အခန်း ၃၄၁
Vol. 30 Ch. 341
အခန်း (၃၄၁)
ဘာသာပြန် - အားသစ်
လင်းဖုန်းကမူ ကွဲပြားခြားနားပေသည်။ ဂုဏ်သတင်းကြီးမားလှသော သူတော်စင်တစ်ပါးအနေဖြင့် ထိုကဲ့သို့သော စွမ်းအားမျိုး သေချာပေါက်ရှိနေပေမည်။
မကြာမီမှာပင် အခြားလေသင်္ဘော ရှစ်စီးအတွင်းရှိ သူတော်စင်များလည်း တစ်ယောက်ပြီးတစ်ယောက် ပျံသန်းထွက်လာခဲ့ကြသည်။
အကြီးအကဲလင်းတစ်ယောက် အလွန်တရာ အံဩတုန်လှုပ်သွားသဖြင့် မျက်လုံးများပင် ပြူးကျယ်သွားရတော့၏။
သူ ဘာတွေ မြင်နေရတာလဲ။
သူတော်စင်ခန်း၊ သူတော်စင်ယွမ်ယီ၊ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်...
စုစုပေါင်း သူတော်စင်ရှစ်ပါး ရှိနေသည်။ မကြာသေးမီက လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ခဲ့သဖြင့် သူတော်စင်လင်းဖုန်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော သူတော်စင်ဘာတိုင်မှလွဲ၍ လူသားမျိုးနွယ်စု၏ သူတော်စင်များအားလုံး ဤနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်ပေသည်။
ဘယ်လိုမျိုး အရေးကြီး ကိစ္စကြီးများ ရှိနေလို့လဲ။
“သူတော်စင်လင်းဖုန်း... ဘာတွေများ ရှာတွေ့ခဲ့လို့လဲ”
သူတော်စင်ခန်းနှင့် အခြားသူများ ပျံသန်းရောက်ရှိလာကာ လေးနက်တည်ကြည်သော မျက်နှာအမူအရာများဖြင့် မေးမြန်းလိုက်သည်။
“ဘာမှမရှိပါဘူး။ ဒီနေရာက နည်းနည်း ထူးဆန်းနေလို့ပါ။ ကြမ်းကြုတ်သားရဲတွေ အများကြီးရှိနေပြီးတော့ သူအကုန်လုံးကလည်း နတ်ဆိုးတွေချည်းပဲ။ အောက်မှာ ထူးဆန်းတာတစ်ခုခု ရှိနေနိုင်တယ်”
လင်းဖုန်းသည်လည်း ထိုဂူပေါက်ဝကို လေးနက်တည်ကြည်စွာဖြင့် လှမ်းကြည့်လိုက်၏။ အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ဤဂူအတွင်းမှ စွမ်းအားအငွေ့အသက်က သူ့ကို ရင်းနှီးနေသယောင် ခံစားရစေသည်။
သူတော်စင်ရှစ်ပါးလုံး ရောက်ရှိလာပြီးနောက်တွင်မူ စွန့်စားရှာဖွေရေးအဖွဲ့ဝင်အားလုံး လုံးဝကို ထုံထိုင်းသွားရ၏။ လူသားမျိုးနွယ်၏ သူတော်စင်တွေအကုန်လုံး မည်သည့်အချိန်က ဤကဲ့သို့ အတူတကွ စုဝေးခဲ့ကြဖူးသနည်း။ ဤသည်ကား သူတော်စင်ကိုးပါးစလုံး အတူတကွ လှုပ်ရှားသည်ကို မျက်မြင်တွေ့ခွင့်ရမည့် တစ်သက်တွင် တစ်ကြိမ်သာ ကြုံတွေ့နိုင်မည့် အခွင့်အရေးပင်။
ဝူ... ဝူ...
ရုတ်တရက် ဂူအတွင်း၌ အနည်းငယ် တုန်ခါသွားသည်။ ထို့နောက် မရေမတွက်နိုင်အောင် များပြားလှသော ပိုးကောင်ကြီးများက ဂူအတွင်းမှ တဟုန်ထိုး တိုးထွက်လာကြတော့၏။
ဤပိုးကောင်ကြီးများထဲတွင် တချို့က သာမန်ကြမ်းကြုတ်သားရဲများဖြစ်ကြပြီး တချို့ကမူ နတ်ဆိုးများဖြစ်သည်။ နတ်ဆိုးစစ်သူကြီးအဆင့်များပင် ပါသေး၏။ သူတို့အားလုံးထံမှ ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေသော အငွေ့အသက်များ ဖြာထွက်နေသည်။
“ခင်ဗျားတို့ လေသင်္ဘောပေါ် အရင်ပြန်တက်နေကြ”
လင်းဖုန်း ဤစွန့်စားရှာဖွေရေးအဖွဲ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူတို့အနေဖြင့် ဤနေရာ၌ မည်သို့မျှ အကူအညီ မပေးနိုင်ပေ။ ထို့အပြင် ဤနေရာက အလွန်တရာ အန္တရာယ်များလွန်းလှ၏။
ဤသည်ကား အမှန်တရားပင်။ လင်းဖုန်း လူဆယ်ဂဏန်းခန့်ရှိသော စွန့်စားရှာဖွေရေးအဖွဲ့ဝင်များကို ဖမ်းဆွဲလိုက်ပြီး လေသင်္ဘောအတွင်းသို့ ပို့ဆောင်ပေးလိုက်သည်။
လေသင်္ဘောအတွင်းမှ ကြည့်မည်ဆိုလျှင် အောက်ဘက်တွင် များပြားလှသော ပိုးကောင်ကြီးများ အုံလိုက်ကျင်းလိုက် ထွက်ပေါ်လာနေသည်ကို မြင်တွေ့နိုင်ပေသည်။ ပိုးကောင်များက အလွန်တရာ သိပ်သည်းများပြားလှပြီး မြေပြင်တစ်ခုလုံးကို လွှမ်းမိုးထားသောကြောင့် အနက်ရောင်ပင်လယ်ပြင်ကြီအလား ရှိနေ၏။ သူတို့၏ စွမ်းအားအငွေ့အသက်များကပင် အသည်းထဲအထိ အေးစိမ့်သွားစေနိုင်စွမ်း ရှိသည်။ သို့သော်လည်း အကြီးအကဲလင်းနှင့် အခြားသူများကမူ စိုးစိမျှပင် စိုးရိမ်ပူပန်နေခြင်း မရှိကြတော့ချေ။
ဒါ သူတော်စင်ကိုးပါးလေ။
လူသားမျိုးနွယ်၏ အားအကောင်းဆုံး အဖွဲ့ကို မည်သည့်အရာက တားဆီးနိုင်စွမ်းရှိအံ့နည်း။
စွန့်စားရှာဖွေရေးအဖွဲ့၏ ယုံကြည်ချက်အပြည့် ရှိနေမှုနှင့် နှိုင်းယှဉ်လျှင် သူတော်စင်ခန်းနှင့် အခြားသူများကမူ ထိုမျှအထိ ယုံကြည်ချက်မရှိကြချေ။ ဤမျှအထိ များပြားလှသော ပိုးကောင်ကြီးများကို မြင်တွေ့လိုက်ရသောအခါ သူတို့၏ မျက်နှာအမူအရာများက အနည်းငယ် လေးနက်တည်ကြည်သွားကြ၏။
ပိုးကောင်ကြီးများကို မြင်တွေ့လိုက်ရသော်လည်း လင်းဖုန်း ချက်ချင်း ဆက်လက်တိုက်ခိုက်ခြင်း မပြုသေးချေ။ ယင်းအစား သူက လေဟာနယ်အတွင်း၌ တည်တည်ငြိမ်ငြိမ် ရပ်တန့်နေပြီး အောက်ဘက်ရှိ ပိုးကောင်ကြီးများကို အေးစက်စက် လှမ်းကြည့်နေသည်။
တစ်ချက်မျှ ဝေ့ကြည့်လိုက်ရုံဖြင့် ပိုးကောင်သောင်းနှင့်ချီ၍ ရှိနေကြောင်း သူ တွေ့ရသည်။ အရေအတွက်ကလည်း ယခုထက်တိုင် တိုးပွားနေဆဲပင်။ အထူးသဖြင့် ဂူပေါက်ဝမှ စွမ်းအားကြီး အငွေ့အသက်တစ်ခု မသိမသာ ဖြာထွက်နေ၏။ ယင်းက နတ်ဆိုးစစ်သူကြီးတစ်ကောင်၏ စွမ်းအားအငွေ့အသက်မျိုး မဟုတ်သလို နတ်ဆိုးဘုရင်တစ်ကောင်၏ အငွေ့အသက်မျိုးလည်း မဟုတ်ချေ။ နတ်ဆိုးဧကရာဇ်တစ်ကောင်၏ စွမ်းအားအငွေ့အသက်ပင်။
ဝုန်း
မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ ထို့နောက် ဂူပေါက်ဝက စတင်အက်ကွဲလာ၏။ ထိုဂူအတွင်မှ မီတာရာချီ ရှည်လျားပြီး အလွန်တရာ ထွားကျိုင်းလှသော နတ်ဆိုးကြီးတစ်ကောင် တွားသွားထွက်ပေါ်လာသည်။
ဤသည်ကား နတ်ဆိုးဧကရာဇ်တစ်ကောင်ပင်။
နတ်ဆိုးသားရဲတိုင်းက လင်းဖုန်းကဲ့သို့ အလွန်တရာ ကြီးမားလှသော ခန္ဓာကိုယ်များ ရှိကြသည်တော့ မဟုတ်ချေ။ လက်တွေ့တွင် မီတာရာချီကြီးမားသည့် ခန္ဓာကိုယ်က သာမန်နတ်ဆိုးဧကရာဇ်တစ်ကောင်၏ ပုံမှန်အရွယ်အစားမျှသာ ဖြစ်ပေသည်။
သို့သော်လည်း ဤနတ်ဆိုးဧကရာဇ်ထံမှ ဖြာထွက်နေသော စွမ်းအားအငွေ့အသက်က လင်းဖုန်းကို အလွန် ရင်းနှီးနေသယောင် ခံစားရစေ၏။ ယင်းက အသက်အမြုတေ၏ စွမ်းအားအငွေ့အသက်နှင့် ဆင်တူနေသည်။
“အသက်အမြုတေလား...”
လင်းဖုန်း သေသေချာချာ ပြန်လည်တွေးတောကြည့်လိုက်သည်။ ယင်းက အသက်အမြုတေ၏ စွမ်းအားအငွေ့အသက်နှင့် တူနေပုံရသော်လည်း အလွန်တရာ ဖျော့တော့လွန်းလှ၏။ လင်းဖုန်းကိုယ်တိုင်ပင် အတိအကျ မဆုံးဖြတ်နိုင်သေးချေ။
ဤနတ်ဆိုးဧကရာဇ် ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ပိုးကောင်အရေအတွက်မှာ တစ်သိန်းအထိ ရောက်ရှိသွားပြီဖြစ်ပြီး အလျင်အမြန် တိုးပွားနေဆဲပင်။
“လူသားတွေ... မင်းတို့က စစ်ပွဲစဖို့ ရည်ရွယ်ထားတာလား”
ရုတ်တရက် နတ်ဆိုးဧကရာဇ် ပိုးကောင်ကြီးက စကားပြောလာသည်။ ဤသည်ကား လင်းဖုန်း စကားပြောနိုင်သော နတ်ဆိုးသားရဲတစ်ကောင်နှင့် ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းပင်။
“စစ်ပွဲ ဟုတ်လား။ မင်းလို သာမန်နတ်ဆိုးဧကရာဇ်လေးတစ်ကောင်အတွက်နဲ့လား”
လင်းဖုန်း နတ်ဆိုးဧကရာဇ်ကို အေးစက်စက် လှမ်းကြည့်လိုက်သည်။ နှစ်ဖက်အကြားတွင် မူလကတည်းက အမှားအမှန်ဟူ၍ ရှိမနေခဲ့ချေ။ အသေအကြေ တိုက်ခိုက်မှုများသာ ရှိနေခဲ့သည်။ ယခုအခါ လူသားများတွင် အင်အားရှိနေပြီဖြစ်ရာ သူတို့အနေဖြင့် ဤနတ်ဆိုးသားရဲများကို မည်သို့နှယ် လွတ်မြောက်ခွင့် ပေးနိုင်မည်နည်း။
“မင်းတို့ နောင်တရလိမ့်မယ်”
နတ်ဆိုးဧကရာဇ်က လင်းဖုန်းကို စူးစူးရဲရဲ ကြည့်လိုက်သည်။ သူ ကြောက်ရွံ့နေခဲ့ခြင်းပင်။ အဘယ်ကြောင့်ဆိုသော် သူ့ထက်မနိမ့်ကျသော စွမ်းအားအငွေ့အသက် ကိုးခုကို သူ ခံစားမိလိုက်သောကြောင့်ပင်။ ယင်းက တစ်ဖက်ရန်သူဘက်တွင် သူနှင့် ယှဉ်နိုင်စွမ်းရှိသော အင်အားကြီးဖြစ်တည်မှု ကိုးခုရှိနေကြောင်း ဆိုလိုခြင်း ဖြစ်ပေသည်။
နတ်ဆိုးသားရဲများအားလုံးက ကောက်ကျစ်စဉ်းလဲကြပြီး ဤနတ်ဆိုးဧကရာဇ်သည်လည်း ချွင်းချက် မဟုတ်ချေ။ သူ နောက်လှည့်ကာ ထွက်ပြေးရန် ပြင်လိုက်ပြီး မြေကြီးအောက်သို့ အလျင်အမြန် ပြန်လည်တိုးဝင်ဆုတ်ခွာသွားတော့သည်။
“ထွက်ပြေးဖို့ ကြိုးစားနေတာလား။ နောက်ကျသွားပြီ”
လင်းဖုန်း၏ ခန္ဓာကိုယ်က အလျင်အမြန် ကြီးမားလာပြီး မျက်စိတစ်မှိတ်အတွင်း သုံးကီလိုမီတာအထိ ရောက်ရှိသွားသည်။
ကြောက်မက်ဖွယ်ကောင်းလှသော ခန္ဓာကိုယ်ကြီးထံမှ ဖြာထွက်နေသော ဖိအားများက ထိုပိုးကောင်ကြီးများကို ကြောက်လန့်တကြား သွေးရူးသွေးတန်း ဖြစ်သွားစေ၏။ သို့သော်လည်း နတ်ဆိုးဧကရာဇ်၏ အမိန့်ပေးမှုအောက်တွင်မူ ဒီရေလှိုင်းတစ်ခုအလား တဟုန်ထိုး ပြေးဝင်တိုက်ခိုက်လာကြဆဲပင်။
“ပျက်စီးစမ်း”
လင်းဖုန်း အခြားသူတော်စင်များကို တိုက်ခိုက်ခွင့်ပင် မပေးတော့ချေ။ သူ့လက်ဝါးက မျက်စိတစ်မှိတ်အတွင်း အလျင်အမြန် ကြီးမားလာသည်။ လင်းဖုန်းအတွက် လက်ဝါးရှိဆဲလ်များကို ပြောင်းလဲရန်က ထမင်းစားရေသောက်သလို အလွန်လွယ်ကူလွန်းလှပေသည်။
တစ်ဒင်္ဂအတွင်း သူ့လက်ဝါးက မီတာတစ်ထောင်ကျော် အကွာအဝေးအထိ လွှမ်းခြုံသွား၏။ တိမ်မည်းကြီးတစ်ခုအလား လေတိုးသံတဝီဝီ မြည်ဟည်းကာ အောက်သို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်တော့၏။
ဘုန်း
မဟာပထဝီမြေကြီးပင် သွက်သွက်ခါအောင် တုန်ခါသွာရးသည်။ တာရှာကာသဲကန္တာရကြီးမှာ ပြင်းအား ရစ်ချာစကေး ၁၀ ရှိသော ငလျင်တစ်ခု လှုပ်ခတ်သွားသကဲ့သို့ ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီး ပတ်ဝန်းကျင် မြေပြင်တစ်ခွင်လုံး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွား၏။
လင်းဖုန်းက လက်ဝါးတစ်ချက်တည်းသာ ရိုက်ချလိုက်ခြင်းဖြစ်၏။ သို့သော်လည်း ထိုလက်ဝါးချက်ကြောင့် သာမန်သားရဲများ၊ နတ်ဆိုးများ၊ နတ်ဆိုးစစ်သူကြီးများနှင့် နတ်ဆိုးဘုရင်များ အပါအဝင် နွားချေးပိုးသားရဲ တစ်သိန်းကျော်မှာ လင်းဖုန်း၏ ချေမွပစ်ခြင်းကို ခံလိုက်ရပြီး အသားစများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း သုံးကြိမ် ပြီးမြောက်ထားသော ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က အခြေခံအားဖြင့် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေလေပြီ။ သူတော်စင်များပင်လျှင် ဤမြင်ကွင်းကြောင့် နောက်တစ်ကြိမ် ထပ်မံအံ့အားသင့်သွားကြရသည်။ အရေအတွက် များပြားခြင်းက လင်းဖုန်းအတွက် မည်သည့် အဓိပ္ပာယ်မှ မရှိတော့ချေ။
သို့သော်လည်း ဤမျှနှင့် မပြီးသေးချေ။ လင်းဖုန်းက သူ့လက်သီးနှစ်ဖက်ကို ဆုပ်လိုက်ပြီး မြေကြီးထဲသို့ ရူးသွပ်စွာဖြင့် ထပ်ခါတလဲလဲ ထိုးနှက်တော့သည်။
ဘုန်း ဘုန်း ဘုန်း
တစ်ကြိမ်ပြီးတစ်ကြိမ်... ထုနှက်ချက်တိုင်း၏ စွမ်းအားက ရစ်ချာစကေး ၁၀၊ ၁၁ နှင့် ၁၂ အထိရှိသော ငလျင်များထက်ပင် ကျော်လွန်နေ၏။ ထိုလက်သီးချက်တို့က ကမ္ဘာမြေကြီးကိုပင် တုန်လှုပ်သွားစေနိုင်စွမ်း ရှိပေသည်။ လင်းဖုန်းသည်ကား ကောင်းကင်ယံကို လွှမ်းမိုးအုပ်စိုးထားသည့် ဧရာမဘီလူးကြီးတစ်ကောင်အလား ရှိနေပြီး သူ တစ်ချက်ထုနှက်လိုက်တိုင်း မြေကြီးပေါ်တွင် အက်ကွဲကြောင်းများစွာ ပေါ်ထွက်လာရသည်။
ထာဝရသိုင်းတာအိုအရှင်