အခန်း ၁၁၃၆
Vol. 108 Ch. 1136
အခန်း ၁၁၃၆ ကောင်းကင် အတိဒုက္ခ
ခန်းမဆောင် အတွင်းရှိ လူအားလုံးသည် ထိုကြီးမားထည်ဝါပြီး ထိတ်လန့် ချောက်ချားဖွယ်ရာ ကောင်းသည့် သားရဲကြီးကို မြင်တွေ့လိုက်ရသောအခါ အလွန်အမင်း တုန်လှုပ် ခြောက်ချား သွားခဲ့ကြရ၏။ ပြင်းထန်သော အရှိန်အဝါကြီးက အလွန်တရာ အစွမ်းထက်ပြီး ထိုသားရဲကြီး၏ ရုပ်သွင်ပြင်ကို ကြည့်ရုံမျှဖြင့်တင် သူတို့အား တုန်ရီသွားစေသည်။
ဤသားရဲကြီး... ဤသည်က သူတို့နိုင်ငံပတ်ပတ်လည်တွင် မြင်တွေ့နေကျ သာမန် သားရဲမျိုးနှင့် လုံးဝ မတူညီပေ။ ၎င်း၏ ပတ်ပတ်လည်မှ ထွက်ပေါ်နေသော အရှိန်အဝါ တစ်ခုတည်းကပင် သူတို့ ဘုရင်ကြီးထက်ပင် ပိုမို အစွမ်းထက်နေပုံရသည်။
ဤသားရဲကြီးက ထိုလူ ယဉ်ပါးအောင် မွေးမြူထားသော သားရဲကြီးသည်လော။ သူက အဘယ်ကြောင့် ထိုမျှ အစွမ်းထက်သည့် သားရဲကြီးကို အန္တရာယ် မဖြစ်ဘဲ ဖမ်းဆီးနိုင်ခဲ့သနည်း။
ယင်းက လုံးဝ ယုတ္တိမရှိသော်လည်း သူတို့အနေဖြင့် လုံချန်းကို မေးခွန်းထုတ်နိုင်သည့် အခြေအနေတွင် ရှိမနေကြပေ။ ထိုလူက သာမန် လူသား တစ်ယောက်မှလွဲ၍ အခြား မည်သည့်အရာမဆို ဖြစ်နေနိုင်သည် မဟုတ်လော။
လုံချန်းသည် ယွဲ့ဖေးရှိရာဆီသို့ ဖြည်းညင်းသော ခြေလှမ်းများဖြင့် စတင် လျှောက်လှမ်းသွားခဲ့တော့၏။
သူသည် တော်ဝင် စစ်သူကြီးကို တစ်ချက်မျှပင် လှည့်မကြည့်တော့ဘဲ မုဆိုးကြယ်ကို အမိန့်ပေးလိုက်သည်။ "မုဆိုးကြယ်... အဲဒီလူကြီးနဲ့ ပျော်ပျော်ပါးပါး ဆော့ကစားလိုက်စမ်း။ ငါ သူ့ကို သတိပေးခဲ့ပြီးသားပဲ။ သူမှ နားမထောင်တာဆိုတော့ ဒါက သူ့အပြစ်ပဲ ဖြစ်မယ်"
လုံချန်း သူတို့ရှိရာဘက်သို့ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသောအခါ ယွဲ့ဖေးအား ဖမ်းဆီးထားကြသော အစေခံ မိန်းကလေးများမှာ ကြောက်လန့်တကြားဖြင့် လွှတ်ပေးလိုက်ကြပြီး အနောက်သို့ တုန်တုန်ရင်ရင်ဖြင့် ဆုတ်ခွာသွားခဲ့ကြတော့၏။
ယွဲ့ဖေး လွတ်လပ်သွားခဲ့ပြီ ဖြစ်သော်လည်း သူမသည် လုံချန်းကို နေရာမှမရွေ့ဘဲ မမှိတ်မသုန် စိုက်ကြည့်နေမိဆဲပင်။ တကယ်တမ်း သူမ ခြေလှမ်းများက ရှေ့တွင် မည်သို့ ဖြစ်ပျက်ခဲ့သည်ကို နားမလည်နိုင်လောက်အောင် ထုံထိုင်းသွားခဲ့ခြင်း ဖြစ်သည်။
သူမရှိရာသို့ လျှောက်လာနေသော ထိုလူက တကယ်ပင် လုံချန်းလော။ သူက အဘယ်ကြောင့် ဤမျှထိ သန်မာလာရသနည်း။ သူမ မျက်စိမှားနေသည်လော ဟု ဇဝေဇဝါဖြင့် တွေးတောနေမိသည်။
"ဘာဖြစ်လို့လဲ မင်းသမီးဖေး။ ဘာဖြစ်လို့ ငါ့ကို ဒီလို စိုက်ကြည့်နေရတာလဲ" လုံချန်းက သူမနှင့် ရှေ့လှမ်း အနည်းငယ် အကွာတွင် ရပ်လျက် ယွဲ့ဖေးကို မေးလိုက်၏။
"အာ... ဘ... ဘာမှမဟုတ်ပါဘူး။ နင်က တကယ်ပဲ..."
"အား..."
ယွဲ့ဖေး စကား စပြောလိုက်စဉ် ပြင်းထန်သော အော်ဟစ်သံကြီး တစ်သံက ခန်းမဆောင် တစ်ဆောင်လုံးကို ဖုံးလွှမ်းသွားခဲ့တော့သည်။ ထိုအော်ဟစ်သံက မည်သူ့ဆီက ဖြစ်ကြောင်း ခန်းမထဲရှိ လူတိုင်း လုံးဝ သံသယဝင်စရာ မလိုပေ။ ယင်းက လုံချန်းကို သတ်ဖြတ်ရန် ကြိုးစားခဲ့သည့်အတွက် အစိပ်စိပ်အမွှာမွှာ ဆုတ်ဖြဲခံနေရသော တော်ဝင် စစ်သူကြီး၏ အော်သံကြီး ဖြစ်သည်။
"အဲဒီအော်သံကို ဂရုမစိုက်ပါနဲ့။ မင်း စောစောက ဘာပြောမလို့လဲ" လုံချန်းက ညင်သာစွာ ပြုံးလျက် ယွဲ့ဖေးကို မေးလိုက်၏။
"နင်... နင်က တကယ်ပဲ လုံချန်းလား" ယွဲ့ဖေးက လုံချန်း၏ မျက်ဝန်းနက်ကြီးများကို သေချာစွာ စိုက်ကြည့်ရင်း မေးမြန်းလိုက်သည်။
လုံချန်း၏ မျက်နှာပေါ်ရှိ ထိုရွှေရောင် မျက်ဝန်းများနှင့် တည်ငြိမ်အေးချမ်းသော အမူအရာက သူမ အစ်ကိုနှင့်အတူ တောအုပ် တစ်အုပ်ထဲတွင် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ဖူးသော လူငယ်လေး တစ်ယောက်ကို ပြန်လည် အမှတ်ရစေခဲ့သည်။
သာမန်လူ တစ်ယောက်လို ဖြစ်နေသော်လည်း တစ်ချိန်တည်းပင် ထူးခြားဆန်းကြယ်သော ထိုလူငယ်လေးက ယခု သူမ ရှေ့တွင် ရပ်နေသည့် လူဖြစ်သည်က အမှန်ပင်လော။
"ဒါပေါ့... မင်းသမီးဖေး။ ငါကလွဲလို့ တခြားဘယ်သူ ဖြစ်ရမှာလဲ" လုံချန်းက ရယ်မောရင်း ပြန်ဖြေလိုက်၏။
"ငါတို့ရဲ့ မြို့တော်ကြီး တစ်မြို့လုံး အစအနမကျန် ပျက်စီးသွားခဲ့တဲ့ အဲဒီကပ်ဘေးတုန်းက နင်လည်း အသတ်ခံလိုက်ရပြီလို့ ငါ ထင်နေခဲ့တာ။ နင်လည်း အဲဒီတုန်းက နိုင်ငံထဲမှာ ရှိမနေခဲ့ဘူးလား" ယွဲ့ဖေးက သက်ပြင်းချရင်း လုံချန်းကို မေးလိုက်ရှာသည်။
‘ငါ အဲဒီတုန်းက ဒီနေရာမှာ ရှိနေခဲ့ရုံ မကဘဲ ဒီလိုမျိုး ရှုပ်ထွေးတဲ့ ကပ်ဘေးကြီး တစ်ခုလုံးကို ဖန်တီးခဲ့တဲ့ တရားခံက ငါကိုယ်တိုင်ပါလို့ မင်းကို ငါ ဘယ်လိုလုပ်ပြီး ပြောပြနိုင်မှာလဲ’ လုံချန်းက သူမ မျက်နှာကို စိုက်ကြည့်ရင်း စိတ်ထဲက တွေးတောလိုက်မိသော်လည်း နှုတ်မှမူ စကားလုံး တစ်လုံးမျှ ထွက်မလာခဲ့ပေ။
"ဘာဖြစ်လို့လဲ... ဘာဖြစ်လို့ ဘာမှ ပြန်မပြောတာလဲ" ယွဲ့ဖေးက ထပ်မံစူးစမ်းလိုက်ပြန်သည်။ "ပြီးတော့ နင်က ဘယ်လိုလုပ်ပြီး ဒီလောက်ထိ သန်မာလာရတာလဲ။ သူ့ကို လက်နဲ့တောင် မထိဘဲ ဒီလောက် လွယ်လွယ်ကူကူ လွင့်စင်သွားအောင် လုပ်နိုင်တာဆိုတော့ နင် တကယ်ပဲ ကောင်းကင် အဆင့်ကို တက်လှမ်းနိုင်သွားတာလား"
"ကောင်းကင်ယံအဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဟုတ်လား။ အင်း... မင်း အဲလိုပြောမယ် ဆိုရင် ပြောနိုင်တာပေါ့။ ငါ ကောင်းကင် အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ကြာပြီ" လုံချန်းက ပြန်ဖြေလိုက်၏။
သူ့စကားလုံးများက ယွဲ့ဖေးကို အံ့အားသင့်သွားစေခဲ့ရုံ မကဘဲ ကြားလိုက်ရသည့် လူတိုင်းကိုပါ မှင်တက် အံ့သြသွားစေခဲ့တော့သည်။
တော်ဝင် ဧည့်သည်တော်များသည် လုံချန်းက အဘယ်ကြောင့် တော်ဝင် စစ်သူကြီးကို ဤမျှထိ လွယ်ကူစွာ အနိုင်ယူနိုင်ခဲ့ကြောင်း နောက်ဆုံးတွင် နားလည် သဘောပေါက် သွားကြသည်။ ဤလူက တကယ်ပင် သူတို့ ဘုရင်ကြီးနှင့် အဆင့်တူ ကျင့်ကြံခြင်း နယ်ပယ်တွင် ရှိနေသည်လော။ သူက အဘယ်ကြောင့် ဤမျှ ငယ်ငယ်ရွယ်ရွယ်ဖြင့် ထိုမျှ သန်မာနေသနည်း။
"မင်းရဲ့ အခြား မေးခွန်းအတွက်က... တကယ်တော့ အဲဒီနေ့က ငါ..."
လုံချန်းသည် သူ့စိတ်ထဲရှိ ဝန်ထုပ်ဝန်ပိုးများ အားလုံးမှ လွတ်မြောက်ချင်သဖြင့် အမှန်တရားကိုသာ ပြောပြရန် ဆုံးဖြတ်လိုက်တော့သည်။
သူတော်စင်ဘုရင်၏ ဂူဗိမာန်မှ ထွက်ခွာလာခဲ့ပြီးနောက် လုံချန်းသည် အချိန်အချို့ကို ကျင့်ကြံအားထုတ်ရင်း ကုန်လွန်စေခဲ့ပြီးသား ဖြစ်သည်။
ထိုအချိန် အတွင်း၌ပင် သူသည် သန့်စင်သည့် မူလပန်းများကို မည်သို့ အသုံးပြုရမည်အား နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။
၎င်းတို့၏ အသုံးဝင်ပုံကို သိရှိသွားခဲ့ရုံ မကဘဲ သူရရှိခဲ့သော ပန်းနှစ်ပွင့်ထဲမှ တစ်ပွင့်ကိုလည်း အသုံးပြုခဲ့ပြီး ဖြစ်သည်။
သူသည် သန့်စင်သော မူလပန်း တစ်ပွင့်ထဲရှိ စွမ်းအင် အချို့ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သော်လည်း ထိုအရာကပင် ထူးဆန်း အံ့သြဖွယ် စွမ်းအားများအား ဖြစ်ပေါ်စေခဲ့၏။
ကောင်းကင်ဘုံ နယ်ပယ် အဆင့် ၆ မှ သူသည် တိုတောင်းသော အချိန်တိုအတွင်း သူတော်စင်အဆင့် အထွတ်အထိပ်သို့ တိုက်ရိုက် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
သူ့အနေဖြင့် ကောင်းကင် အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်နေရုံ မကဘဲ ယခုဆို သေမျိုးကမ္ဘာ၌ အမြင့်ဆုံးနှင့် အစွမ်းထက်ဆုံး အဆင့်ဖြစ်သည့် သူတော်စင်အဆင့် အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ ထို့ပြင် ဤမျှထိ များပြားသော ကျင့်ကြံခြင်း စွမ်းအင်များကို ရရှိခဲ့ပြီးသည့်တိုင် သန့်စင်သည့် မူလပန်းက ထက်ဝက်မျှပင် လျော့သွားခြင်း မရှိသေးပေ။
သူသာ အလိုရှိပါက နောက်ထပ် ကျင့်ကြံခြင်းနယ်ပယ် တစ်ဆင့်သို့ အလွယ်တကူ ထပ်တက်နိုင်သော်လည်း ရွှင်းက သူ့ကို တားဆီးထားခဲ့ခြင်း ဖြစ်သည်။
ရွှင်းက သူ့ကို ဤမျှထိ အလျင်စလို မလုပ်ရန် သတိပေးခဲ့၏။ သူတော်စင် အဆင့်ကို ကျော်လွန်ပြီးနောက် သူသည် ဆန္ဒမပါဘဲ ကောင်းကင် အတိဒုက္ခများအား ဖိတ်ခေါ်မိသွားမည် ဖြစ်သည်။ ဤသည်က နောက်ထပ် ကျင့်ကြံခြင်း နယ်ပယ်သစ် တစ်ဆင့်သို့ တက်လှမ်းပြီးနောက် လူတိုင်း မပျက်မကွက် ဖြတ်သန်း ကျော်လွှားရမည့် အရာတစ်ခု ဖြစ်သည်။
သူတော်စင်အဆင့် ကန့်သတ်ချက်များကို ကျော်လွန်ပြီးနောက် ထိုကောင်းကင် အတိဒုက္ခများအား အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့သူများသာလျှင် အင်မော်တယ်ကမ္ဘာသို့ ခြေချခွင့် ရရှိကြမည် ဖြစ်သည်။ ကောင်းကင် အတိဒုက္ခကို ဖြတ်သန်းရန် ပျက်ကွက်ခဲ့သူများမှာမူ သေဆုံးကြရရုံသာ ရှိပေသည်။
ယင်းက ကျိရှန်၏ ခန္ဓာကိုယ်ကို ပူးကပ်ထားခဲ့သော အမှောင် ဝိညာဉ် သေဆုံးသွားခဲ့ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ ကောင်းကင် အတိဒုက္ခကို ကြောက်လန့်မှုကြောင့်ပင် သူတော်စင်အဆင့် ကျွမ်းကျင်သူ အများစုမှာ မိမိတို့ကိုယ်တိုင် အောင်မြင်စွာ ဖြတ်သန်းနိုင်မည်ဟု အပြည့်အဝ မယုံကြည်မချင်း နောက်ထပ် အဆင့်သို့ တက်လှမ်းရန် အားမထုတ်ဝံ့ကြခြင်း ဖြစ်သည်။
ရွှင်ဒသည် လုံချန်းကို ဤနေရာတွင် အသက်မဆုံးရှုံးစေချင်သဖြင့် စောင့်နေခြင်းကသာ အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း ပြောပြခဲ့သည်။ ကောင်းကင် အတိဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ရန်အတွက် လူတစ်ဦး၏ ခန္ဓာကိုယ် သန်မာဖို့ လိုအပ်ရုံပင် မကဘဲ သူတို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာကလည်း ကြံ့ခိုင်နေဖို့ လိုအပ်သည်။
သူမက လုံချန်း၏ ခန္ဓာကိုယ်အနေဖြင့် အလွယ်တကူ ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်သော်လည်း သူ၏ စိတ်ပိုင်းဆိုင်ရာကမူ အားနည်းချက်တစ်ခု ဖြစ်နေခဲ့သည်။ သူ့အတိတ်ဆိုးများကြောင့် သူ့ခေါင်းထဲတွင် ဒုက္ခများစွာ ရှိနေဆဲပင်။ သူမက သူ့ကို ထိုအတိတ်ဆိုးများကို အဆုံးသတ်စေပြီး စိတ်အေးချမ်းမှု ရရှိစေချင်ကာ သူ့ဘဝထဲမှ လစ်ဟာနေသော အခန်းကဏ္ဍများအား ပိတ်သိမ်းစေချင်ခဲ့သည်။
ထို့ကြောင့်ပင် လုံချန်းသည် နောက်ထပ်အဆင့်သို့ ထပ်မံ မတက်လှမ်းသေးဘဲ သူ၏ မွေးရပ်မြေ အိမ်ရှိရာဆီသို့ ပြန်လည်လာခဲ့ခြင်း ဖြစ်သည်။
သူ့စိတ်ထဲတွင် အကြီးမားဆုံး သောကမှာ သူ့မွေးရပ်မြေ မြို့တော်ကြီးကို သူ့ဘာသာ ဖျက်ဆီးခဲ့မိခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ အတိဒုက္ခကို ကျော်လွှားနိုင်ရန်အတွက် ဤနေရာသို့ လာဖို့ လိုအပ်ခဲ့ခြင်း ဖြစ်သည်။ ထိုအကြောင်းပြချက် တစ်ချက်တည်းကြောင့်ပင် လုံချန်းသည် အမှန်တရားကို ဖွင့်ဟပြောဆိုပြီး မိမိဖန်တီးခဲ့သော အမှားများကို ပြန်လည် ပြုပြင်ရန် လိုအပ်သည်ဟု ယုံကြည်ခဲ့၏။ ယင်းက သူ ယွဲ့ဖေးကို လိုက်ရှာချင်သည့် အကြောင်းရင်းလည်း ဖြစ်သည်။
ယခု သူ ဤနေရာသို့ ရောက်နေပြီ ဖြစ်ရာ သူမ ဒုက္ခရောက်နေသည်ကို သူ မည်သို့ ကြည့်ရက်မည်နည်း။ သူမသည် သူ့ကြောင့် သူမ၏ အရာရာတိုင်းကို ဆုံးရှုံးခဲ့ရရှာပြီး သူမ အစ်ကိုပင် ဖမ်းဆီးခြင်း ခံထားရသည်။ သူတို့နှင့် ထိုက်တန်သော အရာရာတိုင်းကို သူတို့ ပြန်လည်ရရှိစေရန် သူ ဆောင်ရွက်ပေးမည် ဖြစ်သည်။ ထို့ပြင် အခြားမည်သူ တစ်ဦးတစ်ယောက်ကမျှ သူ့ကို တားဆီးနိုင်စွမ်း ရှိမနေပေ။
သူ့တွင် ယခုဆိုလျှင် တောင်တံတိုင်းကြီးများကိုပင် ဖြိုဖျက်နိုင်လောက်သော စွမ်းအားများ ရှိနေခဲ့သည်။ သူသည် သေမျိုးကမ္ဘာတွင် အစွမ်းထက်ဆုံး အခြေအနေသို့ ရောက်ရှိနေသူ ဖြစ်သည်။ ဤနေရာတွင် သူ့ထက် ပိုမိုသန်မာသောသူ တစ်ယောက်မျှ ရှိမနေပေ။
ဒုတိယအဆင့် နိုင်ငံ တစ်နိုင်ငံအတွင်း သူအလိုရှိရာကို ဆောင်ရွက်နိုင်ဖို့ နေနေသာသာ သူသာ အလိုရှိပါက ဤကမ္ဘာပေါ်တွင် အစွမ်းထက်ဆုံး အင်ပါယာကြီးဖြစ်သည့် ကြယ်တာရာ အင်ပါယာဆီသို့ပင် သွားပြီး အလွယ်တကူ ဖြိုဖျက်ပစ်နိုင်စွမ်း ရှိနေခဲ့ပြီ မဟုတ်လော။