အခန်း ၃၃၇
Vol. 30 Ch. 337
အခန်း (၃၃၇)
ဘာသာပြန် - အားသစ်
“လင်းဖုန်း... ဂြိုဟ်အဆင့်သက်ရှိကို သတ်ဖြတ်နိုင်ပြီးတော့ အသက်အမြုတေကို လုယူရုံတင်မကဘဲ ဒီကမ္ဘာပေါ်မှာ အစိတ်စိတ်အမွှာမွှာ ကျန်ရစ်ခဲ့အောင် ချေမှုန်းပစ်နိုင်တဲ့အရာက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။ အဲဒါက အနည်းဆုံး ကြီးမြတ်တဲ့ ဂလက်ဆီအဆင့် သက်ရှိတစ်ယောက်ပဲ ဖြစ်ရမယ်”
လောင်ဘီသမ်၏ စိတ်ထဲ၌ ထိတ်လန့်တုန်လှုပ်မှုများ ကျန်ရှိနေဆဲပင်။ သူ ဤကမ္ဘာမြေသို့ ရောက်ရှိလာပြီးနောက် ဤကမ္ဘာကြီးက သူထင်ထားသလောက် မရိုးရှင်းကြောင်း ခံစားခဲ့ရသည်။
သို့သော်လည်း ကိစ္စရပ်များက ဂလက်ဆီအဆင့် သက်ရှိများနှင့် ပတ်သက်လာသောအခါ သူ ဆက်တွေးရန်ပင် မဝံ့ရဲတော့ချေ။ ဤကမ္ဘာမြေတွင် မည်သို့သော ထူးခြားချက်များရှိနေသဖြင့် ဂလက်ဆီအဆင့် သက်ရှိတစ်ယောက်က ဤမျှအထိ အလေးအနက် ထားရသနည်း။
လောင်ဘီသမ်အနေဖြင့် ကမ္ဘာမြေကို လွှမ်းခြုံထားသော ကောင်းကင်မျက်နှာကျက် အကာအကွယ်ကလည်း ထိုဂလက်ဆီအဆင့်ထက် ကျော်လွန်နေသော ကြီးမြတ်သည့် သက်ရှိကြီးက တည်ဆောက်ထားခြင်း ဖြစ်ရမည်ဟု သေချာပေါက် ကောက်ချက်ချလိုက်သည်။
“နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ထဲမှာတော့ အသက်အမြုတေ အပိုင်းအစတွေ မရှိတော့ဘူး။ ငါ တခြားနေရာတွေမှာ ရှာရမယ်... အင်း တခြား တားမြစ်နယ်မြေသုံးခုပေါ့။ လေနက်ချောက်အပြင် တခြားတားမြစ်နယ်မြေ နှစ်ခုရှိသေးတယ် မဟုတ်လား”
လင်းဖုန်းတွင် အစီအစဉ်တစ်ခု ရှိပြီးသားပင်။ လီဗိုင်ယာသန်၏ အသက်အမြုတေ အပိုင်းအစများကို ရှာဖွေရန်က ထိပ်တန်းဦးစားပေးဖြစ်၏။ ဤကမ္ဘာပေါ်တွင် အခြားအသက်အမြုတေ အပိုင်းအစများစွာ ပျံ့နှံ့နေဦးမည်ဟု သူ တစ်ထစ်ချယုံကြည်သည်။ ယင်းတို့က မည်သူမျှ ရှာဖွေတွေ့ရှိခြင်း မရှိသေးဘဲ တစ်နေရာရာ၌ ရှိနေနိုင်ပေသည်။
“လင်းဖုန်း... မင်းတစ်ယောက်တည်း အသက်အမြုတေ အပိုင်းအစတွေကို ရှာဖို့ဆိုတာ အရမ်းခက်ခဲလိမ့်မယ်။ ငါ ကူညီရင်တောင် သိပ်ပြီး အသုံးဝင်မှာ မဟုတ်လောက်ဘူး။ မင်းမှာရှိတဲ့ အားသာချက်ကို မင်း ကောင်းကောင်း အသုံးချသင့်တယ်။ မင်း ဒီကိစ္စကို ကိုယ့်အတွက်ကိုတင် လုပ်နေတာ မဟုတ်ဘူး။ လူသားမျိုးနွယ်စုရဲ့ ယဉ်ကျေးမှုအတွက်လည်း ပါတယ်။ ဒါကြောင့်မို့ မင်း အသက်အမြုတေ အပိုင်းအစတွေကို ကူရှာပေးဖို့ လူတိုင်းကို စည်းရုံးသင့်တယ်”
“အမှန်ပဲ။ ငါတို့ လူသားအားလုံးရဲ့ စွမ်းအားကို အသုံးပြုပြီး အတူတူ ရှာဖွေရမယ်။ ဒါပေမဲ့ တခြားသူတော်စင် ရှစ်ပါးလုံးကို ယုံကြည်လာအောင် လုပ်ဖို့က လွယ်မှာတော့ မဟုတ်ဘူး။ ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခု ရှိဖို့ လိုတယ်”
“အကြောင်းပြချက်က မရိုးရှင်းဘူးလား။ မင်းရဲ့ လက်ရှိအင်အားနဲ့ ဘာကိုကြောက်နေဖို့ လိုသေးလဲ။ မင်း အများကြီး ရှင်းပြနေဖို့တောင် မလိုပါဘူး။ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးနဲ့ ပတ်သတ်တဲ့ အခြေအနေကိုပဲ သူတို့ကို ပြောပြလိုက်။ တခြားသူတော်စင်တွေက မင်းကို သေချာပေါက် ယုံကြည်ကြလိမ့်မယ်။ ဘာလို့လဲဆိုတော့ မင်းက လူသားတွေရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နေလို့ပဲ။ အဲဒီ သူတော်စင်တွေအကုန်လုံးက ဆယ်စုနှစ် ရာစုနှစ်ချီ ရှင်သန်လာခဲ့ကြပြီးပြီ။ ဒီကိစ္စက ဘာကိုဆိုလိုတယ်ဆိုတာ သူတို့ သဘာဝကျကျ သိကြမှာပဲ”
လင်းဖုန်း စေ့စေ့စပ်စပ် တွေးတောကြည့်လိုက်သည်။ ယင်းက အမှန်တရားပင်။
သူ၏ လက်ရှိအဆင့်အတန်းက ဟန်ပြသက်သက် မဟုတ်ချေ။ လက်တွေ့တွင် လက်ရှိလူသားမျိုးနွယ်၌ သူက အင်အားအကြီးဆုံးဖြစ်တည်မှု ဖြစ်နေချေပြီ။
တခြားသူတော်စင်ရှစ်ပါးစလုံး လင်းဖုန်းက ဘာကို ကိုယ်စားပြုသလဲဆိုသည်ကို ကောင်းကောင်း သိကြသည်။ ယခုလက်ရှိအချိန်တွင် လူသားမျိုးနွယ်အတွင်း၌ မည်သည့်အရာ မည်သည့်အင်အားကမျှ လင်းဖုန်းကို ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ချေ။
သူပြောသမျှစကားတိုင်းကို သူတို့ ထောက်ခံရပေလိမ့်မည်။
ထို့အပြင် သူတော်စင်ခန်းနှင့် အခြားသူများသည်လည်း ရှေးဟောင်းအပျက်အစီး နယ်မြေများစွာကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ လင်းဖုန်းအနေဖြင့် သူတို့ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးအကြောင်းကို နလုံးတစ်ကန်းမျှ မသိရှိကြဟု မယုံပေ။
“ကောင်းပြီလေ... ငါ သူတော်စင်များညီလာခံကို ချက်ချင်း ခေါ်ယူလိုက်မယ်”
လင်းဖုန်း ချက်ချင်းပင် အခြားသူတော်စင်ရှစ်ပါးလုံးကို ဆက်သွယ်လိုက်တော့သည်။
…
အန္တိမစစ်သေနာပတိချုပ်များ၏ ဌာနချုပ်တွင် သူတော်စင်များညီလာခံကို ထပ်မံကျင်းပခဲ့သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ လင်းဖုန်းက ဤသူတော်စင်များ ညီလာခံကို ဦးဆောင်ကျင်းပခြင်း ဖြစ်၏။
လင်းဖုန်း သူတော်စင်တစ်ပါး ဖြစ်လာကတည်းက သူတော်စင်များညီလာခံကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်၍ ကျင်းပခဲ့ခြင်းမျိုး မရှိခဲ့ပေ။ ထို့အပြင် လင်းဖုန်းသည် လက်ရှိအချိန်တွင် အသန်မာဆုံးသူတော်စင်အဖြစ် သြဇာလွှမ်းမိုးမှု ရှိနေပြီဖြစ်သဖြင့် သူတော်စင်အားလုံး တက်ရောက်လာခဲ့ကြသည်။
“သူတော်စင်တို့... ခင်ဗျားတို့ တုန်ဖန်းရှန်ကို မှတ်မိကြသေးလား”
“သေချာပေါက် မှတ်မိတာပေါ့။ ငါတို့ တုန်ဖန်းရှန်အကြောင်းကို အမြဲတမ်း စုံစမ်းစစ်ဆေးနေတာလေ။ ဒါပေမဲ့ အဖိုးတန်တဲ့ သဲလွန်စတစ်ခုမှ ရှာမတွေ့သေးဘူး။ အဲဒီသတ္တဝါဆန်းက ဘယ်ကနေ ရောက်လာမှန်း ငါတို့ မသိသေးဘူး”
တုန်ဖန်းရှန်က တစ်ချိန်က အနန္တလမ်းစဉ်အကယ်ဒမီမှ ပါရမီရှင်ကျောင်းသားတစ်ဦး ဖြစ်ခဲ့ဖူးသည်။ ထို့အပြင် တုန်ဖန်းရှန်ကြောင့်ပင် အနန္တလမ်းစဉ်အကယ်ဒမီတစ်ခုလုံး ပျက်စီးသွားခဲ့ရသည်။ ထို့ကြောင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က ဤကိစ္စကို သံသယဖြစ်ဖွယ်မရှိ အလွန်တရာ အလေးထား ဂရုပြုနေ၏။
“တုန်ဖန်းရှန် ဘယ်ကနေ ရောက်လာလဲဆိုတာ ကျွန်တော် သိတယ်လို့ ထင်တယ်”
“ဘာ... သူတော်စင်လင်းဖုန်းက သိတယ် ဟုတ်လား”
“သူတော်စင်လင်းဖုန်း... ဒီသတ္တဝါဆန်းက ဘယ်ကနေ ရောက်လာတာလဲဆိုတာ မင်း တကယ် သိတာလား”
သူတော်စင်ခန်းနှင့် အခြားသူများ၏ မျက်လုံးများ တောက်ပသွားပြီး လင်းဖုန်းကို စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်ကြသည်။ ဤကာလအတွင်း သူတို့ တတ်နိုင်သမျှ နည်းလမ်းမျိုးစုံဖြင့် စုံစမ်းစစ်ဆေးခဲ့၏။ သို့သော်လည်း တုန်ဖန်းရှန်က သဲလွန်စတစ်ခုတစ်လေမျှ ချန်ထားခဲ့ခြင်း မရှိသဖြင့် သူတို့ ဘာမှ မတတ်နိုင်ခဲ့ကြချေ။
“လူတိုင်း ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးအကြောင်းကို ကြားဖူးကြလား”
လင်းဖုန်း သူတို့ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး လိုရင်းကိုသာ တည့်တည့်ပြောလိုက်သည်။
ဟင်
သူတော်စင်ခန်း၊ သူတော်စင်ယွမ်ယီနှင့် အခြားသူတော်စင်ခြောက်ပါး၏ မျက်နှာအမူအရာများ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
“သူတော်စင်လင်းဖုန်း... မင်း…မင်း ပြောတာ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးအကြောင်းလား” သူတော်စင်ခန်း၏ အသံက တုန်ရီနေ၏။
“ဟုတ်တယ်... ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးကို ပြောတာပဲ။ တုန်ဖန်းရှန်က ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးနဲ့အတူတူ မွေးဖွားလာခဲ့တဲ့ အထူးသက်ရှိတစ်မျိုး ဖြစ်ရမယ်။ တုန်ဖန်းရှန် နောက်ဆုံးပြောသွားတဲ့ သူ ဆိုတာက ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးကို ဆိုလိုတာ ဖြစ်နိုင်ချေအရမ်းများတယ်။ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးက အချိန်မတိုင်ခင် ကြိုပြီးတော့ နိုးထလာနိုင်ချေရှိတယ်”
သူတော်စင်ရှစ်ပါး၏ ထိတ်လန့်ကြောက်ရွံ့မှုအပြည့်နှင့် မျက်နှာအမူအရာများကို မြင်တွေ့လိုက်ရသောအခါ လင်းဖုန်းအနေဖြင့် သူတို့ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးအကြောင်းကို သေချာပေါက် သိရှိထားကြကြောင်း သို့တည်းမဟုတ် အနည်းအကျဉ်းမျှ ကြားဖူးနားဝရှိကြောင်း နားလည်လိုက်သည်။ သူတို့ လုံးဝ မသိနားမလည်ကြခြင်းတော့ မဟုတ်ချေ။
“တကယ်လို့ အဲဒီတုန်ဖန်းရှန်ရဲ့ စကားက ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးကိုသာ တကယ်ရည်ညွှန်းတာဆိုရင်တော့ ဒါက တကယ့်ကို ကပ်ဘေးဆိုးကြီးပဲ...”
သူတော်စင်ခန်း ခေါင်းခါလိုက်မိသည်။ သူ့မျက်နှာက အနည်းငယ် ဖြူလျော်နေပြီး သာမညအဖိုးအိုတစ်ဦးနှယ် ဖြစ်နေ၏။
ကမ္ဘာကြီးနှင့် ယဉ်ကျေးမှုများကို ဖျက်ဆီးပစ်နိုင်သည့် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကဲ့သို့ ကြောက်မက်ဖွယ်ရာ သတ္တဝါကြီးတစ်ကောင်၏ ရှေ့မှောက်တွင်မူ သူတော်စင်များဆိုသည်မှာ ဘာမျှမဟုတ်ချေ။
“သူတော်စင်တို့ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးအကြောင်း ဘယ်လောက်ထိ သိထားလဲတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ ကျွန်တော် သိသလောက်ဆိုရင် အဲ့ဒီဧရာမသားရဲကြီးက အတိတ်က ရှေးဟောင်းယဉ်ကျေးမှုတွေ အများကြီးကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်ခဲ့တဲ့ တကယ့် တရားခံအစစ်ပဲ။ သူသာ တစ်ခါနိုးထလာမယ်ဆိုရင် အကျိုးဆက်က မတွေးရဲစရာပဲ။ လူသားယဉ်ကျေးမှုလည်း လုံးဝဖျက်ဆီးခံရလိမ့်မယ်”
အခြားသူတော်စင်များလည်း ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က သက်ပြင်းအရှည်ကြီးတစ်ချက်ချရင်း စကားဆိုလိုက်၏။
“ငါ အစတုန်းက ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးဆိုတာ ဒဏ္ဍာရီတစ်ခုပဲဖြစ်ပြီးတော့ ငါတို့နဲ့ အရမ်းအလှမ်းဝေးတယ်လို့ ထင်ခဲ့တာ။ အခုလိုမျိုး မကြာခင် နိုးထလာတော့မယ်လို့ မထင်ထားခဲ့မိဘူး”
“ငါတို့တွေ အဲ့ဒီဧရာမသားရဲကြီးအကြောင်းကို ပထမဆုံးအကြိမ် စသိခဲ့ရတာက ရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးနယ်မြေတစ်ခုထဲမှာပဲ။ အဲဒီထဲမှာ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးအကြောင်းကို ဖော်ပြထားတာ။ အစပိုင်းကတော့ ငါတို့ ဒါကို သိပ်ပြီး အာရုံမစိုက်ခဲ့ကြဘူး။ ဒါပေမဲ့ နောက်ထပ် နှစ်ပေါင်းတစ်ရာအတွင်းမှာ ငါတို့တွေ ရှေးဟောင်းယဉ်ကျေးမှု အမျိုးမျိုးကို တစ်ခုပြီးတစ်ခု ရှာဖွေတွေ့ရှိခဲ့ကြတယ်။ အဲဒီနေရာအားလုံးမှာ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးအကြောင်း ပါနေခဲ့တယ်လေ။ အဲ့တာကြောင့်မို့ ငါတို့ အာရုံစိုက်မိခဲ့ကြတာပဲ။
နောက်ပိုင်းမှာ စုံစမ်းစစ်ဆေးမှုတွေနဲ့ တွက်ချက်မှုတွေအရ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက လေနက်ချောက်ထဲမှာ ပုန်းအောင်းနေတယ်လို့ သံသယရှိခဲ့ကြတယ်။ ဒါကြောင့်မို့လို့လည်း သူတော်စင်ယွမ်ယီနဲ့ သူတော်စင်ခန်းတို့နှစ်ယောက် လေနက်ချောက်ကို ကိုယ်တိုင်သွားပြီးတော့ စောင့်ကြပ်နေကြတာပဲ”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က သူသိထားသမျှ အရာအားလုံးကို ရှင်းပြလိုက်သည်။
လူသားမျိုးနွယ်အနေဖြင့် ရှေးဟောင်းယဉ်ကျေးမှုများမှ သဲလွန်စတချို့ကြောင့် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးအကြောင်းကို အနည်းငယ် နားလည်ထားပြီး ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။ သူက ထိုဧရာမသားရဲကြီး လေနက်ချောက်အတွင်း၌ ရှိနေကြောင်းကိုပင် တွက်ချက်ထားနိုင်ခဲ့ကြသည်။
“သူတော်စင်လင်းဖုန်း... မင်း ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးက အချိန်မတိုင်ခင် ကြိုပြီးနိုးထလာမယ်ဆိုတာ သိနေမှတော့ သူ့ကို ရင်ဆိုင်နိုင်မယ့် နည်းလမ်းမျိုးရော ရှိရဲ့လား” သူတော်စင်ခန်း ရုတ်တရက် မေးမြန်းလိုက်သည်။ သူ့မျက်ဝန်းများအတွင်း၌ မျှော်လင့်ချက်အရိပ်အယောင်တချို့ ဖြတ်ပြေးသွား၏။
ယခုလက်ရှိအချိန်တွင် လင်းဖုန်းတစ်ယောက် ရှေးဟောင်းယဉ်ကျေးမှု၏ အံ့အားသင့်ဖွယ်အမွေအနှစ်များကို ရရှိထားကြောင်း လူတိုင်းသိထားကြသည်။ သူက လက်ရှိအချိန်တွင် လူသားမျိုးနွယ်စု၏ ထိပ်တန်းသူတော်စင် ဖြစ်နေသော်လည်း သူတို့ အခြေအနေကို အဆုံးထိ လိုက်မမေးခဲ့ကြချေ။ သူတော်စင်တိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိကြသည် မဟုတ်ပါလား။ လင်းဖုန်းက လူသားမျိုးနွယ်၏ အစိတ်အပိုင်းတစ်ခုအဖြစ်ရှိနေပြီး လူသားများအတွက် တိုက်ပွဲဝင်ပေးနေသရွေ့ လုံလောက်ပေသည်။
ယခုအခါ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ လင်းဖုန်းအပေါ်၌သာ တည်ရှိနေတော့သည်။
ထာဝရသိုင်းတာအိုအရှင်