အခန်း ၃၃၈
Vol. 30 Ch. 338
အခန်း (၃၃၈)
ဘာသာပြန် - အားသစ်
သို့သော်လည်း လူတိုင်း၏ မျှော်လင့်ချက်များကို ရင်ဆိုင်ရလျှင် လင်းဖုန်းက ခေါင်းခါကာ ပြောလိုက်သည်။
“ကျွန်တော်လည်း ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးကို မရင်ဆိုင်နိုင်သေးဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ နည်းလမ်းတစ်ခုတော့ ရှိတယ်”
“ဘာနည်းလမ်းလဲ”
“ကျွန်တော် ရှေးဟောင်းအမွေအနှစ်တချို့ကို ရရှိထားတာ လူတိုင်းသိကြပါတယ်။ အခု ကျွန်တော့်အနေနဲ့ အသက်အမြုတေလို့ခေါ်တဲ့ အနီရောင်ပုံဆောင်ခဲကျောက်တစ်မျိုး လိုအပ်နေတယ်။ ကျောင်းအုပ်ကြီးလည်း ဒါကို အရင်က မြင်ဖူးပါတယ်။ နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ထဲမှာ ရှာတွေ့ခဲ့တာပါ။ တကယ်လို့ လူတိုင်းက အသက်အမြုတေတွေကို လုံလုံလောက်လောက် ကူရှာပေးနိုင်မယ်ဆိုရင် ကျွန်တော့်ရဲ့ ခွန်အားက ဒီထက်မက ပိုပြီးတိုးတက်လာနိုင်တယ်။ အဲဒီအခါကျရင် ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးကို ယှဉ်ပြိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တာ မဟုတ်တော့ဘူး”
လင်းဖုန်း သူတော်စင်အားလုံးကို အသက်အမြုတေ၏ ပုံသဏ္ဍာန်ကို ထုတ်ဖော်ပြသလိုက်သည်။
“ကောင်းပြီလေ... ငါတို့ ချက်ချင်းပဲ အဖွဲ့အစည်းတွေအကုန်လုံးကို စည်းရုံးပြီး ဒီအသက်အမြုတေတွေကို ရှာဖွေဖို့အတွက် ငါတို့ တတ်နိုင်သမျှ အစွမ်းကုန် လုပ်မယ်။ ဒါပေမဲ့ သူတော်စင်လင်းဖုန်း... မင်းရဲ့ လက်ရှိခွန်အားက ငါတို့ သူတော်စင်တွ အကုန်လုံးထက် အများကြီး သာလွန်နေပြီလေ။ လူသားမျိုးနွယ်စုတစ်ခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်နဲ့ စွမ်းအားတွေကို ပိုပြီးကောင်းကောင်းမွန်မွန် စုဆောင်းနိုင်ဖို့အတွက် သူတော်စင်လင်းဖုန်း အနေနဲ့ အဲဒီနတ်ဆိုးဧကရာဇ်တွေကို အမြစ်ပြတ်ချေမှုန်းဖို့ ကိုယ်တိုင် လှုပ်ရှားပေးလို့ ရမလား” သူတော်စင်ခန်းက ခပ်တိုးတိုး စကားဆိုလိုက်သည်။
သူတော်စင်အားလုံးသည်လည်း လင်းဖုန်းကို မျှော်လင့်ချက်အပြည့်ဖြင့် လှမ်းကြည့်လိုက်ကြသည်။
“နတ်ဆိုးဧကရာဇ်တွေကို အမြစ်ပြတ်ချေမှုန်းရမယ် ဟုတ်လား”
လင်းဖုန်း သူတော်စင်အားလုံး၏ မျှော်လင့်ချက်အပြည့် ရှိနေသော အကြည့်များကို တည့်တည့်ရင်ဆိုင်ရင်း ပြတ်ပြတ်သားသား ပြောကြားလိုက်သည်။
“ကျွန်တော်က လူသားမျိုးနွယ်စုရဲ့ သူတော်စင်တစ်ပါးပဲလေ။ ဘာဖြစ်လို့ မလုပ်ရမှာလဲ”
နတ်ဆိုးဧကရာဇ်များသည် လူသားအားလုံးအတွက် ကြီးမားလှသော ခြိမ်းခြောက်မှုကြီး ဖြစ်၏။ နတ်ဆိုးဧကရာဇ်တစ်ကောင် ပေါ်ထွက်လာသည့် အကြိမ်တိုင်း လူသားမျိုးနွယ်အတွက် ကပ်ဘေးတစ်ခုနှယ် အကျိုးဆက်များကို ဆောင်ကြဉ်းပေးလေ့ရှိသည်။ ထိုအကြောင်းကြောင့်ပင် သူတော်စင်ကိုးပါးက ထိုနတ်ဆိုးဧကရာဇ်များကို ဟန့်တားနိုင်ရန်အတွက် တစ်နှစ်ပတ်လုံး ပြင်ပနယ်မြေ၌ သွားရောက်စောင့်ကြပ်နေကြရခြင်း ဖြစ်သည်။
သို့သော်လည်း ဤအချက်က လူသားသူတော်စင်များကို ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေစေပြီး သူတို့အနေဖြင့် ကျင့်ကြံရန် သို့မဟုတ် လူသားမျိုးနွယ်စု၏ မျိုးဆက်သစ်များကို လမ်းညွှန်ပြသပေးရန်အတွက် အချိန်အလုံအလောက် မရှိကြချေ။
သို့သော် ယခုအခါတွင်မူ အခြေအနေများက ပြောင်းလဲသွားခဲ့လေပြီ။ လင်းဖုန်းတွင် ခြိမ်းခြောက်မှုအားလုံးကို ရှင်းလင်းပစ်နိုင်သည့်စွမ်းအား ရှိနေပြီဖြစ်၏။ နတ်ဆိုးဧကရာဇ်များက လူသားများ မကျော်လွှားနိုင်လောက်အောင် စွမ်းအားကြီးမားနေခြင်းမျိုး မဟုတ်တော့သလို သတ်ဖြတ်ရန် ခက်ခဲလှသော ဖြစ်တည်မှုမျိုးလည်း မဟုတ်တော့ချေ။
အကယ်၍ သူတို့သာ နတ်ဆိုးဧကရာဇ်များကို အမြစ်ပြတ်ချေမှုန်းနိုင်မည်ဆိုပါက လူသားသူတော်စင်များအနေဖြင့်လည်း လွတ်လပ်သွားကြမည်ဖြစ်ပြီး လင်းဖုန်းအတွက် အသက်အမြုတေများကို ကူညီစုဆောင်းပေးနိုင်မည်ဖြစ်ကာ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး ခြိမ်းခြောက်မှုကိုလည်း အတူတကွ ရင်ဆိုင်နိုင်ကြပေလိမ့်မည်။
“နတ်ဆိုးဧကရာဇ်တွေက အများကြီးပဲလေ။ ငါတို့ ဘယ်ကနေ အရင်စကြမလဲ”
“ကျွန်တော် သေသေချာချာ စဉ်းစားထားပြီးသားပါ။ တားမြစ်နယ်မြေကြီး သုံးခုကနေ အရင်စကြရအောင်။ ကျွန်တော် တစ်ချိန်တုန်းက နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ထဲမှာ အသက်အမြုတေကို ရခဲ့ဖူးတယ်။ တခြားတားမြစ်နယ်မြေတွေထဲမှာလည်း အသက်အမြုတေတွေ ရှိနေနိုင်သေးတယ်။ လမ်းကြုံရင် အဲဒီနတ်ဆိုးဧကရာဇ်တွေကိုပါ တစ်ခါတည်း ရှင်းပစ်လို့ရတာပေါ့”
သူတော်စင်များအားလုံး သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
“ဒါဆိုရင်လည်း ငါတို့ ထွက်ခွာမယ့်အချိန်ကို တစ်ခါတည်း သတ်မှတ်လိုက်ကြရအောင်။ ဒီလောက်အထိ အရေးကြီးတဲ့ စစ်ဆင်ရေးမျိုးအတွက် သူတော်စင်တွေအားလုံး ပူးပေါင်းပြီး တိုက်ခိုက်ကြဖို့ ငါ အကြံပြုချင်တယ်”
သူတော်စင်ခန်းက သံပူခိုက် နာနာထုလိုက်ခြင်း ဖြစ်သည်။ သူ ဤကဲ့သို့သော နေ့ရက်မျိုး ရောက်ရှိလာရန်အတွက် အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ရ၏။
“မနက်ဖြန် စကြတာပေါ့။ နေရာကတော့... ကျွန်တော် အရင်တစ်ကြိမ်က တာရှာကာသဲကန္တာရကို သွားခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက ဘာတိုင်ကိုပဲ သတ်ခဲ့ရပြီး တာရှာကာသဲကန္တာရကို သေသေချာချာ မရှာဖွေရသေးဘူး။ ဆိုတော့ တာရှာကာသဲကန္တာရကနေပဲ အရင်စကြတာပေါ့”
လင်းဖုန်း ခဏမျှ တွေးတောလိုက်ပြီး အချိန်နှင့်နေရာကို အတည်ပြုလိုက်သည်။
“ဒါဆိုရင်တော့ ဒီစစ်ဆင်ရေးကို နတ်ဆိုးနှိမ်နင်းစစ်ဆင်ရေးလို့ အမည်ပေးရအောင်။ မနက်ဖြန်ကျရင် လူတိုင်း ကာကွယ်သူအဖွဲ့ဌာနချုပ်မှာ လာပြီး လူစုကြပါ”
သူတော်စင်ခန်း နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်သည်။ လူတိုင်း၏ မျက်နှာထက်တွင် အပြုံးရိပ်များ သန်းသွားကြတော့၏။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်တွင်မှ သူတို့အနေဖြင့် နတ်ဆိုးဧကရာဇ်များကို ဦးဦးဖျားဖျား စတင်တိုက်ခိုက်နိုင်မည့် နေ့ရက် ရောက်ရှိလာခြင်း ဖြစ်သည်။ လင်းဖုန်းက ပြင်ပနယ်မြေတွင် သွားရောက်မစောင့်ကြပ်ဖူးချေ။ သူက ဆယ်စုနှစ်ချီ ရာစုနှစ်ချီအောင် ပြင်ပနယ်မြေ၌ သွားရောက်စောင့်ကြပ်ရသည့် နာကျင်မှုကို နားမလည်နိုင်ချေ။
အတိတ်ကာလ တစ်လျှောက်လုံးတွင် လူသားများက အခြားနတ်ဆိုးသားရဲများကို တိုက်စစ်ဆင်နိုင်ခဲ့ကြသော်လည်း နတ်ဆိုးဧကရာဇ်များကိုမူ ခံစစ်အနေဖြင့်သာ ရင်ဆိုင်ခဲ့ကြရသည်။ အကယ်၍ နတ်ဆိုးသားရဲများသာ ကာကွယ်ရေးစည်းတချို့ကို ချိုးဖျက်သွားခဲ့မည်ဆိုပါက သူတော်စင်များအနေဖြင့် အချိန်မီ သွားရောက်ကူညီရန်ပင် တတ်နိုင်လိမ့်မည် မဟုတ်ချေ။
ပြီးခဲ့သည့်အကြိမ် နဂါးကျောက်တုံးမြို့ အကျပ်အတည်းအတွင်း၌ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က အလွန်တိုတောင်းလှသော အချိန်ကာလတစ်ခုအတွင်း ရောက်ရှိလာနိုင်ခဲ့ခြင်းမှာ ကံကောင်းလွန်း၍သာ ဖြစ်သည်။ နတ်ဆိုးဧကရာဇ်တစ်ကောင် ပေါ်ထွက်လာလျှင်ပင် သူ အချိန်မီ ပြန်လည်ဆုတ်ခွာခုခံနိုင်၍သာ ဖြစ်၏။ မဟုတ်ပါက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်အနေဖြင့် နဂါးကျောက်တုံးမြို့တော်ကို ကူညီနိုင်ခဲ့မည် မဟုတ်ချေ။
သူတော်စင်များ သဘောတူညီချက်ရရှိပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြလေသည်။ နောက်ဆုံးတွင် သူတော်စင်ခန်းနှင့် လင်းဖုန်းတို့နှစ်ဦးသာ ကျန်ရစ်ခဲ့တော့၏။
“သူတော်စင်လင်းဖုန်း...”
လင်းဖုန်းလည်း ထွက်ခွာရန် ဟန်ပြင်လိုက်စဉ်မှာပင် သူတော်စင်ခန်းက သူ့ကို လှမ်းတားလိုက်သည်။
“သူတော်စင်ခန်း... ဘာကိစ္စများရှိသေးလို့လဲ”
သူတော်စင်ခန်း အသက်ပြင်းပြင်းရှူလိုက်ပြီး တုံ့ဆိုင်းစွာဖြင့် စကားဆိုလိုက်သည်။
“သူတော်စင်လင်းဖုန်း... ဘာတိုင်ရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ငါ မှားသွားခဲ့တယ်”
သူတော်စင်ခန်းက အမှန်တကယ်ပင် အစချီ၍ တောင်းပန်လိုက်ခြင်း ဖြစ်ပေသည်။ ဤသည်ကား လင်းဖုန်းကို အနည်းငယ် အံ့အားသင့်သွားစေ၏။
သူတော်စင်ခန်းက ဂုဏ်သိက္ခာကြီးမားလှသော သူတော်စင်တစ်ပါးဖြစ်ပြီး လူသားမျိုးနွယ်၏ ရှေ့ဆောင်လမ်းပြဟု လူသိများကာ သမိုင်းတစ်လျှောက် ပထမဆုံးသူတော်စင်ဖြစ်သည်။ သူ၏ ဂုဏ်သတင်း သြဇာတိက္ကမက မည်မျှအထိ ကြီးမားလိုက်သနည်း။ သို့သော်လည်း ယခုအခါတွင်မူ သူက လင်းဖုန်းကို သူ့ဘက်မှ အစချီ၍ တောင်းပန်နေ၏။
လင်းဖုန်းအနေဖြင့် သူတော်စင်ခန်းတစ်ယောက် သူ့ခွန်အားကြောင့်သာ တောင်းပန်နေရခြင်း ဖြစ်သည်ဟု မထင်ချေ။
“သူတော်စင်ခန်း... ခင်ဗျား ဘာတွေလုပ်နေတာလဲ”
“လင်းဖုန်း... ငါ အဲဒီတုန်းက ဘာတိုင်ကို အချိန်မီ မတားဆီးနိုင်ခဲ့ဘူး။ ငါ သူ့ရဲ့ လုပ်ရပ်တွေကို တစ်ဖက်တစ်လမ်းကနေ ခွင့်ပြုပေးခဲ့မိသလိုတောင် ဖြစ်သွားခဲ့တာ။ ပိုကြီးတဲ့ အကျိုးစီးပွားအတွက်ဆိုပြီး ငါ့ရဲ့ မူလရည်ရွယ်ချက်ကနေ မသိမသာ သွေဖည်သွားခဲ့တယ်”
“မဟုတ်ပါဘူး... သူတော်စင်ခန်း... မင်း မှားခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အယူအဆတွေက ကွဲပြားခြားနားကြတယ်ဆိုပေမဲ့ ဘယ်သူမှ မမှားခဲ့ကြပါဘူး။ အရင်က လူသားမျိုးနွယ် အားနည်းနေခဲ့တုန်းက သူတော်စင်ခန်းရဲ့ ခိုင်မာတဲ့ ယုံကြည်ချက်ကြောင့်သာ လူသားတွေ တဖြည်းဖြည်းနဲ့ အားကောင်းလာခဲ့ပြီး ဒီနေ့လိုမျိုး အခြေအနေအထိ ထွန်းကားလာနိုင်တာပါ။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ အရာရာတိုင်းက ပြီးပြည့်စုံနေနိုင်မှာတော့ မဟုတ်ဘူးလေ။ အခု ကျွန်တော်တို့ အားလုံးက လူသားမျိုးနွယ်အတွက် လုပ်နေကြတာပဲ။ ကျွန်တော်တို့ရဲ့ အယူအဆတွေကလည်း ပြန်ပြီးတော့ ထပ်တူကျသွားပြီပဲ မဟုတ်လား”
ထိုသို့ပြောပြီးနောက် လင်းဖုန်း သူ့ပုံရိပ်ယောင်ကို ရုပ်သိမ်းသွား၏။ သူတော်စင်ခန်းမှာမူ တွေးတောဆင်ခြင်နေဟန်ဖြင့် ကျန်ရစ်ခဲ့တော့သည်။
…
နောက်တစ်နေ့တွင်မူ လေသင်္ဘောများက ကာကွယ်သူအဖွဲ့ဌာနချုပ်သို့ တစ်စီးပြီးတစ်စီး ဆိုက်ရောက်လာကြသည်။
လေသင်္ဘောအတွင်းမှ ထွက်ခွာလာသောသူများကြောင့် ကာကွယ်သူအဖွဲ့ချုပ်အတွင်းရှိ သိုင်းသမားတိုင်း အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားကြရ၏။
“အဲဒါ ပြိုင်ဘက်ကင်းလက်သီးသူတော်စင် မဟုတ်လား။ ငါ အရင်တစ်ခေါက်က သူ့ကို မြင်ဖူးတယ်”
“သူတော်စင်ပင်းယုလည်း ပါတာပဲ။ ဝန်ရိုးစွန်းအကယ်ဒမီရဲ့ ကျောင်းအုပ်ကြီးလေ။ ပုံမှန်ဆို သူမက လူလုံးပြခဲတယ်ကွ”
“အဲဒါ လူသားမျိုးနွယ်ရဲ့ ပထမဆုံးသူတော်စင် သူတော်စင်ခန်းပဲ”
“စစ်တပ်ဘက်က သူတော်စင်တွေလည်း ရောက်လာကြပြီဟ။ ရှစ်ယောက်တောင်ပဲ၊ စုစုပေါင်း ရှစ်ယောက်ရှိတယ်။ သေသွားတဲ့ သူတော်စင်ဘာတိုင်ကလွဲရင် ကျန်တဲ့ သူတော်စင်တွေအကုန်လုံး ရောက်နေကြတာပဲ။ ဘာတွေများ ဖြစ်နေတာလဲ”
ကာကွယ်သူအဖွဲ့ချုပ်အတွင်း၌ တရားဝင်အဖွဲ့ဝင် တစ်ရာကျော်မျှသာ ရှိသော်လည်း သူတို့အားလုံး လူသားမျိုးနွယ်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး သူတော်စင်များစုစည်းမှုကို ကိုယ်တိုင်မျက်မြင်ဒိဋ္ဌ ကြုံတွေ့ခွင့်ရလိုက်ကြသည်။
စုစုပေါင်း သူတော်စင်ရှစ်ပါး ကာကွယ်သူအဖွဲ့ချုပ်သို့ ရောက်ရှိလာကြခြင်းပင်။
အောက်ဘက်ရှိ ခမ်းနားထည်ဝါလှသော အဆောက်အဦးများကို လှမ်းကြည့်ရင်း သူတော်စင်များအားလုံး စိတ်ထဲမှ ခေါင်းညိတ်လိုက်မိကြသည်။ လင်းဖုန်း၏ ကာကွယ်သူအဖွဲ့ချုပ်က သူတို့၏ အုပ်စုများနှင့် လုံးဝကွဲပြားခြားနားလှပေသည်။ ယင်းက အလွန်တရာ ခေတ်မီလှသော နည်းပညာအငွေ့အသက်များကို ပိုင်ဆိုင်ထား၏။
နောက်ဆုံးတွင်မူ ဤဌာနချုပ်ကို တတိယယဉ်ကျေးမှုက ချန်ရစ်ထားခဲ့သော စက်ရုပ်များဖြင့် တည်ဆောက်ထားခြင်းဖြစ်၏။ ထို့ကြောင့် တတိယယဉ်ကျေးမှု၏ အချို့ဝိသေသလက္ခဏာများကို အပြည့်အဝ အသွင်ယူထားသဖြင့် လက်ရှိလူသားမျိုးနွယ်၏ အဆောက်အဦးများနှင့်ယှဉ်လျှင် များစွာ ကွဲပြားခြားနားနေခြင်း ဖြစ်သည်။
ထာဝရသိုင်းတာအိုအရှင်