အခန်း ၃၄၀
Vol. 30 Ch. 340
အခန်း (၃၄၀)
ဘာသာပြန် - အားသစ်
“ကြမ်းကြုတ်သားရဲတွေ ဒီလောက် အများကြီး... ဒီကောင်တွေအကုန်လုံးက နတ်ဆိုးတွေ ဖြစ်ပုံရတယ်...”
“တာရှာကာသဲကန္တာရက အရမ်းအန္တရာယ်များပြီးတော့ လျှို့ဝှက်ချက်အကြီးကြီး ရှိနေတယ်လို့ ပြောကြတယ်မလား။ ငါတို့ ကီလိုမီတာထောင်နဲ့ချီအောင် ခရီးနှင်လာတာတောင် ဘာမှမဖြစ်ခဲ့ဘဲနဲ့ အခုမှ ဘာဖြစ်လို့ ဒီလိုမျိုး အန္တရာယ်ကြီးနဲ့ လာတိုးရတာလဲ။ ကြည့်ရတာ ငါတို့တွေ ဒီသဲကန္တာရထဲမှာပဲ အသက်ပျောက်ရတော့မယ် ထင်ပါတယ်ကွာ”
“အကြီးအကဲလင်း ရှိနေတာပဲ... အရာရာ အဆင်ပြေသွားမှာပါနော”
လူငယ်စွန့်စားသူအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး လူဆယ်ဂဏန်းခန့်က စက်ဝိုင်းပုံစံ စုဝေးနေကြသည်။ သူတို့၏ ပတ်ပတ်လည်တွင်မူ မဟူရာရောင် နွားချေးပိုးကောင်ကြီးများသဏ္ဍာန်ရှိသည့် မရေမတွက်နိုင်သော နတ်ဆိုးသားရဲများက ဝိုင်းရံထားကြ၏။
ဤပိုးကောင်နက်ကြီးများမှာ အရွယ်အစား တစ်မီတာခန့်ရှိကြပြီး တစ်ကိုယ်လုံးမှ အနံ့အသက်ဆိုးများ ဖြာထွက်နေသည်။ သူတို့အားလုံးက မှောင်မိုက်ပြီး စိုစွတ်လှသော ဂူတစ်ခုအတွင်းမှ အားပြု၍ တိုးထွက်လာကြခြင်း ဖြစ်၏။
အကြီးအကဲလင်းသည် နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးဖြစ်သော်လည်း မည်သည့်အဖွဲ့အစည်းသို့မျှ ဝင်ရောက်ထားခြင်း မရှိချေ။ သူက အလွန်တရာ ရှားပါးလှသော အလွတ်တန်းသိုင်းသမားများထဲမှ တစ်ဦးဖြစ်၏။ ထို့အပြင် သူသည် ရှေ့တန်းစစ်မျက်နှာပြင်တွင် ဆယ်စုနှစ်နှင့်ချီအောင် တိုက်ပွဲဝင်ခဲ့ဖူးသဖြင့် မိမိဇာတိချက်ကြွေ မွေးရပ်မြေသို့ပြန်ကာ အေးအေးချမ်းချမ်း အနားယူနိုင်ခွင့်ရှိသူလည်း ဖြစ်သည်။
သို့သော်လည်း သူ တတာရှာကာသဲကန္တာရ၏ လျှို့ဝှက်ချက်များကို စွန့်စားရှာဖွေလိုခဲ့၏။ အကြောင်းမှာ လွန်ခဲ့သော ဆယ်စုနှစ်တချို့က သူ့ရဲဘော်ရဲဘက်တချို့ တာရှာကာသဲကန္တာရအတွင်း၌ ကျဆုံးသွားခဲ့ဖူး၍ပင်။ သူ ဤကိစ္စကို ဘယ်သောအခါမှ မေ့ပျောက်နိုင်ခြင်း မရှိခဲ့ချေ။
အကြီးအကဲလင်းသည် စွန့်စားရှာဖွေရေးအဖွဲ့တစ်ခုကို တည်ထောင်ခဲ့၏။ လူအများစုက ပရော်ဖက်ရှင်နယ်သိုင်းသမားအဆင့်မျှသာ ရှိကြသည့် လူငယ်စွန့်စားသူများ ဖြစ်ကြသည်။ သူတို့က အကြီးအကဲလင်းကို အားကိုး၍သာ လမ်းခရီးတစ်လျှောက် အန္တရာယ်များကို ကျော်လွှားနိုင်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ အကြီးအကဲလင်း၏ အတိတ်က ရဲဘော်ရဲဘက်များ ကျဆုံးခဲ့ရသည့် ဤနေရာ၌ပင် သူတို့ အန္တရာယ်ကြီးတစ်ခုနှင့် ပက်ပင်းတိုးမိရလေပြီ။
ဤပိုးကောင်နက်ကြီးများအားလုံးက အသွင်ပြောင်းနယ်ပယ်နှင့်ညီမျှသော နတ်ဆိုးများ ဖြစ်နေကြသည်။
အကြီးအကဲလင်း၏ မျက်နှာအမူအရာက အလွန်ပင် လေးနက်တည်ကြည်နေ၏။ အကယ်၍ ပိုးကောင် အရေအတွက် ဆယ်ဂဏန်းခန့်မျှသာ ရှိမည်ဆိုလျှင် သူ့အတွက် ပြဿနာမဟုတ်သော်လည်း ယခုအခါ သူတို့နောက်တွင် သောင်းနှင့်ချီသော ပိုးကောင်များ ရှိနေသည်။ ထို့ပြင် ထိုပိုးကောင်အားလုံးက နတ်ဆိုးများပင်။
ဤသည်ကား ယုံနိုင်စရာပင် မရှိချေ။ မည်သို့သော ကြမ်းကြုတ်သားရဲမျိုးက ဤမျှအထိ များပြားလှသော နတ်ဆိုးများကို မွေးထုတ်နိုင်ပါသနည်း။
“အဓိကအဖွဲ့အစည်းကြီးငါးခုဆီကို ချက်ချင်း အစီရင်ခံလိုက်စမ်း။ တာရှာကာသဲကန္တာရထဲမှာ ကြီးမားတဲ့ အကျပ်အတည်းတစ်ခု ပုန်းအောင်းနေတယ်လို့...”
အကြီးအကဲလင်း ဤမျှအထိ အန္တရာယ်များလှသော အခြေအနေနှင့် ကြုံတွေ့နေရစဉ်မှာပင် ပထမဆုံး တွေးတောလိုက်မိသည်က ဤအခြေအနေကို အဓိကအဖွဲ့အစည်းကြီးငါးခုထံ အစီရင်ခံရန်ဖြစ်သည်။ ဤနေရာ၌ နတ်ဆိုးများ ဤမျှအထိ များပြားနေသည်ဆိုပါက အထဲတွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသော မဟာနတ်ဆိုးတစ်ကောင် သေချာပေါက် ရှိနေရပေမည်။
ဤနတ်ဆိုးများသာ တာရှာကာသဲကန္တာရအတွင်းမှ အပြင်သို့ တိုးထွက်သွားခဲ့မည်ဆိုလျှင် အကျိုးဆက်က မတွေးဝံ့စရာ ဖြစ်ပေလိမ့်မည်။
“အကြီးအကဲလင်း... ကျွန်တော်တို့ ရှာတွေ့ပြီ၊ ရှာတွေ့ပြီ...”
ရုတ်တရက် လူငယ်စွန့်စားသူတစ်ဦးက စာသားများ ထူထပ်သိပ်သည်းစွာ ရေးထွင်းထားသည့် ရှေးဟောင်းကျောက်ပြားတစ်ချပ်ကို လက်ထဲတွင် ကိုင်မြှောက်ပြလိုက်သည်။ ယင်းတို့က ရှေးဟောင်းယဉ်ကျေးမှုတစ်ခုက စာသားများသာ ဖြစ်ရပေလိမ့်မည်။
အကြီးအကဲလင်းလည်း စိတ်လှုပ်ရှားသွားရသည်။ ဤစာသားများက အတိတ်က သူ့ရဲဘော်ရဲဘက်များ ချန်ရစ်ထားခဲ့သော ပစ္စည်းများပေါ်ရှိ စာသားများနှင့် ထပ်တူကျနေ၏။
သူ နောက်ဆုံးတွင် ရှာတွေ့ခဲ့လေပြီ။ သူ့အနေဖြင့် သူ့ရဲဘော်ရဲဘက်များက ဤနတ်ဆိုးသားရဲ ပိုးကောင်ကြီးများ၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သေချာပေါက် ကောက်ချက်ချလိုက်နိုင်တော့သည်။
သို့သော်လည်း ကံဆိုးစွာပင် သူသည်လည်း သူတို့အတွက် လက်စားချေပေးနိုင်တော့မည် မဟုတ်ချေ။
စွန့်စားရှာဖွေရေးအဖွဲ့တစ်ခုလုံး အလွန်တရာ ဘေးကျပ်နံကျပ် အခြေအနေနှင့် ကြုံတွေ့နေရသည်။ တချို့သူများ၏ မျက်နှာသွင်ပြင်က သွေးမရှိတော့သည့်အလား ဖြူလျော်နေ၏။ ဤရက်စက်ကြမ်းကြုတ်လှသော နတ်ဆိုးများကို ရင်ဆိုင်ရန်အတွက် သူတို့တွင် မည်သည့် ခုခံနိုင်စွမ်းမျှ မရှိကြချေ။
ရွှစ်...ဝှစ်...
ရုတ်တရက် အဝေးကောင်းကင်ယံမှ လေသင်္ဘောကိုးစီး ပျံသန်းရောက်ရှိလာကြသည်။ မျက်စိတစ်မှိတ်အတွင်း ထိုလေသင်္ဘောအားလုံး သူတို့ခေါင်းထက်ရှိ ကောင်းကင်ယံသို့ ရောက်ရှိလာကြ၏။
“လေသင်္ဘောတွေပဲ...”
စွန့်စားရှာဖွေရေးအဖွဲ့ဝင်များအားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။ သူတို့၏ မျက်နှာထက်တွင် အံ့ဩဝမ်းသာနေသည့် အရိပ်အယောင်များ ထပ်မံပေါ်ထွက်လာရ၏။
ဝူး... ဝူး...
သို့သော်လည်း နွားချေးပိုးကောင်ကြီးများက ရုတ်တရက် ခုန်တက်လာပြီး သူတို့၏ အတောင်ပံများကို ဖြန့်ကျက်လိုက်သည်။ ဤပိုးကောင်များကား တကယ်ပင် ပျံသန်းနိုင်ကြသေး၏။
မရေမတွက်နိုင်သော ပိုးကောင်ကြီးများက အုပ်စုလိုက် လေသင်္ဘောကိုးစီးဆီသို့ ဦးတည်ပျံသန်းတိုက်ခိုက်လိုက်ကြတော့၏။
“သတိထား...”
ဤလေသင်္ဘောများက တိုက်ခိုက်ရေးလေသင်္ဘောများ မဟုတ်ကြချေ။ သူတို့က အလွန်လျင်မြန်ကြသည်ဆိုသော်လည်း မည်သည့်လက်နက်မျှ တပ်ဆင်ထားခြင်း မရှိကြချေ။ ဤကြောက်မက်ဖွယ်ရာ ပိုးကောင်ကြီးများကို ရင်ဆိုင်ရသဖြင့် သူတို့အနေဖြင့် ပျက်ကျရမည့် ကံကြမ္မာမှ လွတ်မြောက်နိုင်ကြတော့မည် မဟုတ်ချေ။
ဝှစ်...
လူရိပ်တစ်ခု လေသင်္ဘောအတွင်းမှ ပျံသန်းထွက်ခွာလာ၏။ သူ ပတ်ပတ်လည်ကို တစ်ချက်ဝေ့ကြည့်လိုက်ရာ အောက်ဘက်တွင် ထူထပ်သိပ်သည်းစွာ ရှိနေကြသည့် ပိုးကောင်ကြီးများကို တွေ့လိုက်ရသည်။
“ဟမ့်...”
ထိုလူရိပ်က အလွန်ပင် ငယ်ရွယ်ဟန်ရှိသည်။ သူ ပိုးကောင်ကြီးများကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စက် နှာခေါင်းရှုံ့ကာ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
ရုတ်တရက် စွန့်စားရှာဖွေရေးအဖွဲ့ဝင်တိုင်း ကောင်းကင်ကြီးတစ်ခုလုံး မှောင်မိုက်သွားသည့်အလား ခံစားလိုက်ကြရ၏။
“ဒါက...”
“လက်ဝါးကြီးပဲဟ... ဘယ်လောက်တောင် ကြီးလိုက်တဲ့ လက်ဝါးကြီးလဲ...”
စွန့်စားရှာဖွေသူအားလုံး၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ဧရာမလက်ဝါးကြီးက ကောင်းကင်ယံမှ ညို့မည်းနေသော တိမ်စိုင်တိမ်ခဲကြီးပမာ ကျဆင်းလာတော့သည်။
ဘုန်း
ဧရာမလက်ဝါးကြီး ကျရောက်လာပြီး မြေပြင်တစ်ခုလုံး သွက်သွက်ခါသွားသည်။ စွန့်စားရှာဖွေရေးအဖွဲ့အတွင်းရှိ လူတိုင်း အသက်ရှူကျပ်သည့်အလား ခံစားလိုက်ကြရ၏။
ထို့နောက် ဧရာမလက်ဝါးကြီး ပျောက်ကွယ်သွားသည်။ စွန့်စားရှာဖွေရေးအဖွဲ့မှ လူဆယ်ဂဏန်းခန့်မှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် မျက်လုံးများကို တင်းတင်းကျပ်ကျပ် မှိတ်ထားမိကြသည်။ သို့သော်လည်း သူတို့ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူတို့ သေဆုံးသွားခြင်း မရှိသလို တစ်နေရာရာတွင်မှ ထိခိုက်ဒဏ်ရာရသွားခြင်းပင် မရှိကြောင်း သိလိုက်ကြရသည်။
သူတို့လေးပတ်ပတ်လည်တွင်မူ ပိုးကောင်ရာချီက အသားပုံကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြလေပြီ။ မြေကြီးပေါ်တွင် ဧရာမတွင်းကြီးတစ်ခု ပေါ်ထွက်နေပြီး သူတို့ ရပ်နေသည့် နေရာလေးသာ အကောင်းပကတိအတိုင်း ကျန်ရစ်ခဲ့၏။
“အဲဒါက...”
လူတိုင်း တုန်လှုပ်ခြောက်ချားသွားကြရသည်။ စောစောကပင် ကောင်းကင်ယံမှ ကျဆင်းလာခဲ့သော ထိုကြောက်မက်ဖွယ်ရာ လက်ဝါးကြီးကို မြင်တွေ့လိုက်ရစဉ်က သူတို့ သေချာပေါက် သေရတော့မည်ဟု ထင်မှတ်ခဲ့ကြ၏။ ထိုကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားက စိတ်ကူးကြည့်ရုံဖြင့်ပင် အသက်ရှူကျပ်လုမတတ် ဖြစ်စေသည်။
ထိုလူငယ်လေးက တိုက်ရိုက်ပင် ပျံသန်းဆင်းသက်လာပြီး အေးဆေးတည်ငြိမ်စွာ မေးမြန်းလိုက်သည်။
“ခင်ဗျားတို့က ဘယ်သူတွေလဲ”
“ကျွန်တော်တို့က စွန့်စားရှာဖွေရေးအဖွဲ့တစ်ခုပါ။ အရှင်က... အရှင်က သူတော်စင်လင်းဖုန်းမလား”
တစ်ယောက်က သူ့ကို နောက်ဆုံးတွင် မှတ်မိသွားသည်။ မည်သို့ပင်ဆိုစေ လင်းဖုန်းက လူသားမျိုးနွယ်၏ ဒဿမမြောက်သူတော်စင် မဟုတ်ပါလား။ လွန်ခဲ့သည့် လအနည်းငယ်ကမှ သူ့အကြောင်းကို နေရာအနှံ့ ကြေညာခဲ့သေးသည်။ သို့ဖြစ်၍ သူတို့အနေဖြင့် သဘာဝကျကျပင် သူ့ကို မှတ်မိကြ၏။
လင်းဖုန်း ခေါင်းညိတ်ပြလိုက်သည်။ စွန့်စားရှာဖွေရေးအဖွဲ့မှာ အလွန်စိတ်လှုပ်ရှားသွားတော့၏။
သူတို့က အမှန်တကယ်ပင် သူတော်စင်တစ်ပါးနှင့် ဆုံတွေ့ခဲ့ကြရခြင်း ဖြစ်ပေသည်။ သူက လက်ဝါးတစ်ချက်တည်းဖြင့် ဤမျှများပြားလှသော ပိုးကောင်ကြီးများကို သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ချေ။
အကြီးအကဲလင်းသည်လည်း အလျင်အမြန် ပျံသန်းလာပြီး ရိုရိုသေသေဖြင့် ပြောလိုက်သည်။
“အရှင်သူတော်စင်ကို ဂါရဝပြုပါတယ်”
“ခင်ဗျားတို့ တာရှာကာသဲကန္တာရထဲမှာ ဘာလာလုပ်နေကြတာလဲ”
“သူတော်စင်ကြီး... ကျွန်တော်တို့က ဒီနေရာရဲ့ လျှို့ဝှက်ချက်တွေကို စူးစမ်းရှာဖွေဖို့ လာခဲ့တဲ့ စွန့်စားရှာဖွေရေးအဖွဲ့တစ်ခုပါ။ ဒီပိုးကောင်ကြီးတွေနဲ့ တွေ့လိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့မိဘူး။ ဒီဂူထဲမှာ အရမ်းအရမ်းကြောက်စရာကောင်တဲ့ စွမ်းအားကြီး နတ်ဆိုးတစ်ကောင် သေချာပေါက် ရှိနေရမယ်လို့ ကျွန်တော်တို့ ခန့်မှန်းမိပါတယ်”
အကြီးအကဲလင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ သူ့ရဲဘော်ရဲဘက်များက ဤပိုးကောင်ကြီးများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသော်လည်း သူ့အင်အားတစ်ခုတည်းဖြင့်မူ ဤပိုးကောင်ကြီးများကို သေချာပေါက် ရင်ဆိုင်နိုင်မည် မဟုတ်ချေ။
ထာဝရသိုင်းတာအိုအရှင်