← Chapters

အခန်း ၃၃၉

Vol. 30 Ch. 339

အခန်း ၃၃၉

Vol. 30 Ch. 339

အခန်း (၃၃၉)

ဘာသာပြန် - အားသစ်

“သူတော်စင်ပင်းယု... ဒါ မင်း ကာကွယ်သူအဖွဲ့ရဲ့ ဌာနချုပ်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာ မဟုတ်လား။ ဟားဟားဟား... သူတော်စင်လင်းဖုန်းမှာ အကောင်းစားပစ္စည်းတွေ အများကြီးရှိတယ်ကွ”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကမူ ကာကွယ်သူအဖွဲ့ချုပ်သို့ အကြိမ်အနည်းငယ် ရောက်ဖူးသဖြင့် လက်ရှိတွင် လမ်းပြလုပ်နေ၏။

“ပြိုင်ဘက်ကင်း... ငါ ထင်တာတော့ သူတော်စင်လင်းဖုန်းရဲ့ ကာကွယ်သူအဖွဲ့ချုပ်က တကယ်ကို ကောင်းတယ်။ မင်းက အနန္တလမ်းစဉ်အကယ်ဒမီကို ပြန်တည်ဆောက်နေတာ မဟုတ်လား။ ဘာဖြစ်လို့ အနန္တလမ်းစဉ်အကယ်ဒမီကို ပြန်ဆောက်ဖို့အတွက် သူတော်စင်လင်းဖုန်းဆီက စက်ရုပ်တချို့ ကူညီပေးဖို့ မတောင်းဆိုတာလဲ” သူတော်စင်ကက်က ပြုံးရင်း စကားဆိုလိုက်သည်။

“မင်း ပြောမှ ငါသိမှာလားကွ။ ငါ လင်းဖုန်းဆီက စက်ရုပ် အကောင်သုံးထောင်တောင် ငှားထားပြီးပြီလေ…ဟီးဟီးဟီး။ အနန္တလမ်းစဉ်အကယ်ဒမီကို ရက်ပိုင်းအတွင်းမှာတင် အမြန်ဆုံး ပြန်တည်ဆောက်နိုင်လိမ့်မယ်ကွ”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တစ်ယောက် စိတ်အားထက်သန်မှုများ လျှံထွက်နေ၏။ အနန္တလမ်းစဉ်အကယ်ဒမီကို ပြန်လည်တည်ဆောက်ပြီးသည်နှင့် အခြားအကယ်ဒမီနှစ်ခုကို သေချာပေါက် ကျော်လွန်သွားပေလိမ့်မည်။ ဤအချက်ကပင် သူ့ကို အချိန်အတော်ကြာအောင် စိတ်လှုပ်ရှားနေစေရန် လုံလောက်ပေ၏။

“သူတော်စင်ခန်း... သူတော်စင်တွေအားလုံး ရောက်နေကြပြီပဲ။ အရင်တုန်းက သူတော်စင်တွေအကုန်လုံး တစ်နေရာတည်းမှာ စုစည်းခဲ့ကြတာ ဘယ်အချိန်တုန်းကများလဲ”

“လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ရာသုံးဆယ့်ရှစ်နှစ်တုန်းကလေ။ အဲဒီချိန်တုန်းက သူတော်စင်ခုနစ်ပါးပဲ ရှိသေးတာ။ ငါတို့တွေ အဲဒီချိန်တုန်းက နတ်ဆိုးဧကရာဇ် သုံးပါးကို အတူတူ ပူးပေါင်းရင်ဆိုင်ဖို့အတွက် လူစုခဲ့ကြတာပေါ့”

သူတော်စင်ခန်းလည်း အလွန်တရာ စိတ်လှုပ်ရှားနေရသည်။ နတ်ဆိုးဧကရာဇ်များကြောင့် လူသားသူတော်စင်များ တစ်နေရာတည်း၌ စုံစည်းရန်မှာ အလွန်တရာ ခက်ခဲလှပေသည်။

ထိုအချိန်တွင် လင်းဖုန်းလည်း ထွက်လာသည်။ သူ တစ်ချက်ဝေ့ဝဲကြည့်လိုက်ရာ သူတော်စင်ရှစ်ပါးလုံး လူစုံနေကြပြီဖြစ်သဖြင့် ထွက်ခွာရန် အချိန်တန်လေပြီ။

“ချန်းချန်း... စိတ်မပူပါနဲ့။ ဒီတစ်ကြိမ်တော့ သူတော်စင် ရှစ်ပါးစလုံး ပူးပေါင်းထားတာဆိုတော့ နတ်ဆိုးနှိမ်နင်းစစ်ဆင်ရေးက သေချာပေါက် အောင်မြင်မှာပါ”

မထွက်ခွာမီ လင်းဖုန်း ချူချန်းကို သေသေချာချာ ရှင်းပြလိုက်သည်။

ချူချန်းလည်း နတ်ဆိုးနှိမ်နင်းစစ်ဆင်ရေးကို ထောက်ခံအားပေး၏။ သူမ လင်းဖုန်းအတွက် အနည်းငယ် စိုးရိမ်နေမိသော်လည်း လင်းဖုန်းက သူတော်စင်တစ်ပါးဖြစ်သဖြင့် လူသားမျိုးနွယ်၏ ကြီးမားလှသော တာဝန်ဝတ္တရားများကို ပခုံးထမ်းတင်ထားရကြောင်း ကောင်းကောင်းသိထားပေသည်။

“သွားကြစို့”

စုစုပေါင်း လေသင်္ဘောကိုးစီးက ကာကွယ်သူအဖွဲ့ဌာနချုပ်မှ ပျံသန်းထွက်ခွာသွားကြပြီး တာရှာကာသဲကန္တာရဆီသို့ အလျင်အမြန် ဦးတည်ပျံသန်းသွားကြတော့သည်။

…

ပြင်ပနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာတစ်ခုတွင် မရေမတွက်နိုင်အောင် များပြားလှသော ဝက်အူရစ်ပိုးကောင်များ (တီကောင်သားရဲများ)က မြေပြင်ပေါ်၌ ဝပ်စင်းနေကြပြီး တစ်ကိုယ်လုံး တုန်ရီနေကြကာ တစ်ခုခုကို အလွန်အင်မတန် ကြောက်ရွံ့နေကြပုံရသည်။

သူတို့ ရှေ့မှောက်ရှိ ချောက်ကမ်းပါးချိုင့်ဝှမ်းအတွင်း၌မူ ဆန်းပြားလှသော သွေးနီရောင်အလင်းတန်းများ ဖြာထွက်နေသည့် ဧရာမပိုးကောင်ကြီးတစ်ကောင်က အလွန်တရာ ခက်ခဲပင်ပန်းစွာဖြင့် အသွင်ပြောင်းလဲမှုတစ်ခုကို လုပ်ဆောင်နေပုံရ၏။ ထိုသားရဲကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အရေခွံတစ်လွှာက မသိမသာ ကွာကျလို့နေ၏။ ကီလိုမီတာနှစ်ထောင်ခန့် ရှည်လျားလှသော ဧရာမခန္ဓာကိုယ်ကြီးက ချောက်ကမ်းပါးချိုင့်ဝှမ်းတစ်ခုလုံးကို အပြည့်အဝ နေရာယူထားသည်။

ထိုဧရာမပိုးကောင်ကြီးမှာ အလွန်တရာ နာကျင်ကာ ခံရခက်နေပုံရသည်။ သူ့ပါးစပ်အတွင်း၌ ထူးဆန်းလှသော သွေးနီရောင်သလင်းကျောက်တစ်လုံးရှိနေ၏။ သူက ထိုကျောက်ကို မျိုချနိုင်ရန်အတွက် အစွမ်းကုန် ကြိုးစားနေခြင်း ဖြစ်သည်။

ဝုန်း... ဝုန်း...

နောက်ဆုံးတွင်မူ ဧရာမပိုးကောင်ကြီးက ပါးစပ်ကို အကျယ်ကြီးဟကာ ထိုဧရာမသွေးနီရောင်သလင်းကျောက်ကို အရသာရှိလှသော အစားအစာတစ်ခုအလား ဝါးမြိုပစ်လိုက်တော့သည်။

ချက်ချင်းပင် ဧရာမပိုးကောင်ကြီးထံမှ အတိုင်းအဆမဲ့ နာကျင်နေဟန်ဖြင့် ဟိန်းဟောက်သံများ လှိုင်းတံပိုးတစ်ခုအလား ထွက်ပေါ်လာ၏။ ထိုဟိန်းဟောက်သံကို ကြားလိုက်ရသော မရေမတွက်နိုင်သည့် ဝက်အူရစ်ပိုးကောင်များမှာ မြေပြင်ပေါ်၌သာ ပိုမိုဝပ်စင်းကာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီ၍ ထိတ်လန့်ကြောက်ရွံ့နေကြတော့သည်။

“ဝါးမြိုစမ်း... ဝါးမြိုစမ်း...”

ဝက်အူရစ်ပိုးကောင်များအားလုံး၏ စိတ်အစဉ်ထဲတွင် အသံတစ်ခုက ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေ၏။ ယင်းကား သူတို့မျိုးနွယ်စု၏ မိခင်ပိုးကောင်၊ သူတို့၏ ဘုရင်၊ သူတို့ဘဝတစ်ခုလုံးတွင် အရေးအကြီးဆုံး ဖြစ်တည်မှု၏ အသံပင်။

မရေမတွက်နိုင်သော ဝက်အူရစ်ပိုးကောင်များကလည်း တစီစီ ဟစ်ကြွေးမြည်တမ်းနေကြသည်။ သောင်းနှင့်ချီသော ဝက်အူရစ်ပိုးကောင်များက စစ်တပ်တစ်ခုအလား ချောက်ကမ်းပါးချိုင့်ဝှမ်းအတွင်းမှ အားပြု၍ စနစ်တကျ ပြေးထွက်လာကြတော့၏။

…

“ငါတို့ တာရှာကာသဲကန္တာရကို ရောက်ပြီ”

လင်းဖုန်း လေသင်္ဘောပေါ်မှ ပျံသန်းဆင်းသက်လာသည်။ သူ့အနောက်တွင်မူ သူတော်စင်ရှစ်ပါးစလုံး ရှိနေကြ၏။ ဤသည်ကား လက်ရှိ လူသားမျိုးနွယ်၏ အားအကောင်းဆုံး စစ်အင်အားကြီးပင်။

သူ့ရှေ့မှောက်ရှိ တာရှာကာသဲကန္တာရကြီးသည်ကား လေအဝေ့တွင် ဝါကျင့်ကျင့်သဲမှုန်များ လွင့်စင်မျောပါနေ၏။ ပတ်ဝန်းကျင်တစ်ခွင်လုံး သဲဝါများအတိ ဖုံးလွှမ်းပြည့်နှက်နေကာ သူရိန်နေမင်းကြီးကလည်း ဒေါမာန်ဟုန်ပြင်းစွာဖြင့် တောက်လောင်လျက်ရှိသည်။ တစ်ချက် လှမ်းကြည့်လိုက်ရုံဖြင့် မည်သည့်သက်ရှိရိပ်မျှ မတွေ့ရဘဲ မျှော်လင့်ချက်ကင်းမဲ့ခြင်းနှင့် သေခြင်းတရားတို့ လွှမ်းမိုးထားရာ နယ်မြေတစ်ခုအလား ထင်မှတ်ရပေ၏။

ဤနေရာကား တာရှာကာသဲကန္တာရ၏ အနက်ရှိုင်းဆုံးနေရာဖြစ်ပြီး ရွှေတောင်မြို့နှင့်မူ အလွန်တရာ ဝေးကွာလှသည်။ အကယ်၍ တစ်ယောက်ယောက်က ဤနေရာ၌ အိုအေစစ်တစ်ခုကို ရှာဖွေလိုပါက ကီလိုမီတာထောင်ချီ သို့တည်းမဟုတ် ဤထက်မက ပိုမိုဝေးကွာသော နေရာသို့ သွားရောက်ရပေလိမ့်မည်။

ဤသည်ကား သေမင်းတမန်နယ်မြေပင်။ တစ်ချိန်က ဤနေရာ၌ နတ်ဆိုးဧကရာဇ်များ ပေါ်ထွက်ခဲ့ဖူးကြောင်း ကောလာဟလများ ရှိခဲ့ဖူးသဖြင့် မရေမတွက်နိုင်သော သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများသည်ပင် မဆင်မခြင် ဇွတ်တိုးမဝင်ရဲကြချေ။ အကယ်၍ သူတို့သာ ဇွတ်တိုးဝင်သွားခဲ့မည်ဆိုပါက ဘယ်သောအခါမျှ ပြန်မလာနိုင်တော့သည်လည်း ဖြစ်နိုင်၏။

“စီးပွားရေးအဖွဲ့အစည်းဘက်က တာရှာကာသဲကန္တာရနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တစ်ခုခု ရထားတာရှိလား”

လင်းဖုန်း အခြားသူတော်စင်ရှစ်ပါးကို လှမ်းမေးလိုက်သည်။ နောက်ဆုံး၌ တာရှာကာသဲကန္တာရကြီးက ကြီးမားကျယ်ပြန့်လွန်းလှသဖြင့် သတင်းအချက်အလက် တိတိကျကျမရှိဘဲ နတ်ဆိုးဧကရာဇ်များကို ရှာဖွေရန်က အလွန်တရာ ခက်ခဲလှပေလိမ့်မည်။

သူတော်စင်ခန်း၏ မျက်နှာက ညိုမည်းသွားပြီး တိုးညှင်းစွာဖြင့် စကားဆိုလိုက်သည်။ “ဒီဘာတိုင်က သူ့တာဝန်ကို လျစ်လျူရှုနေခဲ့တာပဲ။ သူ ရွှေတောင်မြို့ကို နှစ်ပေါင်းများစွာ စောင့်ကြပ်လာခဲ့တာ တာရှာကာသဲကန္တာရရဲ့ အနက်ရှိုင်းဆုံးနေရာကို တစ်ခါမှ မသွားဖူးဘူးလို့ ငါ လုံးဝ ထင်မထားခဲ့ဘူး။ အတိတ်တုန်းက သူ ငါတို့ကို ပေးခဲ့တဲ့ အစီရင်ခံစာတွေအားလုံးက အလိမ်အညာတွေချည်းပဲ”

သူတော်စင်ခန်း အလွန်တရာ ဒေါသထွက်နေ၏။ သူတော်စင်ဘာတိုင်က သူတော်စင်များနှင့်ပတ်သက်၍ သူ့အတွေးအမြင်များကို အသစ်တစ်ဖန် ပြန်လည်မွမ်းမံစေသည်။ သူတော်စင်များက နယ်မြေတစ်ခုကို စောင့်ကြပ်ထိန်းချုပ်ကြရပြီး သူတို့၏ တာဝန်က လက်တွေ့တွင် စစ်သေနာပတိများ၏ တာဝန်နှင့် အလားသဏ္ဌာန်တူ၏။

စောင့်ကြပ်ရသော နယ်မြေဒေသအားလုံးက အခြေခံအားဖြင့် သူတော်စင်များ၏ သြဇာအာဏာအောက်တွင် ရှိကြသည်။

သို့သော်လည်း သူတော်စင်ဘာတိုင်ကမူ တာရှာကာသဲကန္တာရအတွင်းသို့ တစ်ကြိမ်တစ်ခါမျှပင် ခြေလှမ်းမလှမ်းခဲ့ဖူးချေ။ သူက နတ်ဆိုးဧကရာဇ်တစ်ကောင်၏ အရိပ်အယောင်ကိုပင် မမြင်ဖူးခဲ့ချေ။ အတိတ်ကာလက စွန့်စားရှာဖွေရေးအဖွဲ့အတချို့ တာရှာကာသဲကန္တာရ၏ အနက်ရှိုင်းဆုံးနေရာသို့ သွားရောက်ခဲ့ကြဖူးသော်လည်း ဘယ်သောအခါမျှ ပြန်မလာနိုင်ခဲ့ကြချေ။ သူတော်စင်ဘာတိုင်ကမူ ဆင်ခြေဆင်လက် အမျိုးမျိုးပေးကာ ထိုကိစ္စကို ဖုံးကွယ်ထားခဲ့သည်။

ယခုအခါ သူတော်စင်ဘာတိုင် သေဆုံးသွားပြီဖြစ်သဖြင့် သူ၏ အတိတ်ကလုပ်ရပ်များမှာ သဘာဝကျကျပင် ပေါ်ထွက်လာလေသည်။ ထိုကိစ္စရပ်များက သူတော်စင်ခန်းကို အကြီးအကျယ် ဒေါသထွက်စေခဲ့၏။ နောက်ဆုံးတွင် အတိတ်ကာလက တာရှာကာသဲကန္တာရကို စောင့်ကြပ်ရန်အတွက် သူတော်စင်ဘာတိုင်ကို သူကိုယ်တိုင် ထောက်ခံပေးခဲ့ခြင်း မဟုတ်ပါလား။

တိကျသော သတင်းအချက်အလက် မရှိဘဲနှင့်မူ ဤမျှကြီးမားလှသော သဲကန္တာရကြီးအတွင်း၌ သူတို့ ရှာဖွေလိုသောအရာကို မည်သို့နှယ် တွေ့ရှိနိုင်မည်နည်း။

“ကျွန်တော် ချက်ချင်းပဲ တချို့ စွန့်စားသူတွေဆီက သတင်းအချက်အလက်တွေကို စုံစမ်းစစ်ဆေးလိုက်မယ်။ တာရှာကာသဲကန္တာရနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အကုန်လုံးကို ရသလောက် စုဆောင်းလိုက်ရအောင်”

သူတော်စင်ရှစ်ပါးလုံး ချက်ချင်း လှုပ်ရှားလိုက်ကြသည်။ သူတို့က အဓိကအဖွဲ့အစည်းကြီးငါးခုကို ထိန်းချုပ်ထားကြသူများဖြစ်သဖြင့် သဘာဝကျကျပင် သတင်းအချက်အလက်များကို အလျင်မြန်ဆုံး စုဆောင်းနိုင်ကြပေလိမ့်မည်။

လင်းဖုန်း ထိုကိစ္စတွင် ဝင်ရောက်မစွက်ဖက်ခဲ့ချေ။ နောက်ဆုံးတွင်ကား သူ၏ ကာကွယ်သူအဖွဲ့ချုပ်မှာ တည်ထောင်ခါစသာ ရှိသေး၏။ ထို့ကြောင့် အခြေခံအုတ်မြစ်က အလွန်တရာ အားနည်းလှသေးကာ တာရှာကာသဲကန္တာရနှင့် ပတ်သက်၍ သတင်းအချက်အလက် ရှာဖွေရန် မစွမ်းနိုင်သေးချေ။ သို့သော်လည်း သူ့တွင် ကိုယ်ပိုင်နည်းလမ်းတစ်ခု ရှိပြီးသားပင်။

လင်းဖုန်း ဖြည်းဖြည်းချင်း မျက်လုံးအစုံကို မှိတ်လိုက်၏။ ထို့နောက် သူ့စိတ်ထဲရှိ စိတ်စွမ်းအားစက်လုံး အနည်းငယ် တုန်ခါသွားပြီး စိတ်စွမ်းအားလှိုင်းတစ်ခုက အရပ်မျက်နှာအနှံ့သို့ အလျင်အမြန် ပျံ့နှံ့သွားတော့၏။

လင်းဖုန်း၏ စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ် တတိယအဆင့်သို့ ရောက်ရှိသွားကတည်းက သူ့အနေဖြင့် စိတ်စွမ်းအားအတိုင်းအတာ ပမာဏကို စမ်းသပ်ခြင်း မရှိသေးချေ။ ထို့ကြောင့် သူ၏ စိတ်စွမ်းအားများ ဆက်လက်ပျံ့နှံ့သွားသည်နှင့်အမျှ လင်းဖုန်းအနေဖြင့် သူ့စိတ်စွမ်းအား ပမာဏအကန့်အသတ်ကို ကောင်းကောင်း သိရှိနိုင်ပေားလိမ့်မည်။

၁၀ မီတာ... မီတာ ၁၀၀... မီတာ ၁၀၀၀...

လင်းဖုန်း၏ စိတ်စွမ်းအားက အလွန်တရာ လျင်မြန်စွာဖြင့် ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ ကီလိုမီတာအနည်းငယ် ပတ်လည်အကွာအဝေးကို စူးစမ်းရှာဖွေပြီး ဖြစ်နေခဲ့လေပြီ။

၂ ကီလိုမီတာ... ၅ ကီလိုမီတာ... ၁၀ ကီလိုမီတာ... ကီလိုမီတာ ၂၀...

မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းဖုန်း၏ စိတ်စွမ်းအားက ကီလိုမီတာ ဆယ်ချီ ရာချီသော နယ်မြေအထိ လွှမ်းခြုံသွား၏။ ဤနယ်မြေအတွင်းရှိ မည်သည့် လှုပ်ရှားမှုမျှ လင်းဖုန်း၏ အာရုံခံမှုမှ မလွတ်မြောက်နိုင်ချေ။

သူ သဲကန္တာရအတွင်း၌ ပုန်းအောင်းနေပြီး အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်နေကြသော ပျံ့ကျဲနေသည့် နတ်ဆိုးသားရဲတချို့ကိုပင် မြင်တွေ့လိုက်ရသည်။

နတ်ဆိုးသားရဲ အနည်းငယ်ကလည်း အခြားနတ်ဆိုးသားရဲတစ်ကောင်ကို အမဲလိုက်နေကြ၏။

ဤနေရာကား ပြင်ပနယ်မြေဖြစ်ပြီး ခြောက်သွေ့ကာ အသက်မဲ့နေသည့် သေမင်းတမန် တာရှာကာသဲကန္တာရကြီးပင်။ ကီလိုမီတာရာချီ ကျော်လွန်သွားသော်လည်း လင်းဖုန်းအနေဖြင့် မည်သည့် အင်အားကြီးနတ်ဆိုးသားရဲကိုမျှ ရှာမတွေ့သေးချေ။

သို့သော်လည်း သူ၏ စိတ်စွမ်းအားကလည်း မည်သည့် ပင်ပန်းနွမ်းနယ်မှုကိုမျှ ခံစားရခြင်း မရှိသေးချေ။ ကီလိုမီတာ ရာဂဏန်းမျှက သူ့အတွက် ဘာမှမဟုတ်သလို ခံစားရသဖြင့် လင်းဖုန်း ဆက်လက်ချဲ့ထွင်ကာ စူးစမ်းလိုက်သည်။

ကီလိုမီတာ ၁၀၀... ကီလိုမီတာ ၃၀၀... ၅၀၀...

လင်းဖုန်း၏ စိတ်စွမ်းအားက ကီလိုမီတာ ၈၀၀ အထိ ရောက်ရှိသွားသောအခါမှသာ ရပ်တန့်သွားတော့၏။

လက်ရှိအချိန်တွင် ကီလိုမီတာ ၈၀၀ အကွာအဝေးက လင်းဖုန်း၏ စိတ်စွမ်းအားအတွက် အနည်းငယ် ပင်ပန်းနွမ်းနယ်မှုကို ပေးစွမ်းနိုင်၏။ သဘာဝကျစွာပင် အကယ်၍ သူသာ စိတ်စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်မည်ဆိုပါက ကီလိုမီတာတစ်ထောင်ကျော်အထိ လွှမ်းခြုံနိုင်စွမ်း ရှိပေလိမ့်မည်။

“သူတော်စင်တို့... ကျွန်တော် တစ်ခုခုရှာတွေ့ပြီ”

ထိုသို့ပြောပြီးနောက် လင်းဖုန်း ရှေ့ဆုံးမှ ဦးဆောင်ကာ လေသင်္ဘောဖြင့် အဝေးတစ်နေရာသို့ အလျင်အမြန် ပျံသန်းသွားတော့သည်။

အခြားသူတော်စင်ရှစ်ပါးက အနည်းငယ် ဝေခွဲမရ ဖြစ်သွားရ၏။ သူတို့ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြသော်လည်း နောက်ဆုံးတွင်မူ လင်းဖုန်းကို ယုံကြည်ရန် ရွေးချယ်လိုက်ကြပြီး နောက်မှ ကမန်းကတန်း လိုက်ပါသွားကြတော့သည်။

…

ထာဝရသိုင်းတာအိုအရှင်

All Chapters