← Chapters

အခန်း ၁၁၄၁

Vol. 108 Ch. 1141

အခန်း ၁၁၄၁

Vol. 108 Ch. 1141

အခန်း ၁၁၄၁ အင်မော်တယ်ကမ္ဘာ၏ ကန့်သတ်ချက်လား

​ဖြန်း...

​လုံချန်းက ရှင်းပြရန် ကြိုးစားသော်လည်း စကားပင် မဆုံးသေးမီ မျက်နှာထံသို့ ရိုက်ချက်တစ်ချက် ကျရောက်လာခဲ့သည်။

​ယွဲ့ဖေးသည် လုံချန်း၏ စကားကို အဆုံးထိပင် နားမထောင်တော့ဘဲ မျက်ရည်များ ဝဲပျံလာလျက် သူ့ပါးကို ရိုက်နှက်လိုက်ခြင်း ဖြစ်ရပေမည်။

​"နင်... နင့်လို မြွေဆိုးကောင်။ နင့်ကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ မြို့တော်ကို နင် ဖျက်ဆီးပစ်ရက်တယ်ပေါ့။ နင် ငါ့အဖေကို သတ်ခဲ့တယ်။ ငါ့အစ်ကိုကို သတ်ခဲ့တယ်။ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့တာ။ နင် ဘယ်လိုတောင် လုပ်ရက်ရတာလဲ" ယွဲ့ဖေးက အော်ဟစ်ပေါက်ကွဲရင်း လုံချန်းကို ရှိသမျှအားအင် အကုန်သုံးကာ ထပ်မံ ရိုက်နှက်လိုက်ပြန်သည်။

​သူမသည် နောက်ဆက်တွဲ အကျိုးဆက်များကို ထည့်တွေးမနေတော့ချေ။ လုံချန်းက ဒေါသတကြီး ပြန်လည်ရိုက်နှက်မည်လော သို့မဟုတ် သတ်ပစ်မည်လော ဆိုသည်ကိုလည်း ဂရုမစိုက်တော့ချေ။ သူမသည် မည်သည့်အရာကိုမျှ စိုးရိမ်မနေတော့ဘဲ ပေါက်ကွဲနေခဲ့ပြီ ဖြစ်သည်။

​"နင်က လူယုတ်မာကောင်။ တောအုပ်ထဲမှာ နင့်ကို စတွေ့ကတည်းက သတ်ပစ်ခဲ့ရမှာ။ အဲဒီတုန်းကတင် နင့်ကို အသေ သတ်ခဲ့သင့်တာ။ ငါတို့က မြွေဆိုးတစ်ကောင်ကို အသက်ရှင်ခွင့် ပေးခဲ့မိတာပဲ" သူမက ဆိုရင်း ယခုတစ်ကြိမ်တွင်မူ လုံချန်းကို လက်သီးဖြင့် ထိုးနှက်ရန် ကြိုးစားပြန်သည်။

​လုံချန်းကမူ တုန်လှုပ်ခြင်းပင်မရှိဘဲ ငြိမ်သက်စွာ ခံနေခဲ့၏။ သူသည် အထွတ်အထိပ် သူတော်စင်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်ရာ သူမ၏ တိုက်ခိုက်မှုများက အလွန်အမင်း အားနည်းလွန်းနေသဖြင့် ဒဏ်ရာရဖို့ နေနေသာသာ ခံစားချက်ပင် မရှိချေ။

​"ယွဲ့ဖေး... ငါ့စကားကို နားထောင်ပါဦး။ အဲဒီနေ့က ငါ..."

​"ပါးစပ်ပိတ်ထားစမ်း... နင်က လူသတ်သမား။ နင်က အပြစ်မဲ့ ပြည်သူတွေ အများကြီးကို သတ်ခဲ့တာ။ မြို့တော် တစ်ခုလုံးကို အစအနမကျန် ချေမှုန်းပစ်ခဲ့ပြီးမှ လာပြီး ဆင်ခြေပေးချင်နေတာလား။ နင်က မိစ္ဆာကောင်ထက် မပိုပါဘူး။ ငါ့ရဲ့အိမ်နဲ့ ငါ့ရဲ့မြို့တော်ကို ဖျက်ဆီးပြီးတော့ ထွက်ပြေးသွားခဲ့တာ မဟုတ်လား။ အခုကျမှ ပြန်လာပြီး ငါ့ကို ကူညီပေးရုံနဲ့ အရာအားလုံး အဆင်ပြေသွားမယ်လို့ နင် ထင်နေတာလား" ယွဲ့ဖေးက ဟိန်းဟောက်လိုက်၏။

​လုံချန်းသည် အလွန်အမင်း သန်မာသဖြင့် သူမ၏ မြို့တော်ကို ဖျက်ဆီးနိုင်စွမ်း ရှိသည်ကို သူမ သိရှိပြီး ဖြစ်သည်။ ထို့ကြောင့်လည်း သူ့စကားကို မသန်သယ ဖြစ်မနေတော့ခြင်း ဖြစ်သည်။ ယခုမှပင် လုံချန်း အဘယ်ကြောင့် သူမကို ကူညီပေးချင်နေရသနည်း ဟူသောအချက်အား သူမ သဘောပေါက်သွားခဲ့ရသည်။ သူသည် မိမိပြုခဲ့မိသော အပြစ်များအတွက် အဖတ်ဆယ်ရန် ကြိုးစားနေခြင်း ဖြစ်နေသည်လော။

​"လူပေါင်းသန်းချီကို သတ်ခဲ့ပြီးမှ လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ပေးရုံနဲ့ နင့်ရဲ့အပြစ်တွေ ကျေသွားမယ်လို့ ထင်နေတာလား။ ဘယ်တော့မှ မကျေဘူး။ နင် ငရဲမှာပဲ ပုပ်သိုးသွားရမယ်" ယွဲ့ဖေးသည် လုံချန်းကို ထုနှက်ရသည်မှာ မောပန်းလာသဖြင့် အော်ဟစ်ဆဲဆိုလိုက်ပြန်သည်။

​မိမိ၏ တိုက်ခိုက်မှုများက သူ့အား မည်သို့မျှ မထိခိုက်နိုင်သည်ကို သူမ သိရှိပြီး ဖြစ်သည်။ သူက သူမထက် အဆမတန် သန်မာလွန်းနေသည် မဟုတ်လော။

​"နင်က အရမ်းသန်မာတာ ဟုတ်ပါတယ်။ ဒါပေမဲ့ မမေ့နဲ့ဦး... တောင်ထက် မြင့်တဲ့တောင် ဆိုတာ ရှိသေးတယ်။ တစ်နေ့ကျရင် နင့်ဘဝထဲကို တစ်ယောက်ယောက် ရောက်လာပြီး နင့်အပြစ်တွေအတွက် အပြစ်ပေးလိမ့်မယ်။ ကံတရားက နင့်ကို အေးအေးလူလူ နေခွင့် ပေးမှာ မဟုတ်ဘူး။ ကောင်းကင်ကြီးက နင့်ကို ဒဏ်ခတ်လိမ့်မယ်" သူမက ဆိုရင်း ဒူးထောက်ကျကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

​သူမ၏ မျက်ရည်များက မဆတ်မစဲ စီးကျနေခဲ့ပြီး မျက်ဝန်းအစုံမှာလည်း နီမြန်းလျက် ရှိနေခဲ့ချေပြီ။

​"ငါလုပ်ခဲ့တဲ့ အပြစ်တွေအတွက် ဘယ်စကားနဲ့မှ အစားထိုးလို့ မရနိုင်ဘူးဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီး ငါ့စကားကို နားထောင်ပေးပါ။ အဲဒီတုန်းက ငါက စွမ်းရည်တစ်ခုရဲ့ လွှမ်းမိုးမှုကို ခံထားရတာ။ အဲဒီစွမ်းရည်က ငါ့ခန္ဓာကိုယ်ကို ထိန်းချုပ်ထားချိန်မှာ ငါ့ရဲ့ အသိစိတ်က အိပ်ပျော်နေခဲ့တာပါ။ ငါ ဘာလို့ အဲဒီစွမ်းရည်ကို သုံးခဲ့ရသလဲဆိုရင်တော့ အထွတ်အထိပ်ဂိုဏ်းက အကြီးအကဲတွေက ငါ့ရဲ့မျိုးနွယ်စု တစ်ခုလုံးကို ဖျက်ဆီးပြီး အားလုံးကို သတ်ပစ်ဖို့ လုပ်နေခဲ့ကြလို့ပဲ" လုံချန်းက နောက်ဆုံးတွင်မှ အဖြစ်အပျက်ကို အေးဆေးစွာ ရှင်းပြလိုက်ရတော့သည်။

​ယွဲ့ဖေး၏ ငိုရှိုက်သံများကြားတွင် သူမ မိမိစကားကို ကြားရသည်၊ မကြားရသည်ကို သူ သေချာမသိသော်လည်း ဆက်လက်၍သာ ရှင်းပြနေခဲ့၏။

​"ပြီးတော့ အဲဒီစွမ်းရည်ကို သုံးလိုက်တဲ့အချိန်မှာ ဒီလို အကျိုးဆက်မျိုး ဖြစ်လာလိမ့်မယ်လို့ ငါ တကယ် မသိခဲ့ဘူး။ ကောင်းကင်ကြီးကို တိုင်တည်ပြီး သစ္စာဆိုရဲပါတယ်။ စွမ်းရည်ရဲ့ အာနိသင် ကုန်ဆုံးသွားတဲ့ အခါကျမှသာ ငါ ဘာတွေလုပ်မိခဲ့သလဲဆိုတာ သိလိုက်ရတာ။ ဒါက ငါ့ရဲ့ အပြစ်တွေကို ပျောက်ကွယ်မသွားစေနိုင်ဘူးဆိုတာ ငါသိပါတယ်"

​"ဒီအပြစ်ကို ငါ့ဘဝတစ်လျှောက်လုံး ရင်ဆိုင်သွားရမှာပါ။ ဒါပေမဲ့ အတတ်နိုင်ဆုံး ပြန်ပေးဆပ်ချင်လို့ ငါ ကြိုးစားခဲ့တာ။ အခုတော့ ငါ့ကို ခွင့်လွှတ်ဖို့၊ မလွှတ်ဖို့က မင်းရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတော့တယ်"

​"ငါ့ကို ခွင့်လွှတ်လိမ့်မယ်လို့ မမျှော်လင့်ရဲပေမဲ့ တစ်နေ့ကျရင်တော့ ငါ့ရဲ့ ဒုက္ခကို မင်းနားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီနေ့ကို အမြန်ဆုံး ရောက်လာစေချင်တာပဲ။ အဲဒီအချိန်အထိတော့ မင်း အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်" လုံချန်းက သက်ပြင်းတစ်ချက်ကို အလေးအနက် ချရင်း ဆိုလိုက်၏။

​သူ၏ သက်ပြင်းချသံက ခန်းမဆောင်ကြီး တစ်ဆောင်လုံးကို လွှမ်းမိုးသွားပြီးနောက် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ခြင်းသို့ ပြန်လည်ရောက်ရှိသွားခဲ့ရသည်။

​ငါးမိနစ်ခန့် တိတ်ဆိတ်သွားပြီးနောက်တွင်မှ ယွဲ့ဖေးသည် ခေါင်းမော့ကြည့်လိုက်မိသည်။ သူမ၏ သိလိုစိတ်ပြည့်နေသော မျက်ဝန်းများဖြင့် ခန်းမအနှံ့ ရှာဖွေကြည့်သော်လည်း လုံချန်း၏ အရိပ်အယောင်ကို မတွေ့ရတော့ချေ။

​သူသည် တကယ် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

​"နင် ဘယ်တော့မှ ပြန်မလာပါစေနဲ့" ယွဲ့ဖေးက တိုးတိုးလေး ရေရွတ်ရင်း ဆက်လက်ငိုကြွေးနေမိရှာသည်။

​ဘုရင်ကျူးနှင့် အခြားသူများကမူ အပြင်ဘက်တွင် စောင့်ဆိုင်းနေကြရင်း ခန်းမဆောင်အတွင်း မည်သို့ ဖြစ်ပျက်နေသနည်းဟု တွေးတောနေကြရသည်။

​သုံးနာရီခန့် ကြာမြင့်သွားသည့်တိုင်အောင် ယွဲ့ဖေးသည် အပြင်သို့ ထွက်မလာခဲ့သလို လုံချန်းသည်လည်း ထွက်ပေါ်မလာခဲ့ချေ။

​‘ဟားဟား... ဒါကြောင့်မို့လို့ သူက အသံလုံတဲ့နေရာကို လိုချင်နေတာကိုး။ ငါ ထင်တဲ့အတိုင်းပဲ... သူ အဲဒီကောင်မလေးနဲ့ ပျော်ပါးချင်နေတာပဲ ဖြစ်ရမယ်။ လူတစ်ယောက်က ဘယ်လောက်ပဲ သန်မာပါစေ သူတို့ရဲ့ ကာမရာဂ စိတ်ရိုင်းတွေကတော့ အမြဲတမ်း ထိပ်ဆုံးမှာပဲ မဟုတ်ပါလော။ ဟားဟား’ သူက တွေးရင်း ပြုံးစိစိ ဖြစ်နေခဲ့သည်။

​‘ဒါပေမဲ့ တကယ်တမ်းကျတော့ ဒီကောင်မလေး ယွဲ့ဖေးက အဲဒီလို အမြင့်မြတ်ဆုံး ပညာရှင်ရဲ့ ချစ်သူ ဖြစ်နေပုံပဲ။ ငါ သူ့ကို အတတ်နိုင်ဆုံး သေသေချာချာ စောင့်ရှောက်ရမယ်။ မဟုတ်ရင် ငါ ဘယ်လို သေသွားမလဲ ဆိုတာတောင် သိလိုက်ရမှာ မဟုတ်ဘူး’ သူသည် မေးစေ့ကို ပွတ်သပ်ရင်း တွေးတောနေမိရ၏။

​....

​ကျူးတော်ဝင်မြို့တော်နှင့် ဝေးကွာသော လွင်တီးခေါင်ပြင် တစ်ပြင်တွင် လုံချန်း ပြန်လည်ပေါ်ထွက်လာခဲ့သည်။

​ရွှင်းသည်လည်း သူ့နောက်တွင် ပေါ်လာခဲ့ချေပြီ။

​"အခြေအနေတွေက နင် စီစဉ်ထားသလို ဖြစ်မလာခဲ့ဘူးပဲ။ နင် အဆင်ပြေရဲ့လား" သူမက လုံချန်းကို မေးလိုက်၏။

​လုံချန်းက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။ "ငါ အဆင်ပြေပါတယ်။ အနည်းဆုံးတော့ သူ့ကို အမှန်တရား ပြောပြခွင့် ရခဲ့တာပဲလေ။ အခုတော့ ငါ့ရင်ထဲ နည်းနည်း ပေါ့ပါးသွားပြီ။ ဒါက လုံးဝကြီး ကျရှုံးသွားခဲ့တာတော့ မဟုတ်ပါဘူး။ အရင်ကထက်စာရင် ငါ့စိတ်တွေ ပိုပြီး ငြိမ်းချမ်းသွားခဲ့ပြီ။ ငါ သူ့ကို ကူညီပေးခဲ့တယ်၊ အမှန်တရားကိုလည်း ဖွင့်ပြောခဲ့သလို အရာအားလုံးကိုလည်း စီစဉ်ပေးခဲ့ပြီပဲ။ အခုဆိုရင် ရွှေနိုင်ငံက ပြန်နိုးထလာပြီး အရှိန်အဝါ တောက်ပြောင်လာတော့မှာပါ"

​"ငါ ဝိညာဉ်နက်ဂိုဏ်းကိုလည်း ရွှေနိုင်ငံကို စောင့်ရှောက်ပေးဖို့ ပြောထားဦးမှာဆိုတော့ အားလုံး အဆင်ပြေသွားမှာပါ။ ရွှေနိုင်ငံကလည်း တဖြည်းဖြည်းချင်း တိုးတက်လာမှာဖြစ်ပြီး အရာရာက ပုံမှန်အခြေအနေဆီ ပြန်ရောက်သွားပါလိမ့်မယ်။ တစ်နေ့ကျရင်တော့ ရွှေနိုင်ငံရဲ့ ဒဏ်ရာတွေ သက်သာသွားနိုင်ကောင်းပါရဲ့" သူက ခပ်လှမ်းလှမ်းရှိ နေမင်းကြီးကို ကြည့်ကာ ပြုံးလျက် ဆက်လက်ပြောကြားလိုက်ပြန်သည်။

​"နင် ဒီနေရာကနေ အရာအားလုံးကို စွန့်ခွာဖို့ မပြင်ဆင်ခင်မှာ နောက်ထပ် လုပ်ချင်တာတွေ ကျန်သေးလား။ နင့်ရဲ့ ကိစ္စတွေ ပြီးပြီဆိုရင်တော့ ကောင်းကင် ဘေးဒုက္ခအတွက် ပြင်ဆင်မှုတွေ စလို့ရပြီ။ အဲဒီနောက်မှာ နင်က မြေကမ္ဘာ သူတော်စင်အဆင့်ကို တက်လှမ်းနိုင်တော့မှာ မဟုတ်လား။ အဆင်သင့် ဖြစ်ပြီလား" ရွှင်းက လုံချန်းကို မေးလိုက်၏။

​လုံချန်းက ရွှင်းကို ကြည့်ကာ ခေါင်းခါပြလိုက်သည်။

​"ငါ မပြီးသေးဘူး။ အရာအားလုံးကို နောက်ချန်မထားခဲ့ခင်မှာ ငါ လုပ်စရာ နည်းနည်း ကျန်သေးတယ်" လုံချန်းက ပြန်လည်ဖြေကြားလိုက်၏။

​"ဘာကိစ္စတွေလဲ" ရွှင်းက သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

​"ငါ ကျိချင်းကို သူ့ မိသားစုနဲ့ တွေ့နိုင်အောင် ကူညီပေးချင်သေးတယ်။ သူ့ နိုင်ငံကလည်း ဒီတိုက်ကြီးပေါ်မှာပဲ ရှိတာ။ ဒါတင်မကသေးဘူး... ကျီရှန်းလည်း နိုးလာပြီဆိုတော့ သူလည်း သူ့မိသားစုနဲ့ တွေ့ချင်နေမှာပဲ မဟုတ်လား" လုံချန်းက မေးလိုက်၏။

​"ဒါနဲ့... ငါ့မှာ မေးခွန်းတစ်ခု ရှိတယ်" သူက ရုတ်တရက် ဆိုလိုက်သည်။

​"ဘာမေးခွန်းလဲ" ရွှင်းက မေးမြန်းလိုက်၏။

​"ငါ့ရဲ့ မိသားစု... ဆိုလိုတာက ငါက မြေကမ္ဘာသူတော်စင်အဆင့်ကို ဖြတ်ကျော်နိုင်မှာ ဟုတ်တယ်မလား။ ဒါပေမဲ့ သူတို့ကတော့ ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး။ အဲဒီလိုဆိုရင် ငါက သူတို့ကို အတွင်းကမ္ဘာထဲကနေ အပြင်ကို ခေါ်ထုတ်လာလို့ မရတော့ဘူးလား"

​"ငါသိရသလောက်တော့ အင်မော်တယ်ကမ္ဘာက မြေကမ္ဘာ သူတော်စင်အဆင့် ပညာရှင်တွေကိုပဲ အဲဒီနေရာကို တက်လှမ်းခွင့် ပြုတာ မဟုတ်လား။ ငါက သူတို့ကို အဲဒီအပြင်ဘက်ကို ခေါ်ထုတ်လာရင် ဘာဖြစ်သွားမလဲ။ သူတို့ ဒဏ်ရာရသွားနိုင်လား"

​"ငါက သူတို့ကို အတွင်းကမ္ဘာထဲမှာပဲ အမြဲတမ်း ထားရမှာလား၊ ဒါမှမဟုတ် အင်မော်တယ်ကမ္ဘာကို ပြပေးလို့ ရမလား ဆိုတာ သိချင်တာ။ ပြီးတော့ ငါ့ရဲ့ သားရဲတွေကော။ သူတို့လည်း ဒီလိုအခြေအနေမျိုးပဲ ဖြစ်နေကြတာ မဟုတ်လား" လုံချန်းက မေးမြန်းလိုက်ရတော့သည်။

​

All Chapters