အခန်း ၁၁၃၉
Vol. 108 Ch. 1139
အခန်း ၁၁၃၉ အရာရာကို ပြန်လည်ရယူခြင်း
သူတို့ပင် မကဘဲ တော်ဝင်မြို့တော် အတွင်းရှိ ပြည်သူ အပေါင်းသည်လည်း အကြောင်းရင်း မသိဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့ကြရ၏။ လူတိုင်းသည် သေမင်းက သူတို့ လည်ပင်းဝယ် လွှတ်ဓားမကြီး တေ့ထားသည့်အလား ကြောက်လန့်တကြား တုန်ရီနေကြပြီး ကျောရိုးထဲအထိ စိမ့်တက်သွားသော အအေးဓာတ်ကို ခံစားလိုက်ရသည်။
ဤဖိအားလှိုင်း အောက်တွင် သက်ရောက်မှု မရှိဘဲ လွတ်မြောက်နေသူဟူ၍ သုံးဦးသာ ရှိပေသည်။ သူတို့က လုံချန်း၊ ယွဲ့ဖေးနှင့် ကောင်းကင်ယံရှိ နေဝါးမျိုလင်းယုန်တို့ ဖြစ်ကြပြီး လုံချန်းက သူ့အရှိန်အဝါများ သူတို့အား မထိခိုက်စေရန် ထိန်းချုပ်ပေးထားသောကြောင့် ဖြစ်၏။
ဘုရင်ကျူးသည် သားဖြစ်သူက အဘယ်ကြောင့် ဤလူကို ဤမျှ ရိုသေနေကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားသည်။ ဤမျှ ပြင်းထန်သော အရှိန်အဝါမျိုးကို ထုတ်ဖော်နိုင်သည်ဆိုလျှင် လုံချန်းသည် ကောင်းကင်အဆင့် ကျင့်ကြံသူတစ်ဦး လုံးဝ မဖြစ်နိုင်တော့ချေ။ သူသည် သေချာပေါက် ကောင်းကင်ဘုံ နယ်ပယ်တွင် ရှိနေရပေမည်။
သူက ဤမျှထိ သန်မာနေရအောင် တစ်စုံတရာသော အင်ပါယာကြီး တစ်ခု၏ ဧကရာဇ်လော။ သို့မဟုတ် ထိပ်သီးဂိုဏ်းကြီးများ၏ ဂိုဏ်းချုပ်ကြီး ဖြစ်နေ၍လော။ မဟုတ်သေး။ သူတို့ ကြယ်တာရာ အင်ပါယာသို့ သွားရောက်ခဲ့စဉ်က ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ အကြီးအကဲ ထုတ်ဖော်ခဲ့သော အရှိန်အဝါကို ဘုရင်ကြီး ခံစားဖူးခဲ့သည်။ ထိုအရှိန်အဝါမှာ ယခုလူ၏ ရှေ့တွင်မူ မပြောပလောက်တော့ပေ။
ဤလူက ထိုအကြီးအကဲများထက် သေချာပေါက် ပိုမိုသန်မာသည်။ ၎င်းတို့ထက် ပိုမိုသန်မာသည်ဆိုပါက ဤလူသည် ထိပ်သီးဂိုဏ်းကြီး တစ်ဆယ့်ကိုးဂိုဏ်းထဲမှ ဂိုဏ်းချုပ်တစ်ဦး ဖြစ်ရပေမည်။
"အရှင်... ကျွန်တော် မိုက်မဲမိတာကို ခွင့်လွှတ်ပေးပါ။ အရှင့်ရဲ့ မြင့်မြတ်တဲ့ ရုပ်သွင်ကို ကျွန်တော် မမှတ်မိခဲ့လို့ပါ" ဘုရင်ကျူးသည် လုံချန်းကို တောင်းပန်စကားဆိုရင်း မြေပြင်ပေါ်သို့ နဖူးနှင့်တိုက်ကာ အကြိမ်ကြိမ် ဦးချတော့သည်။
"ထပါ" လုံချန်းက လှောင်ပြုံးပြုံးရင်း ပြန်လည်ဖြေကြားကာ အရှိန်အဝါများကို ရုပ်သိမ်းလိုက်၏။ ဤသည်ကပင် စွမ်းအားရှိခြင်း၏ အကျိုးကျေးဇူး ဖြစ်သည်။ သူ လက်ချောင်း တစ်ချောင်းမျှပင် လှုပ်ရှားရန် မလိုဘဲ လူအများက သူ့ရှေ့တွင် ဒူးထောက် တောင်းပန်နေကြပြီ ဖြစ်သည်။
ထို့ကြောင့်ပင် သူသည် ဤကမ္ဘာ၌ စွမ်းအားရှိရန် အရေးကြီးကြောင်း ယုံကြည်ခဲ့ခြင်း ဖြစ်သည်။ သူသာ အခြားသူများထက် သန်မာနေမည်ဆိုပါက မည်သူ့ကိုမျှ စိုးရိမ်နေစရာမလိုဘဲ ဘဝအား အေးချမ်းစွာ ကုန်လွန်စေနိုင်မည် မဟုတ်လော။
လုံချန်း၏ အရှိန်အဝါများ ကွယ်ပျောက်သွားသည်နှင့် တစ်ပြိုင်နက် ဖိအားအောက်တွင် အသက်ရှူကျပ်နေကြရသူများ အားလုံး မတ်တတ် ရပ်လိုက်နိုင်ကြတော့သည်။ သူတို့သည် သေဘေးမှ သီသီလေး လွတ်မြောက်လာခဲ့သည့်အလား သက်ပြင်းချနိုင်ကြတော့၏။
အချို့ဆိုလျှင် လွန်ခဲ့သော စက္ကန့်ပိုင်း အတွင်းက ထွက်ပေါ်လာခဲ့သော နဖူးပေါ်မှ ချွေးစေးများကို ကပျာကယာ သုတ်နေကြရသည်။
"အရှင်... အသက်ဘေးကို ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဘုရင်ကြီးသည် သူ့သားနှင့်အတူ မတ်တတ်ရပ်လိုက်၏။
"ကျွန်တော် တောင်းပန်စကားဆိုရင်း မေးပါရစေ။ အရှင်က ဘယ်ထိပ်သီးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးလဲ" သူက ထပ်မံစူးစမ်းလိုက်သည်။
"ဘယ်ထိပ်သီးဂိုဏ်းရဲ့ ဂိုဏ်းချုပ်လဲ ဟုတ်လား။ အခုဆိုရင် ထိပ်သီးဂိုဏ်းချုပ်ဆိုလို့ တစ်ယောက်တည်းပဲ ကျန်တော့တာ မဟုတ်ဘူးလား။ ကျန်တဲ့ တဆယ့်ရှစ်ယောက်လုံးကို ငါ သတ်ပစ်ခဲ့ပြီလေ" လုံချန်းက ထိုအကြောင်းအရာကို အရေးမပါသည့်အလား ပေါ့ပေါ့ပါးပါးပင် ပြောကြားလိုက်တော့၏။
"ထ... ထိပ်သီးဂိုဏ်းချုပ် တဆယ့်ရှစ်ယောက်လုံးကို သတ်ပစ်ခဲ့တယ် ဟုတ်လား..." ဘုရင်ကြီးသည် လုံချန်း၏ စကားကြောင့် မျက်နှာတစ်ခုလုံး ဖြူလျော်သွားကာ စကားများပင် ထစ်အကုန်တော့သည်။ ဤလူက ကြွားဝါနေခြင်းလော၊ သို့မဟုတ် တကယ်ပင် ထိုမျှထိ သန်မာနေခြင်းလော။
ဘုရင်ကြီးမှာ မယုံကြည်နိုင် ဖြစ်နေသကဲ့သို့ ယွဲ့ဖေးကိုယ်တိုင်လည်း ဤစကားများကို ကြားပြီးနောက် စိတ်ထဲတွင် မည်သို့ တွေးရမှန်း မသိလောက်အောင် ဦးနှောက် တစ်ခုလုံး ဗလာဖြစ်သွားခဲ့ရသည်။ လုံချန်းက ဤကုန်းမြေတိုက်ကြီး၏ အစွမ်းထက်ဆုံး ကျင့်ကြံသူများကို တကယ်ပင် သတ်ပစ်ခဲ့သည်လော။ ဤသည်က မည်သို့သော ပြက်လုံးမျိုးနည်း။
"ကျွန်တော်... ကျွန်တော် မေးပါရစေ။ ဒါဆို အရှင်က ဘယ်ဂိုဏ်းရဲ့ အရှင်သခင်လဲ" ဘုရင်ကြီးက ထပ်မံမေးမြန်းပြန်သည်။
"ငါက ဘယ်ဂိုဏ်းရဲ့ အရှင်သခင်မှ မဟုတ်ဘူး။ ငါက ဘယ်ဂိုဏ်းနဲ့မှ မပတ်သက်ဘူး။ ကဲ... ဒီအဓိပ္ပာယ်မရှိတဲ့ စကားတွေကို ရပ်ပြီး ငါပြောတာကို သေချာနားထောင်စမ်း" လုံချန်းက ဆိုလိုက်၏။
"ဟု... ဟုတ်ကဲ့ပါ၊ ပြောပါ အရှင်။ အရှင် ဘာပဲတောင်းတောင်းပါ။ ကျွန်တော့် နိုင်ငံကို တောင်းမယ်ဆိုရင်တောင် အခုချက်ချင်း ပေးဖို့ အဆင်သင့်ပါပဲ။ ကျွန်တော့် မိဖုရားကို လိုချင်လား... ခေါ်သွားပါ။ ကျွန်တော့် ပိုင်ဆိုင်မှုတွေနဲ့ ရတနာတိုက်တွေကို လိုချင်လား... ယူပါ။ အရှင် လိုတာ မှန်သမျှကို ကျွန်တော် ပေးနိုင်ပါတယ်" ဘုရင်ကြီးက လုံချန်းကို တောင်းပန် လိုက်တော့သည်။
လုံချန်း သူ့ကို ကြည့်ပြီး စိတ်ထဲတွင် ထူးဆန်းသွားရ၏။ ‘သူ့မိဖုရား ဟုတ်လား။ ငါက သူ့မိဖုရားကို ယူပြီး ဘာလုပ်ရမှာလဲ’
"ငါ အဲဒါတွေ တစ်ခုမှ မလိုချင်ဘူး။ ငါ လိုချင်တာ တစ်ခုတည်းပဲ ရှိတယ်။ ငါ ရွှေနိုင်ငံကို ပြန်ထူထောင်ချင်တယ်။ မင်းတို့ ရွှေနိုင်ငံဆီက လုယူထားခဲ့တဲ့ နယ်မြေတွေ အပါအဝင် အရာရာအားလုံးကို ပြန်ပေးရမယ်။ ပြီးတော့ ယွဲ့ဖေးကို ရွှေနိုင်ငံရဲ့ ဘုရင်မအဖြစ် တင်မြှောက်ရမယ်။ မင်းတို့ထဲက ဘယ်သူမှ သူ့ကို နှောင့်ယှက်တာမျိုး မရှိစေနဲ့။ မဟုတ်ရင် ငါ ပြန်လာခဲ့မယ်။ သဘောပေါက်လား" လုံချန်းက ဘုရင်ကျူးကို အမိန့်ပေးလိုက်သည်။
"ရွှေနိုင်ငံကို ပြန်ထူထောင်မယ် ဟုတ်လား... ရပါပြီ။ အရှင် ပြောတဲ့ အတိုင်း ဆောင်ရွက်ပါ့မယ်။ သူ့ကို နှောင့်ယှက်ဖို့ နေနေသာသာ... ကျွန်တော့် အမေ အရင်းလိုမျိုး ရိုသေကိုးကွယ်ပါ့မယ်လို့ သစ္စာဆိုပါတယ်။ သူ အလိုရှိတဲ့ ဘယ်အရာကိုမဆို ကူညီပေးပါ့မယ်လို့လည်း ကတိပြုပါတယ်" ဘုရင်ကျူးက ချက်ချင်းပင် သဘောတူလိုက်တော့၏။
"ဒါမှပေါ့။ မင်း ကတိအတိုင်း တည်မယ်လို့ ငါ မျှော်လင့်ပါတယ်။ မင်းသာ ကတိဖျက်မယ်ဆိုရင် ဒီကို လာမှာ ငါတစ်ယောက်တည်း မဟုတ်တော့ဘူး။ ငါ့ရဲ့ မိတ်ဆွေတွေပါ လိုက်လာလိမ့်မယ်" လုံချန်းက ပြောပြီး လက်နှစ်ဖက်လုံးကို လေထဲသို့ မြှောက်လိုက်သည်။
သူ့လက်အမူအရာနှင့်အတူ သားရဲတောင်တန်းဆီမှ သူ ယဉ်ပါးအောင် မွေးမြူထားသော သားရဲကြီးများ ထွက်ပေါ်လာသည်။
နဂါးနှင့်တူသော ဧရာမ မြွေဘုရင်ကြီးသည် သားရဲနယ်မြေထဲမှ ထွက်ပေါ်လာပြီး ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။
ထို့နောက် အနက်ရောင် ဦးချို ကြံ့နှင့် မုဆိုးကြယ်တို့လည်း ခြေလှမ်းလှမ်းလျက် ထွက်ပေါ်လာကြသည်။ ဤသည်က အမြင့်ဆုံးအဆင့်ရှိ သားရဲကြီးများ၏ ပြပွဲတစ်ပွဲကဲ့သို့ ဖြစ်နေပြီး ထိုထဲမှ တစ်ကောင်ချင်းစီကပင် ဤနိုင်ငံငယ်လေးကို တစ်ဦးတည်း ဖျက်ဆီးပစ်နိုင်စွမ်း ရှိကြသည်။
'ဒီလူက... သူကိုယ်တိုင် လာစရာတောင် မလိုဘူးပဲ။ သူ မွေးထားတဲ့ သားရဲတစ်ကောင်ကောင်ကို လွှတ်လိုက်ရုံနဲ့တင် ငါတို့နိုင်ငံ ပျက်စီးသွားနိုင်တယ်။ ငါ သူ့ကို လုံးဝ ရန်မပြုရဲတော့ဘူး' ဘုရင်ကျူးသည် ဤမျှများပြားသော သားရဲကြီးများကို မြင်ပြီး တွေးလိုက်မိ၏။
သူသည် အလွန်အမင်း ကြောက်လန့်နေသဖြင့် ဆီးမထွက်အောင်ပင် ကိုယ့်ကိုယ်ကို မနည်း ထိန်းချုပ်နေရရှာသည်။
"အရှင်... ကျွန်တော် သစ္စာဆိုပါတယ်။ ကောင်းကင် ကျိန်ဆိုခြင်း ပြုပါတယ်။ အရှင် ပြောသမျှကို အသက်နဲ့လဲပြီး အလေးအနက် ဆောင်ရွက်ပါ့မယ်။ ဘုရင်မ ယွဲ့ဖေးက ကျွန်တော့်ရဲ့ မယ်တော်အရင်းလိုပါပဲ။ သူ့ဆီကို ဘာဒုက္ခမှ မရောက်စေရပါဘူး။ ကျွန်တော် ကတိဖျက်ခဲ့ရင် ကောင်းကင်ဒဏ်သင့်ပြီး သေပါစေ" ဘုရင်ကျူးက ကောင်းကင် ကျိန်ဆိုခြင်း ဆိုလိုက်တော့သည်။
လုံချန်းက ကျေနပ်သဖြင့် ခေါင်းညိတ်လိုက်၏။ ယခုဆိုလျှင် သူတို့သည် ယွဲ့ဖေး သို့မဟုတ် ရွှေနိုင်ငံကို ရန်ပြုရန် မည်သည့်အခါမျှ သတ္တိရှိတော့မည် မဟုတ်ကြောင်း သူ သေချာသွားသည်။
ထိုအချိန်တွင်ပင် ယွဲ့မင်ကို အပြင်သို့ ခေါ်ဆောင်လာခဲ့ကြသည်။ သူမ အစ်ကို ဘေးကင်းနေသည်ကို မြင်ရသောအခါ ယွဲ့ဖေးသည် သူ့ထံသို့ ပြေးသွားပြီး တင်းကျပ်စွာ ပွေ့ဖက်လိုက်တော့၏။
"အရှင်... ကျွန်တော် မေးခွန်းတစ်ခု မေးပါရစေ" ဘုရင်ကျူးက လုံချန်းကို မေးလိုက်သည်။
"မေးပါ" လုံချန်းက ခေါင်းညိတ်ပြ၏။
"အရှင်က ရွှေနိုင်ငံအပေါ် ဂရုစိုက်တာကို ကျွန်တော် မြင်ရပါတယ်။ ပြီးတော့ အရှင်က ဒီလောက်ထိ သန်မာနေတာဆိုတော့ အတွင်းရေး သတင်းအချို့ကိုလည်း သိထားလိမ့်မယ် ထင်ပါတယ်။ ရွှေနိုင်ငံကို ပြီးခဲ့တဲ့အကြိမ်က ဘယ်သူက ဖျက်ဆီးခဲ့တာလဲဆိုတာ ကျွန်တော့်ကို ပြောပြနိုင်မလား" ဘုရင်ကျူးက မေးလိုက်၏။
"ဒါက ထိပ်သီးဂိုဏ်းကြီး တဆယ့်ရှစ်ဂိုဏ်းရဲ့ လက်ချက်လား။ အဲဒါကြောင့်မို့လို့ အရှင်က သူတို့ရဲ့ ဂိုဏ်းချုပ်တွေကို သတ်ပစ်ခဲ့တာလား"
ထိုမေးခွန်းကို ကြားလိုက်ရသောအခါ လုံချန်း သက်ပြင်းတစ်ချက်ကို အသာချလိုက်မိသည်။ ဤလူက တကယ့်ကို ဖြေရခက်ခဲသော မေးခွန်းတစ်ခုကို မေးမြန်းလိုက်ခြင်း ဖြစ်ပေသည်။ ယွဲ့ဖေးကိုယ်တိုင်လည်း လုံချန်းကို လှမ်းကြည့်လိုက်၏။ သူမသည်လည်း ဤမေးခွန်း၏ အဖြေကို သိချင်နေခဲ့သည် မဟုတ်ပါလား။
"ဒီအကြောင်းကို ငါ ယွဲ့ဖေးတစ်ယောက်တည်းကိုပဲ ပြောပြမယ်။ မင်းကတော့ ဒီအဖြေကို သိပိုင်ခွင့် မရှိဘူး" လုံချန်းက မျက်မှောင်ကုတ်လျက် ဘုရင်ကြီးကို ပြောလိုက်သည်။
သူသည် သားရဲကြီးများ အားလုံးကို ပြန်လည် ရုပ်သိမ်းလိုက်ပြီးနောက် ယွဲ့ဖေးရှိရာဆီသို့ ခြေလှမ်းလှမ်း၍ သွားလိုက်တော့၏။
"ယွဲ့မင်... မင်း နေကောင်းလား။ ငါ့ကို မှတ်မိသေးရဲ့လား" လုံချန်းက ယွဲ့ဖေး၏ အနီးတွင် ရပ်တန့်ကာ ယွဲ့မင်ကို မေးလိုက်သည်။
ယွဲ့မင်က ခေါင်းညိတ်ပြ၏။ "မင်းက လုံချန်း မဟုတ်လား။ မင်းက သူတို့ဆီကနေ ဒီလောက်ထိ ရိုသေမှုတွေ ရနေတာဆိုတော့ မင်း တကယ်ပဲ အာဏာရှိတဲ့သူတစ်ယောက် ဖြစ်နေပြီပေါ့။ ဟုတ်တယ်မလား။ ငါတို့ကို ကူညီဖို့ လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ယွဲ့မင်က ပြောပြောဆိုဆိုဖြင့် ဦးခေါင်းကို ညွှတ်ကာ အရိုအသေ ပေးလိုက်တော့သည်။