အခန်း ၁၁၄၂
Vol. 108 Ch. 1142
အခန်း ၁၁၄၂ ယုမျိုးနွယ်စု
"ငါပြောရရင်တော့ ဒါက နင် အခုထိ မေးခဲ့သမျှထဲမှာ အသိဉာဏ် အနည်းဆုံး မေးခွန်းပဲ" ရွှင်းက လုံချန်းကို ကြည့်ကာ ခေါင်းခါရင်း ဆိုလိုက်၏။ "အင်မော်တယ် ကမ္ဘာမှာရှိတဲ့ ကျင့်ကြံသူတွေရဲ့ ကလေးတွေကို မွေးကတည်းက မြေကမ္ဘာ သူတော်စင်အဆင့်နဲ့ မွေးလာတယ်လို့ နင် တကယ် ထင်နေတာလား"
"မထင်ပါဘူး။ အဲဒီလိုဆိုရင်တော့ ရူးစရာကြီး ဖြစ်နေမှာပေါ့" လုံချန်းက ပြန်ဖြေလိုက်သည်။
"အဲဒါပေါ့... ဒါဆိုရင် အဲဒီကမ္ဘာက အားနည်းတဲ့ ကျင့်ကြံသူတွေကို နှိပ်ကွပ်မယ့် စည်းမျဉ်းတွေ ရှိနေလိမ့်မယ်လို့ နင်က ဘာလို့ တွေးနေရတာလဲ" ရွှင်းက မျက်လုံးပင့်ကာ မေးလိုက်၏။
"အဲဒီလိုဆိုရင်တော့ အင်မော်တယ် ကမ္ဘာကို တက်လှမ်းသွားကြတဲ့ ကျင့်ကြံသူတွေက သူတို့ရဲ့ မိသားစုတွေကို ဘာလို့ တစ်ပါတည်း ခေါ်မသွားကြတာလဲ။ သူတို့ကို အတွင်းကမ္ဘာထဲမှာ ထည့်ပြီး ခိုးသွင်းသွားလို့ ရရမှာ မဟုတ်ဘူးလား" လုံချန်းက သံသယဖြစ်မိသဖြင့် ပြန်လည်မေးမြန်းလိုက်သည်။
"ခေါ်သွားလို့ မရဘူးလေ" ရွှင်းက အကြောင်းပြချက်ကို ရှင်းမပြဘဲ တိုတိုတုတ်တုတ်ပင် ပြန်ဖြေ၏။
"ဘာလို့ ခေါ်သွားလို့ မရတာလဲ" လုံချန်းကိုယ်တိုင်လည်း သိလိုစိတ် ပြင်းပြလာခဲ့ရသည်။
"ဘာလို့လဲဆိုတော့ သူတို့ရဲ့ အတွင်းကမ္ဘာက အားနည်းလွန်းလို့ပဲ။ သေမျိုးကမ္ဘာက လူတွေကို ကိုယ့်ရဲ့ အတွင်းကမ္ဘာထဲမှာ ထည့်ထားမယ်ဆိုရင် အတွင်းကမ္ဘာထဲက လူတွေအားလုံး သေဆုံးသွားနိုင်တဲ့ အခွင့်အရေး ရှိတယ်။ အများအားဖြင့်လည်း ဒီလိုပဲ ဖြစ်ပျက်တတ်တာ။ ဒါက အဲဒီကျင့်ကြံသူကိုပါ ရိုက်ခတ်မှုရှိစေပြီး ထိခိုက်ဒဏ်ရာရစေတယ်။ အဲဒါကြောင့်မို့လို့ ဘယ်သူမှ သူတို့မိသားစုကို ခေါ်မသွားရဲကြတာပေါ့" ရွှင်းက ရှင်းပြလိုက်၏။
"ဘာလဲ... ဒါကို ငါ့ကို ဘာလို့ အရင်က ကြိုမပြောခဲ့တာလဲ။ ငါ့မိသားစုဝင်တွေ သေသွားနိုင်တယ် ဟုတ်လား" လုံချန်း လန့်ဖျတ်ကာ ရုတ်တရက် အော်မိတော့သည်။
"မစိုးရိမ်ပါနဲ့။ နင့်ရဲ့ မိသားစုကတော့ ပိုပြီး ဘေးကင်းပါတယ်။ နင့်ရဲ့ အတွင်းကမ္ဘာကို ဝန်းရံထားတဲ့ သွေးမျိုးဆက် အရှိန်အဝါ ရှိနေတာပဲ။ အဲဒါကြောင့် နင်ကတော့ ဒီလိုအခြေအနေမျိုးရဲ့ ရိုက်ခတ်မှုကို ခံရမှာ မဟုတ်ပါဘူး။ အင်မော်တယ် ကမ္ဘာကနေ လာတဲ့လူတွေအတိုင်းပါပဲ"
"သူတို့ရဲ့ အတွင်းကမ္ဘာတွေကိုလည်း ဒီလိုအကာအကွယ်မျိုးနဲ့ ကာကွယ်ထားတာ။ အဲဒါကြောင့်မို့လို့ သူတို့က သူတို့ရဲ့ အတွင်းကမ္ဘာကို မထိခိုက်စေဘဲ စိတ်ကြိုက် အဝင်အထွက် လုပ်နိုင်ကြတာပေါ့။ သေမျိုးကမ္ဘာက လူတွေမှာတော့ ဒီလိုအကာအကွယ်မျိုး မရှိကြဘူးလေ" သူမက ဆက်လက်ရှင်းပြပြန်သည်။
"နင် သေချာရဲ့လား။ ငါ သူတို့ကို ဘာဒုက္ခမှ မရောက်စေချင်ဘူး" လုံချန်းက မျက်မှောင်ကုတ်ကာ မေးလိုက်၏။
"ရာခိုင်နှုန်း နှစ်ရာ သေချာပါတယ်။ နင့်အတွက် ဘာအန္တရာယ်မှ မရှိဘူး" ရွှင်းက ပြန်ဖြေလိုက်သည်။
"ဒါဆိုရင်တော့ တော်သေးတာပေါ့" လုံချန်း သက်ပြင်းတစ်ချက်ချကာ ရင်ထဲ ပေါ့ပါးသွားခဲ့ရသည်။
သူသည် နေဝါးမျိုလင်းယုန်ကို ထပ်မံခေါ်ယူလိုက်ပြီး ကျောပေါ်သို့ ခုန်တက်ကာ အခြေချလိုက်၏။
နေဝါးမျိုလင်းယုန်သည် လုံချန်း၏ စိတ်ကူးကို သိရှိသည့်အလား ချက်ချင်းပင် ပျံသန်းသွားခဲ့တော့သည်။
"နင် အခု ကျိချင်းရဲ့ နိုင်ငံကို သွားမလို့လား။ ငါ မမှားဘူးဆိုရင် ဒီနေရာကနေဆိုရင် အဲဒါက အနီးဆုံးပဲ" ရွှင်းက လုံချန်းကို မေးလိုက်၏။
"အဲဒီလိုတော့လည်း မဟုတ်သေးဘူး။ လမ်းခုလတ်မှာ ကိစ္စတစ်ခုအတွက် ခဏ ရပ်ချင်သေးတယ်။ ငါ စစ်ဆေးစရာ အချို့ ရှိနေသေးလို့" လုံချန်းက ပြုံး၍ ဆိုလိုက်သည်။
သူ သွားလိုသည့်နေရာက နဂါးမြို့တော်နှင့် မဝေးသဖြင့် နေဝါးမျိုလင်းယုန်သည် အကြာကြီး ပျံသန်းစရာ မလိုခဲ့ချေ။
လုံချန်း မြွေဘုရင်ကို နောက်သို့ ပြန်မလွှတ်မီ ဆင်းသက်ခဲ့သည့် နေရာက လက်တင်မြို့ပင် ဖြစ်သည်။ ယင်းက ဒုတိယအဆင့် နိုင်ငံ တစ်နိုင်ငံ၏ အစိတ် အပိုင်းတစ်ခု ဖြစ်ပေသည်။
"ဒီနေရာလား... ဒီမှာ ထူးထူးခြားခြား ရှိနေလိမ့်မယ်လို့ ငါမထင်ပါဘူး။ နင် ဘာဖြစ်လို့ ဒီမှာ ရပ်ချင်ရတာလဲ" ရွှင်းက ဇဝေဇဝါ ဖြစ်လျက် မေးလိုက်၏။
"ငါ့ရဲ့ လုံမျိုးနွယ်စု... အဲဒီရက်စက်တဲ့ နေ့မှာ ဖျက်ဆီးခြင်း ခံခဲ့ရတာ။ ဒါပေမဲ့ နင်သိတဲ့အတိုင်း အဲဒီနေ့က ငါ ငါ့ရဲ့ မျိုးနွယ်စုဝင် အတော်များများကို ကယ်တင်နိုင်ခဲ့တယ် မဟုတ်လား။ အခု သူတို့ ဘာတွေ ဖြစ်နေလဲဆိုတာကို သိချင်ရုံ သက်သက်ပါပဲ" လုံချန်းက ပြန်ဖြေလိုက်၏။
"အဲဒီလူတွေလား... သူတို့ကို နင်က ဘာဖြစ်လို့ ဂရုစိုက်နေရဦးမှာလဲ။ မေ့သွားပြီလား... ဒါတွေအားလုံး ဖြစ်ပြီးတဲ့နောက်မှာတောင် နင့်ရဲ့ အဖိုးနဲ့ အခြားလူတွေက နင့်ကို ကယ်ဖို့ ပြန်လာခဲ့ကြတာ။ ဒါပေမဲ့ အဲဒီလူတွေကတော့ ယုမျိုးနွယ်စုနဲ့အတူ ထွက်ပြေးဖို့ပဲ ရွေးချယ်ခဲ့ကြတာ မဟုတ်လာ" ရွှင်းက မျက်မှောင်ကုတ်ကာ မေးမြန်းလိုက်သည်။
"ငါ သိပါတယ်။ ငါ သူတို့ကို တကယ်ကြီး ဂရုစိုက်နေတာ မဟုတ်ပါဘူး။ ကံကြမ္မာ အချိတ်အဆက်တွေကို ဖြတ်တောက်ပြီး ငါ့ရဲ့ သိလိုစိတ်ကို အဆုံးသတ်လိုက်တာလို့ပဲ သဘောထားလိုက်ပါ" လုံချန်းက ခေါင်းခါရင်း ဆိုလိုက်၏။
လုံချန်းသည် ဖွံ့ဖြိုးမှု နောက်ကျသော မြို့တော်အတွင်း လျှောက်လှမ်းလာခဲ့ပြီး ယုမျိုးနွယ်စုဆီသို့ ဦးတည်လိုက်သည်။
"နေဦး... ငါ မှတ်မိပြီ။ ယုမျိုးနွယ်စုဆိုတာ နင်နဲ့ စေ့စပ်ထားသူ လင်းရဲ့ မိသားစု မဟုတ်လား" ရွှင်းက ရုတ်တရက် အော်လိုက်မိသည်။ "မင်း သူ့အတွက်နဲ့ အဲဒီကို သွားနေတာတော့ မဟုတ်ပါဘူးနော်"
"မှန်တယ်။ အဲဒါ လင်းရဲ့ မျိုးနွယ်စု ဖြစ်ပေမဲ့ ငါ အဲဒီကို သွားရတဲ့ အကြောင်းရင်းက သူ့ကြောင့် မဟုတ်ပါဘူး။ အဲဒါ ယုထျန်းဟောင်ရဲ့ မျိုးနွယ်စုလည်း ဖြစ်တယ်ဆိုတာ နင် မေ့နေတာလား။ သူက ငါ့အဖေရဲ့ အရင်းနှီးဆုံး သူငယ်ချင်းပဲလေ။ ငါ့အဖေ ပျောက်သွားတုန်းက သူလည်း ဝမ်းနည်းခဲ့ရတာ ဆိုတော့ ငါ့အဖေနဲ့ ပြန်တွေ့ရရင် သူလည်း ဝမ်းသာရှာမှာပါ။ နောက်ဆုံးမှာ ဘာပဲဖြစ်ခဲ့ပါစေ ယုထျန်းဟောင်က လူကောင်းတစ်ယောက်ပါ" လုံချန်းက ဆိုလိုက်၏။ "သူ့ရဲ့ ရိုင်းစိုင်းတဲ့ သမီးနဲ့တော့ မတူဘူးပေါ့လေ"
မကြာမီပင် လုံချန်းသည် ယုမျိုးနွယ်စုသို့ ရောက်ရှိလာခဲ့သည်။
နံရံဝင်း တံခါးဝသို့ ရောက်သည်နှင့် သူသည် အံ့အားသင့်သွားခဲ့ရ၏။
"ဦးလေးရူလား..." သူက စိတ်ဝင်စားသွားဟန်ဖြင့် ရေရွတ်လိုက်မိသည်။ "သူတို့က ဦးလေးကို အစောင့်အဖြစ် ခန့်ထားကြတာလား"
သူ အဘယ်ကြောင့် မသိဘဲ အနည်းငယ် ရယ်ချင်မိသွားသည်။ ထိုလူများသည် မျိုးနွယ်စု အခက်အခဲကြုံနေရချိန်တွင် လုံမျိုးနွယ်စုနှင့် သူ့အဖိုးကို စွန့်ခွာသွားရန် ရွေးချယ်ခဲ့ကြပြီး ယခုအခါတွင်မူ အစေခံများအဖြစ် အလုပ်လုပ်နေကြရသည် မဟုတ်လော။
"မ... မင်း... သခင်လေးလုံလား။ မင်း အသက်ရှင်သေးတာပဲလား" အစောင့်ဖြစ်သူမှာ လုံချန်းကို မြင်သည်နှင့် ထိတ်လန့်တုန်လှုပ်သွားလျက် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရရှာသည်။
"ဒါပေါ့... ကျုပ်ကို ဘာဖြစ်ရမှာလဲ" လုံချန်းက ပျင်းရိပျင်းတွဲ ပြန်ဖြေလိုက်၏။ "ဘာပဲဖြစ်ဖြစ်... ဖယ်ပေးပါ။ ကျုပ် ဦးလေးထျန်းဟောင်နဲ့ တွေ့ချင်လို့"
"အာ... ကျေး... ကျေးဇူးပြုပြီး ကျွန်တော် အထဲကို လိုက်ပို့ပါရစေ" အစောင့်က ဆိုရင်း လုံချန်းကို မျိုးနွယ်စုအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။
"ယုရူ... မင်း ဘာလုပ်နေတာလဲ။ ငါတို့ကို တစ်ခွန်းမှ အကြောင်းမကြားဘဲ သူစိမ်းတစ်ယောက်ကို အထဲကို ဘယ်လိုဖြစ်လို့ ပေးဝင်လိုက်ရတာလဲ"
သူတို့ အထဲသို့ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးမီ ပြတ်ရှရှ အော်သံ တစ်သံကြောင့် ရူ၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့ရသည်။
"အာ... သ... သခင်ကြီးကျင်။ ဂါရဝပြုပါတယ်ခင်ဗျာ" ရူသည် သူတို့ထံသို့ လျှောက်လှမ်းလာသော အဖိုးအိုကို ဦးညွှတ်နှုတ်ဆက်လိုက်၏။
"ယုရူတဲ့လား... ဒါဆို ခင်ဗျားက လုံမျိုးနွယ်စုရဲ့ နာမည်ကို စွန့်ပယ်ပြီး ယုဆိုတဲ့ နာမည်ကို ခံယူလိုက်တာပေါ့။ ကျုပ် ဘာပြောရမှန်းမသိပေမဲ့ အံ့တော့ မအံ့သြပါဘူး" လုံချန်းက ယခင်က လုံမျိုးနွယ်စုတွင် လုံရူဟု လူသိများသော အကြီးအကဲဖြစ်ခဲ့သူ ရူကို ကြည့်ကာ ဆိုလိုက်၏။
"သခင်ကြီးကျင်... သူက သူစိမ်းမဟုတ်ပါဘူး။ သူက လုံမျိုးနွယ်စုရဲ့ သခင်လေးပါ" ယွီရူက အဖိုးအိုကို ရှင်းပြလိုက်သည်။ "အဲဒါကြောင့်မို့လို့ ကျွန်တော် အထဲကို ပေးဝင်လိုက်တာပါ"
"မင်းက အထဲကို ပေးဝင်လိုက်တယ် ဟုတ်လား။ ငါတို့ကို မမေးဘဲ ဒီလိုကိစ္စမျိုးကို ဆုံးဖြတ်ရအောင် မင်းက ကိုယ့်ကိုယ်ကို ဘာကောင်လို့ ထင်နေလဲ" အဖိုးအိုက ပြန်လည်ဟောက်လိုက်၏။
သူသည် လုံချန်းကို စိုက်ကြည့်ကာ ဆက်လက်ပြောကြားလိုက်ပြန်သည်။ "လုံမျိုးနွယ်စု ဟုတ်လား။ အဲဒါက ဒီမြေကမ္ဘာပေါ်ကနေ အစအနမကျန် ပျောက်ကွယ်သွားခဲ့တဲ့ အမှိုက်မျိုးနွယ်စု မဟုတ်ဘူးလား။ ဟား... ဒီခွေးက ဘာဖြစ်လို့ အဲဒီနာမည်ကို စွန့်မပစ်ဘဲ နေမလဲ။ ယုမျိုးနွယ်စုက ပိုပြီး အရှိန်အဝါကြီးတာ။ သူတို့ကို ငါတို့မျိုးနွယ်စုထဲမှာ အစေခံအဖြစ် လက်ခံပေးထားပြီး ငါတို့ရဲ့ နာမည်ကိုပါ ပေးထားတာကပဲ သူတို့အတွက် ကံကောင်းနေပြီ"
သူသည် လုံချန်းက ဤလူသည် အဘယ်ကြောင့် မျိုးရိုးနာမည်ကို ပြောင်းလဲလိုက်ရသနည်းဟု မေးမြန်းသည်အား ကြားလိုက်ရသဖြင့် လုံမျိုးနွယ်စု၏ နာမည်က အလွန် ဂုဏ်ယူစရာ ကောင်းနေသည့်အလား ခံစားလိုက်ရဟန်တူ၏။ ထို့ကြောင့် သူက မခံချင်စိတ်ဖြင့် လုံချန်းကို ပက်ခနဲ ပြောလိုက်ခြင်း ဖြစ်ရပေမည်။
ထိုစကားကို ကြားလိုက်ရသောအခါ လုံချန်း၏ မျက်ဝန်းအစုံက စူးရှသွားခဲ့တော့သည်။
"တောင်းပန်ပါတယ်... မင်း အခုတင် လုံမျိုးနွယ်စုကို အမှိုက်လို့ ခေါ်လိုက်တာလား"
"ခေါ်တယ်လေ... ငါ ဘာလို့ မခေါ်ရမှာလဲ။ အဲဒါက အထွတ်အထိပ် ရောက်နေချိန်မှာတောင် တတိယအဆင့် နိုင်ငံက မျိုးနွယ်စု တစ်ခုပဲ။ ငါတို့ကတော့ ဒုတိယအဆင့် နိုင်ငံရဲ့ ထိပ်သီးမျိုးနွယ်စု ဖြစ်ခဲ့တာ။ အခုထိလည်း ငါတို့က ဒီအတိုင်းပဲ။ ဒါပေမဲ့ အဲဒီမျိုးနွယ်စုကတော့ ဘယ်မှာလဲ။ အမှိုက်ပဲ" အဖိုးအိုက ဆိုလိုက်တော့သည်။