အခန်း ၁၁၃၈
Vol. 108 Ch. 1138
အခန်း ၁၁၃၈ ဒူးထောက်စေခြင်း
လုံချန်းက အဘယ်ကြောင့် ဤမျှထိ အင်အားကြီးမားလာကြောင်း ထိုနေရာရှိ လူအားလုံးထဲတွင် မည်သူမျှ နားမလည်နိုင်ကြချေ။ မင်းသားကျူးက လုံချန်းအား လူငယ်အသွင် ဖန်တီးထားသည့် အဘိုးကြီး တစ်ယောက်ဟု ထင်မြင်နေသော်လည်း ယွဲ့ဖေးကမူ အမှန်တရားကို သိရှိထားပြီးသားဖြစ်ရာ ယင်းက မဟုတ်ကြောင်း နားလည်ထားသည်။
သူမသည် လုံချန်းကို ယခင်က အကြိမ်ကြိမ် မြင်တွေ့ဖူးခဲ့ပြီး သူသည် အသက်ကြီးရင့်သူ တစ်ဦး လုံးဝ မဟုတ်ပေ။ တကယ်တမ်း သူမထက်ပင် ပိုမိုအားနည်းခဲ့ဖူးသည့် အချိန်တစ်ခု ရှိခဲ့သေးသည်။
"နင်က... ကောင်းကင်ဘုံ နယ်ပယ် ကျွမ်းကျင်သူလား" ယွဲ့ဖေးက သေချာစေရန် လုံချန်းကို မေးလိုက်၏။
လုံချန်း သူမကို လှည့်ကြည့်လိုက်သော်လည်း စကား ပြန်မပြောခဲ့ပေ။ ယခုဆိုလျှင် သူသည် သူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေပြီဟူသော အမှန်တရားကို ပြောပြသင့် မပြောပြသင့် သူ တွေးတောနေမိသည်။ သို့သော် ယင်းက အလွန်အမင်း တုန်လှုပ်ခြောက်ချားဖွယ်ရာ ကောင်းလွန်းပေမည်။
"နင် မြေကမ္ဘာအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီပဲ။ မဆိုးပါဘူး" အမှန်တရားကို ပြောပြမည့်အစား လုံချန်းက စကားလမ်းကြောင်း လွှဲလိုက်တော့သည်။
ယွဲ့ဖေး သက်ပြင်းတစ်ချက်ကို အသာချလိုက်မိ၏။
"မြေကမ္ဘာအဆင့်က မဆိုးဘူး ဟုတ်လား။ ကောင်းကင်ဘုံ နယ်ပယ်ကို တက်လှမ်းထားတဲ့သူက ပြောတော့ ဒါက လှောင်နေတာလား၊ ဘာလဲဆိုတာ ငါ တောင် ဝေခွဲမရတော့ဘူး" ယွဲ့ဖေးက ခါးသက်သက် ပြုံးရင်း မေးလိုက်သည်။
"ဘာလို့ လှောင်ရမှာလဲ။ ငါ တကယ်ပြောတာပါ" လုံချန်းက ပြုံးလျက် ပြန်ဖြေ၏။
"ဒါနဲ့... ငါ့ကို ထပ်ပြောပါဦး။ မင်းတို့ မိသားစုထဲက ယွဲ့လွမ်ကလွဲလို့ တခြားဘယ်သူ အသက်ရှင်ကျန်ရစ်သေးလဲ" သူက ဆက်၍ မေးလိုက်သည်။
"ယွဲ့လွမ်လည်း ဆုံးသွားပြီ။ ငါ့အစ်ကို တစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့တာ... ယွဲ့မင်ပေါ့။ သူက အဲဒီ ကပ်ဘေးသင့်တဲ့ နေ့က မြို့ထဲမှာ ရှိမနေခဲ့ဘူး" ယွဲ့ဖေးက စက္ကန့်တိုင်းနှင့်အမျှ ပို၍ ဝေးကွာကျန်ရစ်ခဲ့သော တော်ဝင်မြို့တော်ကြီးကို လှည့်ကြည့်ရင်း ပြန်ဖြေရှာသည်။
'ဒါဆို သူ့ရဲ့ အဖေတူ အမေကွဲ အစ်ကို တစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့တာပေါ့...' လုံချန်း ယွဲ့ဖေးကို ကြည့်ရင်း စိတ်ထဲက တွေးလိုက်မိသည်။
သူ စကား ထပ်မပြောတော့ဘဲ သူမကို ကြည့်ရာမှ မျက်နှာလွှဲလိုက်၏။
သူမကို အမှန်တရား မည်သို့ဖွင့်ဟရမည်ကို စဉ်းစားရန် လိုအပ်နေသေးသော်လည်း လက်ရှိတွင်မူ သူမအား ဦးစွာ ကူညီပေးရန်သာ လိုအပ်သည်။
...
နေဝါးမျိုလင်းယုန်သည် လျှပ်စီးလက်သည့်အလား လျင်မြန်စွာ ပျံသန်းရင်း နဂါးမြို့တော်ထက်ပင် ပိုမိုကြီးမားသော ကျူးနိုင်ငံ၏ တော်ဝင်မြို့တော်သို့ မကြာမီ ရောက်ရှိလာခဲ့တော့သည်။
"ဟို... ဟို ရွှေရောင်နဲ့က ကျွန်တော်တို့ နန်းတော်ပဲ။ အဲဒါကိုတော့ မဖျက်ဆီးပါနဲ့။ ကျွန်တော် သူ့ရဲ့ အစ်ကိုကို အခုချက်ချင်း လွှတ်ပေးခိုင်းပါ့မယ်" တော်ဝင်မြို့တော်သို့ ရောက်ရှိလာသည်ကို မြင်သောအခါ မင်းသားကျူးက လုံချန်းကို ကပျာကယာ ပြောလိုက်၏။
"ငါက စကားပဲ ပြောမှာပါ... ဘာမှမလုပ်ဘူး၊ စိတ်အေးအေးထား" လုံချန်းက ပြုံးလျက် ပြန်ဖြေလိုက်သည်။
လုံချန်း၏ ကတိစကားကို ကြားရသော်လည်း မင်းသားကျူးမှာ အဘယ်ကြောင့်မှန်းမသိ တစ်ခုခု မှားယွင်းနေသကဲ့သို့ ခံစားနေရဆဲပင်။ သူ မည်သည်ဖြစ်ကြောင်း ကွက်ကွက်ကွင်းကွင်း အဖြေမထုတ်နိုင်သော်လည်း လုံချန်းက လိမ်ညာနေပုံတော့ မရချေ။
"ကျ... ကျွန်တော့်ကို အခု လွှတ်ပေးလို့ရပြီလား။ ခင်ဗျားရဲ့ စွမ်းအားအစစ်ကို မြင်ပြီးမှတော့ ငတုံးပဲ ခင်ဗျားကို ပြန်ပြီး ရန်ပြုရဲမှာပါ" မင်းသားကျူးက ထပ်၍ ပြောလိုက်သည်။ သူသည် လုံချန်း၏ လက်ထဲတွင် အဖမ်းခံထားရဆဲဖြစ်ပြီး လွတ်မြောက်ခြင်း မရှိသေးပေ။
လုံချန်း မင်းသားကျူးကို လွှတ်ပေးလိုက်ပြီး တော်ဝင်နန်းတော် အနီးသို့ စတင် ဆင်းသက်နေသော နေဝါးမျိုလင်းယုန်၏ ကျောပေါ်တွင် ရပ်ခိုင်းလိုက်သည်။
တော်ဝင်နန်းတော်တွင် ရဲမက်များစွာ ဝန်းရံထားပြီး ၎င်းတို့ဆီသို့ ဆန်းကြယ်သော မိုးပျံ သားရဲကြီးတစ်ကောင် ချဉ်းကပ်လာသည်ကို မြင်သော်လည်း မည်သူမျှ တားဆီးရန်မဝံ့ကြချေ။ နေဝါးမျိုလင်းယုန်၏ ပတ်ပတ်လည်မှ ထွက်ပေါ်နေသော အရှိန်အဝါ တစ်ခုတည်းကပင် ၎င်းအား ရန်ပြုမိပါက ပြဿနာအကြီးအကျယ် တက်လိမ့်မည် ဖြစ်ကြောင်း သတိပေးနေသည့်အလား။
ထို့ပြင် ၎င်းတို့သည် သားရဲကြီး၏ ကျောပေါ်တွင် မိမိတို့၏ မင်းသားကိုလည်း မြင်တွေ့နေရသည်။ ဖြစ်နိုင်သည်မှာ ဤနေရာသို့ လာရောက်သူများသည် မင်းသား၏ မိတ်ဆွေများ ဖြစ်နိုင်သည်။
သူတို့သည် လက်နက်များ ဆွဲမထုတ်ကြဘဲ လုံချန်း ရောက်ရှိလာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေကြ၏။
နေဝါးမျိုလင်းယုန် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ လုံချန်းနှင့် အခြားသူများ အောက်သို့ ဆင်းလိုက်ကြပြီးနောက် နေဝါးမျိုလင်းယုန်သည် တော်ဝင်နန်းတော်၏ အထက် ကောင်းကင်ယံသို့ ပြန်လည်ပျံတက်ကာ ဝဲပျံနေခဲ့တော့သည်။
မင်းသားကျူး ၎င်းကို မြင်ပြီး သဘောပေါက်သွားခဲ့၏။ ‘စကားပဲ ပြောမှာပါ’ ဟု လုံချန်း ဆိုခဲ့ခြင်း၏ အဓိပ္ပာယ်မှာ ဤအရာကို ဆိုလိုခြင်း ဖြစ်ပေသည်။ သူသည် သူ့သားရဲကြီးများကို အသုံးချကာ ခြိမ်းခြောက်သည့် နည်းဗျူဟာအား သုံးရန် ရည်ရွယ်ထားပုံရသည်။
‘သူက တကယ်ပဲ အစွမ်းပြချင်နေတာပဲ’ မင်းသားကျူးက ခါးသက်သက် ပြုံးရင်း စိတ်ထဲက တွေးလိုက်မိသည်။
နေဝါးမျိုလင်းယုန်ထံမှ ထွက်ပေါ်နေသော ပြင်းထန်သည့် အရှိန်အဝါတစ်ခုက တော်ဝင်နန်းတော် တစ်ခုလုံးကို လွှမ်းခြုံထားခဲ့ပြီ ဖြစ်သည်။ လုံချန်းသည် သူ၏ ကိုယ်ပိုင် အရှိန်အဝါကိုပင် ထုတ်ဖော်ခြင်း မရှိသေးချေ။
"ဖယ်ကြစမ်း။ ငါတို့ ဧည့်သည်တော်တွေကို အထဲဝင်ခွင့်ပြုလိုက်။ ငါ သူ့ကို ခမည်းတော်ဆီ ခေါ်သွားရမယ်" မင်းသားကျူးက ရဲမက်များကို ဖယ်ခိုင်းလိုက်၏။
ရဲမက်များသည် မည်သည့်မေးခွန်းမျှ မမေးဘဲ နာခံကာ လမ်းကို ဖယ်ပေးလိုက်ကြသည်။
"မလိုပါဘူး။ မင်းရဲ့ ခမည်းတော်က အပြင်ကို ထွက်လာနေပြီ" လုံချန်းက အတွေ့အကြုံ ရင့်ကျက်သော အဘိုးကြီးတစ်ဦးကဲ့သို့ လက်နှစ်ဖက်ကို အနောက်တွင် ယှက်လျက် စကားဖြတ်ပြောလိုက်သည်။
"ဟင်" မင်းသားကျူးသည် ခမည်းတော်ကို မမြင်ရသေးသဖြင့် ဇဝေဇဝါ ဖြစ်သွားသော်လည်း မကြာမီပင် သဘောပေါက်သွားခဲ့သည်။ လုံချန်းသည် ဝိညာဉ်အာရုံကို အသုံးပြုကာ တော်ဝင်နန်းတော်အတွင်းရှိ အရာရာအား ကြည့်ရှုနေခြင်း ဖြစ်သည်။
သူ ပြောခဲ့သည့်အတိုင်းပင် ဘုရင်ကြီးသည် အပြင်ဘက်မှ ပြင်းထန်သော အရှိန်အဝါ၏ ဆွဲဆောင်မှုကြောင့် နန်းတော်အပြင်ဘက်သို့ မကြာမီ ခြေလှမ်းလှမ်း၍ ထွက်ပေါ်လာခဲ့တော့သည်။
သူ နန်းတော်အပြင်သို့ ခြေချလိုက်သည်နှင့် အထက်ကောင်းကင်ယံတွင် ဝဲပျံနေသော ထိတ်လန့်ချောက်ချားဖွယ် သားရဲကြီးကို မော့ကြည့်လိုက်မိ၏။
ထို့နောက် သားဖြစ်သူ နောက်တွင် ရပ်နေသော လုံချန်းကိုလည်း မကြာမီ မြင်တွေ့သွားခဲ့သည်။ လုံချန်းသည် တည်ငြိမ်အေးချမ်းသော မျက်နှာအမူအရာဖြင့် ရပ်နေသော်လည်း ပတ်ပတ်လည်တွင် မည်သည့် အရှိန်အဝါမျှ ရှိမနေသဖြင့် ဘုရင်ကြီးက ဤလူမှာ မည်သူဖြစ်ကြောင်း စူးစမ်းဆင်ခြင်နေမိသည်။
"ကျူး... မင်း ဒီမှာ ဘာလုပ်နေတာလဲ။ ပြီးတော့ ဟိုကောင်းကင်က သားရဲကြီးက ဘယ်သူ့ သားရဲလဲ" ဘုရင်ကြီးက သူ၏ သားကို မေးလိုက်၏။
"အဲဒီ သားရဲကြီးက ဒီဆရာကြီးရဲ့ သားရဲပါ ခမည်းတော်" မင်းသားကျူးက လုံချန်းဘက်သို့ ရိုသေစွာ ညွှန်ပြရင်း ပြောလိုက်သည်။
"အဲဒီ အစွမ်းထက်တဲ့ သားရဲက ဒီကလေးရဲ့ သားရဲ ဟုတ်လား... စိတ်ဝင်စားစရာပဲ" ဘုရင်ကြီးက မုတ်ဆိတ်မွှေးကို သပ်ရင်း ရေရွတ်လိုက်၏။
"ခမည်းတော်... မှားနေပြီ။ သူက ကလေးမဟုတ်ဘူး။ ရိုရိုသေသေ စကားပြောပါ။ သူ ဘယ်သူလဲဆိုတာ ခမည်းတော် လုံးဝ မသိလို့ပါ" မင်းသားကျူး ချွေးစေးများ ပြန်လာရင်း ပြောလိုက်မိသည်။ သူ၏ ခမည်းတော်က ဤမိစ္ဆာကောင်ကြီးကို ကလေးဟု ခေါ်လိုက်သည် မဟုတ်လော။
"ဆရာကြီး... ကျေးဇူးပြုပြီး ကျွန်တော့်ခမည်းတော်ကို ခွင့်လွှတ်ပါ။ သူက ဘာမှမသိသေးလို့ပါ" သူက လုံချန်း၏ ရှေ့တွင် ဦးညွှတ်ရင်း တောင်းပန်လိုက်သည်။
"ယွဲ့မင်ကို ဒီကို ခေါ်လာခဲ့။ ငါ သူ့ကို အခုချက်ချင်း လိုချင်တယ်" လုံချန်းက တည်ငြိမ်စွာ ဆိုလိုက်၏။ သူ စိတ်ဆိုးနေပုံ မရချေ။
"ရဲမက်တို့... မင်းသမီးယွဲ့ရဲ့ အစ်ကိုကို အခုချက်ချင်း ခေါ်လာခဲ့စမ်း" မင်းသားကျူးက သူ၏ ရဲမက်များကို အော်ဟစ်အမိန့်ပေးလိုက်သည်။
"ကျူး... မင်း ဘာတွေ လုပ်နေတာလဲ။ သူက ဘယ်သူလဲ။ ပြီးတော့ ဘာဖြစ်လို့ သူ့ အစ်ကိုကို လွှတ်ပေးခိုင်းရတာလဲ။ ဒါတင်မကသေးဘူး... သူကကော ဘာလို့ ဒီကို ရောက်နေရတာလဲ။ ဒီနေ့က သူ့ရဲ့ မင်္ဂလာပွဲ မဟုတ်ဘူးလား" ဘုရင်ကျူးက စိတ်ပျက်လက်ပျက်ဖြင့် မေးခွန်းများစွာ ထွက်ပေါ်လာရင်း သူ့သားကို မေးလိုက်တော့သည်။
"မင်္ဂလာပွဲ ဆိုတာ မရှိတော့ပါဘူး။ အဲဒါ ပျက်သွားပြီ ထင်တယ်။ ဒါ့ပြင် ယွဲ့ရဲ့ ဆန္ဒမပါဘဲ ဘယ်တော့မှ မင်္ဂလာပွဲ ဆိုတာ ထပ်ရှိလာတော့မှာ မဟုတ်ဘူး" လုံချန်းသည် နောက်ဆုံးတွင် နှုတ်ခမ်းကို ဟကာ ဘုရင်ကျူးရှိရာဆီသို့ စတင် ခြေလှမ်းလှမ်းရင်း ပြောလိုက်၏။
"ဘာ... မင်းက တကယ်ပဲ ဘာကောင်မို့လို့" ဘုရင်ကြီးက ထပ်မံ၍ မေးခွန်းထုတ်ရန် ကြိုးစားလိုက်ပြန်သော်လည်း သူ့စကားပင် မဆုံးသေးခင် လုံချန်းက အရှိန်အဝါကို ထုတ်ဖော်လိုက်တော့သည်။
လုံချန်း အရှိန်အဝါကို ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် ယင်းက ဆူနာမီ လှိုင်းလုံးကြီး တစ်လုံးကဲ့သို့ အရပ်မျက်နှာ အနှံ့သို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
သူ၏ အစွမ်းထက်သော အရှိန်အဝါကြီးက ဤနေရာ အကန့်အသတ်ပင် မကဘဲ တော်ဝင်မြို့တော်ကြီး တစ်ခုလုံးကိုပါ လွှမ်းခြုံသွားခဲ့တော့၏။
ထိုအရှိန်အဝါ ဖိအားကြီး ဘုရင်ကြီးထံသို့ ရိုက်ခတ်မိသွားသောအခါ သူ့ခန္ဓာကိုယ်ကို ကိုယ်တိုင် မထိန်းချုပ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားစေခဲ့တော့သည်။
ဘုရင်ကျူး တစ်ယောက်တည်းပင် မကဘဲ ထိုနေရာရှိ ရဲမက်အားလုံးသည်လည်း မတွန်းလှန်နိုင်ကြဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျကုန်ကြ၏။ မင်းသားကျူး ကိုယ်တိုင်လည်း မြေပြင်ပေါ်သို့ ထပ်မံ၍ ဒူးထောက်ကျသွားခဲ့ရတော့သည်။