လုံချန်း၏ မျက်နှာ အမူအရာတိုင်းကို သေချာစွာ အကဲခတ်နေကြစဉ်မှာပင် လုံချန်းသည် လက်ချောင်းများအား ဖြည်းညင်းစွာ ပြန်ပူးကပ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။ သူသည် လက်ချောင်းကို နောက်တစ်ကြိမ် ထပ်မံ တီးလိုက်ပြန်၏။ သို့သော် ယခုတစ်ကြိမ်တွင်မူ ရလဒ်က လုံးဝ ကွဲပြားသည်။
လူတိုင်း လေပြင်းမုန်တိုင်းများ ထပ်မံ ပေါ်ထွက်လာမည်ကို ကြိုတင် ပြင်ဆင်ထားကြသော်လည်း ဤကဲ့သို့သော အရာမျိုး လုံးဝ ဖြစ်မလာခဲ့ချေ။ တကယ်တမ်း ထိုအရာထက် ပိုမို ထိတ်လန့်ချောက်ချားဖွယ်ရာ ကောင်းသော အရာတစ်ခု ဖြစ်ပျက်လာခဲ့သည်။ လေဟာနယ်ထဲမှ မည်းနက် မှောင်မှိုက်သော ဆန်းကြယ် သားရဲကြီး တစ်ကောင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည် မဟုတ်လော။
ထိုသားရဲကြီးမှာ ငရဲပြည်၏ အနက်ရှိုင်းဆုံးသော နေရာမှ တိုက်ရိုက် ထွက်ပေါ်လာခဲ့သည့် ဝံပုလွေ တစ်ကောင်နှင့် ထပ်တူထပ်မျှ တူသည်။ ၎င်း၏ နီမြန်းသော မျက်ဝန်းများနှင့် ထိတ်လန့်ချောက်ချားဖွယ်ရာ ကောင်းသော အရှိန်အဝါများက လူတိုင်းကို တုန်လှုပ်ချောက်ချားသွားစေခဲ့ပြီး ထိုသားရဲကြီးမှာ ယခုအချိန်အထိ အနည်းငယ်မျှပင် လှုပ်ရှားခြင်း မရှိသေးချေ။